⚠️ JavaScript ပိတ်ထားပါသည် ⚠️

ဤဝက်ဘ်ဆိုက်ရှိ ဇာတ်လမ်းများကို ဖတ်ရှုရန်နှင့် အပြည့်အဝ အသုံးပြုနိုင်ရန် သင့် Browser တွင် JavaScript ဖွင့်ထားရန် လိုအပ်ပါသည်။

ကျေးဇူးပြု၍ Browser Settings ထဲတွင် JavaScript (သို့) Site Settings ကို ဖွင့်ပြီးမှ ဝက်ဘ်ဆိုက်ကို ပြန်လည် Reload လုပ်ပေးပါ။

Switch Mode

Chapter 9

Chapter 9

 

—–

 

ကော်ကျင်းယွီက လီထုန်ကျိုးကို တစ်ချက်တွန်းကာ ပြောလိုက်၏။

 

“မင်း အရင် စားနှင့်… ငါ သွားယူစရာလေး ရှိလို့… ခဏနေ ပြန်လာခဲ့မယ်…”

 

ဟယ်ရှန်ယန်က ပြောလာသည်။

 

“ယွီကော… မင်း ဘာလိုချင်လို့လဲ… ငါ သွားဝယ်ပေးမယ်…!”

 

ကော်ကျင်းယွီက ခေါင်းခါပြလိုက်၏။

 

“မလိုဘူး… ငါ့အတွက် နေရာသာ ချန်ထားပေး…”

 

“အေး…!”

 

ခဏအကြာတွင် ကော်ကျင်းယွီက နွှေးထားသည့် ဝက်နံရိုးဘူးတစ်ဘူးနှင့်အတူ ရေသန့်တစ်ဘူးကို ကိုင်ကာ ပြန်ရောက်လာပြီး လီထုန်ကျိုးဆီသို့ ကမ်းပေးလိုက်၏။

 

“ရော့…”

 

သူက လီထုန်ကျိုးက အစားအသောက် အလွန်ရွေးတတ်ပြီး ဂက်စ်ပါသည့် အချိုရည်များ သိပ်မသောက်တတ်ကြောင်းကို မှတ်မိနေသေးသည်။

 

သို့သော်လည်း လီထုန်ကျိုးက ရေဘူးကို လှမ်းယူလိုက်ပြီး အဖုံးကို ဖွင့်ကာ သူ့လက်နားတွင် ပြန်ချပေးလာ၏။

 

“ဖွင့်ပြီးပြီ…”

 

ကော်ကျင်းယွီက ရယ်လိုက်သည်။

 

“မင်းကို ဖွင့်ခိုင်းတာ မဟုတ်ဘူး… မင်းကို သောက်ခိုင်းတာလေ…”

 

လီထုန်ကျိုးက ပြန်ပြော၏။

 

“ငါ ဟင်းရည် ခပ်ထားတယ်…”

 

ကန်တင်းထဲတွင် အခမဲ့ ရေညှိကြက်ဥဟင်းရည် ရှိပြီး အရသာကတော့ သာမန်လောက်သာ ဖြစ်၏။

 

သို့ပေမဲ့ ပူပူနွေးနွေးလေးမို့လို့ သောက်လိုက်လျှင်တော့ အစာအိမ်ထဲတွင် အတော်လေး သက်တောင့်သက်သာ ဖြစ်သွားစေသည်။

 

ကော်ကျင်းယွီကလည်း အတင်းမတိုက်တော့ဘဲ သူကိုယ်တိုင်ပဲ ယူသောက်လိုက်တော့၏။

 

ကော်အဖေ၏ ဟင်းချက်လက်ရာက ပြိုင်စံရှားပင် ဖြစ်သည်။

 

ထိုဝက်နံရိုးဘူးကို ဖွင့်လိုက်သည်နှင့် အငွေ့များ တထောင်းထောင်းဖြင့် အလွန် မွှေးပျံ့သွားရာ ထမင်းစားပွဲတွင် ဝိုင်းထိုင်နေသူအားလုံး သွားရည်များ ကျလာတော့၏။

 

ဟယ်ရှန်ယန်၏မျက်လုံးများကလည်း အရောင်လဲ့သွားသည်။

 

