⚠️ JavaScript ပိတ်ထားပါသည် ⚠️

ဤဝက်ဘ်ဆိုက်ရှိ ဇာတ်လမ်းများကို ဖတ်ရှုရန်နှင့် အပြည့်အဝ အသုံးပြုနိုင်ရန် သင့် Browser တွင် JavaScript ဖွင့်ထားရန် လိုအပ်ပါသည်။

ကျေးဇူးပြု၍ Browser Settings ထဲတွင် JavaScript (သို့) Site Settings ကို ဖွင့်ပြီးမှ ဝက်ဘ်ဆိုက်ကို ပြန်လည် Reload လုပ်ပေးပါ။

Switch Mode

Chapter 5

Chapter 5

 

——

 

ကော်ကျင်းယွီက ခေါင်းလှည့်ကာ သူတို့နှစ်ယောက်၏ အရပ်အမြင့်ကို ကြည့်လိုက်သည်။

 

အမှန်အတိုင်း ပြောရလျှင် နှစ်စင်တီမီတာ သုံးစင်တီမီတာလောက်သာ ကွာခြားသော်လည်း ခုနက ပစ္စည်းယူသည့်အချိန်တွင်တော့ ထိုနည်းနည်းလေးက တကယ်ကို ကွာခြားသွားစေ၏။

 

ကော်ကျင်းယွီက သံသယဝင်သွားသည်။

 

“မင်းက အရပ်ရှည်တာတောင်… ဘာလို့ အရှေ့မှာ ထိုင်ခွင့်ရတာလဲ…”

 

လီထုန်ကျိုးက ပြန်ဖြေ၏။

 

“ငါက စာတော်လို့လေ…”

 

“…”

 

နောက်ဆုံးတန်းမှ ရေတွက်လျှင် တတိယမြောက်ခုံတန်းက နယ်နိမိတ်စည်းတစ်ခုဟု သတ်မှတ်၍ ရပြီး နောက်ဆုံး နှစ်တန်းရှိ စာညံ့သည့် ကျောင်းသားများနှင့် ခြားနားထားသည့် ရေဝေကြောတစ်ခု ဖြစ်သည်။

 

လီထုန်ကျိုးက အရပ်ရှည်သောကြောင့် အရှေ့တွင်ထိုင်လျှင် နောက်ကကျောင်းသားများကို ကွယ်သွားမည်စိုး၍ ဖြစ်၏။ ထိုသို့သာ မဟုတ်ခဲ့လျှင် အတန်းပိုင်ဆရာက ဤအဖိုးတန်ရတနာလေးကို ပထမဆုံးခုံတန်း၊ သူ့မျက်စိအောက်မှာတင် ချထားပြီး နေ့တိုင်း စောင့်ကြည့်ချင်နေမည်မှာ အသေအချာပင်။

 

ကော်ကျင်းယွီက စိတ်ထဲမှ ကြိတ်တွေးလိုက်မိ၏။ မျက်စိဒေါက်ထောက် ကြည့်ထားတော့ရော ဘာအရေးလဲ။

မကြာခင်မှာ သူ့လူ ဖြစ်လာတော့မှာပဲကို…

 

====

 

ကော်ကျင်းယွီက ဟင်းချက်လက်ရာ မဆိုးပေ။

 

သူ့လက်ချောင်းလေးများက သွက်လက်ပြီး အကြံဉာဏ်ကလည်း ကောင်းရာ ဖက်ထုပ်လေး တစ်ခုချင်းစီကို ရွှေတုံးလေးများသဖွယ် ဖန်တီးထား၏။

 

အခွံပါးပါးနှင့် အဆာများများ ပါဝင်ပြီး အထူးတလည် လှပနေသည်။

 

သူ အနုပညာတက္ကသိုလ်တွင် ရှိနေစဉ်က သူ၏ အဓိကဘာသာရပ်အပြင် ပန်းပုပညာဌာနတွင်လည်း သင်တန်းတချို့ကို သွားရောက် တက်ရောက်ခဲ့ဖူး၏။

