Chapter 10
—–
ဟယ်ရှန်ယန်တို့ တစ်သိုက် တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်နေကြရာ ကော်ကျင်းယွီက မျက်လုံးကို မှေးကာ မေးလိုက်၏။
“ဘာလဲ… ငါပြောတာ အရာမဝင်တော့ဘူးလား…”
ကောင်လေးများက ကမန်းကတန်း ခေါင်းခါပြလိုက်ကြပြီး အထစ်ထစ်အငေါ့ငေါ့ဖြင့် သဘောတူလိုက်ကြလေ၏။
ကော်ကျင်းယွီက ထပ်မေးလိုက်၏။
“ငါတို့လည်း အဖွဲ့လေးတစ်ခု ဖွဲ့ရအောင်… အဖွဲ့နာမည်တစ်ခု ပေးကြမယ်…”
ဟယ်ရှန်ယန်က အလုအယက် ဝင်ပြောလာ၏။
“နာမည် ရှိတယ်လေ ယွီကော… ပြီးခဲ့တဲ့လကတင် ပေးထားတာလေ…!”
“ဘာနာမည်လဲ…”
“ဟုန်ရှင်း သခင်လေး ဆယ့်သုံးပါးလေ…”
“…”
ကော်ကျင်းယွီတစ်ယောက် သွားကိုက်နေသည့် မျက်နှာပေးမျိုး ဖြစ်သွားရ၏။
သူ ငယ်ငယ်တုန်းက ဘယ်လောက်တောင် လူမိုက်ယောင် ဖမ်းချင်ခဲ့သလဲဆိုတာကို တကယ် အထင်သေးမိသွားတော့သည်။
သူ လက်ကာပြလိုက်ပြီး ပြောလိုက်၏။
“အဲ့ဒီနာမည် မခေါ်နဲ့တော့… ဒီနာမည်က နိမိတ်မကောင်းဘူး…”
ဟယ်ရှန်ယန်က ငတုံးလေးလို ပြန်မေးလာ၏။
“ဒါဆို ဘာနာမည်ပေးမလဲ… ဟိုဘက်က အမှတ် (၄) ကျောင်းက ကောင်တွေတောင် အရင်က ငါတို့နဲ့ ဒီနာမည်ကို လုနေကြတာ… ငါတို့က ဒီတိုင်း အလွယ်တကူ အလျှော့ပေးလိုက်တော့မလို့လား…”
ဘေးနားရှိ အခြားသူများကလည်း ထောက်ခံကြ၏။
“ဟုတ်တယ် ဟုတ်တယ်… ငါတို့က လူများလို့ ဖိုရမ်ပေါ်မှာ သူတို့ကို ဆဲဆိုအနိုင်ယူနိုင်ခဲ့တာ… သူတို့က အခုဆိုရင် ‘ဝမ်ကျောင် မိသားစု ‘ လို့ပဲ ခေါ်ရဲတော့တာ…”
ကော်ကျင်းယွီက ရယ်လိုက်ပြီး ပြော၏။
“ဒီလို စုတ်ပြတ်နေတဲ့ နာမည်ကိုတောင် လုတဲ့လူ ရှိသေးတာလား… သူတို့ကိုသာ ပေးလိုက်ပါကွာ… နောက်ကျရင် ငါတို့က,”
သူက ဘေးဘီဝဲယာသို့ တစ်ချက် ကြည့်လိုက်ပြီး ခေါင်မိုးထပ်ရှိ ဘိလပ်မြေနံရံ တစ်လျှောက် သွယ်တန်းထားသော လျှပ်စစ်ကြိုးများနှင့် အင်တာနက်ကြိုးများကို မြင်လိုက်ရသဖြင့် ဆက်ပြောလိုက်၏။
“နောက်ကျရင် ‘ဝမ်ရိ ဒါရိုက်တာအဖွဲ့ ‘ လို့ ခေါ်မယ်… ငါ မင်းတို့ကို ပြောထားမယ်… နောက်ကျ ကျောင်းပြီးသွားရင် ကြိုးကြိုးစားစား ရုန်းကန်ကြ… ဘာ သခင်လေးတွေ၊ ဘာ မိသားစုတွေ ဆိုတာမျိုးလောက်နဲ့တင် ကိုယ့်ကိုယ်ကိုယ် ကန့်သတ်မထားကြနဲ့… အဲ့ဒါတွေက ဘာအဓိပ္ပာယ်ရှိလို့လဲ… မင်းတို့က အင်တာနက်ဆိုင်မှာ ထိုင်ပြီး သူများတွေနဲ့ ကီးဘုတ်ဖိုက်တာ လိုက်လုပ်နေချိန်မှာ… သူဌေးကြီးတွေက အင်တာနက်ကို အသုံးချပြီး ပိုက်ဆံရှာနေကြတာကွ… ဘယ်လိုပဲကြည့်ကြည့် နောက်တစ်ခုက ပိုတွက်ချေကိုက်တယ် မဟုတ်လား…”
