Little Creampie:
Chapter- 1
Marriage of a Sickly Villain and a Fortune Hunter
“ဒါဘာသဘောလဲ? မင်း ရှမျိုးရိုးအဖြစ်ခံယူလိုက်တဲ့ အချိန်ကစပြီး ဒါမင်းတာဝန်ပဲ!”
စကားပြောနေတဲ့အမျိုးသမီးသည် ခမ်းနားစွာဝတ်စားထားပြီး သူမ၏ရင်ဘတ်မှ စိန်လည်ဆွဲသည်လည်း ပါတီပွဲရဲ့ တောက်ပသောမီးရောင်အောက်တွင် ထည်ဝါစွာလင်းလက်နေသည်။
ရှရှင်းချီသည် ထောင့်တစ်နေရာတွင် ကိတ်မုန့်စားရင်း သူမရဲ့စကားတွေကို အလေးမထားဟန် ပျင်းရိစွာသန်းဝေလိုက်သည်။
Mr.လီရဲ့စေ့စပ်မင်္ဂလာပွဲကို တက်ရောက်ဖို့ဆိုတာ မည်သူ့အတွက်မဆို ဂုဏ်ယူစရာပင်ဖြစ်သည်။
ရှရှင်းချီ တစ်ယောက်အတွက်တော့ ပျော်ရွှင်စရာမဟုတ်ပေ။ သူသည် စေ့စပ်ရန်အတင်းအကျပ်ဖိအားပေးခံရသည့်အပြင်၊ လူတိုင်းရဲ့ “မျောက်ကြည့်” ကြည့်ခံနေရသည်။ သူ့အား ထင်ထင်ရှားရှားရော လျှို့ဝှက်စွာရော စောင့်ကြည့်နေသော မျက်လုံးပေါင်းမရေမတွက်နိုင်ပင်ရှိနေသည်။
လွန်ခဲ့တဲ့သုံးညက မိုးသည်းထန်စွာရွာသွန်းနေခဲ့ပြီး သူသည် သူ၏တတိယမြောက်အလုပ်မှ ပြန်လာချိန် သစ်ပင်အောက်ဖြတ်လျှောက်နေစဉ်၊ မိုးကြိုးထိမှန်သေဆုံးခဲ့ပြီး လူမှုစာမျက်နှာများတွင် ဆန်းကြယ်သော သေဆုံးနည်းအဖြစ် သတင်းတစ်ပုဒ်ဖန်တီးမိခဲ့သည်။
ဒါဟာ မခံမရပ်နိုင်အောင် နာကျင်ခဲ့သော်လည်း ဖြစ်စဉ်သည် အတော်လေးမြန်ဆန်ခဲ့ပြီး သူဟာ အချိန်တိုအတွင်းမှာပဲ သတိလစ်သွားခဲ့တယ်။
သူသေဆုံးခါနီး နောက်ဆုံးစကားတစ်ခွန်းသာ ပြောခွင့်ရမယ်ဆိုလျှင် ထိုအရာသည် သတင်းခေါင်းစဉ်တစ်ခု ဖြစ်သွားလိမ့်မည်-“အံ့အားသင့်စရာပင်၊ သစ်ပင်အောက်မှာ မိုးကြိုးမမှန်ဘူးဆိုတာ အမှန်ဟုတ်ရဲ့လား?”
“ရှမိသားစုရဲ့အခြေအနေကို မင်းသိတယ်မလား။ ဒီလက်ထပ်မှုကို အခက်အခဲတွေကျော်ဖြတ်ဖို့ အသုံးချရမယ်” ဟု အမျိုးသမီးက ဆက်ပြောသည်။ “ဒီလက်ထပ်ပွဲသာမဖြစ်မြောက်ခဲ့ရင် မင်းကဘာမှမဟုတ်တဲ့အမှိုက်တစ်စဖြစ်နေမှာပဲ! ဒီလိုကြီးမားတဲ့အခွင့်အလမ်းတစ်ခုကို မင်းလွယ်လွယ်လေးရခဲ့ပြီး ကောင်းကောင်းနေပြရုံပဲကို မင်းက မလုပ်နိုင်ဘူးလား?”