“ဝါး… ယွီကော… မင်း ဘယ်ကနေ ဝက်နံရိုးတွေ ရလာတာလဲ…”

 

ကော်ကျင်းယွီက လီထုန်ကျိုးကို ဝက်နံရိုးများ ခပ်ထည့်ပေးနေရင်း ပြန်ဖြေလိုက်၏။

 

“အိမ်ကနေ ယူလာတာ… မနက်က ရောက်ရောက်ချင်း ကန်တင်းက စားဖိုမှူးကြီးကို ရေခဲသေတ္တာထဲ ခဏထည့်ထားပေးဖို့ ပြောထားခဲ့တာလေ… ခုနက သူ့ကိုပဲ သွားပြီး အကူအညီတောင်းပြီး ပြန်နွှေးခိုင်းလိုက်တာ… ဟေ့!.. ဘာလုပ်တာလဲ… ဒါလီထုန်ကျိုးအတွက် ယူလာတာကွ!… မင်း တူကို ဖယ်လိုက်… ဟိုဘက်ကို သွား…!”

 

“ဘူးလိုက်ကြီးတောင်… လီထုန်ကျိုးလည်း အကုန်စားနိုင်မှာမှ မဟုတ်တာ… ငါ တစ်တုံးလောက် မြည်းကြည့်မလို့…”

 

ဟယ်ရှန်ယန်က မကျေမနပ်ဖြင့် ပြန်ပြော၏။

 

“ယွီကော… မင်း ရင်ဘတ်ကို လက်ဖိပြီး သစ္စာရှိရှိ ပြောစမ်းပါ… ပုံမှန်ဆို ငါက မင်းအပေါ် ပိုပြီး အလုပ်အကျွေး ပြုသလား… ဒါမှမဟုတ် လီထုန်ကျိုးကပဲ ပိုပြီး အလုပ်အကျွေး ပြုသလား… ငါက မင်းအတွက်ဆို ဘာမဆို အမိန့်နာခံပြီး တစ်သဝေမတိမ်း လုပ်ပေးခဲ့တာနော်…!”

 

ကော်ကျင်းယွီက ရေသန့်သောက်နေရင်း သီးလုမတတ် ဖြစ်သွား၏။

 

ဟယ်ရှန်ယန်က အရင်တုန်းက ဒီလောက်အထိ အပိုတွေ လုပ်တတ်မှန်း သူ ဘယ်လိုလုပ်ပြီး မမှတ်မိရတာလဲ။

 

ဒီကောင်က အဲ့ဒီတုန်းက ပထဝီဝင် အရမ်းညံ့ခဲ့ပြီး လောင်ဂျီကျု၊ လတ္တီကျုတွေကိုတောင် နားမလည်ခဲ့ပေ။

 

နောက်ပိုင်းကျတော့ တိဘက်ကို သွားပြီး ဆေးမြစ်အရောင်းအဝယ် လုပ်ကာ ပိုက်ဆံတွေ အများကြီး ရှာနိုင်သွားခဲ့သည်ကိုသာ သူ မှတ်မိတော့၏။

 

လူကလည်း နေလောင်ပြီး မည်းတူးနေကာ အခုလိုမျိုး အရပ်ရှည်ရှည် ခန့်ခန့်ညားညား ပုံစံမျိုးနဲ့ လုံးဝကို ကွဲပြားသွားခဲ့သည်။

 

သူတို့လည်း အဆက်အသွယ် မလုပ်ဖြစ်တာ နှစ်တွေ အတော်ကြာခဲ့ပြီ။

 

အခု ပြန်ကြည့်လိုက်တော့ ရိုက်လို့လည်း အသိမဝင်တဲ့ ခွေးအတစ်ကောင်လို ဖြစ်နေပြီး လည်ပင်းကြောတင်းကာ သူ့ကို ပထမ၊ ဒုတိယ၊ တတိယ လာခွဲခိုင်းနေလေသည်။

 

ကော်ကျင်းယွီက ပြန်ပြောလိုက်၏။

 

“အပိုတွေ ပြောမနေနဲ့… သေချာပေါက် လီထုန်ကျိုးက ပိုကောင်းတာပေါ့…”

 

ဟယ်ရှန်ယန်တစ်ယောက် အကြီးအကျယ် စိတ်ထိခိုက်သွားပြီး သနားစရာ မျက်နှာပေးဖြင့် ပြောလာသည်။

 

“ဒါပေမဲ့ ယွီကော… ငါ ဝက်နံရိုး စားချင်တယ်…”

 

“အဖေလို့ ခေါ်…”

 

“အဖေ…!”

