Chapter 11
—–
ဘေးနားတွင် ထိုင်နေသည့် ကောင်လေးများက နားလည်သလိုလို နားမလည်သလိုလိုဖြင့် ခေါင်းညိတ်ပြလိုက်ကြ၏။
သေချာပေါက် အကုန်နားလည်ချင်မှ နားလည်မည် ဖြစ်သော်လည်း လုံးဝကို စကားနားထောင်ကြလေသည်။
ကော်ကျင်းယွီ အနည်းငယ် စိတ်သက်သာရာ ရသွား၏။
ဘယ်လိုပဲဖြစ်ဖြစ် အကြံပေးတာကို နားထောင်သေးတယ်ဆိုရင် ကယ်တင်လို့ ရနိုင်သေးတယ်။
အမှတ်နည်းနည်း ပိုရနိုင်ရင်ကို အမြတ်ပဲ မဟုတ်လား။
သူ့အနေဖြင့် အထက်တန်း ကျောင်းနေဘက် သူငယ်ချင်းများနှင့် ပတ်သက်သည့် မှတ်ဉာဏ်များမှာ အလုပ်စဝင်ခါစက တက်ရောက်ခဲ့သည့် အတန်းဖော်များ၏ တွေ့ဆုံပွဲ တစ်ကြိမ်၊ နှစ်ကြိမ်လောက်တွင်သာ ရှိတော့၏။
နောက်ပိုင်းတွင်တော့ ပန်းချီပြခန်းက အရမ်း အလုပ်များလာသဖြင့် သူလည်း သိပ်မပါဝင်ဖြစ်တော့ပေ။
ထိုတွေ့ဆုံပွဲ တစ်ကြိမ်၊ နှစ်ကြိမ်လောက်တွင်လည်း သူ့ဘေးနားရှိ ဒီလူတစ်သိုက်နှင့် ပတ်သက်သည့် မှတ်ဉာဏ်လေး တစ်စွန်းတစ်စတောင် မကျန်ရစ်ခဲ့ချေ။
ထိုအချိန်က အတော်လေး နာမည်ကြီးခဲ့သည့် ကျောင်းပန်းလေး တစ်ယောက်ဆိုလျှင်တောင် နောက်ဆုံးတွင် ဆေးဆိုင်တစ်ဆိုင်၌ သူနာပြု ဝင်လုပ်နေရရှာ၏။
ဒီကောင်တွေက စာလည်းမတော်၊ ဘာလုပ်လုပ် အသုံးမကျသည့် ပုံစံမျိုးတွေ ဖြစ်ရာ အိမ်ကသာ မထောက်ပံ့ပေးရင် ဒီထက်တောင် ပိုပြီး စုတ်ပြတ်သတ်နေနိုင်သေးသည်။
ကော်ကျင်းယွီက ဒီငတုံးလေးများနှင့် အချိန်ကြာကြာ နေလာရသည့်အခါ စိတ်ထားတွေ ပြောင်းလဲလာခဲ့၏။
သူတို့ကို ကာကွယ်ပေးချင်သည့် စိတ်လေးတွေ ဝင်လာသည့်အပြင် နောက်တစ်ခုကတော့ ဖအေတစ်ယောက်လို စိတ်ဓာတ်မျိုး ဝင်လာခြင်းပင်။
အထူးသဖြင့် သူတို့နှင့် အတူတူ စာလုပ်သည့် အချိန်မျိုးတွင် ခေါင်းမာပြီး သဘောမပေါက်သည့် ကောင်များနှင့် တွေ့လျှင် ရင်ထဲကနေ ဒေါသမီးတွေ ဟုန်းဟုန်းတောက်လာပြီး ကိုယ့်သားအရင်းကို အိမ်စာသင်ပေးနေရသည်နှင့် တစ်ပုံစံတည်းပင် ဖြစ်တော့၏။
ကော်ကျင်းယွီက ဟယ်ရှန်ယန်တစ်ယောက် ပုံသေနည်းကို နေရာအမှားကြီး သွားထည့်ထားသည်ကို မြင်လိုက်ရသည့်အခါ မျက်နှာကြီး မည်းမှောင်သွားပြီး ပြောလိုက်လေသည်။
“ဟယ်ရှန်ယန်… မင်းက သင်္ချာပညာရှင်လား…”
ဟယ်ရှန်ယန်က ကြောင်တောင်တောင် မျက်နှာပေးဖြင့် ပြန်မေး၏။
“မဟုတ်ပါဘူး… ဘာဖြစ်လို့လဲ…”
“မဟုတ်ရင် မင်းက ဘာလို့ ဒီမှာ လာပြီး ပုံသေနည်းတွေကို ဉာဏ်နဲ့ ဖန်တီးနေရတာလဲ… ကိုယ့်ကိုယ်ကိုယ် အရမ်း စွမ်းနေတယ်လို့ ထင်နေတာလား… ဟမ်…!”
