Chapter 14
—-
ရန်သူ့စစ်တပ်လာလျှင် စစ်သူကြီးနှင့်တား၊ ရေလာလျှင် မြေကြီးဖြင့် တား ဆိုသလိုပင်။ ကော်ကျင်းယွီက ဖြေရှင်းရမည့် နည်းလမ်းကို အလျင်အမြန်ပင် စဉ်းစားမိသွား၏။
သူက ‘စာပြပေးရန်’ ဟူသည့် ခေါင်းစဉ်ကို တပ်ကာ လီထုန်ကျိုး၏ အိမ်သို့ ပြေးပြီး အိမ်စာ သွားလုပ်လေသည်။
လုပ်သည်ဟုသာ ဆိုသော်လည်း အဓိက ဘာသာရပ် သုံးခုကိုသာ ကိုယ်တိုင် တွက်ချက်ခြင်း ဖြစ်ပြီး ကျန်သည့် အများစုမှာ ကူးချခြင်းသာ ဖြစ်၏။
လီထုန်ကျိုးက သူ ရွေးချယ်ကာ မေးခွန်းများ တွက်ချက်နေသည်ကို မြင်သည့်အခါ ခဏမျှ စောင့်ကြည့်ပြီးနောက် မေးလိုက်သည်။
“မင်း နောက်နှစ်ဝက်ကျရင် ဝိဇ္ဇာတွဲ ရွေးမလို့လား…”
ကော်ကျင်းယွီက ခေါင်းညိတ်ပြလိုက်၏။
“အေး…”
လီထုန်ကျိုးက ပြောလာသည်။
“ဒါဆို ငါလည်း…”
ကော်ကျင်းယွီက တားလိုက်၏။
“ဟေ့ကောင်… လျှောက်မလုပ်နဲ့… မင်းဟာမင်း စီစဉ်ထားတဲ့အတိုင်းပဲ ဆက်သွား… ငါက ဝိဇ္ဇာတန်းမှာ လေးငါးလလောက်တောင် ကြာကြာ နေမှာမဟုတ်ဘူး…”
“ဘာလို့လဲ…”
“ငါက အထူးပြုဘာသာရပ် ယူပြီး ပန်းချီမေဂျာ ဝင်ခွင့်ဖြေမလို့…”
ကော်ကျင်းယွီက လက်ချောင်းလေးများထက်တွင် ဘောပင်ကို လှပစွာ လှည့်ကစားလိုက်ပြီးနောက် ဘောပင်ကို ဆုပ်ကိုင်ကာ သူ့ကို ပြုံးလျက် ပြောလိုက်သည်။
“မင်း ငါ ပန်းချီဆွဲတာ မမြင်ဖူးသေးဘူး မဟုတ်လား… တကယ်တော့ ငါက သောက်ရမ်း ဆွဲတတ်တာ… အရင်တုန်းက ငါ့ကို သင်ပေးဖူးတဲ့… အဲ… ငါပြောချင်တာက အရင်တုန်းက ငါ ဆုံဖူးတဲ့ ဆရာတစ်ယောက်ကတောင် ငါ့ကို ပါရမီရှင်ဆိုပြီး ချီးကျူးဖူးတယ်ကွ…”
လီထုန်ကျိုးတစ်ယောက် ယုံတစ်ဝက် မယုံတစ်ဝက် ဖြစ်သွား၏။
ကော်ကျင်းယွီ ဤအကြောင်းကို ပြောဖူးသည်ကို သူ တစ်ခါမျှ မကြားဖူးခဲ့ပေ။ အတန်းနောက်က ကျောက်သင်ပုန်းမှာ နံရံကပ်စာစောင်အတွက် ပန်းချီဆွဲတာကိုသာ မြင်ဖူးခဲ့ရာ လတ်တလောတွင်တော့ ပါရမီရှင်တစ်ယောက်၏ အရိပ်အယောင်ကို မတွေ့ရသေးချေ။
ကော်ကျင်းယွီက သူ၏ ကျွမ်းကျင်မှုပိုင်းနှင့် ပတ်သက်ပြီး သံသယဝင်ရဲသူကို မတွေ့ရသည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်နေပြီဖြစ်ရာ ချက်ချင်းပင် မျက်ခုံးပင့်လျက် ပြောလိုက်သည်။
“မယုံရင် အခုပဲ မင်းကို တစ်ပုံလောက် ဆွဲပြရမလား…”
သူက ပြောပြောဆိုဆိုပင် ဆွဲတော့၏။