 

“အဖေလို့ ခေါ်လည်း မပေးဘူး…”

 

“…”

 

ကော်ကျင်းယွီက ခပ်အေးအေးပင် ဆက်ပြောလိုက်၏။

 

“ဒီလောကကြီးထဲမှာ လှုပ်ရှားသွားလာတဲ့အခါ… လောကကြီးရဲ့ အန္တရာယ်က ဘယ်လောက်တောင် များသလဲဆိုတာကို ခမည်းတော်က သားတော် သိအောင် သင်ပေးရမှာပေါ့… တွေ့လား… ခုနက အလကား အဖေလို့ ခေါ်လိုက်ရလို့ အရှုံးပေါ်သွားပြီ မဟုတ်လား…”

 

ဟယ်ရှန်ယန်ကတော့ ဒေါသထွက်ပြီး အော်ဟစ်နေတော့၏။

 

ကော်ကျင်းယွီက အဆီနဲ့အသား ရောနေသည့် အကောင်းဆုံး ဝက်နံရိုး အတုံးအနည်းငယ်ကို မြန်မြန် ရွေးကာ လီထုန်ကျိုး၏ ပန်းကန်ထဲသို့ ထည့်ပေးလိုက်ပြီး ထမင်းဘူးကို အလယ်သို့ တွန်းပို့ပေးလိုက်သည်။

 

“လာ လာ… အကုန်လုံး ဝေစားကြ… ငါ့အဖေရဲ့ လက်ရာက စားသောက်ဆိုင်တွေထက်တောင် ပိုပြီး ကောင်းသေးတယ်… အကုန်လုံး မြည်းကြည့်ကြဦး…”

 

ဟယ်ရှန်ယန်က အရပ်ရှည်သည်ကို အားပြုကာ တစ်တုံး လုယူနိုင်သွားပြီး အလွန် အရသာရှိရှိ ကိုက်စားနေတော့၏။

 

သူ့ဦးနှောက်က တစ်ကြိမ်လျှင် ကိစ္စတစ်ခုကိုသာ မှတ်ထားနိုင်ပုံရပြီး အခုတော့ ဝက်နံရိုးစားနေရင်း ခုနက ဘယ်လို အရှုံးပေါ်သွားသလဲဆိုတာကိုတောင် မေ့သွားပြီ ဖြစ်သည်။

 

ကော်ကျင်းယွီကတော့ သိပ်မစားဘဲ လီထုန်ကျိုးကိုသာ များများစားဖို့ တိုက်တွန်းနေပြီး သူတို့နှစ်ယောက် တိုးတိုးလေး စကားပြောနေကြ၏။

 

လီထုန်ကျိုးက စကား နှစ်ခွန်းလောက် ပြောလိုက်သည့်အခါ ကော်ကျင်းယွီက ရယ်လိုက်ပြီး ပြန်ပြောလေသည်။

 

“ကိစ္စမရှိပါဘူး… နောက်ကျရင် ငါ မင်းကို လုပ်ကျွေးမယ်လေ… ငါ့အဖေ လုပ်တတ်တာ အကုန်လုံး ငါ လုပ်တတ်တယ်… တကယ်ပြောတာ… ဝက်နံရိုးခေါက်ဆွဲတင်မကဘူး… မင်း ဘာစားချင်စားချင် ငါ အကုန် လုပ်ကျွေးနိုင်တယ်… အင်း… ဟုတ်တယ်… ငါ့အဖေက ငါ့ကို ဟင်းချက်သင်ပေးနေတာ… သူက ပြောတယ်… ဒါက ကော်မိသားစုရဲ့ လျှို့ဝှက်ပညာရပ်တဲ့… သားယောက်ျားလေးကိုပဲ သင်ပေးပြီး သမီးမိန်းကလေးတွေကို မသင်ပေးဘူးတဲ့… ဇနီးသည်ကို ချော့ဖို့ သီးသန့်တဲ့လေ…”

 

