Chapter 4
—–
ကော်ကျင်းယွီက သဘောကျသွားပြီး ရယ်လိုက်၏။
“မဆိုးဘူးပဲ… မင်းက ငါ့အတွက်တောင် ခွင့်တောင်းပေးလိုက်တာလား…”
“ဘာလို့လဲဆိုတော့ (၈) နာရီမှာ အိမ်ပြန်မယ့် ဘတ်စ်ကားတစ်စီး ရှိတယ်လေ… မင်း နည်းနည်း စောစောပြန်ချင်တယ်ဆိုရင်လည်း (၇) နာရီ (၄၀) လောက် ပြန်လို့ရတယ်…”
ကော်ကျင်းယွီက သူ့ပခုံးကို ဖက်ကာ ပုတ်လိုက်ပြီး လမ်းလျှောက်ရင်း ပြောလိုက်သည်။
“ဟေ့… ငါက ဝမ်းသာနေတာပါကွ… မင်းက ဘာလို့ လန့်သွားရတာလဲ… ငါက နောက်ထပ် တစ်နာရီလောက်တောင် နောက်ကျပြီးမှ ပြန်ချင်သေးတာ… ဒါနဲ့… မင်းအိမ်က ဘယ်တိုက်ခန်းမှာ နေတာလဲ…”
လီထုန်ကျိုး၏ ပခုံးတွေက အနည်းငယ် ပြေလျော့သွား၏။
“တိုက်ခန်း အမှတ် (၃) မှာ…”
သူ ပြောပြလိုက်လျှင်တောင် ကော်ကျင်းယွီက ရှာတွေ့မည် မဟုတ်ပေ။
နှစ်ပေါင်းများစွာ ကြာခဲ့ပြီဖြစ်သည့် ရပ်ကွက်ဟောင်းကြီး ဖြစ်ရာ သူလည်း ခပ်ရေးရေးလောက်သာ မှတ်မိတော့၏။
ထိုအချိန်က လီထုန်ကျိုး၏ အိမ်က အဆင့်မြင့်ရပ်ကွက်ထဲတွင် ရှိသည်ဟု မှတ်မိနေသော်လည်း အခု သေချာ ပြန်ကြည့်သည့်အခါ မှတ်ဉာဏ်ထဲကလောက် ခမ်းနားထည်ဝါမနေတော့ဘဲ မြက်ခင်းပြင်က နည်းနည်း ပိုကျယ်နေပြီး အလယ်ဗဟိုတွင် အပင်တွေနှင့် ပြင်ဆင်ထားသည့် ကွင်းပြင်ငယ်လေးတစ်ခု ရှိနေရုံမျှသာ ဖြစ်သည်။
လီထုန်ကျိုး၏ မိဘနှစ်ပါးက အစိုးရပိုင်ကုမ္ပဏီတွင် အလုပ်လုပ်ကြသည်။
ဖခင်ဖြစ်သူ၏ အလုပ်အကိုင်က အတော်လေး အဆင်ပြေပြီး မိခင်ဖြစ်သူကလည်း အလယ်အလတ်အဆင့် မန်နေဂျာတစ်ယောက် ဖြစ်၏။
သူတို့နှစ်ယောက်လုံးက အလုပ်တွေများပြီး ဧည့်ခံပွဲတွေလည်း အမြဲရှိနေတတ်ရာ ကလေးကို ဂရုစိုက်ဖို့ အချိန်သိပ်မရှိကြပေ။
အချိန်အများစုတွင် စားပွဲပေါ်၌ ပိုက်ဆံ အနည်းငယ် တင်ထားခဲ့ပြီး လီထုန်ကျိုးကို သူ့ဟာသူ ထမင်းသုံးနပ် ဖြေရှင်းခိုင်းလေ့ရှိသည်။
ဒါကြောင့် လီထုန်ကျိုးက ပုံမှန်အားဖြင့် တစ်ယောက်တည်းသာ ထမင်းစားရလေ့ရှိ၏။
