Little Creampie:
Chapter 15
လီချန်ယွမ် ရုတ်တရက် ပြင်းပြင်းထန်ထန် ချောင်းဆိုးသွားသည်ကို မြင်လိုက်ရသောအခါ ရှရှင်းချီသည် အံ့အားသင့်သွားသည်။ သို့သော် ရရှိမည့် ငွေကြေးပမာဏ အမြောက်အမြားအကြောင်း တွေးမိနေသဖြင့် ဤအခြေအနေကို မိမိကိုယ်တိုင် ဖန်တီးမိသည်ကို သဘောမပေါက်ချေ။
အလုပ်စဝင်သည့် ပထမနေ့မှာပင် ရွှေပေါင်လုံးကြီး မတော်တဆ သေဆုံးသွားမည်ကို စိုးရိမ်သဖြင့် ရှရှင်းချီသည် လျင်မြန်စွာ ထလိုက်ပြီး လီချန်ယွမ်၏ ကျောကို ညင်သာစွာ ပုတ်ပေးလိုက်သည်။
ထိုအချိန်တွင်ပင် သူစဉ်းစားမိသည် – “ဒီလူ၏ ခန္ဓာကိုယ်က အလွန်နုနယ်ပြီး ထိခိုက်လွယ်လွန်းလှသည်။ အသက်ရှည်ရှည် နေထိုင်နိုင်ရန် သေချာစွာ ဂရုတစိုက် စောင့်ရှောက်ပေးရမည်” ဟု။
လီချန်ယွမ်သည် လက်တစ်ဖက်ဖြင့် ပါးစပ်ကိုအုပ်ကာ အခြားလက်တစ်ဖက်ဖြင့် ရှရှင်းချီ ကို တွန်းဖယ်လိုက်သည်။ စိတ်ထဲတွင် သူပြောနေမိသည်မှာ – “သူ… ငါ့ကို အရင်က အရမ်းကြောက်နေခဲ့တာ မဟုတ်ဘူးလား။ အခုတော့ ငွေအတွက်ဆိုလျှင် ‘ယောကျာ်း’ ဟု လွယ်လွယ်ကူကူပင် ခေါ်နိုင်နေပြီ။”
အချိန်အတန်ကြာ ချောင်းဆိုးပြီးနောက် သူသည် အနည်းငယ် သက်သာလာကာ ပုံမှန်မဟုတ်သည့် အမူအရာဖြင့် “ငါ့နာမည်ပဲ ခေါ်” ဟု ပြောလိုက်သည်။
ရှရှင်းချီ သူ၏ မျက်နှာအမူအရာကို သတိထားမိသွားပြီး သူ နောင်တမရမီ ရွှေရောင်ဘဏ်ကတ်ကလေးကို လျင်မြန်စွာ ဆွဲယူလိုက်ပြီး အိတ်ထဲသို့ ထည့်လိုက်သည်။
အချိန်အတန်ကြာပြီးနောက် ရှရှင်းချီသည် အကြောင်းအရင်းကို မေးမြန်းရန် သတိရလာသည် – “လီချန်ယွမ်… ဘာလို့ကျွန်တော့်ကို ရွေးချယ်ရတာလဲ?”
ကောင်းကင်မှ ကျလာသော ပေါင်မုန့်သည် အလွန်ကြီးမားလှသော်လည်း အဆိပ်သင့်နေသောကြောင့် စားလို့မရပေ။
လီချန်ယွမ် က “ငါ့မှာ တရားဝင် အိမ်ထောင်ဖက် တစ်ယောက်လိုအပ်နေပြီး မင်းကလည်း သင့်တော်တဲ့အချိန်မှာ ပေါ်လာခဲ့လို့” ဟု ဖြေကြားလိုက်သည်။
ထိုစဉ် Summer သည် လီချန်ယွမ်ပေါ်သို့ ခုန်တက်လိုက်သည်။
ဒီတစ်ခါတော့ လီချန်ယွမ်က ကြောင်လေးကို မောင်းထုတ်မည့်အစား သူ၏ခေါင်းကို ပွတ်သပ်ပေးလိုက်တာနဲ့ ကြောင်လေးမှာ သဘောကျစွာ ညည်းလိုက်လေသည်။
ရှရှင်းချီက ခေါင်းငဲ့ကာ တွေးနေမိသည်- တရားဝင်အိမ်ထောင်ဖက်လိုအပ်ရင် လိင် မရွေးဘဲ အလွယ်တကူ လက်ထပ်လိုက်လို့ရတာပဲလား?