ဟယ်ရှန်ယန်က နောက်ဆုံး စကားတစ်ခွန်းကိုသာ ကြားလိုက်ရပြီး အလွန် စိတ်ဝင်စားသွားကာ မေးလာ၏။

 

“ယွီကော… မင်း ဖန်ကျားလီကို…”

 

ကော်ကျင်းယွီက သူ စကားဆုံးအောင်တောင် စောင့်မနေတော့ဘဲ တစ်ချက် ကန်ပစ်လိုက်သည်။

 

“မင်းဟာမင်း စားစရာရှိတာ စားစမ်းပါ… အစားအသောက်နဲ့တောင် မင်းပါးစပ်ကို ပိတ်လို့ မရဘူးလား…!”

 

ထိုအခါမှသာ ဟယ်ရှန်ယန်က ငြိမ်ငြိမ်သက်သက် ထမင်းစားတော့၏။

 

ဘေးနားရှိ လီထုန်ကျိုးကလည်း ဘာစကားမှ ထပ်မပြောတော့ပေ။

 

ထမင်းစားသည့်အခါတွင် စကားမပြောရဟူသည့် စည်းကမ်းအတိုင်း ယဉ်ယဉ်ကျေးကျေး စားသောက်နေသော်လည်း ခုနကလောက်တော့ ချော့ရလွယ်မည့်ပုံ မပေါ်တော့ပေ။

 

ကော်ကျင်းယွီက အချိန်အတော်ကြာအောင် ချော့မြှူနေသော်လည်း သူက အင်းအဲဖြင့်သာ အပေါ်ယံလောက်သာ တုံ့ပြန်တော့သည်။

 

ကော်ကျင်းယွီ၏ ရင်ထဲတွင်တော့ အခုချက်ချင်းပင် ဟယ်ရှန်ယန်ကို တိဘက်သို့ ဆေးမြစ်သွားတူးရန် ပို့ပစ်လိုက်ချင်စိတ်များ ပေါက်နေတော့၏။

 

ဒီစကားများတဲ့ မျောက်ကောင်…!

 

နေ့လယ် ထမင်းစားပြီးနောက် အနားယူရန် အချိန်အနည်းငယ် ရသေးသော်လည်း အိမ်သို့ အသွားအပြန် လုပ်ရန်အတွက်တော့ အချိန်မလောက်ငှပေ။

 

ပုံမှန်အားဖြင့် ကျောင်းသားများက ကိုယ့်ခုံတွင်ကိုယ် မှောက်အိပ်ကာ ခဏတာ အနားယူလေ့ရှိကြ၏။

 

ဟယ်ရှန်ယန်တို့ အုပ်စုက ကော်ကျင်းယွီဆီသို့ ဝိုင်းလာကြသည်။

 

ကော်ကျင်းယွီက သူ့အရှေ့ခုံတွင် မှောက်အိပ်နေသည့် လီထုန်ကျိုးကို တစ်ချက် ကြည့်လိုက်ပြီး သူတို့ စကားပြောသံများက အိပ်နေသူကို အနှောင့်အယှက် ဖြစ်မည်စိုးသဖြင့် အပြင်သို့ ခေါ်ထုတ်သွားလေသည်။

 

ဟယ်ရှန်ယန်က ကျွမ်းကျင်စွာဖြင့် ရှေ့မှ ဦးဆောင်သွားပြီး ကျောင်းဆောင်၏ ခေါင်မိုးထပ်သို့ သွားကြ၏။

 

ကော်ကျင်းယွီက အရိပ်ကျသည့် နေရာတစ်ခုကို ရှာကာ ထိုင်လိုက်ပြီး ဘာပြောရမှန်း မသိဖြစ်နေသည်။

 

ဘေးနားရှိ တပည့်လေးများက မျှော်လင့်တကြီး ကြည့်နေကြရာ ကော်ကျင်းယွီက နှာခေါင်းထိပ်ကို ပွတ်လိုက်ပြီး မေးလိုက်၏။

 

“မင်းတို့ ဒီနေ့ စာမေးပွဲ အမှတ်တွေ ဘယ်လိုနေလဲ…”

 

ဟယ်ရှန်ယန်တို့က ဘေးတွင် ရပ်လျက် သူတို့၏ အမှတ်များကို တစ်ယောက်ပြီး တစ်ယောက် ပြောပြကြလေသည်။

