Chapter 16
—-
လီထုန်ကျိုးက ခပ်ဟဟ ရယ်လိုက်သဖြင့် ကော်ကျင်းယွီက သူ့ကို တစ်ချက်လှမ်းကြည့်လိုက်ပြီး နည်းနည်း သံသယဝင်သွား၏။
လီထုန်ကျိုးက ချောင်းတစ်ချက်ဟန့်လိုက်ပြီး ပြောလာသည်။
“မင်းကို ရယ်တာ မဟုတ်ပါဘူး၊ ဟယ်ရှန်ယန်ကို ရယ်နေတာပါ”
ကော်ကျင်းယွီက စိတ်တိုသွားကာ အော်လေတော့သည်။
“ငါ့အမှတ်က သူ့ထက် ဆယ်ဂဏန်းလောက်တောင် သာသေးတာနော်”
ဒီတစ်ခါတော့ လီထုန်ကျိုးက တကယ်ကို ရယ်ချလိုက်မိပြီဖြစ်ကာ မျက်လုံးလေးတွေက ကွေးကျသွားပြီး နှုတ်ခမ်းထောင့်လေးတွေကလည်း ကြည့်ကောင်းလွန်းလှသည့် အနေအထားတစ်ခုဆီ ကွေးညွတ်တက်သွားတော့၏။
တစ်လမ်းလုံး ခရီးနှင်လာခဲ့ကြပြီးနောက် ပြည်နယ်မြို့တော်ဆီသို့ ဆိုက်ရောက်လာခဲ့ချေပြီ။
ကော်အမေက အချိန်စောသေးသည်ကို မြင်သဖြင့် သူတို့အား KFC သို့ ခေါ်သွားကျွေးချင်သေး၏။ ထိုခေတ်အခါက KFC ဆိုသည်မှာ ခပ်မိုက်မိုက် နိုင်ငံခြားအမြန်စာ (fast food) တစ်ခုဖြစ်ပြီး စျေးလည်း မသေးပေ။ ကော်ကျင်းယွီက သူမအား တားလိုက်ပြီး ပြောလိုက်၏။
“အမေ… မသွားပါနဲ့တော့။ ဈေးကလည်း ကြီးသေး၊ စားလို့လည်း မကောင်းဘူး”
ကော်အမေမှာ သားဖြစ်သူက ပိုက်ဆံချွေတာတတ်နေပြီဟု တွေးကာ ကြည်နူးသွားခါစရှိသေး၊ ထိုငကြောင်လေးက ပေါင်ကို ဖြန်းခနဲရိုက်ကာ မျက်လုံးတွေ အရောင်လက်သွားပြီး စိတ်လှုပ်ရှားစွာ အော်ပြောလေတော့၏။
“ကျွန်တော်တို့ ချွမ်ရှင်းဆိုင် သွားစားရအောင်လေ။ အဲ့ဒီဆိုင်က နာမည်ကြီး လျှို့ဝှက်ချက်လုပ်ထားတဲ့ အရိုးဆွဲကြက်ခြေထောက်ဆိုတာလေ၊ တစ်ချက်စုပ်လိုက်တာနဲ့ အသားတွေက အိကျလာတာ။ အကြာကြီး ပေါင်းထားတာဆိုတော့ အရသာက ရှယ်ပဲနေမှာ။ သွားမယ်… သွားမယ်… အဲ့ဒါသွားစားကြမယ်”
ကော်အမေက သူ့နဖူးကို တစ်ချက်ထိုးလိုက်ပြီး ရယ်မောလျက် ဆိုလေ၏။
“နင့်ပါးစပ်ကတော့ တော်တော်အရာရောက်တယ်။ ကြောင်သူခိုးလေးကျနေတာပဲ။ ဘာကောင်းလဲဆိုတာ အကုန်သိတယ်”