ကောင်လေးများက နားလည်သလိုလို နားမလည်သလိုလိုဖြင့် နားထောင်နေကြသော်လည်း ဘာပဲဖြစ်ဖြစ် ကော်ကျင်းယွီ၏ စကားကြောင့်တော့ တကယ်ကို မှင်သက်သွားကြလေ၏။
သူတို့၏ အခုလက်ရှိ အခြေအနေက ထိုမျှလောက် အဝေးကြီးအထိ လုံးဝ စဉ်းစားမထားခဲ့ဖူးပေ။
ကော်ကျင်းယွီက မေးလိုက်၏။
“မင်းတို့ အိမ်မှာ စတော့ရှယ်ယာ ကစားတဲ့လူ ရှိလား…”
ကောင်လေးများက တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြပြီး ဆွန်းဟွာနှင့် အခြားတစ်ယောက်က လက်ညှိုးထောင်လာကြ၏။
တစ်ယောက်က “ငါ့အဖေ ကစားတယ်” ဟု ပြောပြီး နောက်တစ်ယောက်က “ငါ့အဒေါ်လေးတို့ မိသားစု ကစားတယ်” ဟု ပြန်ဖြေလေ၏။
ကော်ကျင်းယွီက စိတ်အခြေအနေ ကောင်းသွားပြီး သူတို့ကို လမ်းညွှန်ပေးလိုက်၏။
“အိမ်ပြန်ရောက်ရင် အိမ်ကလူတွေကို ပြောကြည့်… ‘ဝမ်ရိ’ ရဲ့ ရှယ်ယာတွေကို ဝယ်လို့ရမလားဆိုတာ နည်းလမ်းရှာခိုင်းကြည့်… မှတ်ထားနော်… ပထမ နှစ်အနည်းငယ်အတွင်းမှာ ဈေးဘယ်လောက်တက်တက် ဘယ်လောက်ကျကျ လုံးဝ မရောင်းနဲ့… ဒီရှယ်ယာက အများကြီး ထပ်တက်ဦးမှာ…”
ကော်ကျင်းယွီက အတွေ့အကြုံရှိသူ တစ်ယောက် ဖြစ်၏။
သူ့မှတ်ဉာဏ်များအရ ဒီနှစ်များအတွင်း အင်တာနက် စီးပွားရေးက ပူဖောင်းလို ပေါက်ကွဲပြီးနောက် အခုမှ ပြန်လည် နာလန်ထူစ ပြုနေချိန် ဖြစ်၏။
ဝမ်ရိ၏ ရှယ်ယာက အမေရိကန်ဒေါ်လာ (၀.၆) မှစတင်ကာ (၁၀) နှစ်ကျော်အတွင်း အဆပေါင်း (၂၀၀၀) ကျော်အထိ ထိုးတက်သွားခဲ့သည်ကို အလွန် မှတ်မိနေသေး၏။
သို့သော် ဝမ်ရိက အမေရိကန် စတော့ရှယ်ယာ ဖြစ်သဖြင့် ဝယ်ယူရန် မလွယ်ကူလှပေ။
ကော်ကျင်းယွီကလည်း အဲ့ဒီအချိန်တုန်းက သူများပြောတာကို ကြားဖူးရုံသာရှိပြီး အပျော်သဘောလောက်သာ ပါဝင်ပတ်သက်ခဲ့ဖူးရာ ပြည်တွင်းရှိ အသေချာဆုံးသော စတော့ရှယ်ယာ တစ်ခု နှစ်ခုကိုပါ ထပ်မံ ရွေးချယ်ပြီး သူတို့ကို ပြောပြလိုက်လေ၏။
ဆွန်းဟွာနှင့် ထိုကောင်လေးက ခေါင်းညိတ်လိုက်ကြပြီး မေးလာ၏။
“ယွီကော… မင်းက ဘယ်လိုလုပ် အဲ့ဒီလောက် အများကြီး သိနေရတာလဲ…”
ကော်ကျင်းယွီက ဆရာကြီး စတိုင်ဖမ်းကာ ပြန်ပြောလိုက်၏။
