⚠️ JavaScript ပိတ်ထားပါသည် ⚠️

ဤဝက်ဘ်ဆိုက်ရှိ ဇာတ်လမ်းများကို ဖတ်ရှုရန်နှင့် အပြည့်အဝ အသုံးပြုနိုင်ရန် သင့် Browser တွင် JavaScript ဖွင့်ထားရန် လိုအပ်ပါသည်။

ကျေးဇူးပြု၍ Browser Settings ထဲတွင် JavaScript (သို့) Site Settings ကို ဖွင့်ပြီးမှ ဝက်ဘ်ဆိုက်ကို ပြန်လည် Reload လုပ်ပေးပါ။

Switch Mode

Chapter 15

Chapter 15

 

—–

 

ကော်ကျင်းယွီက လီထုန်ကျိုးကို မေးလိုက်၏။

 

“စားလို့ ကောင်းလား…”

 

လီထုန်ကျိုးက ခေါင်းညိတ်ပြသည်။

 

ကော်ကျင်းယွီက စားရင်းနှင့် အတွေ့အကြုံကို သုံးသပ်နေသည်။

 

“အသားနှပ်ခေါက်ဆွဲနဲ့ သိပ်မတူဘူး… အနှစ်တွေ များသွားလို့ စားရတာ အသားနှပ်ထမင်းနဲ့ ပိုတူနေတယ်… ထမင်းနဲ့ တွဲစားရင် ပိုမိုက်မယ် ထင်တယ်… နောက်တစ်ခေါက် လာရင် ဟင်းသီးဟင်းရွက်လေးတွေ ဝယ်လာပြီး မင်းအတွက် အသားနှပ်ထမင်း လုပ်ကျွေးမယ်လေ…”

 

လီထုန်ကျိုးက အသံပြု၍ လက်ခံလိုက်ပြီး နှစ်လုတ်ခန့် စားပြီးနောက် ထပ်မေးလိုက်သည်။

 

“မင်း နောက်နှစ်ရက်နေရင် ဘယ်သွားမလို့လဲ…”

 

ကော်ကျင်းယွီက အနည်းငယ် အံ့သြသွားကာ မော့ကြည့်၍ ရယ်လျက် ပြောလိုက်သည်။

 

“မင်း ခုနက မမေးတော့ ငါ့ကိစ္စကို စိတ်မဝင်စားဘူးလို့ ထင်နေတာကွ… နောက်ရက်ကျရင် ပြည်နယ်မြို့တော်က ငါ့ဦးလေးအိမ် သွားမလို့… ငါ့အမေက လူကြုံနဲ့ ကွန်ပျူတာတစ်လုံး ဝယ်ခိုင်းထားလို့ ငါပါ လိုက်ရွေး​မလို့လေ…”

 

လီထုန်ကျိုးက “အိုကေ” ဟုသာ အသံပြုလိုက်သဖြင့် ကော်ကျင်းယွီက ဤကိစ္စ ပြီးသွားပြီဟု ထင်မှတ်ထားခဲ့၏။

 

သို့သော် ညစာစားပြီး၍ အိမ်ပြန်ရန် ပြင်ဆင်နေချိန်တွင် လီထုန်ကျိုးက တံခါးဝ၌ ရပ်ကာ မျက်မှောင်အနည်းငယ် ကျုံ့လျက် ထပ်မေးလာလိမ့်မည်ဟု ကော်ကျင်းယွီ မထင်ထားခဲ့ပေ။

 

“ငါပါ လိုက်ခဲ့လို့ ရမလား…”

 

ကော်ကျင်းယွီမှာ ချက်ချင်း သဘောမပေါက်ဘဲ ပြန်မေးလိုက်သည်။

 

“ဘယ်ကိုလဲ…”

 

လီထုန်ကျိုးက ပြန်ပြော၏။

 

“ပြည်နယ်မြို့တော်လေ… ငါ မင်းကို ကူရွေးပေးရမလားလို့…”

 

ကော်ကျင်းယွီက ခဏမျှ စဉ်းစားပြီးနောက် မေးလိုက်သည်။

 

“မင်း တကယ် လိုက်ချင်လို့လား…”

 

လီထုန်ကျိုး ခေါင်းညိတ်သည်ကို မြင်သည့်အခါ ဆက်ပြောလိုက်သည်။

 

“အဲ့ဒါဆိုလည်း ရပါတယ်… အန်တီ့ကိုသာ ခွင့်တောင်းထားလိုက်… နောက်နှစ်ရက်နေ သွားမယ့်အချိန်ကျရင် ငါ လာခေါ်မယ်…”