ဘဝတစ်ခုလုံးနဲ့ဆိုင်တဲ့ကိစ္စကို ဒီလိုရိုးရိုးလေးဖြေရှင်းလိုက်တာ နည်းနည်းတော့ အံ့အားသင့်စရာပင်။
သို့သော် လီချန်ယွမ်မှာ အသက်ရှင်နေထိုင်ရန် နောက်ထပ် ခြောက်လသာ ကျန်တော့သည်ဆိုတာ သတိရတဲ့အခါ ဒီလိုရိုးရိုးလေးလုပ်တာက ပိုကောင်းမယ်လို့ သူထင်လာတယ်။
မဟုတ်ရင် တကယ်လို့ သူ့မှာသာ ချစ်သူတစ်ယောက်ရှိခဲ့ရင် သူသေဆုံးသွားတဲ့အခါ အဲဒီချစ်သူမှာ ဘယ်လောက်တောင် ဝမ်းနည်းရမလဲ?
ဒီအတွေးနဲ့ပဲ ရှရှင်းချီဟာ ကောင်းကင်က ကျလာတဲ့ကံကောင်းမှုအပေါ် သံသယတွေကင်းရှင်းသွားပြီး ဒီအလုပ်အတွက် သူ့ထက်ပိုသင်တော်တဲ့သူမရှိဘူးလို့တောင် ခံစားမိလာတယ်။
သူပျော်ရွှင်စွာတွေးနေတုန်း ရုတ်တရက် လီချန်ယွမ်ထံမှ “ဒီကိုလာ” လို့ပြောလိုက်တဲ့အသံကို ကြားလိုက်ရသည်။
ရှရှင်းချီမှာ အကြောင်းအရင်းကိုမသိပေမယ့်လည်း နာခံစွာထပြီး စားပွဲကိုပတ်ကာ သူ့ရှေ့မှာရပ်လိုက်သည်။
မထိန်းနိုင်ပဲ အောက်ကိုငုံ့ကြည့်မိတဲ့အခါ လီချန်ယွမ်ရဲ့ သွယ်လျသောလက်ချောင်းလေးတွေက Summer ရဲ့ အဖြူရောင် အမွေးနုနုတွေပေါ်မှာ ဖွဖွလေးနေရာယူထားပြီး ပွတ်သပ်ပေးနေသည်ကိုမြင်လိုက်ရသည်။
ရှရှင်းချီ စိတ်ဝင်စားစွာ ကြည့်နေသည်ကို မြင်လိုက်ရသောအခါ လီချန်ယွမ်သည် မေးငေါ့လိုက်ကာ “ပွတ်ကြည့်” လို့ပြောလိုက်သည်။
-ဟင်? ငါကြောင်ကို လိုချင်နေတာသူသိသွားတာလား? ငါ့ပုံက ဒီလောက်သိသာနေတာလား?
ဒါပေမယ့် အရေးအကြီးဆုံးက သူသဘောကျတဲ့ ကြောင်ရဲ့အမြီးပွပွကြီးကို နောက်ဆုံးပွတ်သပ်ခွင့်ရမယ်ဆိုတာပါပဲ!