 

ကော်ကျင်းယွီက သူ့အမှတ်တွေ ဆိုးရွားနေပြီဟု ထင်ထားခဲ့သော်လည်း ဟယ်ရှန်ယန်တို့ အုပ်စု၏ အမှတ်များကို ကြားလိုက်ရသည့်အခါမှသာ ဟယ်ရှန်ယန်နှင့် သူ့ဘေးကလူ နှစ်ယောက် ပေါင်းလိုက်သည့် အမှတ်ကမှ သူ့အမှတ်လောက် ရှိသည်ကို သတိထားမိသွားတော့၏။

 

ကော်ကျင်းယွီတစ်ယောက် မှင်သက်သွားရသည်။

 

“မဟုတ်မှလွဲရော… မင်းတို့တွေက ရမ်းဖြေတာတောင်မှ ဆယ်ဂဏန်းလောက်ပဲ ရတာပေါ့…”

 

ဟယ်ရှန်ယန်ကတော့ ဘာမှမဖြစ်သလို ခပ်တည်တည်ပင် ရှိနေသော်လည်း ဘေးနားရှိ ဆွန်းဟွာကတော့ ကိုယ့်ကိုယ်ကိုယ် သိက္ခာကျသလို ခံစားရပုံဖြင့် ခေါင်းကို ကုတ်ကာ ဘာမှ ဝင်မပြောပေ။

 

ကော်ကျင်းယွီက ဒီတပည့်လေးများကို တစ်ချက်ကြည့်လိုက်ပြီး မျက်လုံးမှိတ်ကာ ပြောလိုက်၏။

 

“ဒီတိုင်း ဆက်သွားနေလို့တော့ မဖြစ်တော့ဘူး…”

 

ဟယ်ရှန်ယန်က ပြောလာသည်။

 

“ယွီကော… မင်း ဘာလုပ်ချင်လဲသာ ပြောလိုက်… မင်း ပြောတာ ငါတို့ အကုန် လုပ်မယ်…!”

 

“ဒီနေ့ကစပြီး လူတိုင်း နေ့တိုင်း သင်္ချာမေးခွန်းဟောင်း တစ်စုံ တွက်ရမယ်… ပြီးတော့ စာလုံးရေ (၅၀၀) ပါတဲ့ နေ့စဉ်မှတ်တမ်း ရေးရမယ်… အက်ဆေးခေါင်းစဉ် ပုံစံမျိုး ရေးရမှာ… အနည်းဆုံး သံတူစာကြောင်းကွဲ စာကြောင်း သုံးကြောင်း ပါရမယ်… ပြီးရင် ရှေးဟောင်းကဗျာတွေလည်း ထည့်ရေးရမယ်…”

 

ဟယ်ရှန်ယန်တို့အုပ်စုမှာ ကြောင်အသွားကြတော့၏။

 

ကော်ကျင်းယွီက စကားမဆုံးသေးဘဲ သူ့နာမည်ကို ခေါ်ကာ ဆက်ပြောလိုက်သည်။

 

“ဟယ်ရှန်ယန်… မင်းဆီမှာ Walkman (သီချင်းနားထောင်စက်) ရှိတယ် မဟုတ်လား… ကွက်တိပဲ ငါ့ဆီမှာလည်း တစ်လုံးရှိတယ်… ငါတို့ အဖွဲ့မှာက ၁၊ ၂၊ ၃၊ ၄…”

 

ကော်ကျင်းယွီက လူအရေအတွက်ကို ရေတွက်လိုက်၏။

 

“ကွက်တိပဲ… ရှစ်ယောက် ရှိတာဆိုတော့… ဒီလိုလုပ်မယ်… Walkman နှစ်လုံးကို တစ်ပတ်စီ လှည့်သုံးကြမယ်… တစ်ယောက်ကို သုံးရက်ခြား တစ်ခါ အင်္ဂလိပ်စာ Listening စမ်းသပ်မေးခွန်း ဖြေရမယ်… အများကြီး ဖြေစရာ မလိုဘူး… စာမေးပွဲ အချိန်အတိုင်း မိနစ်နှစ်ဆယ်ကျော်လောက် ဖြေရင် ရပြီ…”