“ဒါက ပြောပြလို့ သိပ်မကောင်းဘူးကွ… ဒါပေမဲ့ မင်းတို့ ငါ့ကို ယုံရင် အိမ်ကိုသာ ပြောလိုက်… အဟမ်း… အတွင်းသတင်းမို့လို့ အပြင်လူတွေကို ပေးမသိစေနဲ့နော်…”
သူက ဒီလိုပြောလေလေ ထိုကောင်လေးများက ပိုပြီး ယုံကြည်သွားလေလေပင်။
ကော်ကျင်းယွီကို ကြည့်လာသည့် သူတို့၏ အကြည့်များက ချက်ချင်းပင် လေးစားအားကျမှုတွေဖြင့် ပြည့်နှက်သွားတော့၏။
ကော်ကျင်းယွီက ပညာရေး အထောက်အကူပြု အဖွဲ့ကို ပြန်လည် ဖွဲ့စည်းလိုက်ပြီး ဟယ်ရှန်ယန်ကို ဒုတိယ ဥက္ကဋ္ဌ အဖြစ် ခန့်အပ်လိုက်၏။
ကျန်သည့်လူများကိုလည်း မန်နေဂျာများအဖြစ် ခန့်အပ်လိုက်ပြီး အနိမ့်ဆုံး ရာထူးကတောင် ကြီးကြပ်ရေးမှူး ဖြစ်နေသေး၏။
ဆွန်းဟွာက တစ်ဦးတည်းသော ကြီးကြပ်ရေးမှူး ဖြစ်ရာ တွန့်ဆုတ်တွန့်ဆုတ်ဖြင့် မေးလာ၏။
“ယွီကော… ကြီးကြပ်ရေးမှူးဆိုတာ ဘာလဲဟင်…”
ကော်ကျင်းယွီ: “ကြီးကြပ်ရေးမှူးဆိုတာ ‘စစ်ဆေးရေးမှူး’ ပေါ့ကွ… အဆင့်မြင့် စီမံခန့်ခွဲသူတွေ အကုန်လုံး သူတို့တာဝန်တွေ သေချာ ထမ်းဆောင်ရဲ့လား ဆိုတာကို ကြီးကြပ်ပေးရတာ… နောက်ပိုင်း စည်းမျဉ်းစည်းကမ်း အသစ်တွေ ဘာတွေ ထုတ်ရင်လည်း မင်းကပဲ တာဝန်ယူပြီး စစ်ဆေးကြီးကြပ်ပေးရမယ်… အကယ်၍ ငါတို့ ‘ဒါရိုက်တာအဖွဲ့’ ထဲက တစ်ယောက်ယောက်က လုပ်ပိုင်ခွင့်ကို အလွဲသုံးစားလုပ်ရင် မင်းက သူ့ကို အရေးယူလို့ရတယ်… ငါ ဥပမာပေးမယ်… ဒီနေ့ ဟယ်ရှန်ယန်က စည်းကမ်းအတိုင်း မေးခွန်းဟောင်း မတွက်ဘူးဆိုပါတော့… မင်းက ငါ့ကို လာတိုင်… ငါက သူ့ကို ဖမ်းချုပ်ပေးထားမယ်… မင်းက သူ့ကို နှစ်ချက်လောက် သွားကန်လိုက်ရုံပဲ…!”
ဆွန်းဟွာက အံ့သြဝမ်းသာစွာဖြင့် မေးလိုက်၏။
“ဒု-ဥက္ကဋ္ဌထက်တောင် ရာထူးကြီးတာလား…”
ကော်ကျင်းယွီက ရယ်လျက် ခေါင်းညိတ်ကာ သူ့ကို မြှောက်ပေးလိုက်၏။
“ဟုတ်တာပေါ့… မင်း သေချာ မှတ်ထားနော်… ကိုယ့်တာဝန်ကို သေသေချာချာ ထမ်းဆောင်ရမယ်… ကြားလား…”
ဆွန်းဟွာက ဝမ်းသာအားရဖြင့် ခေါင်းညိတ်လိုက်ပြီး ခါးတောင် မတ်သွားလေတော့၏။
အမှတ်အဆိုးဆုံး ဖြစ်သည့် ဟယ်ရှန်ယန်က မျက်နှာငယ်လေးဖြင့် တိုးတိုးလေး ဝင်မေးလာ၏။
“ယွီကော… ငါတို့က ဘာလို့ စာလုပ်ရမှာလဲဟင်…”
ကော်ကျင်းယွီ: “မင်းတို့ အမှတ်တွေက အရမ်းဆိုးလွန်းလို့လေ… အပြင်ခေါ်သွားရင် ငါ မျက်နှာပန်း မလှလို့…”
ဒီအကြောင်းပြချက်က အပြစ်ရှာစရာပင် မရှိတော့ပေ။
