Chapter 17
____
ကော်ကျင်းယွီနှင့် လီထုန်ကျိုးတို့နှစ်ယောက်က ဆယ်ကျော်သက်အရွယ် ကောင်လေးတွေဖြစ်ပြီး အရပ်ရှည်ရှည်၊ ရုပ်ချောချောနဲ့မို့ ဂူပင်းရှုက သူတို့နှစ်ယောက်ကို ခေါ်ကာ လျှောက်သွားနေချိန်တွင် သိကျွမ်းသည့် ဆိုင်ရှင်တော်တော်များများက လှမ်းနှုတ်ဆက်ကြလေ၏။ ဦးလေးဂူမှာတော့ ရင်ကော့နေပြီး မျက်နှာပန်းပွင့်နေတော့သည်။
ယခုအချိန်ရှိ ကွန်ပျူတာမြို့တော်မှာ နောက်ပိုင်းကာလများလောက် အတိုင်းအတာ မကြီးမားသေးသော်လည်း ပြည်နယ်မြို့တော်၏ ဒစ်ဂျစ်တယ်ပစ္စည်းအရောင်းစင်တာကြီးတစ်ခု၏ အငွေ့အသက်များကိုတော့ အထင်းသား မြင်တွေ့နိုင်နေပြီဖြစ်သည်။
ဂူပင်းရှုရှိနေသည့် ရုံးခန်းအဆောက်အအုံတွင် ဈေးဝယ်သူများပြားလှပြီး အတော်လေး အရောင်းအဝယ်သွက်နေပုံပေါ်၏။
အပေါ်ထပ်တွင် ဆင်ဟွာစာအုပ်ဆိုင်ရှိကာ အောက်ထပ်တွင်မူ ဒစ်ဂျစ်တယ်အိမ်သုံးပစ္စည်းမျိုးစုံ ရောင်းချသည့်ဆိုင်များဖြင့် ရှုပ်ယှက်ခတ်နေ၏။
ကွန်ပျူတာအပိုပစ္စည်းရောင်းသည့် ဆိုင်အများစုမှာ အနောက်မြောက်ထောင့်တွင် စုပြုံနေကြပြီး တချို့ဆိုင်ကြီးများဆိုလျှင် ပြင်ဆင်သည့် ဝန်ဆောင်မှုကိုပါ ပူးတွဲလုပ်ကိုင်ကြသည်။ ယခုခေတ်တွင် ကွန်ပျူတာပြင်တတ်ခြင်းကလည်း ဝင်ငွေကောင်းသော အတတ်ပညာတစ်ခု ဖြစ်နေလေ၏။
ဂူပင်းရှုက သူတို့ကို ဆိုင်တစ်ဆိုင်သို့ ခေါ်သွားလေ၏။ ဆိုင်ရှင်က သူနှင့် ကွန်ပျူတာမြို့တော်တွင် အလုပ်အတူလုပ်လာသည်မှာ အတော်ကြာပြီဖြစ်သည့် မိတ်ဆွေတစ်ယောက်ဖြစ်သည်။
ထိုသူ၏ မျိုးရိုးနာမည်မှာ ဝမ် ဖြစ်ပြီး ခပ်ပိန်ပိန်ပါးပါးနှင့် အတော်လေး ပါးနပ်မည့်ရုပ်သွင်မျိုးရှိ၏။ထိုလူက ဂူပင်းရှုကို မြင်သည်နှင့် တက်တက်ကြွကြွ လှမ်းနှုတ်ဆက်လေသည်။
“အစ်ကိုဂူ… ရောက်လာတာလား…”
ဂူပင်းရှုက ပြန်ဖြေလိုက်၏။
“အေး… ငါ့တူကို ကွန်ပျူတာလာဆင်ပေးတာ… မင်းဆီမှာ ခပ်မိုက်မိုက်လေးတွေ ဘာရှိလဲ…”
ဘော့စ်ဝမ်က စကားပြောရင်းနှင့် ကွန်ပျူတာပစ္စည်းစာရင်းများကို ချရေးကာ ဂဏန်းတွက်စက်နှိပ်၍ တွက်ချက်ပြနေ၏။
“ရှိတယ်… ရှိတယ်… အိမ်သုံးပဲမလား… အဲ့ဒါဆို တစ်လုံးဆင်ပေးမယ်လေ… ကိုယ်ပိုင်သုံးဖို့ဆိုတော့ အရမ်းရှုပ်ယှက်ခတ်နေတာတွေ မလိုပါဘူး… ကျောင်းသားဆိုတော့ စာလုပ်ဖို့က အဓိကပဲလေ… စျေးသက်သက်သာသာနဲ့ တန်တာလေးဆို ရပြီမလား…”