မည်သည့် ပစ္စည်းကိရိယာများကိုမျှ သီးသန့် ရွေးချယ်မနေဘဲ လက်ထဲရှိ ဘောပင်ကိုသာ အသုံးပြု၍ အကြမ်းဆွဲ စာရွက်ပေါ်တွင် လီထုန်ကျိုး၏ ဘေးတိုက် မျက်နှာ အသွင်အပြင်ကို အချက်အနည်းငယ်မျှဖြင့် ကောက်ကြောင်းဆွဲလိုက်သည်။
အစပိုင်းတွင်တော့ ဖြစ်သလို ဆွဲပြရန်သာ ရည်ရွယ်ခဲ့သော်လည်း တကယ်တမ်း အာရုံစိုက်လိုက်သည့်အခါတွင်တော့ တစ်ဖက်လူကို မနေနိုင်ဘဲ အကြိမ်ကြိမ် ခိုးကြည့်မိသွားပြီး မိမိရင်ထဲရှိ ဆန္ဒအတိုင်း တစ်ဖက်လူ၏ ပုံရိပ်ကို စာရွက်ပေါ်တွင် နည်းနည်းချင်းစီ အသေးစိတ် ပုံဖော်နေမိတော့၏။
အရင်က သူ လီထုန်ကျိုး၏ ဓာတ်ပုံများကိုသာ ဆွဲဖူးခဲ့ခြင်း ဖြစ်သည်။
အရင်က ပန်းချီ စတင် သင်ယူခါစ အချိန်များတွင် မိမိ၏ ပညာက မပြည့်ဝသေးဟု အမြဲတမ်း ခံစားရပြီး မိမိ နှစ်သက်ရသူကို ပုံတူဆွဲရန် ရှက်ရွံ့နေခဲ့၏။
ပို၍ တော်လာမည့် အချိန်အထိ စောင့်ကာ တစ်ဖက်လူကို ပြီးပြည့်စုံအောင် ရေးဆွဲပြီးမှ သိမ်းဆည်းထားရန် တွေးခဲ့မိသည်။
သို့သော်လည်း သူ သတိမထားမိခဲ့သည်က နှစ်နှစ်ခန့် စောင့်ဆိုင်းပြီးနောက်တွင်တော့ ဤလူ့ကို ပန်းချီဆွဲရန် အခွင့်အရေး လုံးဝ မရှိတော့မည် ဆိုသည်ကိုပင်။
ကော်ကျင်းယွီက ပန်းချီဆွဲသည့်အခါတွင် အလွန် အာရုံစိုက်ထားပြီး အရင်ကလို နောက်ပြောင်နေသည့် ပုံစံမျိုး လုံးဝ မရှိတော့ပေ။
မျက်ခုံးနှင့် မျက်ဝန်းများတွင် ထက်မြက်မှုများ စုစည်းသွားသည့်အလား သူ၏ အကြည့်များအားလုံးက တစ်ဖက်လူ၏ မျက်နှာပေါ်သို့သာ ကျရောက်နေလေသည်။
လီထုန်ကျိုးမှာ ဤကဲ့သို့ အကြည့်ခံရသည်မှာ ပထမဆုံးအကြိမ် ဖြစ်ရာ ခဏမျှ ကိုယ်လုံးလေး တောင့်တင်းသွားရသော်လည်း အချိန်အနည်းငယ် အကြာတွင်တော့ ဖြည်းညင်းစွာဖြင့် ပြန်လည် ပြေလျော့သွားတော့၏။
ဤသူက ကော်ကျင်းယွီလေ… အခြားသူမှ မဟုတ်တာ… ထို့ကြောင့် ဤသို့ စိုက်ကြည့်ခံရခြင်းကို သူ လက်ခံနိုင်သေးသည်။
လီထုန်ကျိုးကလည်း သူ ခေါင်းငုံ့ကာ ပန်းချီဆွဲနေချိန်ကို အခွင့်ကောင်းယူ၍ တစ်ဖက်လူကို အကဲခတ်နေလေ၏။
ကော်ကျင်းယွီ၏ လက်ထဲမှ ဘောပင်က စာရွက်ပေါ်သို့ ထိတွေ့သည့်အခါ ‘ရှပ် ရှပ်’ မြည်သံလေးများ ထွက်ပေါ်နေသည်။
မျက်လွှာကို တစ်ဝက်ခန့် ချထားသဖြင့် မျက်တောင်လေးများက ပို၍ စိပ်ကျပ်နေပုံပေါ်ကာ အရိပ်အနည်းငယ် ကျနေပြီး အသားအရေကို ပို၍ ဖြူဝင်းသွားစေသည်။