 

ပန်းပုပညာဌာနမှ ပါမောက္ခအိုကြီးက သူ့ကို မြေးအရင်းတစ်ယောက်လို သဘောထားကာ အလွန် ကောင်းမွန်စွာ ဆက်ဆံခဲ့ပြီး သူ့လက်အောက်သို့ ကြိုတင် ခေါ်ယူကာ မဟာဘွဲ့၊ ပါရဂူဘွဲ့များ ဆက်လက် ဆည်းပူးစေချင်ခဲ့သည်။

 

နောက်ပိုင်းတွင် သစ်သားပန်းပုနှင့် နံရံဆေးရေးပန်းချီဌာနမှ ပါမောက္ခများနှင့် စကားပြောဖြစ်သည့်အခါမှသာ ဒီကောင်လေးက လှေနံနှစ်ဖက် မကဘဲ အများကြီး နင်းထားမှန်း သိသွားပြီး ထိုအကြံကို လက်လျှော့လိုက်ရတော့၏။

 

ပါမောက္ခအိုကြီးက သူက ကစားရသည်ကို မက်မောသည်ဟု ဆို၏။ ပန်းပုထုရာတွင် တည်ငြိမ်မှု ရှိရန် လိုအပ်သော်လည်း သူကတော့ ပျော်စရာကောင်းအောင် လာလုပ်နေခြင်းသာ ဖြစ်ပြီး စိတ်ငြိမ်ငြိမ်ထားကာ မစဉ်းစား မတွေးတောနိုင်လျှင် သူ့ကို စောစောစီးစီး လွှတ်ပေးလိုက်တာကမှ ပိုကောင်းမည်ဟု တွေးလိုက်ခြင်း ဖြစ်သည်။

 

ဒီစကားကလည်း မှန်ကန်လှ၏။

 

သူက နောက်ပိုင်းတွင် ပန်းချီပြခန်း ဖွင့်လှစ်ကာ ကိုယ်ပိုင် စတူဒီယိုကိုလည်း တည်ထောင်ခဲ့သည်။

 

တိတိကျကျ ပြောရလျှင် သူက အနုပညာစီးပွားရေးသမားတစ်ယောက်ဟု သတ်မှတ်နိုင်ပြီး စစ်မှန်သည့် အနုပညာအသိုင်းအဝိုင်းထဲက လူတော့ မဟုတ်ပေ။

 

သို့သော်လည်း လူချစ်လူခင် ပေါများကာ မြို့တော်ရှိ ကျောင်းနေဘက် အစ်ကို၊ ညီများနှင့် ဆက်ဆံရေး ကောင်းမွန်သည့်အတွက် အသိုင်းအဝိုင်းထဲတွင် လှုပ်ရှားမှု တစ်ခုခုရှိလာလျှင် သူ့အတွက် နေရာတစ်နေရာတော့ အမြဲ ပါဝင်နေတတ်၏။

 

ကော်ကျင်းယွီက ဖက်ထုပ်လေးများကို ထုပ်ပိုးပြီးနောက် ပလတ်စတစ်အကြည်စဖြင့် သီးခြားစီ ခွဲထုတ်လိုက်သည်။

 

တစ်အိတ်လျှင် အခုနှစ်ဆယ်စီ ထည့်ကာ ရေခဲသေတ္တာထဲတွင် အေးခဲထားလိုက်၏။

 

“မနက်ဖြန် မနက်ကျရင် မင်းဘာသာ ထုတ်ပြီး ပြုတ်စားလိုက်နော်… မီးဖွင့်ပြီး ရေနှစ်ဆူ ပြုတ်လိုက်ရင် ရပြီ… ရေနှစ်ဆူဆိုတာ ဘာအဓိပ္ပာယ်လဲ သိလား… အိုးထဲက ရေတွေ ပွက်ပွက်ဆူလာရင် ရေအေး ပန်းကန်လုံးသေးသေး တစ်လုံး ထပ်ထည့်လိုက်… ပြီးရင် နောက်တစ်ခါ ဆူလာရင် ရပြီ…”

