Chapter 12
—–
ကော်ကျင်းယွီက ဘောလုံးကို တစ်ယောက်ဆီသို့ ပစ်ပေးလိုက်ပြီး ပြောလိုက်၏…
“မင်း ဘောလုံးကိုင်… ဟယ်ရှန်ယန် မင်းက Centerကစား… ဆွန်းဟွာ မင်းက Shooting Guard နေရာယူ…”
ကော်ကျင်းယွီက အသင်းခေါင်းဆောင်ပီပီ ကွင်းထဲရှိ ကစားသမားများ၏ နေရာတာဝန်များကို အကြမ်းဖျင်း ခွဲဝေပေးလိုက်ရာ မည်သူမျှ ကန့်ကွက်ခြင်းမရှိဘဲ ပြောသည့်အတိုင်း စတင် လှုပ်ရှားကြတော့၏။
‘ရွှီ’ ခနဲ ခရာမှုတ်သံနှင့်အတူ ပွဲစတင်လေပြီ။
ကော်ကျင်းယွီက ရှေ့ဆုံးမှ ဦးဆောင်၍ ထိုးဖောက်တိုက်ခိုက်ရာ ဟယ်ရှန်ယန်တို့ကလည်း အနောက်မှ အနီးကပ် လိုက်ပါလာကြ၏။
ကောင်လေးများအားလုံး အတော်လေး အားခဲထားကြသဖြင့် စီနီယာ အတန်းကြီးများနှင့် ရင်ဆိုင်ရသည်ကိုပင် အနည်းငယ်မျှ နောက်တွန့်မသွားကြပေ။
ကော်ကျင်းယွီ၏ (၁.၇) မီတာကျော်သာ ရှိသော အရပ်အမောင်းက အမှတ် (၄) ကျောင်းမှ ကစားသမားများလောက် မမြင့်မားသော်လည်း သူ၏ လှုပ်ရှားမှုများက အလွန် သွက်လက်ပေါ့ပါးလှ၏။
ပေါင်ကြားမှ ဘောလုံးလှည့်ကာ လှည့်စားခြင်းများ၊ လားရာပြောင်းခြင်းများကို တစ်ဆက်တည်း ပြုလုပ်သွားပြီး အကျွမ်းကျင်ဆုံးသော ထိုးဖောက်ကွက်များဖြင့် တစ်ဖက်အသင်း၏ ခံစစ်မှူးများကို ရှောင်ကွင်းသွားလေသည်။
ထို့နောက် ဘေးတိုက်လှည့်ကာ ခုန်ဆင်းလျက် ဘောလုံးကို ပစ်သွင်းလိုက်ရာ ကွက်တိ ဝင်သွားတော့၏။
ဘတ်စကက်ဘောက ပိုက်ကွန်ထဲသို့ ‘ဘုတ်’ ခနဲ ကျဆင်းသွားရာ ထိုအသံလေးက နားထဲသို့ တိုက်ရိုက် စီးဝင်လာပြီး ချက်ချင်းပင် တစ်ကွင်းလုံး၏ အားပေးသံများက ဟိန်းထွက်လာတော့သည်။
“သောက်ရမ်း မိုက်တာပဲ…!”