လာခဲလှသော ခရီးဖြစ်သည့်အပြင် လီထုန်ကျိုးပါ ပါလာသဖြင့် ကော်အမေမှာ အတော်လေး လက်ဖွာသွားပြီး သူတို့အား စားသောက်ဆိုင်သို့ ခေါ်သွားတော့သည်။
ချွမ်ရှင်းဆိုင်က ဖူရုံလမ်းမပေါ်ရှိ နှစ်တစ်ရာသက်တမ်းရှိသော ဆိုင်ဟောင်းကြီးဖြစ်ကာ လမ်းအဆုံးရှိ သိပ်မထင်ရှားသော နေရာလေးတစ်ခုတွင် တည်ရှိ၏။
တံခါးတွန်းဝင်ကာ ဧည့်ခန်းမကြီးကို ဖြတ်ကျော်ပြီးနောက် သူတို့က ဒုတိယထပ်ရှိ သီးသန့်စားပွဲတစ်ခုကို ရှာထိုင်လိုက်ကြသည်။
ကော်ကျင်းယွီနှင့် သူ၏အဖေက ဟင်းချက်ကျွမ်းကျင်ကြသည့်အပြင် စားတတ်သောက်တတ်ပြီး အစားအသောက်လည်း မက်ကြ၏။
သားအဖနှစ်ယောက် ခေါင်းချင်းဆိုင်ကာ ချွမ်ရှင်းဆိုင်၏ မီနူးကို တစ်ဖြုတ်လောက် လေ့လာလိုက်ကြပြီး အသားနှင့် သက်သတ်လွတ် တွဲဖက်ထားသည့် ဟင်းပွဲအချို့ကို တက်တက်ကြွကြွ မှာလိုက်ကြသည်။ ထို့နောက် ကော်ကျင်းယွီက သတိပေးလိုက်၏။
“အဖေ… လီထုန်ကျိုးက ဝက်အူမစားတတ်ဘူး၊ အဲ့ဒါ မမှာနဲ့နော်”
“နှင်းဆီ ဝက်အူကင်က တခြားဟာတွေနဲ့ မတူဘူးလေကွာ… မြည်းကြည့်ပါလား…”
“မလုပ်ပါနဲ့၊ အတင်းကြီး စားခိုင်းနေစရာလား။ တခြားဟာ ပြောင်းမှာပါ။ ကျွန်တော်ကြည့်ရသလောက် ဒီပုစွန်ဆားငရုတ်ကောင်းကြော်လေး မဆိုးဘူး။ ဒါပဲ ယူလိုက်မယ်”
လီထုန်ကျိုးမှာ ထိုနေရာတွင် စကားတစ်ခွန်းမှပင် မဟရသေးဘဲ ကော်ကျင်းယွီ၏ အစစအရာရာ ဂရုတစိုက် စီစဉ်ပေးမှုအောက်တွင် ငြိမ်ငြိမ်လေး ဇိမ်ကျနေတော့၏။
သူက အေးအေးဆေးဆေး နေတတ်သူဖြစ်ပြီး လူကြီးတွေ မေးသမျှကိုလည်း သေချာဖြေကြားပေးတတ်၏။ သူ၏ ဆက်ဆံရေးက အလွန်တရာ ဖော်ရွေနွေးထွေးနေသည်မျိုး မဟုတ်သော်ငြား အထူးတလည် ရိုသေလေးစားမှု ရှိလှပေသည်။
ကော်မိသားစု သုံးယောက်က ပုံမှန်အားဖြင့် နောက်ပြောင်ကျီစယ်တတ်ကြပြီး အထူးသဖြင့် ကော်ကျင်းယွီမှာ မျောက်မီးခဲကိုက်ထားသလို အငြိမ်မနေတတ်သည့် အကျင့်ရှိ၏။