 

လီထုန်ကျိုးက ခေါင်းညိတ်ပြလိုက်သည်။

 

“ရေနွေးတည်တာနဲ့ အတူတူပဲပေါ့… နာရီဝက်လောက် မဟုတ်လား…”

 

ကော်ကျင်းယွီသည် လက်ထဲမှ ဖက်ထုပ်များတောင် လွတ်ကျလုမတတ် ဖြစ်သွားပြီး အူတက်မတတ် ရယ်မောလိုက်၏။

 

“ဘယ်သူက မင်းကို နာရီဝက် ပြုတ်ရမယ်လို့ ပြောတာလဲ… မင်းသာ နာရီဝက်လောက် ပြုတ်မယ်ဆိုရင် ဖက်ထုပ်စားဖို့ မဟုတ်တော့ဘူး… စောစောစီးစီး ဂျုံရည်ပြစ်ပြစ်ကြီး တစ်အိုး စားဖို့ ဖြစ်နေလောက်ပြီ…!”

 

လီထုန်ကျိုးက နားမလည်နိုင်စွာဖြင့် ပြန်ပြောလာသည်။

 

“ဒါပေမဲ့ ပုံမှန်အားဖြင့် ရေကို ငါးမိနစ်လောက် ပွက်ပွက်ဆူအောင် ပြုတ်ရင် ဘက်တီးရီးယားတွေကို သတ်နိုင်ပြီး… (၁၅) မိနစ်လောက်ဆိုရင် ဗိုင်းရပ်စ်ပိုးမွှားတွေကို သတ်နိုင်တယ်လေ…”

 

ကော်ကျင်းယွီက ရေခဲသေတ္တာ တံခါးကို ပိတ်ကာ လက်ခုပ်တီးပြီး ပြောလိုက်၏။

 

“မင်း အဲ့ဒါတွေ လာရွတ်မနေနဲ့တော့… ငါ ကြားရတာ ခေါင်းကို ကိုက်လာပြီ… မနက်ဖြန် မနက်ကျရင် အန်တီ့ကို ပြောပြီး သူ့ကို ပြုတ်ခိုင်းလိုက်… မင်းတို့ အတူတူ စားကြပေါ့…”

 

“ငါ့အမေ ခရီးထွက်သွားတယ်…”

 

“မနက်ဖြန်ရော သန်ဘက်ခါရော မရှိဘူးလား…”

 

“ဒီတစ်ပတ်လုံး မရှိဘူး…”

 

ကော်ကျင်းယွီက လီထုန်ကျိုး၏ အဖေအကြောင်းကိုတောင် ဆက်မမေးချင်တော့ပေ။

 

သူ့အဖေက ဒီအိမ်မှာ အလှပြထားသည့် ပစ္စည်းတစ်ခုလိုပင် ဖြစ်၏။

 

ပွဲတော်ရက်များတွင်သာ ပေါ်လာတတ်ပြီး လူလုံးပြကာ အပေါ်ယံစကားများ ပြောဆိုတတ်သည်။

 

ဇနီးနှင့် သားဖြစ်သူကို ခေါ်ကာ အပြင်ထွက်လည်ပြီး သူတို့ပြောသည့် မျက်နှာပန်းလှမှုကို ခံစားတတ်သော်လည်း ပုံမှန်အချိန်များတွင် တစ်လနေလို့ တစ်ခါ တွေ့ရဖို့ပင် ခဲယဉ်းလှသည်။

 

လီထုန်ကျိုးက သူ့ကို ကြည့်နေဆဲဖြစ်ရာ ကော်ကျင်းယွီက စိတ်နည်းနည်း ပျော့သွားပြီး ပြောလိုက်၏။

 

“ကိစ္စမရှိပါဘူး… မနက်ဖြန် မနက်ကျရင် ငါ နည်းနည်း စောစောလာပြီး မင်းကို လာပြုတ်ပေးမယ်…”

 