ဂူပင်းရှုမှာ ဤအရာများကို သိပ်နားမလည်လှချေ။ ထိုအချိန်တွင် သူ့ထံ ဖုန်းဝင်လာသဖြင့် ကော်ကျင်းယွီတို့ကိုသာ သွားကြည့်ခိုင်းလိုက်ပြီး လိုချင်သည့်ပုံစံရှိလျှင် ဘော့စ်ဝမ်ကိုသာ ပြောပြရန် မှာထားခဲ့ကာ သူကိုယ်တိုင်ကမူ ဆိုင်အပေါက်ဝသို့ ထွက်၍ ဖုန်းသွားပြောနေလေတော့၏။
ကော်ကျင်းယွီမှာ ကတုံးကြီးများနှင့်တူသော ထိုဖင်ကောက်ကွန်ပျူတာ အလုံးကြီးများကို လိုက်ကြည့်နေမိ၏။
ဤကဲ့သို့သော မော်နီတာများကို သူ မမြင်ရသည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်နေပြီဖြစ်သည်။ ဘေးနားတွင် ဖွင့်ထားသော ကွန်ပျူတာနှစ်လုံးအနက် တစ်လုံး၏ မော်နီတာမှာ ၁၄ လက်မအရွယ်ပင် ရှိနေသေး၏။
ဤအရာများက နောက်ဆုံးပေါ် မော်ဒယ်ဟူသော စတစ်ကာများ ကပ်ထားသည့်တိုင်အောင် သူ့မျက်လုံးထဲတွင်တော့ နှစ်ပေါင်းများစွာ မတွေ့ရတော့သည့် ရှေးဟောင်းပစ္စည်းကြီးများသာ ဖြစ်နေသဖြင့် ဆိုင်ထဲတွင် လျှောက်ကြည့်နေချိန်၌ သိပ်ပြီး အထူးအဆန်း ဖြစ်မနေခဲ့ပေ။
ဘော့စ်ဝမ်က သူ၏ မျက်နှာရိပ်မျက်နှာကဲကို အကဲခတ်နေ၏။ ဆိုင်ထဲ ဝင်လာသည့် ကောင်လေးနှစ်ယောက်အနက် တစ်ယောက်က စကားတစ်ခွန်းမှ မဟဘဲ ငြိမ်နေကာ ကျန်တစ်ယောက်ကမူ ကွန်ပျူတာအကြောင်း အတော်လေး နားလည်နေသည့်ပုံစံမျိုးဖြင့် ပေါ့ပေါ့ပါးပါး စကားစမြည် ပြောဆိုနေသည်ကို သူ သတိထားမိလိုက်သည်။
ဘော့စ်ဝမ်က ထိုကောင်လေးနှစ်ယောက်အတွက် အပိုပစ္စည်းအချို့ကို ထုတ်ပေးလိုက်ရာ လီထုန်ကျိုးက ပယ်ချလိုက်ပြီး ဘေးနားရှိ ပစ္စည်းများကို လက်ညှိုးထိုးပြကာ ပြောင်းခိုင်းလိုက်၏။
“CPU ကို AMD K6-P233 ပဲ ယူမယ်…”
ဘော့စ်ဝမ်က အစားထိုးလဲလှယ်ပေးလိုက်ပြီး ပြုံးလျက် မေးလာသည်။
“ညီလေးက ကွန်ပျူတာအကြောင်း နားလည်တယ်ပေါ့…”
လီထုန်ကျိုးက ဖြေလိုက်၏။
“ကျောင်းမှာ ကွန်ပျူတာသင်တန်း ရှိတယ်လေ…”
ဘော့စ်ဝမ်၏ မျက်လုံးများက တစ်ချက်ဝေ့ဝဲသွားပြီးနောက် ပြောလာသည်။
“အို… အဲ့ဒါဆို ကွက်တိပဲ… နားမလည်တဲ့သူတွေဆိုရင် ရှင်းပြရခက်လို့လေ… အဲ့ဒါဆိုရင် အစ်ကိုက specမြင့်တာလေး တစ်စုံဆင်ပေးမယ်… ဆင်ပွားကွန်ပျူတာဆိုပေမယ့် ပစ္စည်းကောင်းတွေချည်း စုထည့်ထားရင် ဘရန်းတွေထက် အများကြီး ပိုမိုက်တယ်ကွ!”