အိမ်တွင် ကော်အမေသာ မရှိလျှင် သူက တောင်ပိုင်ရှင် မျောက်မင်းကြီးပမာ သောင်းကျန်းတတ်ကြောင်းကို ကော်အမေက သိထားသဖြင့် ပုံမှန်ဆိုလျှင် တမင်တကာ ပို၍ တင်းကျပ်ပြတတ်၏။
သို့သော် ယခုအချိန်တွင် လီထုန်ကျိုးက သူတို့မိသားစုနှင့် တစ်ဝိုင်းတည်း ထိုင်နေသဖြင့် ကော်အမေမှာ အရင်လို တင်းတင်းမာမာ ဆက်ဆံရန် အားနာနေမိသည်။
ကော်ကျင်းယွီကလည်း အတော်လေး ငြိမ်ကျသွားကာ ပြုံးဖြီးဖြီးဖြင့် လီထုန်ကျိုးကို ဟင်းတွေ ခဏခဏ ခပ်ထည့်ပေးရင်း သူ့အကြိုက်ကို ဂရုစိုက်ပေးနေလေ၏။
ကော်ကျင်းယွီမှာ အရိုးဆွဲကြက်ခြေထောက်ကို အလွန်ကြိုက်နှစ်သက်သူဖြစ်၏။
အိုးငယ်လေးတစ်လုံး ချပေးလာချိန်တွင် အဖုံးဖွင့်လိုက်သည်နှင့် မွှေးပျံ့လှသော ရနံ့ကို ရှူရှိုက်မိသွားတော့သည်။
ကြက်ခြေထောက်များမှာ အိစက်ချိုမြိန်နေအောင် ပေါင်းထားသဖြင့် အသားများမှာ ဖွာကျလုမတတ်ပင်။
ဟင်းရည်ထဲစိမ်ထားသည့် ကြက်ခြေထောက်ကို ဆယ်ယူလိုက်သည်။ အရင်ဆုံး ဟင်းရည်၏ ချိုမြမြအရသာကို ခံစားရန် တစ်ချက်စုပ်ယူလိုက်ပြီးနောက် ခပ်ဆတ်ဆတ်လေး ထပ်စုပ်လိုက်သည်နှင့် အသားများက ပါးစပ်ထဲသို့ အလိုလို ရောက်လာကာ ဝါးလိုက်လျှင် အလွန်ပင် မွှေးအီနေတော့၏။
လီထုန်ကျိုးကလည်း တစ်ခု မြည်းကြည့်လိုက်သည်။
ကော်အဖေက သဘောကျလွန်းသဖြင့် သူ့အား နောက်တစ်ခု ထပ်ခပ်ထည့်ပေးမည်လုပ်စဉ် လမ်းတစ်ဝက်တွင်ပင် ကော်ကျင်းယွီ၏ ဖြတ်လုခြင်းကို ခံလိုက်ရ၏။
“အဖေ… သူဘာသာသူ စားပါလိမ့်မယ်။ သူ မကြိုက်တာတွေချည်း သွားသွားမထည့်ပေးနေပါနဲ့”
“ဟေ? ခုနက မင်းလည်း သူ့ကို ခပ်ထည့်ပေးနေတာပဲ မဟုတ်ဘူးလား”
“ကျွန်တော်ပေးတာနဲ့ မတူဘူးလေ။ အဲ့ဒါက မြည်းကြည့်ခိုင်းတာ။ ဒီတစ်ခု ကျွန်တော့်ကိုပဲ ပေးလိုက်၊ ကျွန်တော် ကြိုက်တယ်”
ကော်အဖေမှာ အနည်းငယ် အံ့ဩသွားမိ၏။ သူတို့အိမ်က ငတုံးလေးက အမြဲတမ်း ပေါ့ပေါ့ဆဆ နေတတ်သူဖြစ်ပြီး ဘယ်အချိန်ကတည်းက သူများတွေကို ဂရုစိုက်တတ်သွားတာလဲ။ သူက လှမ်းမေးလိုက်သည်။