ဟယ်ရှန်ယန်က အိမ်စာစာအုပ်ကို တစ်ချက်ငုံ့ကြည့်လိုက်ပြီး ကော်ကျင်းယွီကို ပြန်ကြည့်ကာ တံတွေးမြိုချလျက် မေးလာ၏။
“ယွီကော… ငါ… ငါ ထပ်မှားရေးမိပြန်ပြီလား…”
“စောက်ရူးစကားတွေ…!”
ကော်ကျင်းယွီက အော်လိုက်၏။
“အရင်က ဟို ‘ဟုန်ရှင်း သခင်လေး ဆယ့်သုံးပါး’ ဆိုတဲ့ နာမည်ကရော မင်း ပေးထားတာ မဟုတ်လား…”
“ငါချည်းပဲတော့ မဟုတ်ပါဘူး… အဓိကကတော့ အကုန်လုံး ဝိုင်းစဉ်းစားထားကြတာလေ… အဲ့ဒါ အဖွဲ့လိုက် ကြိုးစားမှုရဲ့ ရလဒ်ပေါ့…”
“စုစုပေါင်းမှ ရှစ်ယောက်ပဲ ရှိတာကို မင်းက သခင်လေး ဆယ့်သုံးပါးတဲ့လား…! ကျန်တဲ့ ငါးယောက်က ဘယ်မှာလဲ…! မင်းရဲ့ ဒီပုံသေနည်းလိုပဲ လတ်တလော ဉာဏ်နဲ့ ဖန်တီးထားတာလား…!”
ကော်ကျင်းယွီက ဟယ်ရှန်ယန်ကို ဆူပူကြိမ်းမောင်းနေရာ ဟယ်ရှန်ယန်ခမျာ ပခုံးလေးတွန့်ကာ အသံတစ်သံမှ မထွက်ရဲတော့ပေ။
ဘေးနားရှိ ကျန်သည့်လူများကလည်း ခေါင်းငုံ့ကာ ဘာသံမှ မထွက်ရဲကြဘဲ မေးခွန်းလွှာများကိုသာ အပူတပြင်း တွက်ချက်နေကြတော့၏။
ကော်ကျင်းယွီက တစ်ယောက်ကို ဆုံးမပြီးသွားသည့်အခါ ခေါင်းလှည့်၍ ဝိုက်ကြည့်လိုက်ပြီး ခပ်အေးအေးပင် မေးလိုက်၏။
“မင်းတို့အထဲမှာ မှတ်ဉာဏ် အရမ်းကောင်းတဲ့ ကောင်တစ်ယောက် ရှိတယ်လို့ ကြားတယ်… ပိုင် (Pi) တန်ဖိုးရဲ့ ဒသမကိန်းဂဏန်း အနောက်က ဆယ်ဂဏန်းလောက်အထိကို အလွတ်ရွတ်နိုင်တယ်ဆို…”
ဆွန်းဟွာက ခါးလေးကို အနည်းငယ် မတ်လိုက်ပြီး ရှက်သွေးဖြာကာ ပြန်ဖြေ၏။
“ယွီကော… ငါပါ… (၄၀)၊ (၅၀) လောက်ပဲ ရွတ်နိုင်တာပါ… သိပ်တော့ မဟုတ်ပါဘူး…”
ကော်ကျင်းယွီက ခေါင်းညိတ်လိုက်ပြီး ပြောလိုက်သည်။
“မဆိုးဘူးပဲ… ဒီလောက် ကောင်းတဲ့ မှတ်ဉာဏ်မျိုးဆိုရင် အင်္ဂလိပ်စာ သင်ခန်းစာတွေကို ပိုပြီး အလွတ်ကျက်သင့်တာပေါ့…”
“ဟင်…”
“မနက်ဖြန်ကစပြီး မင်းက အကုန်လုံးကို ဦးဆောင်ပြီး အင်္ဂလိပ်စာ အလွတ်ကျက်ရမယ်… နေ့လယ် ကျောင်းဆင်းရင် ငါ စစ်မယ်… တစ်ယောက် မရရင်တောင် အကုန်လုံး ကျန်ခဲ့ပြီး အတူတူ ကျက်ရမယ်…”