လီချန်ယွမ် အနားမှာရှိနေတော့ Summer ဟာ အမွေးတွေထောင်မလာဘဲ၊ မျက်လုံးတစ်ဝက်မှိတ်ကာ သူ့သခင်ရဲ့ပေါင်ပေါ်မှာ ဇိမ်ကျနေပြီး ရှရှင်းချီရဲ့လက်ချောင်းလေးတွေက သူ့ရဲ့နူးညံ့တဲ့အမွေးပွပွတွေဆီ ပွတ်သပ်ပေးနေသည်ကို ခွင့်ပြုလေသည်။
အမြီးဖျားကို ဖွဖွလေးညှစ်လိုက်တာကိုပင် ဒေါသမထွက်ခဲ့ချေ။
ရှရှင်းချီဟာ ပျော်ရွှင်စွာထိုင်လိုက်ပြီးကြောင်လေးကို တယုတယပွတ်သပ်ရင်း၊ မွှေးပျံနေသော အမွေးနုနုထဲ မျက်နှာနှစ်လိုက်ပြီး ပြန်မော့လိုက်သည်။
ဆယ်မိနစ်အတွင်းမှာပဲ သူဟာ ပိုက်ဆံအပြင် ကြောင်လေးနဲ့ လွတ်လွတ်လပ်လပ် ဆော့ခွင့်ပါ ရသွားလေသည်။
ဒါ ‘ဇနီးနဲ့သားသမီးရှိတဲ့ ကြည်နူးစရာ ခံစားချက်မျိုးလား။’
‘ဟုတ်ကဲ့၊ ကျွန်တော်-‘
နောက်ဆက်မယ့် စကားလုံးတွေဟာ လည်ချောင်းထဲမှာပဲ တစ်ကျန်ခဲ့လေတယ်။
ဘာကြောင့်လဲဆိုတော့ ရှရှင်းချီ ခေါင်းမော့ကြည့်လိုက်တဲ့အခါ လီချန်ယွမ်ရဲ့ အလွန်ထူးဆန်းတဲ့ မျက်နှာအမူအရာကို တွေ့လိုက်ရလို့ပင်ဖြစ်သည်။
သူ… ပြုံးနေတယ်။
ဒါပေမယ့် အဲဒီပြုံးနေတဲ့အပြုံးက အနည်းငယ် ကျောချမ်းစရာကောင်းပြီး၊ သူ့ရဲ့စူးရှနေတဲ့ ပယင်းရောင်မျက်လုံးတွေဟာ ပြင်းပျတဲ့စိတ်ခံစားမှုတွေနဲ့ ရောနှောနေပြီး သူ့ကို့မမှိတ်မသုန်စူးစိုက်ကြည့်နေလေသည်။
မင်းလိုချင်တဲ့အရာတစ်ခုကို ရရှိပြီးနောက်ပိုင်း ခံစားရတဲ့ သဘောတကျစွဲလမ်းမှုတစ်ခုကဲ့သို့ဖြစ်သည်။
ရှရှင်းချီ ရုတ်တရက် လန့်သွားပြီး ပြောမယ့်စကားတွေအားလုံးကိုပင် မေ့သွားလေသည်။ သူ ကြက်သီးထသလို ခံစားလိုက်ရပြီး ချက်ချင်းပဲ ကြမ်းပြင်ပေါ်ထိုင်ကျသွားခဲ့သည်။
-အမယ်လေး၊ ဒီလိုအမူအရာမျိုး ဗီလိန်တစ်ယောက်တွင် ရှိနေသည်မှာလုံးဝမသင့်တော်ပေ။
ကံကောင်းစွာပဲ၊ လီချန်ယွမ်မှာ သူ့အမူအရာကို သတိထားမိသွားပြီး သဘာဝမကျစွာ ခေါင်းလှည့်လိုက်ကာ ရုတ်တရက် သူ့မျက်နှာကို ပြန်လည်ထိန်းချုပ်လိုက်တယ်။ ခဏအတွင်းမှာပဲ ပုံမှန်အေးစက်နေသောအမူအရာသို့ ပြန်ဖြစ်သွားသည်။
ရှရှင်းချီရဲ့ နှလုံးခုန်သံကတော့ အရမ်းမြန်နေဆဲပဲဖြစ်သည်။ သူ့ကိုယ်သူ စဉ်းစားနေမိတယ် – “ငါကြောင်ကိုပွတ်လိုက်လို့ သူမကျေမနပ်ဖြစ်သွားတာလား… ဒါမှမဟုတ် သူက အမြဲတမ်း ဘယ်သူ့အတွက်မဆို ဒီလိုကြောက်စရာကောင်းနေတာလား?”