မနက်ဖြန် ထပ်တွေ့ရဦးမည်ဟု တွေးလိုက်မိသည်နှင့် ကော်ကျင်းယွီ၏ စိတ်အခြေအနေက အနည်းငယ် မြူးတူးသွားတော့သည်။

 

“မနက်ဖြန် ငါတို့ အတူတူ ကားစီးသွားကြမယ်လေ… အစောဆုံး ကား… (၇) နာရီ ကား မဟုတ်လား…”

 

“မနက်ဖြန်က အချိန်ပိုရှိတယ်… မနက် (၉) နာရီမတိုင်ခင် သွားရင် ရပြီ… မနက်စာကျက်ချိန် သွားစရာမလိုဘူး…”

 

ကော်ကျင်းယွီ သတိရသွားသည်။

 

သူတို့က အခု နွေရာသီကျောင်းပိတ်ရက် အချိန်ပို တက်နေရခြင်း ဖြစ်၏။

 

အထက်တန်းကျောင်းများ၏ ဆောင်းရာသီနှင့် နွေရာသီ ပိတ်ရက်များဆိုသည်မှာ ရှိတယ်သာဆိုသည်၊ တကယ်တမ်းကျ မရှိသည့် နာမည်ခံ အားလပ်ရက်များသာ ဖြစ်ပြီး ပညာရေးဌာနမှ စစ်ဆေးရေးအဖွဲ့ကို မျက်လှည့်ပြရန်အတွက်သာ ဟန်ပြ ကပ်ထားခြင်း ဖြစ်၏။

 

တက္ကသိုလ်ဝင်တန်း စာမေးပွဲက အလွန် ကြမ်းတမ်းပြီး လူပေါင်းများစွာက တံတားကျဉ်းလေး တစ်ခုကို အလုအယက် ဖြတ်ကူးနေရသကဲ့သို့ ဖြစ်ရာ အထက်တန်းပြဆရာတိုင်းက ဒီအချိန်လေးတွေကို သူတို့လက်ထဲတွင် အကုန် ဆုပ်ကိုင်ထားချင်ကြ၏။

 

နွေရာသီ ပိတ်ရက်ကို လဝက်ခန့် ပေးလျှင်ပင် အလွန် ကျေနပ်စရာ ကောင်းနေပြီ ဖြစ်သည်။

 

ကော်ကျင်းယွီက လီထုန်ကျိုး၏ လက်ကို အလိုအလျောက် ဆုပ်ကိုင်လိုက်ပြီး အင်္ကျီလက်ကို ပင့်တင်ကာ လက်ပတ်နာရီကို ကြည့်လိုက်သည်။

 

“အချိန် ဘယ်လောက်ရှိပြီလဲ ကြည့်လိုက်ဦးမယ်… အိုကေ… ဘာပဲဖြစ်ဖြစ် မနက်ဖြန်က စနေတနင်္ဂနွေ အချိန်ပိုဆိုတော့ ငါ မနက်ပိုင်း လာခဲ့မယ်… ငါတို့ အတူတူ ထမင်းစားကြမယ်လေ… မင်းက ဒီလိုမျိုးတွေ လုပ်တတ်တာမှ မဟုတ်တာ…”

 

ကော်ကျင်းယွီ၏ လက်ပေါ်တွင် ဂျုံမှုန့်တချို့ ကပ်ကျန်နေသေးရာ လီထုန်ကျိုး၏ လက်ကောက်ဝတ်ကို ပေကျံသွား၏။

 

သူက ဒီလူ သန့်ရှင်းရေးကို အတော်လေး ဂရုစိုက်တတ်မှန်း သိသဖြင့် ကမန်းကတန်း ပုတ်ခါပေးလိုက်သည်။

 

သို့သော်လည်း ပွတ်လေ ပိုပေလေ ဖြစ်သွားပြီး မပြောင်သေးခင်မှာတင် လီထုန်ကျိုးက သူ့လက်ကို ပြန်လည် ဆုပ်ကိုင်လာကာ ဖွဖွလေး ညှစ်လိုက်၏။

 