ဟယ်ရှန်ယန်တို့ တစ်သိုက်လုံး ငြိမ်ကျသွားပြီး ခေါင်မိုးထပ်တွင် ဆုံးမစကားများ ကြားနာပြီးနောက် အတန်းထဲသို့ လိမ္မာရေးခြားရှိစွာ ပြန်ဝင်လာကြတော့၏။
ထိုနေ့ ညနေပိုင်းတွင် အတန်းလာသင်သည့် ဆရာ၊ ဆရာမတိုင်းက ထူးဆန်းသည့် မြင်ကွင်းတစ်ခုကို သတိထားမိသွားကြ၏။
ပထမနှစ် (၆) တန်းမှ ပုံမှန်ဆို အဆူညံဆုံးဖြစ်သည့် နောက်ဆုံး နှစ်တန်းရှိ စာညံ့သော ကျောင်းသားများက ဒီနေ့တွင်တော့ အလွန် လိမ္မာနေကြ၏။
အတန်းကို အနှောင့်အယှက်ဖြစ်စေမည့် ဆူညံသံများ မပြုလုပ်ကြသည့်အပြင် အကုန်လုံးက စာအုပ်ကိုယ်စီကိုင်ကာ မျက်မှောင်ကြုတ်လျက် စာကို အသေအလဲ ဖတ်နေကြလေသည်။
အခြေအနေတွေက ပုံမှန်မဟုတ်လေလေ ဆရာ၊ ဆရာမများက ထိုဘက်သို့ မနေနိုင်မထိုင်နိုင် ပိုကြည့်မိလေလေ ဖြစ်သွားပြီး သူတို့၏ အကြည့်များက ကော်ကျင်းယွီဆီသို့ အလျင်အမြန် ရောက်ရှိသွားတော့၏။
မတတ်နိုင်ပေ။
နောက်ဆုံး နှစ်တန်းရှိ ကောင်လေးများက ကျောင်းဝတ်စုံကို ဖြစ်သလို ဝတ်ဆင်ထားကြပြီး ဘောင်းဘီခြေခွင် ခေါက်တင်ထားသူများလည်း ရှိလေသည်။
ကိုင်ထားသည့် စာအုပ်များကလည်း လက်ချောင်းဖြင့် ‘စာအုပ်လှည့်’ ကစားလွန်းသဖြင့် အပေါက်ကြီးများ ဖြစ်ကာ စုတ်ပြတ်သတ်နေကြ၏။
ကော်ကျင်းယွီတစ်ယောက်တည်းကသာ သပ်သပ်ရပ်ရပ် ဝတ်ဆင်ထားပြီး စာအုပ်များကလည်း အသစ်စက်စက် ဖြစ်နေ၏။
ထိုနေရာတွင် ခေါင်းငုံ့ကာ ထိုင်နေသည့် သူ့ကို ရုတ်တရက် ကြည့်လိုက်ပါက ပထမဆုံးတန်းမှ ထူးချွန်ကျောင်းသား တစ်ယောက် နေရာမှားထိုင်နေသည်ဟုပင် ထင်မှတ်ရလေသည်။
စာသင်ချိန်အတွင်းတွင် ကော်ကျင်းယွီက တက်ကြွစွာ လက်ထောင်ပြီး မေးခွန်းတစ်ခုကို ဖြေဆိုခဲ့သေး၏။
ဆရာက သူ ဒီလောက် တက်ကြွနေသည်ကို မြင်သည့်အခါ နာမည်ခေါ်ပြီး မတ်တပ်ရပ် ဖြေဆိုခိုင်းလိုက်၏။
ထိုအခါမှသာ ရုပ်ဖြောင့်ဖြောင့် ကောင်လေးတစ်ယောက်မှန်း သတိထားမိသွားပြီး အတန်းထဲတွင် စံပြဖြစ်စေရန် ရည်ရွယ်ကာ ဆရာက သူ့ကို အလွန်အမင်း ချီးကျူးစကားများ ဆိုတော့လေ၏။
ကော်ကျင်းယွီတစ်ယောက် ရှက်လွန်း၍ နားရွက်ဖျားများ နီရဲသွားသော်လည်း ထိုနေရာတွင် အတင်း ဟန်ဖို့ကာ ထိုင်နေရတော့၏။
သူတို့ပညာရေး အထောက်အကူပြု အဖွဲ့က ခေါင်မိုးထပ်တွင် အစည်းအဝေး လုပ်တုန်းက ပြောထားခဲ့သည်လေ။