လီထုန်ကျိုး၏ အကြည့်များက သူ၏ မျက်ခုံး၊ မျက်ဝန်းများမှတစ်ဆင့် စင်းဖြောင့်နေသော နှာတံဆီသို့ ဆင်းသက်သွားပြီးနောက် နှုတ်ခမ်းများပေါ်တွင် ရပ်တန့်သွား၏။
ကော်ကျင်းယွီက မပြုံးဘဲ နေသည့်အချိန်တွင်ပင် နှုတ်ခမ်းထောင့်စွန်းလေးများက မွေးရာပါ အပေါ်သို့ ကွေးတက်နေတတ်ပြီး အစွန်းလေးများ အနည်းငယ် ကော့တက်နေသော သူ၏ တက်မက်ဖွယ် မျက်ဝန်းများနှင့်အတူ အခြားသူများကို အလွယ်တကူ သဘောကျသွားစေနိုင်ကာ အနီးကပ်ချဉ်းကပ်ချင်စိတ်ကို ဖြစ်ပေါ်စေလေသည်။
ကော်ကျင်းယွီက ခေါင်းမော့၍ သူ့ကို လှမ်းကြည့်လာသည့်အခါ လီထုန်ကျိုးက မသိစိတ်မှ အလိုအလျောက် အကြည့်များကို ပြန်ရုပ်သိမ်းလိုက်ပြီး အရှေ့ရှိ ကျောင်းသုံးစာအုပ်ပေါ်သို့ အကြည့်များ ပို့ထားလိုက်၏။
မျက်တောင်လေးများကိုသာ အကြိမ်အနည်းငယ် ခတ်လိုက်ပြီး တည်ငြိမ်သယောင် ဟန်ဆောင်ထားလေသည်။
ကော်ကျင်းယွီ ရယ်လိုက်သည့် အသံကို သူ ကြားလိုက်ရသည်။
သို့သော် ကော်ကျင်းယွီက အမြဲတမ်း ရယ်မောတတ်သူ ဖြစ်ရာ တစ်ဖက်လူက ဘာကို ရယ်မှန်း သူ မသိခဲ့ပေ။
သူ အလွန် မေးချင်နေမိ၏။
ဘာတွေ တွေးနေသလဲ၊ ဘာကို ရယ်နေတာလဲဆိုသည်ကို မေးချင်နေမိသည်။
ထိုအရာများက မိမိနှင့် နည်းနည်းလောက်များ သက်ဆိုင်နေမလားဟု မေးချင်နေမိ၏။
လီထုန်ကျိုးက လျှောက်တွေးနေရင်း သူ၏ အကြည့်များကလည်း အနည်းငယ် နူးညံ့သွားကာ နွေးထွေးမှုလေးများ စွက်ဖက်လာတော့သည်။
ကော်ကျင်းယွီက အလျင်အမြန်ပင် ဆွဲ၍ ပြီးသွား၏။
ထို့နောက် သူက လီထုန်ကျိုးထံ ကမ်းပေးကာ ကြွားလုံးထုတ်လိုက်သည်။
“ကြည့်စမ်း… သောက်ရမ်း မိုက်တယ် မဟုတ်လား…”
လီထုန်ကျိုး ငုံ့ကြည့်လိုက်ရာ ပန်းချီကားထဲတွင် သူ၏ ဘေးတိုက်မျက်နှာလေးကို တွေ့လိုက်ရ၏။
သူက ပန်းချီကားတစ်ချပ်ကို မည်သို့ ဝေဖန်ရမည်မှန်း မသိသော်လည်း ဓာတ်ပုံထဲမှ မိမိနှင့် အနည်းငယ် တူသလို ခံစားရကာ ဓာတ်ပုံထက်တော့ အများကြီး ပို၍ ကြည့်ကောင်းနေသည်ဟု ထင်လိုက်မိသည်။
ပန်းချီဆွဲသူ၏ ကိုယ်ပိုင် ဆန္ဒလေးများ ပါဝင်နေသဖြင့် သူကိုယ်တိုင်ပင် ပုံထဲမှလူက အတော်လေး ကြည့်ကောင်းသည်ဟု ခံစားရလေ၏။
သူက အချိန်အတော်ကြာအောင် စဉ်းစားပြီးမှသာ ခေါင်းညိတ်ကာ ပြန်ပြောလိုက်သည်။
“အရမ်းကောင်းတယ်… အရိပ်အလင်း ထည့်ထားတာတွေက ကြည့်ရတာ ပြီးပြည့်စုံနေတာပဲ…”
ကော်ကျင်းယွီက ဂုဏ်ယူဝင့်ကြွားစွာဖြင့် ပြန်ပြော၏။