သူနှင့် နောက်ပြောင်နေသည့်အလား ဂျုံမှုန့်များကို နည်းနည်းလေးမှ ဂရုမစိုက်ပေ။

 

ကော်ကျင်းယွီက ပြောလိုက်သည်။

 

“ပေသွားပြီ… မင်း သွားဆေးလိုက်တော့လေ…”

 

“ရပါတယ်…”

 

လီထုန်ကျိုး၏ မျက်ဝန်းလေးများက ကွေးညွတ်သွားပြီး အလွန် ပါးလျသည့် အပြုံးလေးတစ်ခု ဖြစ်ပေါ်လာသော်လည်း ကော်ကျင်းယွီကမူ သေချာ မြင်လိုက်ရ၏။

 

သူ အသိစိတ်ပြန်မဝင်သေးခင်မှာပင် လက်ချောင်းလေးများကို တစ်ချက် ညှစ်ခံလိုက်ရပြီး ပြန်လွှတ်ပေးခံရကာ တစ်ဖက်လူ၏ တက်ကြွနေသည့် အသံလေးကို ကြားလိုက်ရသည်။

 

“ကျင်းယွီ… မနက်ဖြန် မနက်ကျရင် ငါ မင်းကို စောင့်နေမယ်နော်…”

 

“အေးပါ… ငါ သေချာပေါက် လာခဲ့မယ်…!”

 

ကော်ကျင်းယွီတစ်ယောက် ရင်ထဲတွင် အလွန်ကို ကျေနပ်သွားတော့သည်။

 

သူ့အိမ်က ရည်းစားလေးက ချော့ရတာ ဘယ်လောက်တောင် လွယ်လိုက်သလဲ…

 

ဖက်ထုပ်လေး နှစ်ခု သုံးခုလောက်နဲ့တင် ဒီလောက်တောင် ပျော်သွားရတယ်လေ…

 

ကော်ကျင်းယွီက နောက်ဆုံး (၉) နာရီ ထိုးလုနီးပါးအထိ အချိန်ဆွဲနေပြီးမှ ပြန်သွားတော့သည်။

 

သူ့အမေက ဖုန်းအကြိမ်ကြိမ် ဆက်ပြီး အလောတကြီး ခေါ်နေရ၏။

 

သူက ကျောင်းလွယ်အိတ်ကို လွယ်ကာ တံခါးဝတွင် ဖိနပ်လဲနေရင်း ရုတ်တရက် ခေါင်းမော့ကာ ဘေးနားတွင် ရပ်နေသူကို တည်ကြည်စွာဖြင့် ပြောလိုက်သည်။

 

“လီထုန်ကျိုး… ငါ မင်းကို ကိစ္စတစ်ခု စမ်းသပ်မလို့…”

 

လီထုန်ကျိုးက ခေါင်းညိတ်ပြလိုက်၏။

 

“ကောင်းပြီလေ…”

 

“ငါ့အိမ်လိပ်စာကို တစ်ခေါက်လောက် ရွတ်ပြစမ်းပါ…”

 

လီထုန်ကျိုးက ရိုးသားစွာဖြင့် တစ်ခေါက် ရွတ်ပြလိုက်ပြီး အနည်းငယ် နားမလည်နိုင် ဖြစ်သွားသည်။

 

“ဘာဖြစ်လို့လဲ…”

 

ကော်ကျင်းယွီက အိမ်ခဏခဏ ပြောင်းခဲ့ဖူးရာ အခုအချိန်တွင် သူကိုယ်တိုင် အိမ်လိပ်စာ မေ့နေပြီဟု ဘယ်လိုလုပ်ပြီး မျက်နှာပူပူနှင့် ပြောရဲမည်နည်း။

 

ထို့ကြောင့် ဟန်လုပ်ကာ စကားလမ်းကြောင်း လွှဲလိုက်ရ၏။

 

“ဘာမှမဖြစ်ပါဘူး… မင်း ငါ့ကို ရင်ထဲမှာ မှတ်ထားရဲ့လားဆိုတာ သိချင်လို့ စမ်းကြည့်တာ…”