“ယွီကော… ညနေဘက်မှ စစ်လို့ မရဘူးလား… ငါက နေ့လယ်ဘက်ဆို အိပ်ငိုက်တတ်လို့ မှတ်ဉာဏ် သိပ်မကောင်းဘူး… ပြီးတော့ မနက်ခင်း တစ်ပိုင်းတည်းဆိုတာက အရမ်း တိုလွန်းတယ်လေ… စာကြောင်းရေ နည်းနည်းလေးတောင် ကျက်လို့ ရမှာမဟုတ်ဘူး…”
“မရဘူး…”
ကော်ကျင်းယွီက နည်းနည်းလေးမှ တွန့်ဆုတ်မနေဘဲ ငြင်းလိုက်၏။
“အများကြီး ကျက်စရာ မလိုဘူး… ရသလောက်ပဲ ကျက်… အချိန်ကတော့ နေ့လယ်ဘက်ပဲ ရမယ်… မကြာခင် ဒုတိယနှစ်တောင် ရောက်တော့မှာကို မင်းတို့က နည်းနည်းပါးပါး ဖိအားရှိမှ ဖြစ်တော့မယ်…”
ညဘက်အချိန်များက သူနှင့် လီထုန်ကျိုးတို့ နှစ်ယောက်တည်း သီးသန့်နေရမည့် အချိန်များဖြစ်ရာ ကော်ကျင်းယွီ၏ ရင်ထဲရှိ ဖခင်မေတ္တာက ဒီငတိလေးတွေကို သူ့အချိန်ထဲက တစ်မိနစ် တစ်စက္ကန့်လေးတောင် ခွဲပေးနိုင်လောက်တဲ့အထိ လျှံကျမနေသေးပေ။
ကောင်လေးများက စိတ်ပျက်လက်ပျက်ဖြင့် သဘောတူလိုက်ကြတော့၏။
မကြာခင်မှာပင် ပထမနှစ် အခန်း (၆) ၏ အတန်းပိုင်ဆရာက ထူးဆန်းသည့် မြင်ကွင်းတစ်ခုကို သတိထားမိသွားတော့သည်။
အစပိုင်းတွင်တော့ ကော်ကျင်းယွီဆိုသည့် ကျောင်းသားက သပ်သပ်ရပ်ရပ် ဝတ်ဆင်ထားပြီး ကျောင်းသားကောင်း တစ်ယောက်၏ ပုံစံပေါက်နေသဖြင့် အတန်းပိုင်ဆရာက မနေနိုင်ဘဲ ခဏခဏ လှမ်းကြည့်နေမိခြင်း ဖြစ်၏။
ထိုနောက်တွင်တော့ ကော်ကျင်းယွီကို ဗဟိုပြုကာ အတန်းနောက်ဘက်ရှိ စာညံ့သည့် ကျောင်းသားများက အများကြီး လိမ္မာလာကြပြီး အတန်းနားချိန်များတွင် အပြင်ထွက် မဆော့ကြတော့သလို ပြဿနာရှာလို့ ကျောင်းအုပ်ကြီး၏ သတိပေးခြင်းကိုလည်း မခံရတော့ပေ။
သူတို့က နေ့တိုင်း အပြင်မထွက်ကြဘဲ အတန်းနားချိန် အရှည်များတွင် ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်း လုပ်သည်မှအပ အတန်းထဲ ပြန်ရောက်သည်နှင့် တစ်စုတစ်ဝေးတည်း စုပေါင်းကာ စာလုပ်ကြလေတော့သည်… ကော်ကျင်းယွီက သူတို့ကို စာပြပေးနေခြင်း ဖြစ်၏။