လက်ရှိအခြေအနေမှာ ရှရှင်းချီဟာ မမျှော်လင့်ဘဲ အမြင်လွဲမှားနေသောဝတ္ထုတစ်ပုဒ်ထဲသို့ ရောက်ရှိသွားပြီး လျှို့ဝှက်စွာအစားထိုးခံထားရသော အစစ်အမှန်သူဌေးသားတစ်ယောက်ဖြစ်လာကာ ဒီဝတ္ထုထဲမှ အသုံးချခံဇာတ်ကောင်တစ်ယောက်ဖြစ်နေသည်။
သူ့ရှေ့မှာရှိနေတဲ့သူက လျှိူယီဖြစ်ပြီး မူလဇာတ်ကောင်ရဲ့ မိထွေးတစ်ယောက်ဖြစ်သည်။ သူ၏ချမ်းသာသောမိသားစုထံပြန်ရောက်သောအခါ သူ့ရဲ့မွေးမိခင်မှာကွယ်လွန်နှင့်ပြီးဖြစ်သည်။
လျှိူယီအတွက်တော့ ဒါကသူမရဲ့သားအရင်းမဟုတ်သည့်အတွက် တကယ့်သူဌေးသားနဲ့ အတုအယောင်သူဌေးသားနှစ်ဦးထဲမှ သူမနှစ်ပေါင်းများစွာပြုစုပျိုးထောင်ခဲ့သော အတုအယောင်သူဌေးသားကိုပဲ ပို၍နှစ်သက်လေသည်။
ထိုသူမှာ မဝေးလှသောနေရာတွင် ရွှင်ရွှင်ပြပြစကားပြောနေသော လူကြိုက်များသော အဆိုတော် ရှယွီဖြစ်ကာ စာအုပ်ထဲမှ ကြာပန်းဖြူဇာတ်လိုက်Shouလည်းဖြစ်သည်။
မူလဇာတ်ကောင်မှာ အိမ်ပြန်လာပြီး တစ်နှစ်ကြာသောအခါ သူသည် ဆင်းရဲသားဘဝမှ အဆင့်(၁၈)အနုပညာရှင်တစ်ဦးဖြစ်လာခဲ့သည်။သို့သော်လည်း သူသည် အသုံးချခံဇာတ်ကောင်ဘဝသို့ရောက်ရန် တစ်လပင်မလိုတော့ချေ။
မူလဇာတ်ကောင်ရဲ့ ကံကြမ္မာကို အစပျိုးပေးခဲ့သည်မှာ စေ့စပ်ပွဲမှ ထွက်ပြေးခြင်းဖြစ်သည်။
ရုတ်တရက် ရေထဲသို့ငါးစာဖြူးလိုက်သကဲ့သို့ လူတွေအားလုံးသည် အဝေးတစ်နေရာသို့ ဝိုင်းအုံနေကြပြီး အရေးကြီးတဲ့သူတစ်ယောက်ယောက်ရောက်လာခြင်းဖြစ်သည်မှာသိသာပေသည်။
လျှိူယီက “ကောင်းကောင်းနေခဲ့၊ ထွက်ပြေးဖို့မကြိုးစားနဲ့!” ဟု အေးစက်စွာပြောပြီး လှည့်ထွက်သွားခဲ့သည်။