အခန်းမှာ ခဏတာ တိတ်ဆိတ်ငြိမ်သက်သွားသည်။
နှစ်ယောက်လုံး ဘာမှမပြောကြဘဲ အချိန်အတော်ကြာ ဒီအတိုင်းနေနေကြတယ်။ နောက်ဆုံးမှာ အန်တီလီက တံခါးခေါက်သံနဲ့အတူ “Sir, သခင်လေး ညစာပြင်ဆင်ပြီးပါပြီ” လို့ပြောလာသည်။
ရှရှင်းချီက အသံကြားလိုက်တာနဲ့ သက်သာရာရသွားသလိုခံစားလိုက်ရပြီး အောက်ထပ်သို့ပြေးဆင်းသွားလေသည်။
…
ညစာစားပွဲက အတော်လေးခမ်းနားပြီး သူ့ရဲ့ တစ်လစာစားစရိတ်လောက်ရှိတဲ့ အနေအထားဖြစ်သည်။ ပိုကောင်းတာက ဒီအစားအစာတွေက သူ့အရသာနဲ့လည်း ကိုက်ညီနေတယ်။ ဝက်နံရိုးနှပ်ရဲ့ မွှေးပျံ့နေသောအနံ့မှာ သူ့ကိုဆွဲဆောင်နေပြီး၊ စာကြည့်ခန်းထဲက ထူးဆန်းတဲ့ဖြစ်ရပ်ကိုပင် ခဏတာမေ့သွားအောင်လုပ်နိုင်လေသည်။
ဆင်းရဲတဲ့ဘဝကြောင့် ရှရှင်းချီဟာ “လောက်ရုံစားပါ” ၊ “ဘာမှမကျန်ရစ်ပါစေနဲ့” ဆိုတဲ့ အလေ့အထကို အမြဲလိုက်နာခဲ့ပေမယ့်၊တကယ်တော့ သူကြိုက်တာနဲ့မကြိုက်တာကို ကောင်းကောင်းခွဲခြားနိုင်တဲ့သူပင်။
လီချန်ယွမ်ရှေ့မှာတော့ အရမ်းပေါ့ပြီး အဆီအစိမ့်နည်းတဲ့ ဟင်းပွဲတွေသာရှိပြီး၊ သူက ချက်ချင်း ဒါတွေကိုမစားသေးဘဲ ရှရှင်းချီ ပျော်ပျော်ကြီးစားနေတာကို တိတ်တဆိတ်ကြည့်နေလေသည်။
တစ်ယောက်သောသူကတော့ အသားစားခွင့်ရတာကို ပျော်ရွှင်နေပြီး ဘာဖြစ်နေလဲကိုပင် သတိမထားမိပေ။
ရုတ်တရက် ဖုန်းတုန်ခါသံကြားတော့မှသာ ပါးစပ်မှာ ငါးသေးတစ်ကောင်စားရင်း လှည့်ကြည့်လိုက်သည်။ ဖုန်းစခရင်မှာ “လင်းမုန့်” ဆိုတဲ့စာလုံးကြီးနှစ်လုံးကို တွေ့လိုက်ရသည်။
ဒါကသူ့မန်နေဂျာဖြစ်သည်။ အခုသူက အဆင့်၁၈ အနုပညာရှင်တစ်ဦးဖြစ်ပြီး၊ လင်းမုန့်မှာလည်း မထင်ရှားတဲ့မန်နေဂျာလေးတစ်ဦးသာဖြစ်သည်။ နှစ်ယောက်စလုံးမှာမောင်နှမတွေကဲ့သို့ပင်ဖြစ်သည်။
ရှရှင်းချီ ငါးဝါးနေရင်း တွေးနေမိသည်- ဟုတ်ပြီ၊ အခုငါက အလုပ်လက်မဲ့တစ်ယောက် မဟုတ်တော့ဘူး။ ငါ…အား! သွားပြီ!