ကော်ကျင်းယွီ နားထောင်ကြည့်ရသလောက်တော့ ခင်မင်မှုကို အသုံးချပြီး ဂျင်းထည့်တော့မည့်ပုံစံ ပေါက်နေလေ၏။
ဘော့စ်ဝမ်က စကားပြောရင်းနှင့် ဈေးနှုန်းကို ပြန်လည်တွက်ချက်နေ၏။ သူက ဂဏန်းတွက်စက်ကို တောက်တောက်မြည်အောင် နှိပ်လိုက်ပြီးနောက် ကော်ကျင်းယွီအား ပြလာသည်။
“ညီလေးတို့ ရွေးတဲ့ ပစ္စည်းတွေနဲ့ဆိုရင်တော့ ခုနက အစ်ကိုတွက်ပေးထားတာထက် ပိုကောင်းသွားမှာ သေချာတယ်… ဒါပေမဲ့ ဈေးတော့ နည်းနည်း ပိုကြီးသွားမယ်… ဒါက အရင်းဈေးပဲ… ရော့… ကြည့်ကြည့်လိုက်ဦး…”
ယခုခေတ်တွင် ကွန်ပျူတာဈေးကြီးမှန်း ကော်ကျင်းယွီ သိသော်ငြား ဤလူက ၉၈၈၈ ယွမ် ဟူသည့် ဈေးနှုန်းကို လက်လွတ်စပယ် နှိပ်ပြလာလိမ့်မည်ဟု သူ လုံးဝ ထင်မထားခဲ့ပေ။ ဂဏန်းတွက်စက်ကို တစ်လှည့်၊ ဘော့စ်ဝမ်ကို တစ်လှည့် ကြည့်လိုက်ပြီးနောက် သူက မေးလိုက်၏။
“ဘော့စ်ရဲ့ အရင်းဈေးက တော်တော်လေးကို ကြီးတာပဲ… သိချင်လို့ မေးကြည့်တာပါ… သာမန်လူတွေကိုဆို ဘယ်လောက်နဲ့ ရောင်းတာလဲဗျ…”
ဘော့စ်ဝမ်က မျက်နှာပြောင်တိုက်ကောင်းသူပီပီ သူ၏ စကားထဲမှ သရော်သည့် အဓိပ္ပာယ်ကို နားမလည်ယောင်ဆောင်ကာ ပြန်ဖြေလေသည်။
“ပုံမှန်ဆိုရင်တော့ တစ်သောင်းကျော်ကျော်လောက်တော့ ရောင်းတယ်လေ…”
ကော်ကျင်းယွီ သဘောကျသွားပြီး ရယ်ချလိုက်၏။
“တစ်လုံးရောင်းရမှ ယွမ်တစ်ရာလောက်ပဲ မြတ်တယ်ဆိုတော့… ဘော့စ်ရှာရတဲ့ ပိုက်ဆံက တော်တော်လေး ပင်ပန်းမှာပဲ… အဲ့လောက်တောင် စေတနာထားနေမှတော့ ကျွန်တော်တောင် အားနာလာပြီ…”
သူတို့မိသားစု၏ ဘတ်ဂျက်က ခြောက်ထောင်၊ ခုနစ်ထောင်ခန့်သာဖြစ်ပြီး ဤဈေးနှုန်းက အတော်လေးကို ကျော်လွန်သွားချေပြီ။
လက်ရှိအချိန်တွင် သူ၏အမေ လစာမှာ တစ်လလျှင် သုံးထောင်ကျော်သာရှိပြီး ၎င်းမှာပင် လစာကောင်းသည့်စာရင်းထဲ ပါနေပြီဖြစ်သည်။
ကော်အဖေ၏ တစ်လစာ လစာနှင့် ထောက်ပံ့ကြေးများ အားလုံးပေါင်းမှ ယွမ် ၈၀၀ သာရှိကြောင်း ထည့်တွက်ရမည်ဖြစ်သည်။
ဘော့စ်ဝမ်မှာ ဤအလုပ်အကိုင်ကို လက်လွတ်မခံချင်သဖြင့် သူ့အား ထပ်မံဖျောင်းဖျနေ၏။ သူက အရှုံးခံပြီး ရောင်းပေးနေရသည့်အလား ဟန်ဆောင်ကောင်းလွန်းလှသည်။
“နည်းနည်းတော့ ဈေးကြီးသွားတယ်… အဓိကက ညီလေးရဲ့ သူငယ်ချင်းက ပစ္စည်းတွေကို အသေရွေးလိုက်လို့လေ… အကောင်းဆုံးတွေချည်းပဲ ယူထားတော့ အစ်ကိုလည်း ဘာမှ မတတ်နိုင်ဘူး… ဒီလိုလုပ်… ဂရပ်ဖစ်ကတ်ကို အရင်မော်ဒယ် ပြောင်းလိုက်မယ်ဆိုရင် ယွမ် ၆၀၀ လောက် သက်သာသွားမယ်… ကီးဘုတ်နဲ့ မောက်စ်ကိုလည်း အစ်ကို အလကား လက်ဆောင်ပေးမယ်… အစ်ကိုဂူက အရင်က အစ်ကို့ကို အများကြီး ကူညီပေးဖူးတယ်လေ… ညီလေးက သူ့တူဆိုတော့ ဘယ်လိုလုပ် အစ်ကိုက အနစ်နာခံခိုင်းရက်မှာလဲ… ဒီတစ်လုံးအတွက် အစ်ကို အမြတ်မယူတော့ဘူး… သံယောဇဉ်အရ လုပ်ပေးလိုက်မယ်ကွာ!”