ရှရှင်းချီ စဉ်းစားမိတာက ဒီလောက်ထိ ဩဇာလွှမ်းမိုးနိုင်သူဆိုတာ သူနှင့်စေ့စပ်ရမည့် လီချန်ယွမ် တစ်ယောက်တည်းသာဖြစ်လိမ့်မည်။
စာအုပ်ထဲမှာ အချမ်းသာဆုံး၊ အာဏာအရှိဆုံးဇာတ်ကောင်ဖြစ်သော်လည်း ဝမ်းနည်းစရာကောင်းတာက လီချန်ယွမ်သည် ဇာတ်လိုက်မဟုတ်ဘဲ ဆိုးရွားသောဗီလိန်တစ်ယောက်ဖြစ်ပြီး အရွယ်မတိုင်ခင်ပင် သေဆုံးခဲ့ရသည်။
ရှရှင်းချီသည် လှည့်ပြီး ဝန်ထမ်း၏ဗန်းထဲမှ ဝိုင်နီကိုကောက်ယူကာ ထိုဝိုင်၏စျေးနှုန်းနှင့် စေ့စပ်ပွဲအတွက်ကုန်ကျမည့်ငွေပမာဏကို စိတ်ထဲတွက်ချက်နေမိသည်။
စဉ်းစားနေတုန်းမှာပဲ ဖိတ်ကြားချင်းမရှိသော ဧည့်သည်တစ်ဦး သူ့ဆီလာနေသည်ကို မြင်လိုက်ရသည်။
ကြာပန်းဖြူဇာတ်လိုက် ရှယွီ၏မျက်နှာသည် အလွန်အပြစ်ကင်းစင်ပုံပေါက်ပြီး၊ ထိုအချိန်တွင် စိတ်ရင်းမှန်နဲ့ စိတ်အားထက်သန်စွာဖြင့်-
“အစ်ကို၊ ဒီနှစ်တွေအတွင်း ကျွန်တော်မသိလိုက်ဘဲ မင်းဆီကအများကြီးလုယူခဲ့မိတယ်… ဒီတစ်ခါတော့ ကျွန်တော်မင်းအစား လုပ်ပေးပါ့မယ်! အစ်ကိုထွက်သွားပါ၊ ကျွန်တော် လီချန်ယွမ်နဲ့ အစ်ကို့အစား စေ့စပ်ပေးပါ့မယ်!”
“ကျွန်တော် အစ်ကို့ဆီအကြွေးတင်နေတာကို ကျွန်တော်ရဲ့တစ်သက်တာပျော်ရွှင်မှုနဲ့ပြန်ဆပ်မယ်၊ ဒါက အနည်းငယ်လေးပဲဖြစ်ရင်တောင်…”
သူ၏စကားလုံးများသည် ခိုင်မာပြီး အနစ်နာခံမှုနှင့်ပြည့်နေကာ၊ သူကိုယ်တိုင်ပင် မျက်ရည်ကျလုနီးပါးဖြစ်နေပုံရတယ်။
“အား…” တကယ်စိတ်ထိခိုက်စရာပင်၊ ညီအစ်ကိုချင်းချင်းမေတ္တာတရားဆိုတာ မှန်းချက်မထားနိုင်အောင်ပါလား။
ရှရှင်းချီသည် နှုတ်ခမ်းမဲ့လိုက်ပြီး၊ငါထွက်ပြေးမှသာ မင်းအတွက်နေရာရမယ်လို့ဆိုလိုတာ မဟုတ်ဘူးလား?