ကော်ကျင်းယွီသာ အခြားသူတွေနှင့် ဘောလုံးသွားမကန်လျှင် သို့မဟုတ် ဂိမ်းမဆော့ဖြစ်လျှင် သူနှင့် အတူတူ လာစားပေးတတ်သည်။
ဒါက လီထုန်ကျိုး၏ နေ့စဉ်ဘဝ ဖြတ်သန်းမှုပင် ဖြစ်၏။
သူက တစ်ယောက်တည်း နေရသည်ကို အသားကျနေပြီ ဖြစ်သော်လည်း ကော်ကျင်းယွီနှင့်လည်း ရင်းနှီးကျွမ်းဝင်နေသည်။
တစ်ယောက်တည်း ထမင်းစားရသည်ထက် ကော်ကျင်းယွီက ဘေးနားကနေ အဖော်လုပ်ပေးသည်ကို သူ ပိုပြီး သဘောကျ၏။
ကံကောင်းလျှင် ညဘက်ကျရင် ကော်ကျင်းယွီက သူ့အိမ်ကို လာပြီး အိမ်စာလုပ်တတ်ရာ နောက်ထပ် အချိန်အနည်းငယ်လောက် အတူတူ နေရသေးသည်။
လီထုန်ကျိုးကိုယ်တိုင်က ဆူညံသည်ကို မကြိုက်သော်လည်း ကော်ကျင်းယွီဆီက တက်ကြွလွတ်လပ်နေသည့် အငွေ့အသက်လေးတွေကိုတော့ သဘောကျ၏။
သူက ဘယ်နေရာရောက်ရောက် စိတ်ဝင်စားစရာ ကောင်းသည့် ကိစ္စတွေကို အမြဲ ရှာတွေ့တတ်သလိုပင်။
ဒီလူ ရှိနေမည်ဆိုလျှင် အိမ်ထဲက ဖွင့်ထားသည့် မီးရောင်လေးကတောင် ပိုပြီး နွေးထွေးနေသလို ခံစားရပြီး စိတ်ထဲတွင်လည်း အလွန် အေးချမ်းသွားရသည်။
လီထုန်ကျိုးက သန့်ရှင်းရေးနှင့် ပတ်သက်ပြီး အနည်းငယ် အစွဲအလမ်းကြီးသူ ဖြစ်သည်။
ပစ္စည်းတွေကို သုံးပြီးသွားတိုင်း အမျိုးအစားခွဲကာ သေသပ်စွာ ပြန်သိမ်းထားတတ်ပြီး အိမ်ထဲတွင်လည်း ထိုနည်းအတိုင်းပင်။
ကော်ကျင်းယွီက တံခါးဝကနေ ဝင်ဝင်ချင်းမှာပင် ဧည့်ခန်းထဲက ကော်ဖီစားပွဲပေါ်တွင် ယှဉ်တွဲတင်ထားသည့် Toshiba လပ်တော့ (၃) လုံးကို မြင်လိုက်ရသည်။
ဘေးနားတွင်လည်း ပြွန်ရှည်ကြီးတစ်ခု တပ်ထားသည့် ဒစ်ဂျစ်တယ် ကင်မရာတစ်လုံး ရှိနေသေး၏။
တံခါးအဝင်ဝတွင်တော့ ရေအလိုအလျောက် လည်ပတ်နေသည့် ငါးကန်အလှဆင်တစ်ခု ရှိနေပြီး အထဲတွင် ရွှေငါးတွေ မွေးထားသည်။
ငါးကန်၏ အောက်ဆုံးတွင်တော့ ရှေးဟောင်းဒင်္ဂါးပြားတွေကို တစ်လွှာ ခင်းထားသည်။ အစစ်လား အတုလား ခွဲခြားမရသော်လည်း ဒီချမ်းသာကြွယ်ဝမှုကတော့ အတုဖြစ်နိုင်စရာ မရှိပေ။
ဒီခေတ်ဒီအခါမျိုးတွင် လပ်တော့တွေက ဈေးအကြီးဆုံး အချိန်ဖြစ်ပြီး သာမန်တစ်လုံးကိုပင် ယွမ် တစ်သောင်း နှစ်သောင်းလောက် ရှိနေခြင်းက ပုံမှန်ကိစ္စလို ဖြစ်နေ၏။