“ရှောင်ကျိုး… မင်း ကြက်ခြေထောက် မကြိုက်ဘူးလား”
လီထုန်ကျိုးက ယဉ်ယဉ်ကျေးကျေးပင် ဖြေလေ၏။
“စားလို့ရပါတယ်”
ကော်ကျင်းယွီမှာမူ ဘေးနားတွင် အတော်လေး ဂုဏ်ယူဝင့်ကြွားနေတော့သည်။ သူ့အဖေက သူ့လောက် လီထုန်ကျိုးအကြောင်း ဘယ်သိပါ့မလဲ။
လီထုန်ကျိုးက “စားလို့ရပါတယ်” ဟု ပြောလျှင် စားတော့စားနိုင်သည်၊ သို့သော် မကြိုက်ဟု အဓိပ္ပာယ်ရကြောင်း သူသိထား၏။
အကယ်၍ သူ ကြိုက်နှစ်သက်သည့် အရာသာဆိုလျှင် “အရသာရှိတယ်”, “ကြိုက်တယ်” ဆိုသည့် စကားမျိုး အသေအချာ ထွက်လာမည်သာ။
ပုံမှန်အားဖြင့် သူ ချက်ကျွေးသည့် ဟင်းလျာများကိုဆိုလျှင် လီထုန်ကျိုးက တစ်သဝေမတိမ်း ခေါင်းညိတ် ထောက်ခံတတ်ရုံသာမက မနက်ဖြန်ရော ဟင်းလာချက်ပေးဦးမှာလားဟုပင် မစောင့်နိုင်မဆိုင်းနိုင် မေးတတ်သေးသည် မဟုတ်ဘူးလား။
ကော်ကျင်းယွီက ထမင်းစားရင်းဖြင့် သူ့အဖေနှင့်အတူ ထိုဆိုင်၏ လျှို့ဝှက်ချက်လုပ်နည်းကို ခေါင်းချင်းဆိုင် လေ့လာနေမိ၏။ အခွင့်ကောင်းယူကာ ပညာနည်းနည်းလောက် ခိုးချပြီး အိမ်ပြန်ရောက်လျှင် လီထုန်ကျိုးကို ချက်ကျွေးချင်သေးသည်လေ။
လူတွေ ပြောတတ်ကြသည် မဟုတ်လား၊ ယောက်ျားတစ်ယောက်ရဲ့ နှလုံးသားကို ဖမ်းဆုပ်ချင်ရင် သူ့ရဲ့ အစာအိမ်ကို အရင်ဖမ်းဆုပ်ရမယ်တဲ့လေ။
ကော်ကျင်းယွီက သူ၏ အောင်မြင်မှုခရီးစဉ်တွင် တစ်ဝက်တိတိ ရောက်နေပြီဟု ခံစားနေရ၏။ နောက်ထပ်အဆင့်ကတော့ သူ၏ ဟင်းချက်လက်ရာကို ရှယ်အမိုက်စား Level ထိ မြှင့်တင်ပြီး လီထုန်ကျိုးကို သူ့လက်ရာတွေချည်း ကျွေးကာ သူ့ကိုမှသူဖြစ်အောင် လုပ်ပစ်ရန်ပင်။ တစ်လှမ်းလေးတောင် ခွဲမသွားနိုင်အောင် ဖမ်းစားပစ်မည်ဟု ကြုံးဝါးနေမိတော့သည်။
ကော်မိသားစု တစ်သိုက် ထမင်းစားပြီးနောက် ခဏတဖြုတ် အနားယူကြပြီး ကွန်ပျူတာပစ္စည်းများ ရောင်းချရာ ကွန်ပျူတာမြို့တော်သို့ တိုက်ရိုက် သွားကြလေ၏။