အတန်းပိုင်ဆရာတစ်ယောက် မှင်သက်သွားရတော့သည်။
နောက်ဆုံးတန်းမှ ထူးဆန်းလွန်းသည့် စာသင်ကြားရေး အငွေ့အသက်ကြီးက သူ့ကို သတိမထားမိဘဲ မနေနိုင်အောင် ဖြစ်စေ၏။
ကြည့်ရတာ အောက်ဆုံးကနေ ရေတွက်လျှင် ဒုတိယရသည့်ကောင်က နောက်ဆုံးပိတ်ကို စာသင်ပေးနေသလိုပင်။
တစ်ကောင်ကလည်း တကယ် သင်ရဲပြီး ကျန်တဲ့ကောင်တွေကလည်း တကယ် သင်ယူရဲကြလေသည်။
အတန်းပိုင်ဆရာက စိတ်မချသဖြင့် နောက်ပေါက်မှနေ၍ တမင်သက်သက် ချောင်းကြည့်ခဲ့ဖူးသေး၏။
သို့ပေမဲ့ ကော်ကျင်းယွီက လျှောက်လုပ်နေခြင်း မဟုတ်ဘဲ အခြေခံအကျဆုံး အရာများကိုသာ သင်ပေးနေပြီး တစ်ခါတရံ အရှေ့တန်းမှ လီထုန်ကျိုး၏ အကူအညီများကိုပါ ရယူနေသည်ကို တွေ့လိုက်ရသဖြင့် သူတို့သဘောအတိုင်းသာ လွှတ်ထားလိုက်တော့သည်။
ဒီလို စာသင်ချင်စိတ်လေး ရှိနေတာကပဲ ဘာပဲဖြစ်ဖြစ် ကောင်းတဲ့အချက် မဟုတ်လား။
အတန်းပိုင်ဆရာက သူတို့ဘာသာ အုပ်စုဖွဲ့ကာ စာလုပ်နေခြင်းကို လွှတ်ထားပေးသော်လည်း တစ်ချိန်တည်းမှာပင် လီထုန်ကျိုးကို စောင့်ကြည့်ရမည့် တာဝန်ကိုတော့ လျှော့မချခဲ့ပေ။
သူက အတန်းပိုင်ဆရာ၏ အသည်းနှလုံးထဲက ရတနာလေး ဖြစ်ပြီး ချင်းဟွာနှင့် ပေကျင်းတက္ကသိုလ်များသို့ ဝင်ခွင့်ရနိုင်သည့် မျိုးစေ့လေး ဖြစ်ရာ အမှတ်နည်းနည်းလေးမှ လျော့သွားလို့ မဖြစ်ပေ။
သို့သော်လည်း လီထုန်ကျိုးတို့ ခုံတန်းများကို စောင့်ကြည့်လေလေ လီထုန်ကျိုး၏ ခုံဖော်က ဆယ်ကြိမ်တွင် ရှစ်ကြိမ်လောက် နောက်တန်းမှ ကော်ကျင်းယွီ၏ နှင်ထုတ်ခြင်းကို ခံရကြောင်း အတန်းပိုင်ဆရာက သတိထားမိလာ၏။
ကော်ကျင်းယွီကိုယ်တိုင်က လီထုန်ကျိုးနှင့် အတူတူတိုင်ပြီး ထိုကျောင်းသားကောင်းလေးကို အနှောင့်အယှက် မပေးသည့်အပြင် ဆရာက တမင်သက်သက် ဖြတ်လျှောက်သွားတိုင်း ကော်ကျင်းယွီက တစ်ဖက်လူ၏ မှတ်စုစာအုပ်ကို ငှားကာ ကူးယူနေသည်ကိုသာ တွေ့ရသဖြင့် အခြေအနေ မဆိုးလှဟု သတ်မှတ်လိုက်လေသည်။
အတန်းပိုင်ဆရာကလည်း ကော်ကျင်းယွီအပေါ် မျက်စိတစ်ဖက်မှိတ်ထားပေးလိုက်၏။