ဘေးနားက ဒစ်ဂျစ်တယ်ကင်မရာကိုတော့ ပြောစရာတောင် မလိုတော့ပေ။
မှန်ဘီလူးပြွန်ရှည်ကြီး တစ်ခုတည်းကပင် ယွမ် ခုနစ်သောင်း ရှစ်သောင်းလောက် တန်ဖိုးရှိရာ သာမန်လူတွေအတွက်ဆိုလျှင် အိမ်တစ်ဝက်လောက် ဝယ်နိုင်သည့် ပိုက်ဆံပင် ဖြစ်သည်။
လီထုန်ကျိုးက သူ့အကြည့်တွေနောက်ကို လိုက်ကြည့်လိုက်သော်လည်း သေချာပေါက် အထင်လွဲသွားပုံရ၏။
“အိမ်စာလုပ်ပြီးမှ ဂိမ်းဆော့မယ်လေ… ဟုတ်ပြီလား… ပြီးခဲ့တဲ့တစ်ခေါက်က ဆော့လက်စကို ငါ မင်းအတွက် save လုပ်ပေးထားတယ်… မင်း ဆက်ဆော့လို့ရတယ်…”
“ဘာဂိမ်းလဲ…”
“ရွှမ်းယွမ်ကျန့်လေ…”
ကော်ကျင်းယွီက သူ Offline ဂိမ်း ဆော့ခဲ့ဖူးသည်ကိုတောင် မမှတ်မိတော့ပေ။
အချိန်တွေ အရမ်း ကြာခဲ့ပြီမဟုတ်လား။
သို့ပေမဲ့ လီထုန်ကျိုး၏ အလေးအနက်ဖြစ်နေသည့် ပုံစံကို ကြည့်ရတာ သူ အဲ့ဒီတုန်းက တစ်ချိန်လောက်တော့ အဲ့ဒီဂိမ်းကို အရူးအမူး ဆော့ခဲ့ဖူးပုံရသည်။
သူတို့နှစ်ယောက်က အပြင်မှာ အကင်စားပြီးပြီဖြစ်ရာ အိမ်ပြန်ရောက်သည်နှင့် အိမ်စာကို တန်းလုပ်ကြတော့သည်။
သူက လီထုန်ကျိုး၏ အခန်းထဲကို ဝင်သွားပြီး နှစ်ယောက်သား မျက်နှာချင်းဆိုင် ထိုင်လိုက်ကြ၏။
ကော်ကျင်းယွီက ခြေတံရှည်ပြီး သက်တောင့်သက်သာ နေတတ်သည့် အကျင့်ရှိရာ နည်းနည်းလေး သတိလက်လွတ်ဖြစ်သွားသည်နှင့် တစ်ဖက်လူ၏ ဒူးကို သွားထိမိတတ်သည်။
အစပိုင်းတွင်တော့ သူက အလိုအလျောက် ခြေထောက်ကို ပြန်ရုပ်လိုက်သေးသော်လည်း ချက်ချင်း ပြန်တွေးကြည့်လိုက်၏။
တစ်ဖက်လူက လီထုန်ကျိုးပဲလေ။
သူ တစ်ချက်လောက် ထိမိရုံနဲ့တင် ဘယ်သူက အမြတ်ထွက်သွားမလဲဆိုတာ မပြောနိုင်ဘူး မဟုတ်လား။
အဲ့ဒီတုန်းက လီထုန်ကျိုးက သူ့ကို အရင် ဖွင့်ပြောခဲ့တာပဲလေ။
ကော်ကျင်းယွီက ယုံကြည်မှု နည်းနည်း ပိုတက်လာပြီး သိပ်ထိန်းချုပ်မနေတော့ပေ။
သက်တောင့်သက်သာဖြစ်မည့် ပုံစံတစ်ခုကို ရှာကာ ခြေထောက်ကို ဆန့်ထုတ်လိုက်ပြီး တစ်ဖက်လူ၏ ဒူးကို ထိထားလိုက်၏။