စာကြည့်ခန်းမှာတုန်းက လီချန်ယွမ်ရဲ့ အပြုံးကြောင့် မေ့သွားခဲ့တဲ့စကားတစ်ဝက်ကို အခုမှသတိရလာခဲ့သည်-
ဒီည သူ့မှာ ကြော်ငြာရိုက်ကူးစရာ တစ်ခုရှိတယ်!
စာအုပ်ထဲ ကူးပြောင်းလာသည်မှာ ရက်ပိုင်းပဲရှိသေးတော့ အလုပ်ကိစ္စတွေမှာ အခုထိမကျွမ်းကျင်သေးပေ။ ဒါကြောင့် လက်ရှိအလုပ်ကို သူ လုံးဝမေ့နေခဲ့တာ။
“လူကြိုက်များတဲ့ idol ရှယွီ”ရဲ့ လျှို့ဝှက်တိုက်ခိုက်မှုခံနေရတဲ့ ရှရှင်းချီမှာ နာမည်မကြီးခင်မှာပင် အနက်ရောင်ပရိသတ်တွေနဲ့ မကောင်းသတင်းတွေအများကြီးရှိနေပြီးဖြစ်သည်။
ဒီကြော်ငြာလိုမျိုး နုံချာနေတဲ့အရင်းအမြစ်အနည်းငယ်သာ ကျန်ရှိတော့သည်။
ရှရှင်းချီက အဆုံးသတ်ကိုတွေးရင်း ဖုန်းကိုမြန်မြန်ကိုင်လိုက်သည်။
ဖုန်းတစ်ဖက်မှ လင်းမုန့်က တိုက်တွန်းလိုက်သည်- “ရှင်းချီရေ၊ ထွက်ဖို့အဆင့်ဖြစ်ပြီလား? ဒီနေ့စောစောသွားကြရအောင်။”
“ဒီနေ့ ရိုက်ကွင်းမှာ ဟန်နဉ်ယွီလည်း ပါတယ်” သူက အားနည်းသူတွေကိုပညာပြပြီး အားကြီးသူတွေကိုကပ်ဖားတတ်တဲ့သူ၊ အဆင့်၁၈ အနုပညာရှင်တွေကို ဖိနှိပ်ပြီး သူရဲ့သာလွန်မှုကို ပြသရတာ ကြိုက်နှစ်သက်တဲ့သူ ဖြစ်သည်။
လင်းမုန့်က မန်နေဂျာလည်းဖြစ်၊ အကူလည်းဖြစ်နေတော့ အရမ်းမအားဘူး။ အလျင်အမြန်ဖုန်းချပြီး သူ့ကိုမြန်မြန်ထွက်ဖို့ထပ်တိုက်တွန်းလိုက်သည်။
ရှရှင်းချီ နာရီကိုကြည့်လိုက်တာနဲ့ စိတ်ရှုပ်သွား၏။ သူမအလျင်လိုတာမှန်ပါတယ်။ စောစောရောက်ဖို့မပြောနဲ့ အချိန်မီရောက်ဖို့တောင် မလွယ်တော့ပေ။
ကံကောင်းတာက မူလဇာတ်ကောင်မှာ ရှယွီရဲ့ထိန်းချုပ်မှုအောက်မှာ အနုပညာလောကကို အတင်းဝင်ရောက်ခဲ့ရတာဖြစ်ပြီး အလုပ်သက်တမ်းမှာ ခြောက်လပင်ရှိသေးကာ ကျွမ်းကျင်မှုမရှိသေးပေ။
မဟုတ်ရင် အလုပ်မေ့တာတင်မကဘဲ ပိုဆိုးတဲ့အရှက်ကွဲမှုတွေဖြစ်သွားနိုင်တယ်။