ကော်ကျင်းယွီက ဆံပင်များကို တစ်ချက်ခါရမ်းလိုက်ရာ နဖူးထက်မှ ချွေးပေါက်လေးများက အနည်းငယ် လွင့်စင်သွားသည်။သူ အားပါးတရ ပြုံးရယ်လိုက်လေ၏။
ဤသည်ကမှ အထက်တန်းကျောင်းသားဘဝ စစ်စစ် မဟုတ်လား။
နုပျိုသန်စွမ်းနေသော ခန္ဓာကိုယ်ကြီးက တကယ်ကို ကောင်းမွန်လှ၏။
တစ်ကိုယ်လုံးတွင် သုံး၍မကုန်နိုင်သော ခွန်အားများ ပြည့်ဝနေပြီး ကြွက်သားတိုင်းက စွမ်းအင်များ ဖြာထွက်နေသကဲ့သို့ ပင်ပန်းသည်ဟူ၍ နည်းနည်းမျှ မခံစားရဘဲ ‘ရှေ့ဆက်တိုး၊ ထပ်ပြီး ထိုးဖောက်စမ်း’ ဟုသာ အဆက်မပြတ် တောင်းဆိုနေတော့သည်။
အမှတ် (၄) ကျောင်းနှင့် မတူညီသည်မှာ ချန်နန်အသင်း၏ အဓိက ဗဟိုချက်က အစကတည်းက ကော်ကျင်းယွီသာ ဖြစ်နေခြင်းပင်။
အားလုံးက ဘောလုံးရသည်နှင့် သူ့ထံသို့သာ ပေးပို့ရမည်ဟု အလိုအလျောက် သဘောတူထားကြပြီး ကော်ကျင်းယွီကလည်း မကြာခင်မှာပင် ဘတ်စကက်ဘောအောက်မှနေ၍ ဘုတ်ပြားကို ရိုက်ကာ နောက်တစ်ကြိမ် အမှတ် ထပ်ယူနိုင်ခဲ့ပြန်၏။
အမှတ် (၄) ကျောင်းမှာ မထင်မှတ်ထားသော တိုက်စစ်ကြောင့် အကွက်ပျက်သွားပြီး အခြေအနေများ ဖရိုဖရဲ ဖြစ်သွားရတော့သည်။
ကော်ကျင်းယွီ၏ ဖိအားကြောင့် တစ်ဖက်အသင်းက စိတ်ဓာတ်ကျသွားပုံရ၏။
ဟယ်ရှန်ယန်၏ အလှည့်ရောက်သည့်အခါ ထိုငတိက လှပသပ်ရပ်သော လှည့်ကွက်များကို အသုံးချကာ တစ်ဖက်အသင်း၏ ခံစစ်သမားကိုပါ ကြောင်အသွားစေပြီး ဘောလုံးကို တိုက်ရိုက် ဆွဲယူကာ ထိုးဖောက်သွားတော့သည်။
…
လီထုန်ကျိုးက အစအဆုံး ထိုင်ကြည့်နေပြီး သူ၏ အကြည့်များက ကွင်းထဲရှိ ထိုလူ၏ လှုပ်ရှားမှုများနောက်သို့သာ အဆက်မပြတ် လိုက်ပါနေ၏။
သူ ဂိုးသွင်းနိုင်သည့်အခါ လီထုန်ကျိုး၏ နှုတ်ခမ်းထောင့်စွန်းလေးက အနည်းငယ် ကွေးတက်သွားတတ်ပြီး၊ လူနှစ်ယောက်၏ ဝိုင်းရံခြင်းကို ခံရသည့်အခါတွင်တော့ မျက်မှောင်များ တွန့်ချိုးသွားရ၏။
အမှတ် (၄) ကျောင်းမှ ကစားသမားများ၏ ကစားဟန်က အနည်းငယ် ကြမ်းတမ်းရာ ကော်ကျင်းယွီက ရည်ရွယ်၍ဖြစ်စေ၊ မရည်ရွယ်ဘဲဖြစ်စေ ပစ်မှတ်ထားခြင်းကို ခံနေရသည်။
ဘာပဲဖြစ်ဖြစ် သူက အသင်း၏ အဓိက အမှတ်ရှာပေးသူဆိုသည်ကို မည်သူမဆို မြင်နိုင်သည် မဟုတ်လား။
ပွဲတစ်ဝက် ကျိုးသည့်အချိန်တွင် လာကြည့်သူ အတော်လေး များပြားနေပြီ ဖြစ်၏။
အထူးသဖြင့် မိန်းကလေးများ ပိုများပြီး သူတို့၏ တတွတ်တွတ် စကားပြောသံများက လီထုန်ကျိုး၏ အာရုံကို အနည်းငယ် အနှောင့်အယှက် ဖြစ်စေလေသည်။
ကော်ကျင်းယွီက ရေသောက်ရန် သူ့ထံသို့ ပြေးလာချိန်၌ လီထုန်ကျိုးက လက်ဆန့်ထုတ်ကာ သူ့ခါးကို တစ်ချက် လှမ်းကိုင်လိုက်၏။
ကော်ကျင်းယွီက ချက်ချင်းပင် မနေနိုင်ဘဲ ရယ်ချလိုက်ပြီး ရှောင်ဖယ်ကာ ပြောလိုက်သည်…
“ဘာလုပ်တာလဲကွ… ဒီလောက် လူတွေအများကြီး ရှေ့မှာကို… ငါ့ကို လာစော်ကားပါတယ်လို့ အော်လိုက်ရမလား…”
လီထုန်ကျိုးက နောက်တစ်ချက် ထပ်ထိလိုက်ပြီး မျက်မှောင်ကြုတ်လျက် မေးလာ၏…
“နာလား…”
ကော်ကျင်းယွီက လီထုန်ကျိုး၏ ဤသို့ စိတ်ပူနေသည့် ပုံစံမျိုးကို မကြည့်ရက်နိုင်ပေ။သူက အနားသို့ တိုးကပ်သွားကာ နားနားကပ်၍ တိုးတိုးလေး ပြောလိုက်၏…
“မင်း မြင်လိုက်တာလား… စိတ်မပူပါနဲ့ကွာ… ငါ အကုန် ပြန်လုပ်ပေးလိုက်ပြီ… သူတို့ခေါင်းဆောင်လည်း အခုဆို သေချာပေါက် အခြေအနေ ဟန်မှာ မဟုတ်တော့ဘူး…”
ဘတ်စကက်ဘောကွင်းထဲမှ အခြားလူများက သူ့ကို လှမ်းခေါ်လာကြ၏…
“ကျင်းယွီ…!”