“သာမန်ပါပဲကွာ… အဓိကက မော်ဒယ်က ချောနေလို့ပါ…”
ထိုအခါ လီထုန်ကျိုးက ပြန်ပြောသည်။
“အဲ့ဒါဆို မင်း မှန်ကြည့်ပြီး ဆွဲလို့ရတာပဲ… မင်းက ပိုချောတယ်လေ…”
ကော်ကျင်းယွီက ခေါင်းမော့ကာ သူ့ကို ကြည့်လိုက်သည်။ အသေအချာ အကဲခတ်ကြည့်လိုက်မှသာ တစ်ဖက်လူက နောက်ပြောင်ချင်သည့် သဘော လုံးဝမရှိဘဲ သူ ပြောသည့်စကားကို အလေးအနက်ထားကာ ဆက်ပြောလိုက်ခြင်း ဖြစ်ကြောင်း သတိထားမိသွားပြီး သဘောကျစွာ ရယ်မောလိုက်တော့၏။
လီထုန်ကျိုးက သူ ဓားငယ်လေးကို ယူ၍ စာရွက်အစွန်းများကို စတင် ဖြတ်တောက်နေသည်ကို ကြည့်ကာ ထူးဆန်းစွာဖြင့် မေးလိုက်သည်။
“မင်း ဘာလုပ်မလို့လဲ…”
“သပ်သပ်ရပ်ရပ်လေး ဖြစ်သွားအောင်လို့… ခဏနေ အိမ်ပြန်ရောက်ရင် မှန်ဘောင် သွားသွင်းမလို့ကွ… အင်း… ငါ အစက ဒီလောက်အထိ ကောင်းကောင်း ဆွဲနိုင်လိမ့်မယ်လို့ မထင်ထားဘူးလေ… ကြိုသိရင် ပန်းချီဆွဲတဲ့ စာရွက်အကောင်းစား တစ်အုပ်လောက် ယူလာခဲ့ပါတယ်…”
လီထုန်ကျိုးက ဤအရာများကို နားမလည်သော်လည်း သူ၏လက်မှုပညာက မဆိုးလှသောကြောင့် ကော်ကျင်းယွီကို ကူညီ၍ ဖြတ်တောက်ပေးလိုက်လေ၏။
ကော်ကျင်းယွီက အနည်းငယ် ညွှန်ကြားပြသပေးပြီးနောက် သူ့ထံ လွှဲအပ်လိုက်ကာ ကိုယ်တိုင်ကတော့ အခွင့်ကောင်းယူ၍ အိမ်စာများကို ဆက်ကူးနေတော့သည်။
ဤနေ့ညတွင်လည်း လီထုန်ကျိုး၏ မိဘများက အိမ်တွင် ရှိမနေကြပေ။
ဟိုနေ့က ကျန်းမင်နှင့် ဆုံခဲ့ရသည်ထက် ယခုလို ဟာလာဟင်းလင်း ဖြစ်နေသော အိမ်ကြီးကသာ သူတို့၏ ပုံမှန် အခြေအနေပင် ဖြစ်၏။
ကော်ကျင်းယွီက ညစာစားရမည့်အချိန် ရောက်လုနီးပါး ဖြစ်နေပြီကို မြင်သောအခါ လီထုန်ကျိုးကို စားသောက်ဆိုင်မှ အစားအသောက်များ မမှာခိုင်းတော့ဘဲ ကိုယ်တိုင်ပင် မီးဖိုချောင်ထဲသို့ ဝင်ကာ ပတ်ရှာကြည့်လိုက်၏။
လီမိသားစု၏ ရေခဲသေတ္တာထဲတွင် လတ်ဆတ်သော ဟင်းသီးဟင်းရွက်များ သိပ်မရှိချေ။
လီထုန်ကျိုး၏ အမေကလည်း သားဖြစ်သူကို ကိုယ်တိုင် ဟင်းချက်စားခိုင်းရန် ရည်ရွယ်ထားပုံမရဘဲ ပိုက်ဆံများကိုသာ အလုံအလောက် ထားရစ်ခဲ့ခြင်း ဖြစ်မည်။
ကော်ကျင်းယွီက တစ်ခွန်းမျှ မေးလိုက်သည်နှင့် လီထုန်ကျိုးက အိတ်ကပ်ထဲမှ ယွမ်ရာဂဏန်းအချို့ကို ထုတ်ကာ သူ့ထံ ကမ်းပေးလာ၏။
ကော်ကျင်းယွီ၏ အိတ်ကပ်ထဲတွင်တော့ အကြွေစေ့ အနည်းငယ်မျှသာ ကျန်ရှိတော့ပြီး ဤသည်ကပင် သူ၏နေ့စဉ် သွားရေးလာရေး စရိတ်များ ဖြစ်ရာ ရုတ်တရက် လီထုံကျိုးကို သူ အားကျသွားမိသည်။