 

chapter 9 ended

 

ငယ်ရွယ်မှုဆီသို့ ပြန်သွားခြင်း

ငယ်ရွယ်မှုဆီသို့ ပြန်သွားခြင်း

Status: Ongoing Type: Author: Released: 2020

Description

 

ဇူလိုင်လ၏ ချွေးတပြိုက်ပြိုက်ကျလောက်အောင် အိုက်စပ်ပူလောင်လှသော ရာသီဥတုကြီးထဲတွင် လူတွေ ပြည့်ကျပ်ညပ်နေသော စာသင်ခန်းကြီးထဲက ကျောင်းသားများသည် ဆက်တိုက်ဆိုသလို စာမေးပွဲဆိုသည့် ဖိအားများအောက်၌ အသက်ပင် ဝဝမရှူရဲကြရှာချေ။

 

ကော်ကျင်းယွီတစ်ယောက် ချွေးစေးလေးတွေ ပြန်နေလျက်ကနေ မော့ကြည့်လိုက်သည့်အခါ သူ့ရှေ့မှာ ထိုင်နေသည့် ကျောပြင်လေးကို မြင်လိုက်ရ၏။

 

ထိုကျောပြင်လေးက အမြဲတမ်း မတ်မတ်လေး ဖြစ်သည်။ ကျောင်းဝတ်စုံအောက်က ရှပ်အင်္ကျီဖြူလေးဆီမှ ဆပ်ပြာနံ့ သင်းသင်းလေးက ရနေတတ်ပြီး ဆံပင်စလေးတွေကလည်း သပ်သပ်ရပ်ရပ် ရှိလှသည်။ ထို့ပြင် စာရေးလိုက်တိုင်း ထွက်ပေါ်လာတတ်သည့် တည်ငြိမ်သော ခဲတံခြစ်သံ တရှပ်ရှပ်ကိုလည်း ကြားနေရ၏။

 

ကော်ကျင်းယွီသည် ရင်ထဲက အလုံးကြီး ကျသွားသလို သက်ပြင်းချလိုက်ပြီး ရယ်သံလွင်လွင်လေးနဲ့အတူ သူ့ရှေ့ကလူကို ဘောပင်နဲ့ နှစ်ချက်လောက် ဖွဖွလေး ထိုးလိုက်သည်။ ထို့နောက် တိုးတိုးလေး ခေါ်လိုက်၏။

 

"လီထုန်ကျိုး..."

 

ရှေ့ကလူက ခဏလောက် တန့်သွားသည်။ ဘာသံမှ ထွက်မလာသော်လည်း လက်တစ်ဖက်ကိုတော့ သူ့နောက်ကျောဘက်ဆီ ဆန့်ထုတ်ပေးလာ၏။

 

ကော်ကျင်းယွီက စားပွဲခုံပေါ် မှောက်ချလိုက်ပြီး ထိုလူ၏ လက်ဖဝါးလေးကို လက်ညှိုးနဲ့ လှမ်းထိုးလိုက်သည့်အခါ တစ်ဖက်လူက သူ့လက်လေးကို နူးနူးညံ့ညံ့ ဆုပ်ကိုင်လာခဲ့သည်။

 

ဆယ်ကျော်သက်အရွယ်ရဲ့ ပြင်းပြတဲ့ အချစ်တွေကြားမှာ မင်းက ငါ့ရဲ့ တစ်ဦးတည်းသောသူပါပဲ...

 

****

 

တိတ်ဆိတ်ပြီး အစွဲအလမ်းကြီးတဲ့ ကုန်း X တက်ကြွရွှင်လန်းပြီး လွတ်လွတ်လပ်လပ် နေတတ်သော ရှို့

 

=====

     

Comment

Leave a Reply

Your email address will not be published. Required fields are marked *

ကျေးဇူးပြု၍ ခဏစောင့်ပေးပါ...

5

အကောင့်ဝင်ရန် လိုအပ်ပါသည်

ဝတ္ထုများကို Bookmark မှတ်ရန်နှင့် သိမ်းဆည်းထားရန် ကျေးဇူးပြု၍ အကောင့်ဝင်ပါ။

ပိတ်မည် (Cancel)

Options

not work with dark mode
Reset