နေ့တိုင်း အမှားအမှန်ကို ဂရုမစိုက်ဘဲ မေးခွန်းတွေကို လက်ထောင်ပြီး ဖြေရမည်ဟု ဆိုထားရာ သူက စံပြအဖြစ် လုပ်ပြနေရခြင်း ဖြစ်သဖြင့် သေချာပေါက် ဟန်လုပ်ထားနိုင်မှ ဖြစ်ပေမည်။
ဟယ်ရှန်ယန်တို့ တစ်သိုက်လုံးကလည်း သူ့ကို စောင့်ကြည့်နေကြရာ သူ လုပ်သည့်အတိုင်း အကုန် လိုက်လုပ်ကြတော့၏။
ထိုနေ့ ညနေပိုင်းတွင် ပထမနှစ် (၆) တန်း တစ်ခုလုံး၏ စာသင်ကြားရေး ပတ်ဝန်းကျင်က အတော်လေး တက်ကြွလာခဲ့တော့၏။
ဒီလိုမျိုးဖြင့် ကော်ကျင်းယွီက နေ့လယ်ဘက်တွင် ကျောင်း၌ စာသင်ပြီး ညဘက်ကျလျှင် အိမ်စာ ကူလုပ်ပေးရန်ဆိုသည့် အကြောင်းပြချက်ဖြင့် လီထုန်ကျိုး၏ အိမ်သို့ သွားလေ၏။
အချိန်တစ်ခု ကြာလာသည့်အခါ သူ တကယ်ကို အတော်လေး တိုးတက်လာခဲ့၏။
ဟယ်ရှန်ယန်တို့ အုပ်စုကလည်း အပြင်ထွက်ပြီး ဘောလုံး မကန်ကြတော့ပေ။
နေ့တိုင်း အတွေ့ရအများဆုံး မြင်ကွင်းမှာ သူတို့တွေ စုပြုံကာ အိမ်စာလုပ်ပြီး မီးနင်းများ ကျက်နေကြခြင်းပင်။
ကော်ကျင်းယွီက သူကိုယ်တိုင် စာလုပ်ရုံသာမက ဒီစာညံ့သည့် ကျောင်းသားများကိုပါ ခေါ်ယူကာ အတူတူ စာသင်ပေးတော့၏။
ဒီတစ်ခါတော့ ဆရာလေးနေရာတွင် သူကိုယ်တိုင် ဝင်ပါလာခြင်း ဖြစ်၏။
ကော်ကျင်းယွီက လီထုန်ကျိုးကို အချိန်ပြည့် ဆွဲထားဖို့ ဘယ်ရက်စက်နိုင်မည်နည်း။
နေ့လယ်ဘက် သူကိုယ်တိုင် ပြန်နွှေးရန် လိုအပ်နေချိန်နှင့် ကွက်တိဖြစ်ရာ “ဒါရိုက်တာအဖွဲ့” မှ လူများကို အကုန် ခေါ်ယူပြီး မနေ့ညက လီထုန်ကျိုး သူ့ကို သင်ပေးထားခဲ့သည့် ပုံသေနည်းများကို ပြန်လည် ရှင်းပြပေးတော့၏။
ဒါကို ဖိုင်းမန်း၏ သင်ယူမှုနည်းစနစ်ကို ကျွမ်းကျင်စွာ အသုံးချလိုက်ခြင်းဟု ဆိုနိုင်လေသည်။
ကော်ကျင်းယွီက ကျောင်းသုံးစာအုပ်ကို ကိုင်ထားလျက် ပြောလိုက်၏။
“ငါ တတ်သမျှ အရာအားလုံးကို မင်းတို့ကို ရှင်းပြပေးမယ်… အခြားသူတွေလည်း အတူတူပဲ… ကိုယ့်ကိုယ်ပိုင် စကားလုံးတွေနဲ့ ဒီသဘောတရားကို သူများ နားလည်အောင် ဘယ်လောက် ရှင်းပြနိုင်မလဲဆိုတာက အရေးကြီးတယ်… ရှင်းပြနိုင်ပြီဆိုရင် မင်းတို့ ဘာကို ကျက်နေလဲဆိုတာ သဘောပေါက်သွားပြီလို့ ဆိုလိုတာပဲ… အဲ့လိုမှမဟုတ်ရင် မျက်စိမှိတ်ပြီး ကျက်နေတာနဲ့ အတူတူပဲ… ကိုယ်တိုင်တောင် နားမလည်ရင် နောက်နှစ်ရက်နေတာနဲ့ သေချာပေါက် အကုန် မေ့သွားလိမ့်မယ်…”
chapter 10 ended