ကိုယ်ပိုင်စာကျက်ချိန်တွင် နေရာပြောင်းထိုင်တာကလည်း ဘာမှမဖြစ်ပါဘူးလေ။
အခုဆိုလျှင် အတန်းထဲက ကျောင်းသားတွေရဲ့ စည်းကမ်းတွေက အရင်ကထက် အများကြီး ပိုကောင်းလာပြီပဲ ဟု တွေးလိုက်တော့သည်။
လကုန်၍ စာမေးပွဲအမှတ်များ ထွက်လာသည့်အခါ ပထမနှစ် အခန်း (၆) ၏ တစ်တန်းလုံး အမှတ်က အတော်လေး တက်လာခဲ့၏။
အခန်း (၆) မှ ထိုစာညံ့သည့် ကျောင်းသားများက တကယ်ပဲ စတင် ပြောင်းလဲလာကြပုံရ၏။
အထူးသဖြင့် ကော်ကျင်းယွီဆိုသည့် ကျောင်းသားက ပို၍ သိသာစွာ ပြောင်းလဲလာသည်။
သူက ဘာသာရပ်တချို့တွင် အားနည်းနေသေးသော်လည်း အမှတ်တွေက စတင် တက်လာခဲ့ပြီး ဒီတစ်ခေါက် စာမေးပွဲတွင် အတန်းထဲ၌ အလယ်အလတ်အဆင့်သို့ ရောက်လာကာ တစ်ကျောင်းလုံး အဆင့်တွင်လည်း အဆင့် တစ်ရာကျော်လောက်အထိ တက်လာခဲ့လေသည်။
သူ၏ ဦးဆောင်မှုအောက်တွင် နောက်ဆုံးတန်းမှ ထိုစာညံ့သည့် ကျောင်းသားများ၏ အမှတ်များကလည်း အနည်းနှင့်အများ ဆိုသလို တက်လာခဲ့ကြပြီး အရင်ကထက် သိသာစွာ တိုးတက်လာခဲ့၏။
ဇူလိုင်လကုန်တွင်တော့ နောက်ဆုံး အချိန်ပိုဆင်းရခြင်း ပြီးဆုံးသွားပြီဖြစ်ရာ နောက်ဆုံးတွင် နွေရာသီ ကျောင်းပိတ်ရက်ကို စတင် ခံစားခွင့်ရပြီ ဖြစ်သည်။
ကော်ကျင်းယွီက မေးခွန်းလွှာများကို သပ်သပ်ရပ်ရပ် သိမ်းဆည်းလိုက်ပြီး စိတ်အခြေအနေက အတော်လေး ကောင်းမွန်နေ၏။
ဒီတစ်ခေါက် သူက ဘာသာရပ်အားလုံး အောင်မြင်ခဲ့ရာ ရင်ထဲတွင် ကြည်နူးနေတော့သည်။
လီထုန်ကျိုးက အရှေ့တွင် ရပ်ကာ သူ့ကို စောင့်နေပြီး စကားတောင် မပြောရသေးခင်မှာပင် ဟယ်ရှန်ယန်တို့ တစ်သိုက်က ဝိုင်းလာကြပြီး အလုအယက် ပြောလာကြ၏။
“ယွီကော… ခဏနေ ကျောင်းဆင်းရင် ဘောလုံး သွားကန်ကြမလား…”
“ဟုတ်တယ် ဟုတ်တယ်… အရင်က စာတွေချည်း လုပ်နေရလို့ ငါ့ခေါင်းတွေတောင် ပူထူနေပြီ… ဘေးကျောင်းက ကောင်တွေနဲ့ တစ်ပွဲလောက် ချိန်းထားတယ်လေ… အကြောအခြင်လေး ဘာလေး လျှော့ရအောင်ပါ…!”