 

ကော်အဖေက သူငယ်ချင်းဖြစ်သူထံမှ ပစ်ကပ်ကားတစ်စီး ငှားထားပြီး ကွန်ပျူတာကို ကိုယ်တိုင် သွားသယ်ရန် စီစဉ်ထား၏။

 

ဤခေတ် ဤအခါ၌ လစာများမှာ ပျမ်းမျှအားဖြင့် ယွမ်တစ်ထောင်ဝန်းကျင်ခန့်သာ ရှိသဖြင့် ယွမ်တစ်သောင်းကျော် တန်ဖိုးရှိသော ကွန်ပျူတာတစ်လုံးဆိုသည်မှာ တကယ့်ကို အဖိုးတန် ပစ္စည်းကြီးတစ်ခု ဖြစ်ပေသည်။

 

ကော်ကျင်းယွီတို့ တစ်မိသားစုလုံး အကုန်လိုက်သွားကြပြီး ဆွေမျိုးမိတ်ဆွေများကိုပါ တစ်ပါတည်း ဝင်ရောက် နှုတ်ဆက်ကြမည် ဖြစ်၏။

 

ပစ်ကပ်ကား နောက်ခန်းထဲတွင် ဒေသထွက် ကောက်ပဲသီးနှံ လက်ဆောင်ဘူးများ အပြည့်အသိပ် ပါလာပြီး ကော်အမေက အိမ်မှ လူကြီးများအတွက် ပိုးချည်စောင် တစ်ထည်ကိုပါ ထည့်လာခဲ့သေးသည်။

 

ဤသည်မှာ နှစ်သစ်ကူးအချိန်က သူမတို့ ရုံးမှ ထူးချွန်ဝန်ထမ်းများကို ချီးမြှင့်ထားခြင်း ဖြစ်ပြီး ကော်အမေက ကိုယ်တိုင် မခြုံရက်သဖြင့် ဤတစ်ခေါက် အိမ်အပြန်တွင် တမင်သက်သက် ယူဆောင်လာခဲ့ခြင်း ဖြစ်သည်။

 

ကော်ကျင်းယွီက လီထုန်ကျိုးထံ ဖုန်းကြိုဆက်ထားလိုက်၏။

 

ကားက ထိုဘက်သို့ ရောက်ရှိသွားချိန်တွင် တီရှပ်အဖြူနှင့် ဂျင်းဘောင်းဘီကို ဝတ်ဆင်ထားပြီး အားကစားဖိနပ်စီးကာ အားကစားကျောပိုးအိတ်ကို လွယ်ထားသော ကောင်လေးတစ်ယောက် လမ်းဘေးတွင် ရပ်စောင့်နေသည်ကို အဝေးကတည်းက လှမ်းမြင်လိုက်ရသည်။

 

ကော်ကျင်းယွီက လက်လှမ်းပြလိုက်ချိန်တွင် လီထုန်ကျိုးက အလျင်အမြန်ပင် လျှောက်လာခဲ့၏။

 

ကော်အမေက လီထုန်ကျိုးကို မြင်သည့်အခါ ပြုံးလျက် ပြောလိုက်သည်။

 

“အို… ရှောင်ကျိုးက ဒီနေ့ ကျင်းယွီနဲ့ တိုင်ပင်ထားတာလား… သားတို့နှစ်ယောက် ဝတ်ထားတာ ဆင်တူလေး ဖြစ်နေပါလား…”

 

လီထုန်ကျိုးမှာ လူကြီးမိဘများရှေ့တွင် အနည်းငယ် ရှက်ရွံ့နေသဖြင့် ကော်ကျင်းယွီက လီထုန်ကျိုးကို ကားပေါ်သို့ ဆွဲတင်လိုက်ပြီး နောက်ခန်းတွင် အတူတူ ထိုင်ကာ ပြောလိုက်သည်။

 

“အမေ… သားတို့နှစ်ယောက် လိုက်ဖက်တယ် မဟုတ်လား…”

 

ကော်အမေက သဘောတကျ ရယ်မောလျက် ပြန်ဖြေသည်။

 

“လိုက်ဖက်တာပေါ့…!”