တစ်ချက်တစ်ချက် လှုပ်ရှားလိုက်သည့်အခါမျိုးတွင် နှစ်ချက်လောက်တောင် ပွတ်တိုက်မိသွားသေးသည်။
လီထုန်ကျိုးက မျှော်လင့်ထားသည့်အတိုင်းပင် ခေါင်းမော့ကာ သူ့ကို တစ်ချက်ကြည့်လာ၏။
သို့ပေမဲ့ ချက်ချင်းပင် ခေါင်းပြန်ငုံ့သွားပြီး ပုစ္ဆာကို ဆက်တွက်နေတော့သည်။
ကော်ကျင်းယွီက သူ့လက်ထဲက စာအုပ်ကို ကိုင်ထားရင်း စာတစ်ကြောင်း ဖတ်လိုက်၊ လူကို တစ်လှည့် ကြည့်လိုက် လုပ်နေတော့၏။
သူ့မှတ်ဉာဏ်တွေအရဆိုလျှင် နောက်ထပ် နှစ်လလောက်နေရင် သူတို့ ဒုတိယနှစ် ကျောင်းပြန်ဖွင့်တော့မည် ဖြစ်ပြီး မကြာခင်မှာပဲ အတန်းတွေ ခွဲရတော့မည်။
အဲ့ဒီအချိန်မှာ သူက အနုပညာဘာသာရပ်ကို သွားသင်ခဲ့ရပြီး လီထုန်ကျိုးနှင့် တွေ့ရသည့် အချိန်တွေ နည်းသွားခဲ့၏။
သူတို့နှစ်ယောက်က နေ့တိုင်း မက်ဆေ့ခ်ျ အစောင်ပေါင်းများစွာ ပို့ခဲ့ကြပြီး ပြောစရာ စကားတွေလည်း ဆုံးသွားသည်ကို မရှိခဲ့ပေ။
ထိုအချိန်က ကော်ကျင်းယွီနှင့် အဆောင်တူတူနေသည့် ရည်းစားရှိသော အနုပညာကျောင်းသားတောင် သူတို့နှစ်ယောက်လောက် ဖုန်းမပြောနိုင်ကြပေ။
ကော်ကျင်းယွီကမှ စောစောစီးစီး ရည်းစားထားနေသည့်လူနဲ့ တူတယ်လို့တောင် နောက်ပြောင်ခဲ့ကြသေး၏။
ကော်ကျင်းယွီက ထိုအချိန်တုန်းက ဘယ်နေရာက မှားယွင်းနေသလဲဆိုတာကို လုံးဝ သတိမထားမိခဲ့ပေ။
သူက လီထုန်ကျိုးကို အထူးတလည် သတိရနေခဲ့တာမျိုးသာ ဖြစ်၏။
နှစ်ပတ် အကြာတွင်တော့ သူ့မွေးနေ့ရောက်သည့်နေ့၌ လီထုန်ကျိုးက စနေတနင်္ဂနွေ ပိတ်ရက်ကို အခွင့်ကောင်းယူကာ အဝေးပြေးကားစီးပြီး သူ့ဆီ လာရှာခဲ့သည်။
သူ့ကို မွေးနေ့လက်ဆောင် ပေးခဲ့ပြီးနောက် ချစ်ခွင့်ပန်ခဲ့၏။
သူတို့နှစ်ယောက်လုံး၏ မွေးနေ့က ဆောင်းရာသီတွင် ဖြစ်သည်။
မြောက်ပိုင်းတွင် နှင်းကျတာ စောသည့်အတွက် နှင်းကျသည့်အချိန်နှင့် ကွက်တိ တိုက်ဆိုင်သွားခဲ့၏။
လီထုန်ကျိုးက လမ်းမီးတိုင်အောက်တွင် ရပ်နေခဲ့သည်။
သိုးမွေးကုတ်အင်္ကျီအထူကြီးကို ဝတ်ဆင်ထားပြီး ပခုံးပေါ်တွင် နှင်းတွေ တစ်လွှာလောက် တင်နေ၏။