“အန်တီက မင်းအပေါ် အရမ်းကောင်းတာပဲနော်…”
လီထုန်ကျိုးက ပြောလာ၏။
“ရော့… မင်း ယူလိုက်…”
ကော်ကျင်းယွီက လက်ရမ်းပြလိုက်သည်။
“ငါ့ကောင်ရယ်… မလုပ်ပါနဲ့… ငါက အခု ဆက်ကြေး ကောက်တဲ့အလုပ်ကနေ အနားယူသွားပြီကွ…”
လီထုန်ကျိုးက ပြော၏။
“ငါ့ဟာက ဆက်ကြေး မဟုတ်ပါဘူး… မင်းကို ပေးတာပါ…”
ကော်ကျင်းယွီက ခဏမျှ စဉ်းစားပြီးနောက် တစ်ရွက်ကို ဆွဲယူလိုက်ကာ ပြောလိုက်သည်။
“အဲ့ဒါဆို ငါ အရင် ချေးထားတယ်လို့ပဲ သဘောထားလိုက်မယ်… နောက်ရက် အပြင်သွားစရာ ကိစ္စလေး နည်းနည်း ရှိနေလို့…”
လီထုန်ကျိုးက ခေါင်းညိတ်လိုက်ပြီး ဘာမှ ထပ်မပြောတော့ပေ။
လီမိသားစု၏ မီးဖိုချောင်ထဲတွင် အခြား ဟင်းခတ်အမွှေးအကြိုင်များကတော့ စုံလင်စွာ ရှိနေသေး၏။
ကော်ကျင်းယွီက ရေခဲသေတ္တာထဲမှ အသားနှင့် ပုစွန်များကို ထုတ်ယူကာ အတုံးသေးသေးလေးများ တုံးလိုက်ပြီး ကြက်သွန်မြိတ်၊ ဂျင်းတို့ဖြင့် အရင်ဆုံး ဆီသတ်လိုက်သည်။
ထို့နောက် ပဲငပိအနှစ်များကို ထည့်ကာ ခဏမျှ နှပ်ထားလိုက်၏။
တုံးထားသော အသားတုံးလေးများမှာ အဆီအနည်းငယ် ပါဝင်ပြီး ဟင်းအနှစ်များ စိမ့်ဝင်သွားသည့်အခါ ဒယ်အိုးထဲတွင် ပွက်ပွက်ဆူကာ လှုပ်ခါနေသည်။ အသားခွံလေးများကလည်း နီရဲကာ နူးညံ့နေပြီး မွှေးရနံ့များက ချက်ချင်းပင် ပျံ့လွင့်လာတော့သည်။
ကော်ကျင်းယွီက မီးအပူချိန်ကို အကဲခတ်နေရင်း တစ်ဖက်မှလည်း သွက်လက်စွာဖြင့် ဘေးရှိ အိုးထဲသို့ ခေါက်ဆွဲများကို ထည့်ပြုတ်လိုက်၏။
ပွက်ပွက်ဆူလာပြီးနောက် ရေအေးဖြင့် တစ်ချက် ဆေးကြောကာ ဘေးတွင် ဖယ်ထားလိုက်သည်။
ဤအချိန်တွင် အသားနှပ်ကလည်း အတော်လေး ကျက်နေပြီဖြစ်ရာ အသား၏ မွှေးရနံ့နှင့် ပုစွန်၏ အရသာရှိသော အနံ့လေးများက နှာခေါင်းဝသို့ တသုတ်ပြီးတသုတ် တိုးဝင်လာပြီး အနံ့ခံရုံဖြင့်ပင် အလွန် စားချင်စရာ ကောင်းနေတော့သည်။
ညဘက်တွင် သူတို့နှစ်ယောက်သား အသားနှပ်ခေါက်ဆွဲကို စားကြ၏။ လီထုန်ကျိုးက ဤခေါက်ဆွဲကို အလွန် ကြိုက်နှစ်သက်ပုံရသည်။
စားသောက်သည့် ဟန်အမူအရာက ယဉ်ကျေးသိမ်မွေ့သော်လည်း စားနှုန်းကတော့ မနှေးကွေးလှပေ။
မကြာခင်မှာပင် တစ်ပန်းကန်လုံး ကုန်သွားပြီး ဒုတိယ ပန်းကန်ကို ထပ်မံ ခပ်ယူနေတော့သည်။
chapter 14 ended