ကော်ကျင်းယွီသာ ယခုခေတ် ကွန်ပျူတာမြို့တော်၏ ဈေးကွက်ထဲတွင် ဂျင်းများမှန်း မသိခဲ့လျှင် တကယ်ကို ယုံသွားမိမည်ဖြစ်သည်။ ဤလူ၏ သရုပ်ဆောင်မှုက အတော်လေး ပီပြင်လွန်းလှ၏။
လီထုန်ကျိုးမှာမူ ကွန်ပျူတာပစ္စည်းများအကြောင်းကိုသာ သိပြီး သူ၏ မိသားစုအခြေအနေကလည်း ချမ်းသာကြွယ်ဝသူဖြစ်ရာ ပိုက်ဆံနှင့်ပတ်သက်၍ သိပ်ပြီး အလေးအနက် မထားတတ်ချေ။ သူက ကော်ကျင်းယွီ၏ နားနားသို့ ကပ်ကာ တီးတိုးပြောလာ၏။
“ဟိုမှာ ဆိုနီ နားကြပ်တွေ့တယ်… အနီရောင်လေး တစ်ခုလောက် ဝယ်ပေးရမလား…”
ကော်ကျင်းယွီက ချက်ချင်း ငြင်းလိုက်သည်။
“မကောင်းပါဘူး…”
လီထုန်ကျိုး၏ အကြည့်များက ထိုအနီရောင်နားကြပ်ဆီတွင်သာ ရှိနေဆဲပင်။ အရောင်က တောက်တောက်ရဲရဲနှင့် မီးတောက်ဒီဇိုင်းလေး ပါနေသဖြင့် တခြားသူတွေ တပ်လျှင် ကြည့်ကောင်းမည် မဟုတ်သော်လည်း ကော်ကျင်းယွီနှင့်ဆိုလျှင်တော့ အလွန်လိုက်ဖက်ညီနေမည်မှာ သေချာသည်။
ဂူပင်းရှုက ဖုန်းပြောပြီးနောက် ပြန်ဝင်လာကာ ပိုက်ဆံထုတ်ပေးရန် လုပ်သော်လည်း ကော်ကျင်းယွီက တားလိုက်ပြီး မဝယ်ခိုင်းတော့ဘဲ ပြုံးလျက် ပြောလိုက်၏။
“ဦးလေးကြီး… ကျွန်တော်တို့ ခုမှ ရောက်တာလေ… လျှောက်ပြီး ပတ်ကြည့်ပါရစေဦး… အပြင်ထွက်လာရတာ ခဲယဉ်းပါတယ်ဆို…”
ဘော့စ်ဝမ်မှာ အလျော့မပေးချင်သေးပေ။
“အစ်ကိုဂူ… ကျွန်တော့်ဆီမှာက ပစ္စည်းအစုံဆုံးပဲ… စျေးနှုန်းကိုလည်း စိတ်ချ… အကုန်လုံးကို အနည်းဆုံးစျေးနဲ့ ပေးထားတာချည်းပဲ!”
