Chapter 18
—–
ကော်ကျင်းယွီက မေးခွန်းကို မဖြေဘဲ ပြန်မေးလိုက်၏။
“ဦးလေးကြီး… လောလောဆယ် ကွန်ပျူတာလာဝယ်တဲ့ ကျောင်းသားတွေ အများကြီးပဲလို့ ပြောတယ်နော်…”
“အေးလေ… အခု စက်မှုဇုန်ဘက်မှာ တက္ကသိုလ် သုံးလေးခုလောက် အသစ်ပြောင်းလာတယ်… တက္ကသိုလ်မြို့တော်လိုမျိုး လုပ်မယ်လို့ ကြားတယ်… တက္ကသိုလ်ကျောင်းသားတွေက စာသင်ရင် ကွန်ပျူတာ သုံးရမှာလေ… အခုက နွေရာသီကျောင်းပိတ်ရက်နဲ့ ကွက်တိဖြစ်သွားတော့ အဘိုးကြီးဝမ် ဆိုင်မှာတင် ဆယ်လုံးလောက် ရောင်းရပြီးပြီ…”
ကော်ကျင်းယွီက မေးစေ့ကို ပွတ်သပ်လိုက်ရင်း ရင်ထဲတွင် ရဲတင်းလှသော အကြံအစည်တစ်ခု ပေါ်ထွက်လာတော့၏။
ဂူပင်းရှုက သူ့ကို တခြားဆိုင်များသို့ ထပ်ခေါ်သွားပြရန် ရည်ရွယ်ထားသော်လည်း ကော်ကျင်းယွီက တားလိုက်သည်။
“မလောပါနဲ့ ဦးလေးကြီး… ဦးလေး အလုပ်ရှိတာသာ သွားလုပ်ပါ… ကျွန်တော် ဒီနားမှာပဲ လျှောက်ကြည့်လိုက်ဦးမယ်… ခဏနေမှ ပြန်လာခဲ့မယ်…”
“မင်းတို့ချည်းပဲ အဆင်ပြေပါ့မလား…”
ကော်ကျင်းယွီက ရယ်လိုက်ပြီး ဘေးနားရှိ လီထုန်ကျိုး၏ လက်မောင်းကို ပုတ်ကာ ပြောလိုက်၏။
“ကျွန်တော်တို့ နှစ်ယောက်တောင်ရှိတာပဲ… အေးဆေးပါ…”
ဂူပင်းရှုမှာ ကလေးများကို အမြဲတမ်း လွှတ်ကျောင်းထားတတ်သူဖြစ်ပြီး ယောကျာ်းလေးများဆိုလျှင် ပို၍ပင် လွှတ်ထားသင့်သည်ဟု တွေးထားသူပီပီ ခေါင်းညိတ်ပြလိုက်သည်။
“အေးအေး… ခဏနေရင် ကိုယ့်ဘာသာ ပြန်လာခဲ့ကြ… တစ်ခုခုဆိုရင် ငါ့ကို ဖုန်းဆက်လိုက်!”
“ဟုတ်ကဲ့!”
ဂူပင်းရှု ထွက်သွားသည်နှင့် တစ်ပြိုင်နက် ကော်ကျင်းယွီက လီထုန်ကျိုးအား ခေါ်ကာ အဆောက်အအုံထဲမှ ထွက်လာပြီး မျက်နှာချင်းဆိုင်သို့ တန်းတန်းမတ်မတ် လျှောက်သွားလေ၏။
လီထုန်ကျိုးက ပြောလာသည်။
“ကျင်းယွီ… မင်း ပိုက်ဆံမလောက်ဘူးဆိုရင်… ငါလည်း ပါလာတယ်…”
ကော်ကျင်းယွီက ဆို၏။
“မလိုပါဘူး… ငါ မင်းကို ဒကာခံမယ်…”
လီထုန်ကျိုးက နားမလည်စွာဖြင့် မေးလိုက်သည်။
“ဘာကိုလဲ…”
“မင်းကို အင်တာနက်ကဖေး လိုက်ကျွေးမလို့လေ…”
ကွန်ပျူတာမြို့တော်ကဲ့သို့ စည်ကားလှသော နေရာမျိုး၏ အနီးအနားတွင် အင်တာနက်ကဖေးများ သေချာပေါက် ရှိနေမည်သာ။
ထင်သည့်အတိုင်းပင် ခြေလှမ်းအနည်းငယ် လျှောက်လာရုံဖြင့် ဖွင့်ထားသော ဆိုင်တစ်ဆိုင်ကို တွေ့လိုက်ရ၏။ လက်ရှိအချိန်တွင် တင်းတင်းကျပ်ကျပ် စစ်ဆေးခြင်းမျိုး သိပ်မရှိသေးသဖြင့် စပေါ်ငွေ ယွမ် ၂၀ ပေးလိုက်သည်နှင့် ဆိုင်ရှင်က မျက်စိတစ်ဖက်မှိတ်ကာ သူတို့နှစ်ယောက်ကို ဒုတိယထပ်သို့ တက်ခွင့်ပြုလိုက်လေသည်။
ကော်ကျင်းယွီက ကွန်ပျူတာတစ်လုံးကို ဖွင့်ကာ အင်တာနက်ပေါ်တွင် လျင်မြန်စွာ ရှာဖွေလေတော့၏။