 

ကားမောင်းနေသော ကော်အဖေက ကော်အမေ၏ အမြင်ကို သတိထား၍ ဝင်ပြောလိုက်သည်။

 

“မိန်းမ… ဒီစကားလုံးက သိပ်မသင့်တော်ဘူး မဟုတ်လား…”

 

ကော်အမေမှာ သားဖြစ်သူကို ထူးချွန်စေချင်လွန်းသဖြင့် ဤရက်ပိုင်းအတွင်း သားနှင့်အတူ တရုတ်စာမေးခွန်းဟောင်းများကို အသေအလဲ တွက်ချက်ထားခဲ့ပြီး စကားလမ်းကြောင်းက ချက်ချင်း လွဲသွားတော့သည်။

 

ကော်အမေက ဒေါသတကြီးဖြင့် စစ်ကြောထိုးတော့သည်။

 

“ကော်ကျင်းယွီ… နင် မနေ့ညက အက်ဆေးတွေ အလွတ်မကျက်ဘူး မဟုတ်လား…! နင် သုံးလိုက်တဲ့ နာမဝိသေသနက ဘာကြီးလဲ… သူငယ်ချင်းအချင်းချင်း အဲ့ဒီလိုမျိုး သုံးလို့ ရပါ့မလား…!”

 

ကော်ကျင်းယွီ: “…”

 

ကော်အမေ: “တရုတ်စာတောင် သေချာ မလုပ်နိုင်တာ… အင်္ဂလိပ်စာဆို ပိုဆိုးဦးမယ်…! နင်ပဲ စဉ်းစားကြည့်… ရှောင်ကျိုးကျတော့ အတန်းထဲမှာ နင့်လိုပဲ အချိန်အတူတူ ပေးပြီး စာသင်တာကို ဘယ်လိုလုပ်ပြီး အဲ့ဒီလောက် တော်နေရတာလဲ…”

 

ကော်ကျင်းယွီမှာ ရှက်ရွံ့နေခြင်း အလျဉ်းမရှိဘဲ ဆန့်ကျင်ဘက်အနေဖြင့် ဂုဏ်ယူဝင့်ကြွားစွာဖြင့် တွေးလိုက်မိ၏။

 

ဤသည်မှာ သူ့ကောင်လေးက မွေးရာပါ ပါရမီ ပါလာ၍ပင် ဖြစ်မည်။

 

တချို့လူများ၏ ဦးနှောက်က မွေးကတည်းက သာမန်လူများနှင့် မတူပေ။

 

အားကျချင်လျှင်တောင် ဘာမှ တတ်နိုင်မည် မဟုတ်ပါလား။

 

ကော်ကျင်းယွီမှာမူ သဘောကျနေတော့၏။

 

ကော်အမေက လီထုန်ကျိုးကို ချီးကျူးနေခြင်းသည် မိမိကို ချီးကျူးနေသည်နှင့် ဘာမှ မကွာခြားလှသောကြောင့် နားထောင်ရသည်မှာ တစ်ကိုယ်လုံး သက်တောင့်သက်သာ ဖြစ်နေတော့သည်။

 

ကော်အမေသာ အရှေ့မှနေ၍ မမြင်နိုင်၍သာ တော်တော့၏။

 

ထိုသို့မဟုတ်လျှင် ဒေါသထွက်လွန်း၍ ပက်လက်လန်သွားနိုင်ပေသည်။

 

လီထုန်ကျိုးကတော့ ကော်ကျင်းယွီကို ကာကွယ်ပေးကာ အခွင့်အရေးရှာ၍ စကားဖြတ်ပြောလိုက်သည်။

 

“ကျင်းယွီက ဒီတစ်ခေါက် အများကြီး တိုးတက်လာပါတယ်…”

 

ကော်အမေက အပြစ်ပေးခြင်း၊ ဆုချခြင်းတို့တွင် ပြတ်သားသူဖြစ်ပြီး ခေါင်းညိတ်၍ ပြောလိုက်သည်။

 

“ဟုတ်တယ်… သူ ဒီတစ်ခေါက် အတော်လေး တိုးတက်လာလို့ ကွန်ပျူတာအသစ် တစ်လုံး ဆုချဖို့ ဆုံးဖြတ်လိုက်တာ… အစကတောင် သားအတွက် လက်ဆောင်လေး ဘာလေး ဝယ်ပေးမလို့ စဉ်းစားထားတာ… ကျင်းယွီရဲ့ အမှတ်တွေ တက်လာတာ သား ကျေးဇူးတွေ အများကြီး ပါတာကိုး… အခု သားပါ လိုက်လာတယ်ဆိုတော့ အန်တီ ဝမ်းသာသွားပြီ… ရှောင်ကျိုး… ခဏနေ ဟိုရောက်ရင် သား လိုချင်တဲ့ လက်ဆောင်တစ်ခုခု ရွေးလိုက်နော်… အန်တီ ဝယ်ပေးမယ်…!”