ရှရှင်းချီက taxi app ကိုအမြန်ဖွင့်ပြီး အငှါးယာဉ်မောင်းတစ်ယောက်အမြန်ရောက်လာဖို့ စိတ်ထဲမှာဆုတောင်းနေမိသည်။
တည်နေရာထည့်နေတုန်း ဖုန်းစခရင်မှာ ရုတ်တရက်ပိတ်သွားပြီး ဘယ်လိုဖွင့်ဖွင့် မတုံ့ပြန်တော့ပေ။
မှန်ကွဲနေတဲ့ ဒီဖုန်းဟာ အရေးကြီးတဲ့အချိန်မှာ ဘယ်လိုမှအလုပ်မလုပ်တော့ပေ။
ရှရှင်းချီ: ……
ဘာလို့ ကံဆိုးတဲ့သူတွေဆီမှာ အမြဲတမ်း ကံဆိုးမှုတွေပဲ လိုက်ပါနေရတာလဲ?
ငါ တကယ်ကို ကံဆိုးတဲ့သူပဲ!မောင်ကံဆိုးလေးပဲ…
ရုတ်တရက် လီချန်ယွမ်က “အဝတ်အစားလဲလိုက် ငါ့ကားနဲ့လိုက်ပို့မယ်။” ဟု ပြောလိုက်သည်။
ဒီစကားက ရှရှင်းချီကို စေ့စပ်ပွဲမှအဖြစ်အပျက်ကို ပြန်သတိရစေတယ်။ သူ့အဝတ်အစားနဲ့ပစ္စည်းတွေအားလုံး ရှ အိမ်မှာပဲကျန်ခဲ့သည်။
ဒီအချိန်မှာတော့ အိမ်အကူတွေက အမျိုးမျိုးသော စက္ကူအိတ်တွေအများကြီးယူလာတယ်။ အားလုံးမှာ နာမည်ကြီးအမှတ်တံဆိပ်တွေရဲ့ လတ်တလော ရာသီအသစ်တွေဖြစ်သည်။ဖွင့်ကြည့်တော့ အားလုံးမှာသူ့အရွယ်အစားနဲ့ အတိအကျပင်ဖြစ်နေတယ်။
ဒါက တကယ်ကို အချိန်ကိုက် လက်ဆောင်ပါပဲ။ ရှရှင်းချီက လီချန်ယွမ်ကို ပိုပြီးလေးစားတဲ့အကြည့်နဲ့ကြည့်လိုက်သည်။
ဒါက ဗီလိန်တစ်ယောက်ထက်ကိုပိုတယ်၊ ဒါ ဒိုရေမွန် ပဲ။
တကယ်တော့ ကြိုတင်စီစဉ်ထားတဲ့စေ့စပ်မှုလိုပဲ ဒီအဝတ်အစားတွေကိုလည်း နှစ်ရက်ကြိုပြင်ဆင်ထားတာဖြစ်သည်။
ရှရှင်းချီ စာအုပ်ထဲကူးပြောင်းလာတဲ့ညက လီချန်ယွမ်နိုးလာပြီး သူ့ကိုအိပ်ရာပေါ်ဖိချတဲ့အချိန်မှာ သူ့အရွယ်အစားကို တွက်မိပြီးသားဖြစ်သည်။
ဒါကြောင့် အတွင်းရေးမှူးယီကို “ရှင်းချီအတွက် ဈေးဝယ်ထွက်ဖို့” အမိန့်ပေးလိုက်တာဖြစ်သည်။