ကော်ကျင်းယွီက အားကစားကို အမြဲတမ်း ဝါသနာပါသူဖြစ်ရာ ထိုစကားကို ကြားလိုက်ရသည့်အခါ လက်ယားသွားတော့၏။
သူက လီထုန်ကျိုးကို လှမ်းခေါ်လိုက်ပြီး သူ့ကျောင်းလွယ်အိတ်ကို ပစ်ပေးလိုက်ကာ ရယ်လျက် ပြောလိုက်လေသည်။
“ခဏနေရင် ငါ့လွယ်အိတ်ကို ဘတ်စကက်ဘောကွင်းဆီ သယ်လာပေးဦး… ငါ အဝတ်အစား သွားလဲလိုက်ဦးမယ်… တစ်ပွဲလောက် ကန်ပြီးရင် ငါတို့ ပြန်ကြမယ်လေ…!”
လီထုန်ကျိုးက သဘောကောင်းသူဖြစ်ရာ ကော်ကျင်းယွီ၏ ကျောင်းလွယ်အိတ်ကို လွယ်၍ ဘတ်စကက်ဘောကွင်းဆီသို့ သွားလိုက်ပြီး အနေတော်လောက်ရှိသည့် နေရာတစ်ခုကို ရှာကာ ထိုင်ကြည့်နေလေသည်။
သူက ကွင်းဘေးတွင် ထိုင်ကာ ကော်ကျင်းယွီ ဘောလုံးကန်သည်ကို ကြည့်ရသည်ကို အကျင့်ပါနေပြီ ဖြစ်၏။
ရင်းနှီးနေသည့် နံပါတ် ‘၇’ ကျောနံပါတ် အင်္ကျီလေး ကွင်းထဲသို့ ဖြည်းဖြည်းချင်း ဝင်သွားသည်ကို ကြည့်ရင်း အကြည့်တွေကို နည်းနည်းလေးမှ မလွှဲဖယ်တော့ပေ။
ဟယ်ရှန်ယန်တို့ ဒီတစ်ခေါက် ချိန်းထားသည်မှာ ဘေးနားရှိ အမှတ် (၄) ကျောင်းမှ ကျောင်းသားများ ဖြစ်၏။
ကျောင်းနှစ်ကျောင်းက အမြဲတမ်းလိုလို တစ်ဖက်နှင့်တစ်ဖက် အားပြိုင်ချင်နေကြပြီး ပညာရေး ပြိုင်ပွဲများမှစ၍ အားကစားပွဲတော်၊ ကျောင်းဘတ်စကက်ဘော ပြိုင်ပွဲများအထိ အချင်းချင်း အပြိုင်အဆိုင် လုပ်လေ့ရှိကာ တစ်ဖက်ထက်တစ်ဖက် ပိုသာချင်နေကြလေသည်။
ဒီတစ်ခေါက် အမှတ် (၄) ကျောင်းမှ လာသည့်လူများထဲတွင် အရပ်ရှည်ရှည် ကောင်လေးများ ပါဝင်ပြီး ကြည့်လိုက်သည်နှင့် အထက်တန်းမှ စီနီယာတွေမှန်း သိသာလှ၏။
သူတို့က ဒိုင်လူကြီး တစ်ယောက်ကိုပါ သီးသန့် ခေါ်လာခဲ့ပြီး အပြည့်အစုံ ပြင်ဆင်လာကာ အချင်းချင်း လက်ဆွဲနှုတ်ဆက်လိုက်ကြ၏။
ဘောလုံးပွဲကို လာရောက် ကြည့်ရှုသည့် ကျောင်းသားများကလည်း အဆက်မပြတ် ရောက်လာကြပြီး လူအတော်လေး များပြားနေတော့သည်။
chapter 11 ended