 

လီထုန်ကျိုးက ငြင်းဆန်ရန် ပြင်လိုက်သော်လည်း ကော်ကျင်းယွီက သူ၏ လက်မောင်းကို လှမ်းတို့လိုက်သောကြောင့် အနည်းငယ် တွန့်ဆုတ်သွားပြီးနောက် ပြန်ဖြေလိုက်သည်။

 

“ဟုတ်ကဲ့… ကျေးဇူးတင်ပါတယ် အန်တီ…”

 

ကော်အမေမှာ တကယ်ကို ပျော်ရွှင်သွားတော့သည်။

 

ပြည်နယ်မြို့တော်သို့ သွားရသော နှစ်နာရီကြာ ခရီးစဉ်အတွင်း ကော်ကျင်းယွီက လီထုန်ကျိုးကို မြင်နေရသဖြင့် နည်းနည်းလေးမျှ ပျင်းရိခြင်း မရှိတော့ဘဲ လမ်းတစ်လျှောက်လုံး လီထုန်ကျိုးကို တိုးတိုးလေး စကားပြောလာခဲ့၏။

 

ပစ်ကပ်ကားက နှစ်ပေါင်းများစွာ သုံးထားသော ကားဟောင်းကြီး ဖြစ်ပြီး ကားပြတင်းပေါက်နှင့် တံခါးများမှာ သိပ်မလုံခြုံတော့ဘဲ နေရာအနှံ့မှ လေများ ဝင်နေကာ မောင်းနှင်သည့်အခါ အသံများလည်း အလွန် ဆူညံနေလေသည်။

 

ကော်ကျင်းယွီ စကားပြောသည့်အခါ လီထုန်ကျိုးက မကြားရမည်စိုးသဖြင့် အနားသို့ တိုးကပ်၍ နားထောင်နေ၏။

 

တိုက်တိုက်ဆိုင်ဆိုင်ပင် လမ်းမချောသဖြင့် ကားက အနည်းငယ် ဆောင့်သွားချိန်တွင် ကော်ကျင်းယွီက ဟန်ချက်ပျက်ပြီး လီထုန်ကျိုးဘက်သို့ ယိုင်ကျသွားလေသည်။

 

ကော်ကျင်းယွီ၏ လက်က လီထုန်ကျိုး၏ လက်မောင်းကို အားပြုလိုက်မိပြီး နှုတ်ခမ်းကလည်း လီထုန်ကျိုး၏ ပါးပြင်ကို ရှပ်တိုက်မိသွားတော့၏။

 

လီထုန်ကျိုးက ကော်ကျင်းယွီကို တွဲဖေးပေးထားပြီး မျက်နှာအမူအရာ မပျက်ဘဲ တိုးတိုးလေး သတိပေးလိုက်သည်။

 

“သတိထားလေ…”

 

ကော်ကျင်းယွီမှာမူ မျက်နှာကြီး ပူထူသွားပြီး ရင်ဘတ်ထဲမှ အပူငွေ့များက မျက်နှာပေါ်သို့ ဆူပွက်ကာ တက်လာသည့်အလား ခေါင်းပေါ်မှတောင် အခိုးအငွေ့များ ထွက်လာတော့မည်ဟု ထင်ရလေသည်။

 

ရှေ့ခန်းရှိ ယာဉ်မောင်းဘေးခုံတွင် ထိုင်နေသော ကော်အမေက လမ်းအခြေအနေကို ကူညီကြည့်ရှုပေးနေပြီး အရှေ့မှ ချိုင့်ခွက်ကို မမြင်သော ခင်ပွန်းဖြစ်သူအား တိုးတိုးလေး အပြစ်တင်လိုက်သည်။

 

“ခုနက ကျွန်မ ပြောလိုက်လို့ ရှင် ရှောင်နိုင်သွားတာလေ… အခု ကျွန်မက သတိမပေးလိုက်တော့ ချိုင့်ထဲကို တန်းဆင်းသွားတာပဲမလား…”

 

ကော်အဖေမှာ အလွန် သနားချင်စရာ ကောင်းနေသည်။

 

“မိန်းမက ကိုယ့်ကို လမ်းကူကြည့်ပေးမယ်လို့ ပြောထားတယ် မဟုတ်လား…”

 

“အို… ရှင်က အကျိုးအကြောင်း မသင့်ဘူးပဲ… ဘယ်အိမ်က ကားမောင်းတဲ့လူက ဘေးခုံက လူကို အမြဲတမ်း ပွစိပွစိ လုပ်နေလို့လဲ… ရှင်တို့ သားအဖတွေ ကျွန်မကို နည်းနည်းပါးပါးလောက် စိတ်သက်သာရာ ရအောင် မထားနိုင်ကြဘူးလား…!”