ကော်ကျင်းယွီ၏ ဦးလေးက ဂူမျိုးရိုးဖြစ်ပြီး နာမည်မှာ ဂူပင်းရှု ဖြစ်၏။
ထိုစဉ်က အဘွားဖြစ်သူမှ ဗေဒင်မေးကာ ပေးခဲ့သော နာမည်များဖြစ်ပြီး မောင်နှမနှစ်ယောက်တွင် တစ်ယောက်က ဂူပင်းရှု၊ နောက်တစ်ယောက်က ဂူချန်ချင်း ဖြစ်ကာ ထင်းရှူးပင်များကဲ့သို့ အစဉ်အမြဲ စိမ်းလန်းရှင်သန်ပါစေဟူသော အဓိပ္ပာယ်ရသည်။
ဂူမောင်နှမနှစ်ယောက်စလုံးမှာ အတော်လေး ကြိုးစားကြပြီး ထိုခေတ်က ကောလိပ်ဝင်ခွင့်အောင်ကာ အလုပ်အကိုင်များ အသီးသီး ရရှိခဲ့ကြ၏။
ဦးလေးဂူက အလုပ်အနည်းငယ် လုပ်ပြီးနောက် စီးပွားရေးအခြေအနေ ကောင်းမွန်လာချိန်တွင် ကိုယ်ပိုင်စီးပွားရေးလောကထဲသို့ ဝင်ရောက်ကာ အရောင်းအဝယ် လုပ်ငန်းများ စတင်ခဲ့သည်။
စီးပွားရေးလည်း မဆိုးလှသဖြင့် နှစ်များစွာကြာသောအခါ အတော်အတန် ငွေစုမိနေပြီဖြစ်သည်။ ဂူချန်ချင်းမှာမူ အောက်ခြေမှစ၍ ကြိုးကြိုးစားစား လုပ်ကိုင်ခဲ့ရာ ပြီးခဲ့သည့် နှစ်နှစ်အတွင်း ရာထူးတက်မြန်ခဲ့ပြီး အလုပ်လုပ်ချင်စိတ်များ အပြည့်အဝ ရှိနေချိန်လည်း ဖြစ်၏။
ဂူမောင်နှမနှစ်ယောက်တွင် တူညီသော အချက်တစ်ခုကို ပြပါဆိုလျှင် ၎င်းမှာ နှစ်ယောက်စလုံးတွင် တော်လွန်းလှသည့် နောက်ခံအင်အားစု (အိမ်ထောင်ဖက်) များ ရှိနေခြင်းပင်။
ဂူပင်းရှု၏ ဇနီးမှာ သွက်လက်ထက်မြက်သူဖြစ်ပြီး၊ ဂူချန်ချင်းက ကော်မိသားစုသို့ ချွေးမဝင်သွားချိန်တွင်လည်း ခင်ပွန်းဖြစ်သူက သူမအပေါ် အလိုလိုက်အကြိုက်ဆောင်လွန်းလှ၏။
ဟင်းချက်၊ ကလေးထိန်းသည့် ကိစ္စများတွင် ညည်းညူသံ တစ်ခွန်းမှ မထွက်ဘဲ နေ့တိုင်း ပြုံးပြုံးရွှင်ရွှင်နှင့်ပင်။ ထို့ကြောင့်လည်း သူမအနေဖြင့် စိတ်ချလက်ချ အလုပ်ကြိုးစားနိုင်ခဲ့ပြီး ယနေ့ကဲ့သို့ အောင်မြင်မှုမျိုး ရရှိလာခြင်း ဖြစ်ပေသည်။
ကော်ကျင်းယွီက သူ့ဦးလေးကို အလွန်ချစ်ခင်သဖြင့် တွေ့တွေ့ချင်းပင် ပွေ့ဖက်လိုက်ပြီး လှမ်းခေါ်လိုက်၏။
“ဦးလေးကြီး!”