လမ်းမီးတိုင်အောက်ကို နှင်းတွေကလည်း အဆက်မပြတ် ကျဆင်းနေဆဲဖြစ်သည်။
သူက ထိုနေရာတွင် တိတ်ဆိတ်စွာ ရပ်ပြီး အချိန်အတော်ကြာအောင် စောင့်နေခဲ့ကာ သူ့ကို မြင်လိုက်ရမှသာ ခြေလှမ်း နှစ်လှမ်းလောက် လှမ်းလာခဲ့၏။
ထို့နောက် လက်ဆောင်ကို ကမ်းပေးလာပြီး အတူတူ တွဲလို့ရမလားဟု တိုးတိုးလေး မေးခဲ့သည်။
…
“ကျင်းယွီ… မင်း ဘာတွေ စဉ်းစားနေတာလဲ…”
လီထုန်ကျိုးက စားပွဲခုံကို ဘောပင်နှင့် ခေါက်ကာ သူ့ကို အိမ်စာလုပ်ရန် သတိပေးလိုက်၏။
ကော်ကျင်းယွီက စာအုပ်ကို လုံးဝ ချထားလိုက်တော့သည်။
ဘာပဲဖြစ်ဖြစ် စာအုပ်ကိုင်ထားတာကလည်း မျက်နှာချင်းဆိုင်က လူကို ကြည့်ဖို့သက်သက်ပဲလေ။ မေးထောက်ကာ သူ့ကို ခဏလောက် ကြည့်နေပြီးနောက် ရယ်လျက် ပြောလိုက်၏။
“နောင်တစ်ချိန်အကြောင်း စဉ်းစားနေတာ…”
လီထုန်ကျိုးက ထူးဆန်းသွားသည်။
“ဘယ်တုန်းက နောင်တစ်ချိန်အကြောင်းလဲ…”
“ငါတို့တွေ နောက်ကျရင် ဘယ်လိုပုံစံတွေ ဖြစ်လာမလဲလို့ တွေးကြည့်နေတာပါကွာ…”
လီထုန်ကျိုးက သူက အနာဂတ် ရည်မှန်းချက် အစီအစဉ်တွေ ဒါမှမဟုတ် ဘယ်တက္ကသိုလ် ဆက်တက်မလဲ စတာတွေကို ပြောတော့မည်ထင်ပြီး စာအုပ်ချကာ တိတ်တဆိတ် နားထောင်နေတော့၏။
ကော်ကျင်းယွီ၏ နှုတ်ခမ်းထောင့်စွန်းလေးက အနည်းငယ် ကွေးတက်သွားပြီး ပြောလိုက်သည်။
“နောက်ကျရင် မင်းက အခုထက် နည်းနည်း ပိုရှည်လာမလား… ငါကတော့ ဘာပဲဖြစ်ဖြစ် အရပ်ထွက်လာမှာပဲ… ဒီအစ်ကိုကြီးက အနည်းဆုံး (၁.၈) မီတာတော့ ကြိုပြီး မှန်းထားတယ်… ရုပ်လေးကလည်း သန့်၊ အရပ်ကလည်း ရှည်နဲ့ သေချာပေါက် လူချောကြီး ဖြစ်မှာပဲ… အပြင်ခေါ်သွားရင်ကို မျက်နှာပန်း လှနေမှာ…”
လီထုန်ကျိုးက သူ့စကားကို ဖြတ်ပြောလိုက်၏။
“ငါက မင်းထက် အသက်ပိုကြီးတယ်…”
“ရပါတယ် ရပါတယ်… မင်းက အကြီးပဲ… မင်းက ငါ့အစ်ကိုကြီးပေါ့…”
ကော်ကျင်းယွီက ဂရုမစိုက်စွာဖြင့် ထပ်ပြီး စိတ်အားထက်သန်စွာ ပြောလိုက်၏။