 

နောက်ခန်းခုံတွင် ထိုင်နေသော ကော်ကျင်းယွီမှာ မေးထောက်လျက် ကားပြတင်းပေါက် အပြင်ဘက်သို့ ခေါင်းစောင်း၍ ကြည့်နေပြီး နားရွက်ဖျားလေးများကတော့ နီရဲနေ၏။

 

လက်ဖဝါးဖြင့် နှုတ်ခမ်းကို အနည်းငယ် ကွယ်ထားပြီး ခုနက ဖြစ်ပေါ်သွားသော ရင်ခုန်သံကို အပြင်းအထန် ကြိုးစား၍ ဖိနှိပ်ထားရလေသည်။

 

သို့သော် အပြင်ဘက်ရှိ ရှုခင်းများကို မည်မျှပင် ကြိုးစား၍ ကြည့်နေပါစေ ခေါင်းထဲတွင်တော့ လီထုန်ကျိုး၏ ပါးပြင်ကိုသာ ပြန်လည် မြင်ယောင်နေမိ၏။

 

နူးညံ့ပြီး အနည်းငယ် အေးစက်စက် အထိအတွေ့လေးပင် ဖြစ်၏။

 

ခုနက ယိုင်ကျသွားချိန်တွင် လီထုန်ကျိုး၏ နှုတ်ခမ်းထောင့်ကိုပါ မတော်တဆ ထိမိသွားသလို ခံစားနေရသည်။

 

နားနားတွင် အနည်းငယ် အေးစက်သွားသဖြင့် ကော်ကျင်းယွီက လန့်သွားကာ လှည့်ကြည့်လိုက်ချိန်တွင် လီထုန်ကျိုးက နားကြပ်တစ်ဖက်ကို ကမ်းပေးလာပြီး အတူတူ နားထောင်ရန် လက်ဟန်ဖြင့် ပြလာသည်ကို တွေ့လိုက်ရ၏။

 

ကော်ကျင်းယွီက လှမ်းယူရန် ပြင်လိုက်သော်လည်း လီထုန်ကျိုးက မပေးဘဲ ကိုယ်တိုင်ပင် တပ်ဆင်ပေးလိုက်၏။

 

သူတို့နှစ်ယောက်မှာ အရင်ကထက် ပို၍ နီးကပ်စွာ ထိုင်လိုက်မိကြပြီး လီထုန်ကျိုးက ပြောလိုက်သည်။

 

“ကျိုးကျဲလွန်းရဲ့ သီချင်း…”

 

နားကြပ်ကြိုးက လီထုန်ကျိုး၏ ကျောပိုးအိတ်ဆီမှ သွယ်တန်းလာပြီး သူတို့နှစ်ယောက်သည် နားကြပ်တစ်စုံကို အတူတူ မျှဝေ နားထောင်နေကြခြင်း ဖြစ်သည်။

 

သီချင်းသံကလည်း တစ်ဝက်စီ ခွဲဝေသွားပြီး တိုက်တိုက်ဆိုင်ဆိုင်ပင် <Class 2, Grade 3> သီချင်းကို ဖွင့်ထားခြင်း ဖြစ်၏။

 

သီချင်းထဲတွင် ဆိုထားသည်မှာ အောက်ပါအတိုင်း ဖြစ်သည်။

 

“ဘောလုံးကန်နေချိန် အာရုံစိုက်ထားတဲ့ ငါ့ဘေးတိုက်မျက်နှာလေးက အတော်ကြည့်ကောင်းတယ်…

ကျောက်သင်ပုန်းဆိုတာ ဗဟုသုတတွေ ရှာမှီးရမယ့်နေရာ…

ဒါပေမဲ့ စာသင်ခန်းထဲ ဖြာကျနေတဲ့ နေရောင်ခြည်ကိုတော့…

ငါ သိပ်သဘောမကျဘူး…

အားကစားကွင်းထဲကလောက် သဘာဝ မကျလို့လေ…

ဘာလို့များ ချောတဲ့သူတွေက ဘေးအခန်းမှာချည်း ရောက်နေကြတာလဲ…

ပြီးတော့… စာမေးပွဲက အဖြေတွေကိုလည်း ငါ တွက်လို့မရဖြစ်နေပြန်တယ်…”