ကော်ကျင်းယွီက အသံပြန်ပေးလိုက်ပြီး သောက်လက်စ ရေသန့်ဘူးကို လီထုန်ကျိုးထံ ကမ်းပေးကာ ကွင်းထဲသို့ အလျင်အမြန် ပြန်ပြေးဝင်သွားတော့၏။
လီထုန်ကျိုးကလည်း ထိုနေရာ၌ပင် တိတ်ဆိတ်စွာ ထိုင်ကြည့်နေလေသည်။
သူ ခုနက ကော်ကျင်းယွီနှင့် စကားပြောနေသည်ကို မြင်လိုက်ရသော မိန်းကလေးအချို့က သူ့ကို စကားလာပြောရန် ကြိုးစားကြသော်လည်း လီထုန်ကျိုးက ခေါင်းခါပြရုံမှလွဲ၍ ဘာမှ ပြန်မပြောချေ။
တစ်ဖက်လူများလည်း စိတ်ပျက်သွားကာ ရှက်ရှက်ဖြင့် ပြန်လှည့်ထွက်သွားကြတော့၏။
ဘေးပတ်ဝန်းကျင်ရှိ မိန်းကလေးများထဲတွင် ရုပ်ရည်ကို အကဲဖြတ်တတ်သူများလည်း ပါဝင်ကြလေသည်။
လီထုန်ကျိုးက ရုပ်ဖြောင့်သော်လည်း ဘယ်လောက်ပင် ကြည့်ကောင်းနေပါစေ သစ်တုံးကြီးတစ်တုံးလို ခံစားချက်မဲ့နေရာ ကွင်းထဲတွင် တက်ကြွလန်းဆန်းနေသော ကော်ကျင်းယွီကို မည်သို့ ယှဉ်နိုင်ပါမည်နည်း။
နှစ်ယောက်ကို နှိုင်းယှဉ်ကြည့်ပြီးနောက် ကောင်မလေးများ၏ အကြည့်များက ကွင်းထဲသို့သာ ပြန်လည် ရောက်ရှိသွားကြပြီး စိတ်အားထက်သန်စွာဖြင့် ငေးကြည့်နေကြတော့၏။
“ဟေ့… ဒါ ချန်နန်ကျောင်းရဲ့ ကျောင်းမြက်လေး မဟုတ်လား… ပြီးခဲ့တဲ့တစ်ခေါက် ဖိုရမ်ပေါ်မှာ မြင်လိုက်ရတာထက် အများကြီး ပိုချောတယ်ဟ…!”
“သူ့နာမည်က ကော်ကျင်းယွီလို့ ကြားတယ်… ငါ့အစ်ကိုက သူတို့ဘေးအခန်းမှာလေ… ဒီလူက ဘောလုံးကန် အရမ်းကောင်းတာ… ကျောင်းလက်ရွေးစင်အသင်းမှာတောင် ပါသေးတယ်တဲ့…!”
“ရည်းစားများ ရှိနေပြီလား မသိဘူးနော်… ကျောင်းထဲကပဲ ရည်းစားရသွားရင်တော့ နှမြောစရာကြီးဟယ်…”
“ဟားဟား… ဘာလဲ… နင်က အမှတ် (၄) ကျောင်းကနေတောင် ဒီအထိ လာကြူရဲလို့လား…”
“ဘာလို့ မရဲရမှာလဲ… ကြူမှာပေါ့…!”