ကော်ကျင်းယွီက ပြုံးစိစိဖြင့် ဝင်ပြောလိုက်၏။
“ဦးလေးဝမ်… ကျွန်တော်တို့က အခုမှ ရောက်တာလေ… ကျွန်တော့်သူငယ်ချင်းက အပေါ်ထပ်မှာ စာအုပ်သွားဝယ်ချင်သေးတယ်လို့ ပြောလို့… အဲ့ဒါ အရင်သွားကြည့်လိုက်ဦးမယ်… ခဏနေမှ ပြန်လာခဲ့မယ်နော်…”
ဆိုင်ပေါက်ဝမှ ထွက်လာပြီးနောက် ဂူပင်းရှုက ခပ်တိုးတိုး မေးလာသည်။
“ဘာလဲ… မျက်စိထဲ မတွေ့လို့လား… ရပါတယ်… ဒီနားက ဆိုင်တော်တော်များများကို ငါ သိပါတယ်… မင်းကို နောက်ထပ် လိုက်ပြပေးမယ်…”
ကော်ကျင်းယွီက ခေါင်းခါပြလိုက်ပြီး ပြောလိုက်၏။
“ဦးလေးကြီးရ… ဒီကွန်ပျူတာမြို့တော်က လူတွေက ဂျင်းထည့်တာ တော်တော် ကြမ်းတာပဲ… သူက ယွမ်တစ်ထောင်လောက်ပဲ မြတ်မယ်ဆိုရင် ကျွန်တော်လည်း သိပ်ပြီး ဇီဇာကြောင်မနေပါဘူး… အခုဟာက ဦးလေးရဲ့ သူငယ်ချင်းက ပါးစပ်ဟလိုက်တာနဲ့ ကျွန်တော်တို့ကို ငတုံးတွေမှတ်ပြီး နှိပ်ကွပ်ဖို့ လုပ်နေတာလေ… ဒီတစ်လုံးတည်းနဲ့တင် သူမြတ်မှာက ယွမ်နှစ်ထောင် သုံးထောင်မကဘူး!”
ဂူပင်းရှုမှာ သံသယဝင်သွား၏။
“မဖြစ်နိုင်တာ… ကွန်ပျူတာရောင်းရုံနဲ့ အဲ့လောက်တောင် မြတ်လို့လား…”
ကော်ကျင်းယွီက မေးလိုက်သည်။
“ဦးလေးကြီး မယုံဘူးလား…”
ဂူပင်းရှုက အမှန်တကယ်ပင် သိပ်မယုံကြည်နိုင်သေးပေ။
လက်ကိုင်ဖုန်းရောင်းသည့် လုပ်ငန်းတွင် အမြတ်ရာခိုင်နှုန်းမည်မျှရှိသည်ကို သူကိုယ်တိုင် အသေအချာ သိထားသဖြင့် ကွန်ပျူတာရောင်းခြင်းကလည်း ထိုအတိုင်းပင် ဖြစ်မည်ဟု ထင်ထားခဲ့သည်။
ကွန်ပျူတာတစ်လုံးရောင်းရုံဖြင့် ယွမ်ထောင်ဂဏန်းကျော် အမြတ်ထွက်သည်ဆိုသော စကားက မယုံနိုင်စရာကောင်းလွန်းနေ၏။ သူ အနည်းငယ် တုံ့ဆိုင်းသွားပြီးနောက် ဆက်ပြောလာသည်။
“ဘေးဘက် အဆောက်အအုံမှာ ကွန်ပျူတာရောင်းတဲ့ဆိုင် အသစ်တွေ ဖွင့်ထားတာရှိတယ်… အဲ့ဒီဘက်ကတော့ တကယ်စျေးပိုသက်သာတယ်… ဒါပေမဲ့ စျေးသက်သာပြီး ပစ္စည်းမကောင်းလို့ ခဏခဏ ပြန်ပြင်နေရရင် ပြဿနာပဲ… အခုက နွေရာသီကျောင်းပိတ်ရက်ဆိုတော့ ကွန်ပျူတာလာဝယ်တဲ့ ကျောင်းသားတွေ အများကြီးပဲ… လျှောက်ကြည့်ပြီး စျေးနည်းနည်းကြီးလည်း စိတ်ချရတာ ဝယ်တာ ပိုကောင်းတယ်… ပိုက်ဆံအတွက် စိတ်မပူနဲ့… မလောက်ရင် ဦးလေးစိုက်ပေးမယ်… မင်း ဒီတစ်ခေါက် စာမေးပွဲ အမှတ်ကောင်းတယ်ဆိုလို့ ဦးလေးက ဆုချမယ်!”
Chapter 17 ended