ဒီမတိုင်ခင်ကတည်းက ရှယွီဟာ အလားတူ “လက်ဖက်စိမ်းအပြုအမူ” နဲ့ ရှမိသားစုကို သိမ်းသွင်းပြီးသားဖြစ်သည်။ ရှဖျင်ကျန့်တောင် မျက်ရည်ကျကာ သူ့ချစ်လှစွာသောသားကို မထွက်ခွာဖို့ တောင်းပန်ခဲ့ပြီး၊ ဘာပဲဖြစ်ဖြစ် ရှယွီကို ရှမိသားစုရဲ့သားအဖြစ် ဆက်လက်မှတ်ယူမယ်လို့ အခိုင်အမာကတိပေးခဲ့သည်။
ဒီအတိုင်းအတာနဲ့ယှဉ်ရင် မူလဇာတ်ကောင် “တကယ့်သားအရင်း”ကတော့ ဖယ်ကျဉ်ခံထားရသလိုဖြစ်နေသည်- သူ့ကိုရှာတွေ့တဲ့အချိန်မှာ ဈေးထဲမှာ ဟင်းသီးဟင်းရွက်ရောင်းနေရပြီး ဘေးကငါးဆိုင်ကအနံ့ဆိုးတွေကြောင့် ခန္ဓာကိုယ်မှာလည်းအနံ့ဆိုးထွက်နေပြီး ဧည့်ခန်းမကြီးထဲမှာ ကျဉ်းကျပ်ပြီး နေသားမကျဖြစ်နေခဲ့သည်။
ဒီထူးဆန်းတဲ့ သားကိုကြည့်ပြီး ရှဖျင်ကျန့်ရဲ့စိတ်ထဲမှ ချိန်ခွင်လျှာဟာ ချက်ချင်းပဲ တိမ်းစောင်းသွားတယ်။
ဖခင်အရင်း၏အေးစက်သောသဘောထား၊ အစေခံများ၏ လျစ်လျူရှုမှုနှင့် မထီမဲ့မြင်ပြုမှုများ… ပြီးတော့ မူလဇာတ်ကောင်အတွက် အဆိုးဝါးဆုံး အခြေအနေကတော့ အတင်းအကျပ်လက်ထပ်ခိုင်းခံရတာပင်ဖြစ်သည်။
ရှယွီဟာ တိတ်တဆိတ်နှိုးဆော်သွေးထိုးမှုများပြုလုပ်ပြီး မူလဇာတ်ကောင်ကို ရူးသွပ်လုနီးပါးဖြစ်စေကာ၊ သူနှင့်စေ့စပ်မည့်လီချန်ယွမ်အပေါ်တွင်လည်း အထင်လွဲမှားမှုတွေဖြစ်အောင်လုပ်ခဲ့ပြီး မုန်းတီးစေခဲ့သည်။
နောက်ပိုင်းဇာတ်လမ်းမှာ ရှရှင်းချီဟာ သူ့ရဲ့ကြောက်ရွံ့သောသဘာဝကိုပြောင်းလဲပစ်လိုက်ပြီး ဗီလိန်လီချန်ယွမ်ကို လက်ညှိုးထိုး ဆဲဆိုပြီး၊ ဝိုင်နီဖြင့်မျက်နှာကိုပက်ကာ စေ့စပ်ပွဲမှထွက်ပြေးခဲ့တယ် – ပြောရမယ်ဆိုရင် တကယ့်ကို အသုံးချခံဇာတ်ကောင်တစ်ယောက်ဖြစ်သည်။
ရှယွီကတော့ ကောင်းစွာပြင်ဆင်ထားပြီးသားဖြစ်သည်။ သူကိုယ်တိုင်က ကောင်းသောဇာတ်ကောင်အဖြစ်သရုပ်ဆောင်ရုံသာမက အပြစ်တင်ပြောဆိုမည့်သူများကိုလည်း စီစဉ်ထားသည်။
ထို့နောက် လူပေါ်ကြော့သူဌေးသားများရောက်လာကာ-
“ဟေ့၊ ဒါ ရှမိသားစုက သူဌေးသားမလား?”
“ဘာတွေပြောနေကြတာလဲ၊ ဒီက ရှမိသားစုရဲ့ ‘သခင်မလေး’ ပါ မကြာခင်လက်ထပ်ရတော့မယ့်သူပေါ့”
“ဒီခေတ်ကြီးမှာ စီစဉ်လက်ထပ်ပေးတာတွေလုပ်နေကြတယ်၊ ယောက်ျားတစ်ယောက်အနေနဲ့ ခုခံသင့်တယ်! ဟင်း…ဒီလိုသူက ပွဲထဲမှာတောင် မပါသင့်ဘူး အဆင့်နိမ့်လွန်းတယ်၊ စက်ဆုပ်ဖို့ကောင်းလိုက်တာ!”