ကောင်မလေးများမှာ ဟီးဟီးဟားဟားဖြင့် စကားပြောနေကြပြီး ရှက်သွေးဖြာနေကြသော်လည်း အတော်လေး ရဲတင်းနေကြပုံပင်။
လီထုန်ကျိုးက သူတို့နှင့် သိပ်မဝေးသော နေရာတွင် ထိုင်နေပြီး အကြည့်များကို နည်းနည်းမျှ မရွှေ့ဘဲ ကွင်းထဲမှ လူကိုသာ တည်ငြိမ်စွာ စိုက်ကြည့်နေလေသည်။
နောက်ဆုံးပိတ် ခရာသံ ထွက်ပေါ်လာပြီး ပြိုင်ပွဲ ပြီးဆုံးသွားလေပြီ။
ချန်နန်အသင်းမှာ ဒုတိယပိုင်းတွင် လူပန်းသွားကြသော်လည်း အမှတ်အနည်းငယ် အသာဖြင့် မတိမ်းမယိမ်း အနိုင်ရရှိသွားခဲ့၏။
ကော်ကျင်းယွီက လီထုန်ကျိုး ရှိရာသို့ အပြေးကလေး လာခဲ့သည်။
ဘေးပတ်ဝန်းကျင်တွင် စောင့်ကြည့်နေသူများသာ မရှိပါက ထိုနေရာမှာပင် ဖင်ထိုင်ချလိုက်ချင်စိတ်များ ပေါက်နေတော့၏။
ပွဲတစ်ပွဲလုံး ကစားအပြီးတွင် သူ၏ တစ်ကိုယ်လုံးမှာ အရိုးများ မရှိတော့သည့်အလား ပျော့ခွေနေပြီး လုံးဝကို အားကုန်ခမ်းနေပြီ ဖြစ်သည်။
ကော်ကျင်းယွီက လီထုန်ကျိုး၏ ဘေးတွင် ရပ်လျက် အင်္ကျီစကို လှန်တင်ကာ ချွေးသုတ်လိုက်၏…
“ငါတော့ ပင်ပန်းလွန်းလို့ သေတော့မယ်… ရေကျန်သေးလား…”
လီထုန်ကျိုးက လွယ်အိတ်ထဲမှ ရေဘူး မထုတ်ရသေးခင်မှာပင် မိန်းကလေး နှစ်ယောက်က ရေလာပေးကြလေသည်။
သတ္တိကောင်းသော ဆံပင်တိုတိုနှင့် ကောင်မလေးက သူ့ကို ခိုးကြည့်ရင်း မျက်နှာလေး နီရဲကာ တိုးတိုးလေး မေးလာ၏…
“အစ်ကို… အစ်ကို့မှာ Six-pack လေး ရှိတာပဲနော်…”
ကော်ကျင်းယွီက တစ်ချက် ငုံ့ကြည့်လိုက်ပြီးနောက် အင်္ကျီစကို ချက်ချင်း ပြန်ချလိုက်လေသည်…
“ဟင်…”
ဤသည်က လီထုန်ကျိုးအတွက် သီးသန့် လေ့ကျင့်ထားခြင်း ဖြစ်ရာ အခြားလူများကို အကြည့်ခံ၍ မဖြစ်ပေ။
ထိုကောင်မလေးက ရေဘူးကို ကမ်းပေးချင်နေသေးသော်လည်း ကော်ကျင်းယွီက လှမ်းမယူချေ။
လီထုန်ကျိုး၏ လက်ထဲမှ ရေဘူးကိုသာ ယူ၍ တစ်ကျိုက်တည်း မော့သောက်လိုက်ပြီးမှ အသက်ရှူချောင်သွားကာ စကားပြန်ပြောလိုက်၏…
“အစ်ကိုလို့ မခေါ်ပါနဲ့ဗျာ… ကျွန်တော်လည်း ပထမနှစ်ကပဲ… ပြောရရင် ကျောင်းနေဘက် သူငယ်ချင်းတွေပေါ့… ညီမတို့က အမှတ် (၄) ကျောင်းကလား…”
ထိုကောင်မလေး နှစ်ယောက်က စိတ်လှုပ်ရှားစွာဖြင့် ခေါင်းညိတ်ပြကြရာ ကော်ကျင်းယွီက နှုတ်ဆက်လိုက်သည်…
” သူငယ်ချင်းတို့ရေ… တွေ့ရတာ ဝမ်းသာပါတယ်ဗျာ… နောက်မှပဲ ပြန်ဆုံကြတာပေါ့…”