“နောက်ကျရင် ငါတို့ နှစ်တိုင်း မွေးနေ့ကို အတူတူ ကျင်းပကြမယ်လေ… ငါ မှတ်မိသလောက် ငါတို့မွေးနေ့က သိပ်မကွာဘူး မဟုတ်လား… မင်းက (၁၁) လပိုင်း အကုန်၊ ငါက (၁၂) လပိုင်း အစဆိုတော့ ကွက်တိပဲ…”
လီထုန်ကျိုးက ခေါင်းညိတ် သဘောတူလိုက်သည်။
ကော်ကျင်းယွီက အနာဂတ်အကြောင်း တွေးပြီးသွားသည့်အခါ လီထုန်ကျိုး၏ စာမေးပွဲအမှတ်တွေကို သတိရသွားပြီး သတိပေးလိုက်၏။
“မင်း စာဆက်ကြည့်တော့လေ… အမှတ်ကောင်းအောင် ဆက်ပြီး ထိန်းထားဦးနော်…”
သူက ဒီနှစ်တွေအများကြီး အနုပညာ အခြေခံကို တည်ဆောက်လာခဲ့သူမို့လို့ ကိုယ့်ကိုယ်ကိုယ် အထူး ယုံကြည်မှု ရှိနေသည်။
လီထုန်ကျိုးက အဲ့ဒီတုန်းက စာမေးပွဲ သေချာ မဖြေနိုင်ခဲ့လို့ နောက်တစ်နှစ် ပြန်ဖြေခဲ့ရတာမဟုတ်လား။
ဒီတစ်ခေါက်တော့ သူ သေချာလေး ကြည့်ကြပ်ပေးနေမှ ဖြစ်မည်။
လီထုန်ကျိုးက စာအုပ်ကို ကောက်ကိုင်ပြီး ဆက်ဖတ်နေတော့၏။
သူက စကားနည်းပြီး လူတွေနှင့်လည်း သိပ်မပြောဆိုတတ်သော်လည်း စာမျက်နှာ လှန်သည့် အမြန်နှုန်းကို ကြည့်ခြင်းအားဖြင့် သူ စိတ်အခြေအနေ ထပ်ပြီး ကောင်းသွားပြီဆိုတာကို သိသာနေသည်။
ကော်ကျင်းယွီကတော့ ရင်ထဲတွင် သူ့ကို ရည်းစားလေးတစ်ယောက်လို သဘောထားပြီး ကြည့်လေ ကြည့်လေ ပိုပြီး ကြည့်ကောင်းလေ ဖြစ်နေ၏။
ဒီအထဲမှာ သနားကြင်နာစိတ်လေး နည်းနည်းလည်း ပါဝင်နေပြီး သူ့အပေါ် ရင်ထဲကနေ တကယ် ကောင်းပေးချင်နေမိသည်။
ဘာပဲဖြစ်ဖြစ် စာကိုလည်း ဆက်ဖတ်လို့ မဝင်တော့တာမို့လို့ တန်းပြီး မတ်တပ်ရပ်ကာ မီးဖိုချောင်ထဲသွားပြီး ဖက်ထုပ်လေးတွေ သွားလုပ်ပေးလိုက်၏။
လီထုန်ကျိုးက ထမင်းစားချိန် မမှန်သဖြင့် အစာအိမ် သိပ်မကောင်းပေ။
မနက်ခင်းတွင် ပူပူနွေးနွေးလေး စားပေးမှသာ အစာအိမ်အတွက် ကောင်းမည်။
မီးဖိုချောင်ထဲက ဂျုံမှုန့်က နည်းနည်း မြင့်သည့်နေရာတွင် တင်ထားရာ ကော်ကျင်းယွီက ခြေဖျားထောက်ပြီး ယူနေရသည်။
ထိုအချိန် လီထုန်ကျိုးက လျှောက်လာပြီး သူ့အနောက်တွင် ရပ်ကာ ကိုယ်စား ယူပေးလိုက်၏။
“ငါ ယူပေးမယ်…”
chapter 4 ended