ဤခေတ်တွင် ကွန်ပျူတာအကြောင်း နားလည်သူ အလွန်နည်းပါးလှသဖြင့် ဆိုင်များက မတန်တဆ ဈေးခေါ်သည့် အခြေအနေများ အလွန်များပြားလှသည်။ ဈေးနှုန်းများကို အမြန်ဆုံး နှိုင်းယှဉ်နိုင်ရန်အတွက် သူ့ထံတွင် အမိုက်စား လျှို့ဝှက်လက်နက်တစ်ခု ရှိနေ၏။ ၎င်းမှာ—အွန်လိုင်းရှော့ပင်း (e-commerce) ပင် ဖြစ်လေသည်။
ကွန်ပျူတာမြို့တော်ရှိ ဈေးနှုန်းများက ပွင့်လင်းမြင်သာမှု မရှိသော်ငြား လက်ရှိတွင် အွန်လိုင်းအရောင်းအဝယ်မှာ စတင်ခေတ်စားလာပြီဖြစ်ရာ ဆိုင်သုံးလေးဆိုင်လောက် ဝင်ပြီး အချင်းချင်း နှိုင်းယှဉ်ကြည့်လိုက်ရုံဖြင့် ဈေးနှုန်းအမှန်ကို အမြန်ဆုံး သိရှိနိုင်မည်ဖြစ်သည်။
ကော်ကျင်းယွီမှာ တာပေါင်ဝက်ဘ်ဆိုက်ကို ဖွင့်လိုက်ချိန်တွင် အရင်ဆုံး ကြောင်အသွားပြီးနောက် အတန်ကြာမှသာ ၎င်းက ခိုးကူးဝက်ဘ်ဆိုက် မဟုတ်ဘဲ တရားဝင် ဝက်ဘ်ဆိုက်ဖြစ်ကြောင်း သဘောပေါက်သွားတော့၏။
ယခုလက်ရှိ တာပေါင်ဝက်ဘ်ဆိုက်က အစပျိုးကာစသာ ရှိသေးသဖြင့် ဝက်ဘ်ဆိုက်ဒီဇိုင်းမှာ နောက်ပိုင်းကာလများလောက် သေသပ်လှပမှုမရှိဘဲ ခိုးကူးပစ္စည်းများ ရောင်းသည့် ဆိုက်ကဲ့သို့ ခပ်ပေါပေါ အငွေ့အသက်များ အပြည့်ဖြစ်နေသည်။
ကော်ကျင်းယွီက အီးမေးလ်တစ်ခု အသစ်ဖောက်လိုက်ပြီး ထိုအီးမေးလ်ဖြင့် ရောင်းချသူများနှင့် စကားပြောရန် ဝမ်ဝမ်အကောင့်တစ်ခု ဖွင့်လိုက်၏။
တာပေါင်ဝမ်ဝမ်မှာ ယခုနှစ်မှသာ စတင်ပေါ်ပေါက်လာခြင်းဖြစ်ပြီး ဖန်တီးထားသည်မှာ တစ်လကျော်ခန့်သာ ရှိသေးသဖြင့် အသုံးပြုသူ အလွန်နည်းပါးနေသေးသည်။
ကော်ကျင်းယွီက ကွန်ပျူတာအပိုပစ္စည်း ရောင်းချသည့် ဆိုင်အချို့ကို ရှာတွေ့သွားချိန်တွင် ချက်ချင်းဆိုသလိုပင် အကြောင်းပြန်စာများ ရရှိလာလေ၏။
“ချစ်မိတ်ဆွေ… ဘာများ အကူအညီလိုပါသလဲရှင်… ကျွန်မတို့ဆိုင်မှာ CPU… Memory… Motherboard… Hard Disk… CD Drive… Graphic Card… မော်နီတာ စတဲ့ ဟာ့ဒ်ဝဲပစ္စည်းတွေကို အဓိကထား ရောင်းချပေးနေပါတယ်…”
ကော်ကျင်းယွီက ပစ္စည်းအမည် အတိအကျများကို နားမလည်သဖြင့် ကိုယ်ကို အနည်းငယ်စောင်းကာ လီထုန်ကျိုးအား အပိုပစ္စည်းစာရင်းတစ်ခု ချရေးခိုင်းလိုက်၏။ သူက ပျင်းသဖြင့် မတ်တပ်မရပ်တော့ဘဲ လီထုန်ကျိုးဘေးတွင် ကပ်ထိုင်ရင်း ညွှန်ကြားနေလေသည်။
“Memory တို့ ဘာတို့က သိပ်အမြင့်ကြီး မလိုပါဘူး… 256 ဆို ရပြီ… ဘယ်လိုပဲဖြစ်ဖြစ် ဒီကောင်တွေက နောက်ပိုင်းကျ ပိုပိုပြီး စျေးပေါလာမှာပဲ… အဲ့ကျမှ ဖြုတ်ပြီး အကြီးတစ်ခု ပြောင်းတပ်လိုက်မယ်…”
လီထုန်ကျိုးက သူပြောသည့်အတိုင်း သိပ်မလိုအပ်သည့် ပစ္စည်းအချို့ကို လျှော့ချလိုက်ပြီးနောက် စာရင်းကို ပို့ပေးလိုက်၏။
ဟိုဘက်မှ Customer Service (CS) က နွေးထွေးစွာ ပြန်ဖြေလာသည်။
“ချစ်မိတ်ဆွေ… ခဏလောက် စောင့်ပေးပါနော်… ကျွန်မ ချက်ချင်း တွက်ချက်ပြီး ဈေးနှုန်း ပြောပြပေးပါ့မယ်!”