ရှရှင်းချီ မျက်ခုံးကြုတ်သွားသည်၊ သူဟာ အလွန်စိတ်ဆတ်တဲ့သူတစ်ယောက်ဖြစ်ပြီး မူလဇာတ်ကောင်လို သူတို့ရဲ့ အပြောအဆိုတွေကို သည်းခံနေဖို့ဆိုတာ မဖြစ်နိုင်ဘူး။
သူတုံ့ပြန်တာကိုမြင်တော့ ရှယွီမှာ ပိုပြီးစိတ်လှုပ်ရှားလာသည်။
မှန်တယ်၊ ဒါပဲ။
ဒီနှစ်ရက်အတွင်း သူဦးနှောက်ဆေးထားတဲ့အတိုင်းဆို ရုတ်ရုတ်သဲသဲဖြစ်ကာ ရှရှင်းချီဟာ Mr.လီရဲ့မထိသင့်တဲ့နေရာကို သွားထိမိမှာ အသေချာပင်ဖြစ်သည်။
ဒါဆို အရာအားလုံးအဆင်ပြေသွားပြီ၊ ငါက အစားထိုးဝင်ရောက်မယ်…
ဒါပေမယ့် အရာရာက သူမျှော်လင့်ထားတာထက် ကျော်လွန်သွားတယ်-
သူမျှော်လင့်မထားတဲ့အနေနဲ့ သူ့အပေါ် ဝိုင်နီတွေသွန်ခံလိုက်ရပြီး ဝိုင်တွေလေထဲမှာပျံ့နေတဲ့အခိုက်အတန့်ကိုတောင် မြင်လိုက်ရတယ်!
ဝိုင်နီတစ်ခွက်လုံး သူ့ရဲ့ဝတ်စုံ၊ မျက်နှာနဲ့ ဆံပင်တွေပေါ်ကိုလောင်းချခံလိုက်ရပြီး ရုတ်တရက် ကြက်သေ သေသွားခဲ့သည်။
ရှရှင်းချီက ခွက်အောက်ခြေမှာကျန်နေတဲ့ ဝိုင်အနည်းငယ်ကိုကြည့်ပြီး တည်ငြိမ်စွာနဲ့ မြန်မြန်ဆန်ဆန် ခွက်ကိုလှုပ်နေသည်။
လူတွေ မတုံ့ပြန်နိုင်ခင်မှာပဲ သူသည် ဝန်ထမ်းရဲ့ဗန်းကိုကိုင်လိုက်ပြီး နောက်လက်တစ်ဖက်နှင့် ရေပန်းလိုမျိုး လူတစ်ယောက်ချင်းစီရဲ့ မျက်နှာပေါ်ကို ပက်ပစ်လိုက်သည်!
ခဏအကြာမှာ လူတွေရဲ့အဝတ်အစားတွေ စိုရွှဲသွားကာ လူတိုင်းခဏတာ ငေးငိုင်သွားပြီး ဘာဖြစ်သွားမှန်း နားမလည်နိုင်ကြပေ။
ရှရှင်းချီဆိုတာ အရင်တုန်းက အမြဲအညံ့ခံခဲ့တဲ့သူပါ။ ဒါ့ကြောင့် သူ့ကိုကန်တာ၊ ရိုက်တာတွေက ပုံမှန်နေ့စဉ်ကစားနည်းလိုဖြစ်သည်။ဒါပေမယ့် ဒီနေ့တော့ အကုန်ပြောင်းလဲသွားပြီ။
“အို…ဘယ်လိုတောင်ဖြုန်းတီးမှုမျိုးလဲ” ရှရှင်းချီ က နောင်တရသလို ပြောလိုက်တယ်။ “ဒီဝိုင်က တကယ့်ကို ဈေးကြီးတာကို”
ရှယွီက ပထမဆုံး သတိပြန်ရလာပြီး အရူးလိုပင်အော်လိုက်သည် – “ရှရှင်းချီ! မင်းရူးသွားပြီလား! ဝိုင်က ဈေးကြီးတယ်ဟုတ်လား? ငါတို့အဝတ်တွေက ပိုဈေးကြီးတယ် ခွေးကောင်ရ!”