 

လီထုန်ကျိုး၏ အရောင်ဖျော့ဖျော့ မျက်ဝန်းလေးများထဲတွင် သူ တစ်ယောက်တည်းသာ ပြည့်နှက်နေပြီး တည်ငြိမ်သောအသံဖြင့် ပြန်ဖြေလာ၏။

 

“မှတ်ထားပါတယ်…”

 

ကော်ကျင်းယွီတစ်ယောက် ရုတ်တရက်ကြီး ကြွေဆင်းသွားရပြီး နားရွက်ဖျားလေးများ ပူထူသွားကာ ကျောင်းလွယ်အိတ်ကို လွယ်ပြီး အောက်ထပ်သို့ ကမန်းကတန်း ဆင်းပြေးသွားတော့သည်။

 

သူကိုယ်တိုင် ဘတ်စ်ကားပေါ် တက်သွားပြီး မှတ်တိုင် နှစ်ခုလောက်သာ ဝေးသဖြင့် ထိုင်ခုံ မရှာတော့ပေ။

 

ဖွင့်ထားသည့် ကားပြတင်းပေါက်မှ ဝင်လာသော လေပြေလေးများကို ခံယူရင်း ကားအပြင်ဘက်မှ ဖြတ်ပြေးနေသည့် အဆောက်အအုံများနှင့် မီးရောင်စုံများကို ကြည့်ကာ မနေနိုင်မထိုင်နိုင် အရူးတစ်ယောက်လို ပြုံးရယ်နေမိ၏။

 

လီထုန်ကျိုး ဒီကောင်လေးက အပြင်ပန်းကြည့်လျှင်တော့ တိတ်တိတ်ဆိတ်ဆိတ်နှင့် ဘာသံမှ မထွက်တတ်သော်လည်း ချစ်စကား ဆိုရာတွင်တော့ တကယ်ကို ဆရာကျလှသည်။

 

သူ အရင်တုန်းက ဘယ်လိုလုပ်ပြီး သတိမထားမိခဲ့တာလဲ?

 

ဒီလူက အတော်လေး ရိုးသားတယ်လို့ အမြဲ ထင်ခဲ့မိတယ်။

 

သူ့အထင်ကို ပြောရမည်ဆိုလျှင် လီထုန်ကျိုးက အခုဆိုရင် အချစ်သင်ခန်းစာတွေတောင် ထုတ်ဝေလို့ရနေပြီ ဖြစ်၏။

 

ကော်ကျင်းယွီ၏ရင်ထဲက သမင်ပေါက်လေးကိုတောင် မီတာရှစ်ရာလောက် မြူးတူးခုန်ပေါက်ပြီး ပြေးလွှားသွားချင်အောင် လှုံ့ဆော်နိုင်စွမ်း ရှိနေ၏။

 

အိမ်ရောက်သည့်အခါတွင်တော့ ကော်အမေက တံခါးဝတွင် ခြင်္သေ့တစ်ကောင်လို စိုက်ကြည့်ကာ ရပ်နေပြီ ဖြစ်သည်။

 

ကော်ကျင်းယွီက အဝါရောင် ဆိုးထားသည့် သူ့အမေ၏ ဆံပင်များကို မြင်လိုက်ရသည့်အခါ အနည်းငယ် လန့်သွားသော်လည်း ချက်ချင်းပင် သူ့အာရုံတွေက အမေဖြစ်သူ၏ လက်ထဲတွင် ကိုင်ထားသည့် ကြက်မွှေးတံမြက်စည်းဆီသို့ ရောက်သွားတော့၏။

 

“အမေ… သား တကယ် အိမ်စာ သွားလုပ်တာပါဆို… အကုန်လုံး ပြီးသွားပြီ… မယုံရင် အမေ စစ်ကြည့်လို့ရတယ်…!”