ဆိုင်ဝန်ထမ်းတွေရဲ့ အံ့အားသင့်တဲ့မျက်လုံးတွေရှေ့မှာ အတွင်းရေးမှူးယီသည် Mr. လီ ရဲ့ဘလက်ကတ်ကို ထုတ်ယူပြီး ဒဏ္ဍာရီဆန်ဆန် “ အခန်းပြည့်ဝယ်ချင်း”အတွေ့အကြုံကိုရခဲ့သည်။
ရွေးချယ်ဖို့အချိန်မရှိတော့သောကြောင့် ရှရှင်းချီက စက္ကူအိတ်တစ်ထုပ်ကိုဆွဲယူပြီး အခန်းထဲပြေးဝင်လိုက်တယ်။ တံခါးမပိတ်ခင် သူပြောလိုက်တာက –
“ရတယ် ခဗျား ညစာသာပြီးအောင်စားပါ။ ကျွန်တော့်ကို ခဗျားဖုန်းလေးပဲငှါးပါ၊ တက္ကစီခေါ်လိုက်ပါ့မယ်။”
တက္ကစီတွေက ဒီလိုအိမ်ကြီးတွေဘက်ကို မလာတတ်ကြဘူး။ ဒီတော့ လမ်းဘေးမှာ ရပ်ပြီး တက္ကစီငှါးဖို့ဆိုတာလည်း မျှော်လင့်လို့မရဘူး။
မျှော်လင့်မထားတာက ရှရှင်းချီက ယုန်တစ်ကောင်လို အခန်းကနေပြေးထွက်လာတဲ့အချိန် လီချန်ယွမ်ကလည်း အဝတ်အစားအပြည့်အစုံလဲပြီးသားဖြစ်နေသည်။
ဒါပေမယ့် ထမင်းစားပွဲပေါ်က စားစရာတွေမှာတော့ တစ်လုပ်တောင်မစားထားရသေးပေ။
ရှရှင်းချီ ချက်ချင်းစိတ်မချမ်းသာဖြစ်သွားတယ် – “ခဏလေး၊ ခဗျားဘာမှ မစားရသေးဘူး…”
သူ့ရဲ့ နုနယ်လွန်းလှတဲ့ အစာအိမ်ဟာ ညစာမစားရင် ဒီည နေမကောင်းဖြစ်မှာ သေချာတယ်။
လီချန်ယွမ်က နားမထောင်ဘဲ ကားသော့ကိုကောက်ယူပြီး ဗီလာရဲ့ဓာတ်လှေကားဆီသွားလိုက်တယ်။ သူ့စကားကို ပြန်ငြင်းခွင့်မရှိဘူးဆိုတာ အသိအသာပင်ဖြစ်သည်။
ရှရှင်းချီမှာ ရွေးချယ်စရာမရှိတော့ဘဲ နှုတ်ဆိတ်ကာ သူ့နောက်ကိုလိုက်သွားသည်။ ကမ္ဘာ့ထိပ်တန်ကားပြပွဲနဲ့ ယှဉ်နိုင်တဲ့ ကျယ်ပြန့်လှသော မြေအောက်ကားဂိုဒေါင်ကြီးကို ပထမဆုံးအကြိမ်မြင်လိုက်ရသည်။
သူက ယာဉ်မောင်းမပါလာတဲ့အတွက် သာမန် Rolls-Royce မဟုတ်ဘဲ အတော်လေးကြည်လို့ကောင်းတဲ့ ငွေရောင် sportကားတစ်စီးကိုရွေးလိုက်သည်။
ကားတံဆိပ်ကို မသိပေမယ့် ဒါကတော်တော်တန်ဖိုးကြီးမယ်လို့ထင်တယ်။
Chapter 15 end