ဒီအချိန်မှာတော့ အခြားသူတွေလည်း သတိပြန်ရလာကြပြီး အင်္ကျီလက်ကိုတွန်းကာ သူ့ကိုရိုက်ဖို့ ပြင်နေကြပြီဖြစ်သည်။
“အားကြီးရင် အားကြီးသလို နေ၊ ငါ့ဘဝရှည်မယ်” ဆိုတဲ့စကားအတိုင်း ရှရှင်းချီသည် သူတို့အားလုံးကို မနိုင်မှန်းသိတော့ လင်ဗန်းကိုချကာပြေးဖို့ဆုံးဖြတ်လိုက်သည်။
ဒီစေ့စပ်ပွဲကျင်းပရာနေရာဟာ မြို့တော်ရဲ့ အခမ်းနားဆုံး အထက်တန်းလွှာ သီးသန့်ကလပ်တစ်ခုဖြစ်ပြီး အလွန်ကျယ်ဝန်းကာ အထပ်နှစ်ထပ်ရှိသည်။ ဒါ့အပြင် အလှဆင်ပစ္စည်းတွေလည်း အများကြီးရှိကာ ပြေးဖို့ခက်နေသည်။
ရှရှင်းချီဟာ ရူးသွပ်စွာပြေးလွှားနေရင်း စဉ်းစားနေမိတယ် – လူအများရှိတဲ့နေရာဆို သူ့အတွက် မိဘတွေက ဒီသူဌေးသားအုပ်စုကို ဖယ်ရှားပေးမှာပဲ။
ဒါပေမယ့် ဘာကြောင့်မှန်းမသိ ပထမထပ်မှာ လူအနည်းငယ်သာကျန်ရှိသည်ကို တွေ့သောအခါ၊ သူသည် လှေကားများမှ နှစ်လှမ်းသုံးလှမ်း တက်ပြီး တိုက်ရိုက်ဒုတိယထပ်သို့ ပြေးတက်လိုက်သည်။
စေ့စပ်ပွဲရဲ့ အဓိကဇာတ်ကောင်တစ်ဦးဖြစ်ပေမယ့် ဘယ်သူမှ သူကန်ထုတ်ခံရတာ၊ ရိုက်နှက်ခံရတာကို ဂရုမစိုက်ကြပေ။ မူလဇာတ်ကောင်၏ဘဝမှာ တကယ်ပင် ကံဆိုးလှလေသည်။
ဒုတိယထပ်သည် ပထမထပ်လောက် ကျယ်ပြန့်ခြင်းမရှိဘဲ၊လူတွေဘယ်ကိုသွားနေကြသလဲဆိုတာ ချက်ချင်းမမြင်နိုင်ပေ။
ရှယွီ၏ အပေါင်းအပါများသည် အလွန်ကို မျက်နှာထူလေသည်။ မျက်နှာမှာ ဝိုင်နီတွေနဲ့ပြည့်နေပေမယ့် လိုက်ဖမ်းနေကြတုန်းပဲ။ ဒါက ဒေါသဖြေဖို့သက်သက်မဟုတ်ဘဲ တခြားရည်ရွယ်ချက်ရှိပုံရသည်။
ရှရှင်းချီက ခေါင်းလှည့်ပြီး အိမ်သာရှိရာကိုကြည့်လိုက်သည်။သူတို့က ကပ်ပါးကောင်တွေလို လိုက်နေတာမြင်တော့ အိမ်သာအခန်းထဲဝင်ပြီး တံခါးပိတ်ကာ သူတို့ဘာလုပ်မလဲဆိုတာ ကြည့်ဖို့ဆုံးဖြတ်လိုက်သည်။
ဒါပေမယ့် သူတံခါးဆီသို့ အပြေးအလွှားသွားနေစဉ် မျှော်လင့်မထားတဲ့သူတစ်ယောက်နဲ့ တိုးမိသွားသည်!