ဂူပင်းရှုက ဆေးလိပ်ကို ကိုက်ထားရင်း အံ့သြဝမ်းသာစွာဖြင့် တူဖြစ်သူကို ပွေ့ချီကာ တစ်ပတ်လှည့်လိုက်ပြီး ဟက်ဟက်ပက်ပက် ရယ်မောရင်း ပြောလေ၏။
“ဟေ့ကောင်လေး… မင်းဦးလေးကြီးဆီ လာလည်ရကောင်းမှန်း သိသေးတာပဲ။ လာ… ငါတစ်ချက်လောက် ကြည့်ရအောင်။ မဆိုးဘူးပဲ၊ အရပ်တွေ ထပ်ရှည်လာပြန်ပြီ”
ကော်ကျင်းယွီက ဂုဏ်ယူဝင့်ကြွားစွာဖြင့် ဆို၏။
“ဟုတ်တယ်မလား။ မနေ့ကမှ တိုင်းကြည့်တာ ၁.၇၈ မီတာတောင် ရှိတယ်ဗျ”
ဂူပင်းရှုကလည်း အရပ်ရှည်ရှည် ထောင်ထောင်မောင်းမောင်း လူစားမျိုးဖြစ်လေတော့ ထိုစကားကို ကြားသောအခါ ရယ်မောကာ ခေါင်းညိတ်ပြရင်း ပြောလိုက်သည်။
“ငါနဲ့ တူတာကိုးကွ”
ကော်အဖေက အနောက်မှ ကပ်ပါလာပြီး ခပ်တိုးတိုးဖြင့် ဝင်ပြောလေ၏။
“အစ်ကိုကြီး… ကျင်းယွီက ကျွန်တော်နဲ့ တူတာပါဗျ…”
ဂူပင်းရှုက လက်ကို ခပ်ကြမ်းကြမ်း ခါယမ်းလိုက်ပြီး ဆိုလိုက်တော့သည်။
“အာ… တူဆိုတာ ဦးလေးနဲ့ တူရစမြဲပဲ၊ မင်းက ဘာသိလို့လဲ”
ကော်အဖေ : “……”
……..
ဂူပင်းရှုက သူနှင့်အတူ ကွန်ပျူတာ အရင်သွားဝယ်မည်ဟု လုပ်သော်လည်း ကော်ကျင်းယွီက တားလိုက်၏။
“ဦးလေးကြီး… မလောပါနဲ့ဦး။ ကျွန်တော် တစ်ပတ်လောက် အရင် လျှောက်ကြည့်လိုက်ဦးမယ်”
ဂူပင်းရှုမှာ သူ့တူလေးဆိုလျှင် အသည်းအနှစ်ဖြစ်နေသဖြင့် ထိုစကားကို ကြားသည်နှင့် ချက်ချင်းပင် မြှောက်ထောက်ပင့်ကော် လုပ်တော့သည်။
“တစ်ပတ်လောက် ပတ်ကြည့်တာလည်း ကောင်းတာပဲလေ။ ပစ္စည်းဆိုတာ သုံးလေးဆိုင်လောက် နှိုင်းယှဉ်ကြည့်ပြီး စျေးကွက်အခြေအနေကို လေ့လာရတာပေါ့”
“အစ်ကိုကြီး… အလုပ်ကိစ္စကို အရင်လုပ်တာ အရေးကြီးတယ်လေ…”
“ဘာအလုပ်ကိစ္စ အရေးကြီးတာတွေ လာပြောနေတာလဲ။ ကျင်းယွီ လာလည်တာက အကြီးမားဆုံး ကိစ္စပဲ။ မင်းတို့နှစ်ယောက် ဆိုင်ထဲမှာ လက်ဖက်ရည်သောက်ပြီး ခဏနားနေကြဦး။ ငါ ကျင်းယွီကို အပြင်ခေါ်သွားပြီး လျှောက်လည်လိုက်ဦးမယ်”
ဦးလေးဂူက ရယ်ရယ်မောမောဖြင့် လက်ထဲမှ အလုပ်များကို ချထားလိုက်ပြီးနောက် သူတို့အတွက် လက်ဖက်ရည်လာငှဲ့ပေးရန် ဆိုင်ဝန်ထမ်းကို လှမ်းခေါ်လိုက်ကာ သူကိုယ်တိုင်ကမူ ကော်ကျင်းယွီအား ခေါ်၍ အပြင်သို့ ထွက်သွားလေတော့သည်။
ကော်အမေမှာ ပြောချင်နေသည့်စကားများ လည်ချောင်းဝရောက်နေသော်ငြား ဆက်မပြောဖြစ်တော့ဘဲ သူတို့သဘောအတိုင်းသာ လွှတ်ထားလိုက်ရလေတော့၏။
Chapter 16 ended