 

chapter 5 ended

ငယ်ရွယ်မှုဆီသို့ ပြန်သွားခြင်း

ငယ်ရွယ်မှုဆီသို့ ပြန်သွားခြင်း

Status: Ongoing Type: Author: Released: 2020

Description

 

ဇူလိုင်လ၏ ချွေးတပြိုက်ပြိုက်ကျလောက်အောင် အိုက်စပ်ပူလောင်လှသော ရာသီဥတုကြီးထဲတွင် လူတွေ ပြည့်ကျပ်ညပ်နေသော စာသင်ခန်းကြီးထဲက ကျောင်းသားများသည် ဆက်တိုက်ဆိုသလို စာမေးပွဲဆိုသည့် ဖိအားများအောက်၌ အသက်ပင် ဝဝမရှူရဲကြရှာချေ။

 

ကော်ကျင်းယွီတစ်ယောက် ချွေးစေးလေးတွေ ပြန်နေလျက်ကနေ မော့ကြည့်လိုက်သည့်အခါ သူ့ရှေ့မှာ ထိုင်နေသည့် ကျောပြင်လေးကို မြင်လိုက်ရ၏။

 

ထိုကျောပြင်လေးက အမြဲတမ်း မတ်မတ်လေး ဖြစ်သည်။ ကျောင်းဝတ်စုံအောက်က ရှပ်အင်္ကျီဖြူလေးဆီမှ ဆပ်ပြာနံ့ သင်းသင်းလေးက ရနေတတ်ပြီး ဆံပင်စလေးတွေကလည်း သပ်သပ်ရပ်ရပ် ရှိလှသည်။ ထို့ပြင် စာရေးလိုက်တိုင်း ထွက်ပေါ်လာတတ်သည့် တည်ငြိမ်သော ခဲတံခြစ်သံ တရှပ်ရှပ်ကိုလည်း ကြားနေရ၏။

 

ကော်ကျင်းယွီသည် ရင်ထဲက အလုံးကြီး ကျသွားသလို သက်ပြင်းချလိုက်ပြီး ရယ်သံလွင်လွင်လေးနဲ့အတူ သူ့ရှေ့ကလူကို ဘောပင်နဲ့ နှစ်ချက်လောက် ဖွဖွလေး ထိုးလိုက်သည်။ ထို့နောက် တိုးတိုးလေး ခေါ်လိုက်၏။

 

"လီထုန်ကျိုး..."

 

ရှေ့ကလူက ခဏလောက် တန့်သွားသည်။ ဘာသံမှ ထွက်မလာသော်လည်း လက်တစ်ဖက်ကိုတော့ သူ့နောက်ကျောဘက်ဆီ ဆန့်ထုတ်ပေးလာ၏။

 

ကော်ကျင်းယွီက စားပွဲခုံပေါ် မှောက်ချလိုက်ပြီး ထိုလူ၏ လက်ဖဝါးလေးကို လက်ညှိုးနဲ့ လှမ်းထိုးလိုက်သည့်အခါ တစ်ဖက်လူက သူ့လက်လေးကို နူးနူးညံ့ညံ့ ဆုပ်ကိုင်လာခဲ့သည်။

 

ဆယ်ကျော်သက်အရွယ်ရဲ့ ပြင်းပြတဲ့ အချစ်တွေကြားမှာ မင်းက ငါ့ရဲ့ တစ်ဦးတည်းသောသူပါပဲ...

 

****

 

တိတ်ဆိတ်ပြီး အစွဲအလမ်းကြီးတဲ့ ကုန်း X တက်ကြွရွှင်လန်းပြီး လွတ်လွတ်လပ်လပ် နေတတ်သော ရှို့

 

=====

     

Comment

Leave a Reply

Your email address will not be published. Required fields are marked *

ကျေးဇူးပြု၍ ခဏစောင့်ပေးပါ...

5

အကောင့်ဝင်ရန် လိုအပ်ပါသည်

ဝတ္ထုများကို Bookmark မှတ်ရန်နှင့် သိမ်းဆည်းထားရန် ကျေးဇူးပြု၍ အကောင့်ဝင်ပါ။

ပိတ်မည် (Cancel)

Options

not work with dark mode
Reset