“ကော်ကျင်းယွီ… နောက်တစ်ခေါက်ဆိုတာ ဘယ်တော့လောက်လဲဟင်…”
ကော်ကျင်းယွီက ထိုမိန်းကလေးများ ဤမျှလောက် ရဲတင်းနေလိမ့်မည်ဟု ထင်မထားခဲ့သဖြင့် ကမန်းကတန်း လက်ရမ်းပြကာ လီထုန်ကျိုးကို ဆွဲပြီး ထွက်ပြေးတော့၏။
အိမ်ပြန်သည့် ဘတ်စ်ကားပေါ်တွင် လီထုန်ကျိုးက သူ့ခါးကို နောက်တစ်ကြိမ် ထပ်ကိုင်လိုက်ပြန်သည်။
ကော်ကျင်းယွီက ခါးကိုင်ခံရခြင်းကို လုံးဝ မခံနိုင်သူ ဖြစ်၏။
အကြမ်းပတမ်း ဝင်တိုက်ခံရလျှင် အဆင်ပြေသော်လည်း လီထုန်ကျိုးက ယခုလို ဖွဖွလေး လာကိုင်သည့်အခါ ယားကျိကျိ ဖြစ်သွားကာ ရှောင်ဖယ်လိုက်မိပြီး မနေနိုင်ဘဲ နောက်လှည့်ကြည့်ကာ ပြောလိုက်၏…
“ဟေ့ ဟေ့… လူမြင်ကွင်းကြီးမှာ ပုံရိပ်လေး ဘာလေးလည်း ထိန်းဦးလေကွာ…”
လီထုန်ကျိုးက သူ၏ ခါးဆီသို့ ငုံ့ကြည့်လိုက်ပြီး မျက်ဝန်းများထဲတွင် စိတ်ပူနေသည့် အရိပ်အယောင်များ ပေါ်လွင်နေ၏…
“တကယ် ဘာမှမဖြစ်ဘူးလား… ဟိုကောင်က မင်းကို တံတောင်နဲ့ သုံးကြိမ်တောင် တမင်သက်သက် ဝင်တိုက်သွားတာကို ငါ မြင်လိုက်တယ်နော်…”
ကော်ကျင်းယွီက ပြန်ဖြေလိုက်သည်…
“တကယ် ဘာမှမဖြစ်ပါဘူးကွ… မယုံရင် အိမ်ရောက်မှ မင်းကို လှန်ပြမယ်လေ…”
လီမိသားစု၏ အိမ်သို့ ရောက်သောအခါ လီထုန်ကျိုး၏ မိခင်ကလည်း အလုပ်ဆင်းပြီး ပြန်ရောက်လာချိန်နှင့် ကွက်တိဖြစ်နေ၏။
သူမက ကော်ကျင်းယွီကို မြင်လိုက်ရသည့်အခါ အနည်းငယ် အံ့သြသွားသော်လည်း ချက်ချင်းပင် ပြုံးလျက် ပြောလာသည်…
“ကျင်းယွီ ရောက်နေတာလား… သားတို့ ရှောင်ကျိုး အခန်းထဲ သွားဆော့နှင့်ကြလေ… အန်တီ သစ်သီးလေး ဘာလေး လှီးပြီးရင် လာပို့ပေးမယ်…”
ကော်ကျင်းယွီက လူကြီးမိဘများရှေ့တွင် အလွန် အချိုသတ်တတ်သူ ဖြစ်ရာ ခေါင်းညိတ်ကာ ပြုံးပြလိုက်၏…
“ဟုတ်ကဲ့ပါ… ကျေးဇူးတင်ပါတယ် အန်တီ…!”
လီထုန်ကျိုးက သူ့ကို အခန်းထဲ ခေါ်သွင်းသွားပြီးသည်နှင့် အင်္ကျီကို ချက်ချင်း လှန်တင်လိုက်သောကြောင့် ကော်ကျင်းယွီတစ်ယောက် လန့်သွားရ၏။
သို့သော်လည်း တစ်ဖက်လူက အတိုက်ခံလိုက်ရသည့် ခါးဘေးဘက်နေရာကိုသာ လှန်ကြည့်လိုက်ခြင်း ဖြစ်သည်။
လီထုန်ကျိုးက သေချာ ငုံ့ကြည့်နေပြီး လက်ဖြင့်လည်း တစ်ချက် စမ်းကြည့်လိုက်၏။
“နည်းနည်း ညိုမည်းနေတယ်… ဆေးလူးမှ ရမယ်…”
chapter 12 ended