 

chapter 15 ended

ငယ်ရွယ်မှုဆီသို့ ပြန်သွားခြင်း

ငယ်ရွယ်မှုဆီသို့ ပြန်သွားခြင်း

Status: Ongoing Type: Author: Released: 2020

Description

 

ဇူလိုင်လ၏ ချွေးတပြိုက်ပြိုက်ကျလောက်အောင် အိုက်စပ်ပူလောင်လှသော ရာသီဥတုကြီးထဲတွင် လူတွေ ပြည့်ကျပ်ညပ်နေသော စာသင်ခန်းကြီးထဲက ကျောင်းသားများသည် ဆက်တိုက်ဆိုသလို စာမေးပွဲဆိုသည့် ဖိအားများအောက်၌ အသက်ပင် ဝဝမရှူရဲကြရှာချေ။

 

ကော်ကျင်းယွီတစ်ယောက် ချွေးစေးလေးတွေ ပြန်နေလျက်ကနေ မော့ကြည့်လိုက်သည့်အခါ သူ့ရှေ့မှာ ထိုင်နေသည့် ကျောပြင်လေးကို မြင်လိုက်ရ၏။

 

ထိုကျောပြင်လေးက အမြဲတမ်း မတ်မတ်လေး ဖြစ်သည်။ ကျောင်းဝတ်စုံအောက်က ရှပ်အင်္ကျီဖြူလေးဆီမှ ဆပ်ပြာနံ့ သင်းသင်းလေးက ရနေတတ်ပြီး ဆံပင်စလေးတွေကလည်း သပ်သပ်ရပ်ရပ် ရှိလှသည်။ ထို့ပြင် စာရေးလိုက်တိုင်း ထွက်ပေါ်လာတတ်သည့် တည်ငြိမ်သော ခဲတံခြစ်သံ တရှပ်ရှပ်ကိုလည်း ကြားနေရ၏။

 

ကော်ကျင်းယွီသည် ရင်ထဲက အလုံးကြီး ကျသွားသလို သက်ပြင်းချလိုက်ပြီး ရယ်သံလွင်လွင်လေးနဲ့အတူ သူ့ရှေ့ကလူကို ဘောပင်နဲ့ နှစ်ချက်လောက် ဖွဖွလေး ထိုးလိုက်သည်။ ထို့နောက် တိုးတိုးလေး ခေါ်လိုက်၏။

 

"လီထုန်ကျိုး..."

 

ရှေ့ကလူက ခဏလောက် တန့်သွားသည်။ ဘာသံမှ ထွက်မလာသော်လည်း လက်တစ်ဖက်ကိုတော့ သူ့နောက်ကျောဘက်ဆီ ဆန့်ထုတ်ပေးလာ၏။

 

ကော်ကျင်းယွီက စားပွဲခုံပေါ် မှောက်ချလိုက်ပြီး ထိုလူ၏ လက်ဖဝါးလေးကို လက်ညှိုးနဲ့ လှမ်းထိုးလိုက်သည့်အခါ တစ်ဖက်လူက သူ့လက်လေးကို နူးနူးညံ့ညံ့ ဆုပ်ကိုင်လာခဲ့သည်။

 

ဆယ်ကျော်သက်အရွယ်ရဲ့ ပြင်းပြတဲ့ အချစ်တွေကြားမှာ မင်းက ငါ့ရဲ့ တစ်ဦးတည်းသောသူပါပဲ...

 

****

 

တိတ်ဆိတ်ပြီး အစွဲအလမ်းကြီးတဲ့ ကုန်း X တက်ကြွရွှင်လန်းပြီး လွတ်လွတ်လပ်လပ် နေတတ်သော ရှို့

 

=====

     

Comment

Leave a Reply

Your email address will not be published. Required fields are marked *

ကျေးဇူးပြု၍ ခဏစောင့်ပေးပါ...

5

အကောင့်ဝင်ရန် လိုအပ်ပါသည်

ဝတ္ထုများကို Bookmark မှတ်ရန်နှင့် သိမ်းဆည်းထားရန် ကျေးဇူးပြု၍ အကောင့်ဝင်ပါ။

ပိတ်မည် (Cancel)

Options

not work with dark mode
Reset