သူပြေးတာမြန်လွန်းတော့ ချက်ချင်းမရပ်နိုင်ဘဲ ထိုသူနဲ့တိုက်မိသွားသည်။
နောက်မှာ နံရံသာ မရှိရင် ရှင်းချီဟာ “ပင်ချောင်း”ကို ဘိုလင်းဘောဖြင့်ပစ်လိုက်သလိုမျိုး ထိုသူကိုမြေပြင်ပေါ်သို့ လှိမ့်ချမိမှာပင်ဖြစ်သည်။
ဒါတောင် တခြားတစ်ဖက်က ခေါင်းနဲ့နံရံနဲ့ဆောင့်မိသံကို ကြားလိုက်ရတယ်။
တိတ်ဆိတ်နေတဲ့ အိမ်သာထဲမှာ “ဒုန်း!” ဆိုတဲ့အသံက ပုံမှန်ထက်ပိုပြီးကျယ်လောင်လေသည်။ ထိုအသံသည် လူကိုတောင်တုန်လှုပ်စေသည်။
အရမ်းထိမိသွားလို့လား မသိ၊ ရှရှင်းချီက ထိုလူတစ်ယောက် ယောင်ချာချာဖြစ်သွားတာမြင်တော့ ချက်ချင်းလက်တိုးပြီး ဖက်ထားလိုက်ကာ အပြေးအလွှားလည်း တောင်းပန်လိုက်လေသည်- “တောင်းပန်ပါတယ်!တောင်းပန်ပါတယ်! ဆရာဘာဖြစ်သွားသေးလည်း အဆင်ပြေရဲ့လား?”
သို့သော် လီချန်ယွမ်က စကားမပြောဘဲ မျက်လုံးနည်းနည်းမှိတ်ပြီး သူ့ရှေ့က လူငယ်လေးကို မနှစ်မြို့စွာနဲ့ ကြည့်နေသည်။
ရှရှင်းချီက ဆက်တိုက်တောင်းပန်နေပေမယ့် တဖက်လူက နည်းနည်းမကျေမနပ်ဖြစ်နေပုံပေါက်သည်ကိုတွေ့ရသောအခါ ‘နှုတ်နှင့်တောင်းပန်ရုံနဲ့ မလုံလောက်ဘူးလား၊ ဒီလူက ပြန်ရိုက်ချင်နေပြီလား?’ ဟုပင် သူစဉ်းစားမိသည်။
ဒါနဲ့ပဲ သူ မလွဲမသေခေါင်းမော့ပြီး ထိုသူ့ကိုကြည့်လိုက်တော့ ဖြူဖပ်ဖြူရော်နဲ့ ချောမောလှပသောမျက်နှာတစ်ခုကို ရှင်းရှင်းလင်းလင်းမြင်လိုက်ရသည်။
ထိုသူနဲ့ “အကျွမ်းတဝင်” ရှိသည်ဟုခံစားရလေသည်။
သူတို့နှစ်ဦး မျက်နှာချင်းဆိုင်ကြည့်မိသောအခါ ရှရှင်းချီ ရုတ်တရက် ခဲသွားသည်။
တဖက်လူက စကားမပြောဘဲ သူ့ကိုကြည့်နေရတဲ့ အကြောင်းအရင်းကို နားလည်သွားပြီး လွန်ခဲ့တဲ့သုံးရက်က ကံမကောင်းသည့်ညကို ပြန်သတိရမိတယ်။
Chapter 1 end