ကော်ကျင်းယွီမှာလည်း အားနေခြင်းမရှိဘဲ ဂျင်းတုန်း (JD.com) ကို လျင်မြန်စွာ ဝင်ရှာလိုက်ပြန်၏။
ဤအချိန်တွင် ဂျင်းတုန်းမှာ ပို၍ပင် စုတ်ချာနေသေးကာ ဝက်ဘ်ဆိုက်ပေါ်တွင် တင်ထားသည့် အွန်လိုင်းဆိုင်ဆို၍ လက်ချိုးရေလို့ရလောက်အောင် နည်းပါးလှပြီး အနုပညာဆန်ဆန် ဖောင့်ကြီးကြီးများဖြင့်သာ ဟန်ကိုယ့်ဖို့ လုပ်ထားရလေသည်။ သို့သော် ဈေးနှုန်းများကို ကြည့်ရသည်မှာတော့ အတော်လေး မှန်ကန်မျှတမှု ရှိလှပေသည်။
ကော်ကျင်းယွီမှာ ထိုနှစ်ခုကြားတွင် ကူးချည်သန်းချည် လုပ်နေပြီး တာပေါင် CS ဘက်မှ ဈေးနှုန်းပြောလာသည်နှင့် ၎င်းကို ဂျင်းတုန်းရှိ ဈေးနှုန်းများနှင့် သွားရောက် နှိုင်းယှဉ်ကြည့်လေ၏။
အွန်လိုင်းဆိုင် အချို့က ဈေးနှုန်းများ ပေးပို့လာပြီးနောက်တွင်မူ ထင်ထားသည့်အတိုင်း ဈေးကွက်ထဲတွင် ဂျင်းတွေ အတော်လေး များနေကြောင်း သိလိုက်ရတော့သည်။
သို့သော် ဘယ်ဆိုင်ကမှ ဘော့စ်ဝမ်၏ ၉၈၈၈ ယွမ်လောက်ထိတော့ အလွန်အကျွံ မဖြစ်ကြပေ။
ထိုအွန်လိုင်းဆိုင်များက ယွမ် ၆၀၀၀၊ ၇၀၀၀ ဝန်းကျင်ခန့် ဈေးခေါ်ထားကြသဖြင့် အတော်လေး လက်ခံနိုင်စရာ ရှိသော်ငြား အမြတ်ရာခိုင်နှုန်းက အတော်ကြီးမားနေသေး၏။
လီထုန်ကျိုး ချရေးပေးထားသည့် ထိပ်တန်း အပိုပစ္စည်းစာရင်းနှင့် အွန်လိုင်းမှ ဈေးနှုန်းများကို တွက်ကြည့်မည်ဆိုလျှင် ဈေးထပ်ဆစ်၍ ရနိုင်သေးကြောင်း သိသာနေသည်။
ကော်ကျင်းယွီက စာရိုက်ကာ ဈေးဆစ်လေတော့၏။
“အချစ်လေးရေ… မင်းပေးတဲ့ဈေးက သိပ်အဆင်မပြေသေးဘူးနော်… မိတ်ဆွေတစ်ယောက်အပေါ် ထားတဲ့ မင်းရဲ့ စေတနာကို သိပ်မခံစားရဘူး…”
CS ဘက်ကလည်း သူ့စကားပြောဟန်ကို အတုခိုးကာ ဆက်ဆံရေးကို လျင်မြန်စွာ ရင်းနှီးအောင် လုပ်လာသည်။
“ဒါဆို အချစ်လေးက ဒီ Memory ကို ဘယ်လောက်ဆို အဆင်ပြေမလဲ…”
“၃၀၀ လောက် လျှော့လိုက်…”
“အချစ်လေးရေ… အဲ့ဒီဈေးကတော့ တကယ်ကို အခက်တွေ့စေတယ်ကွယ်…”
“ငါက လက်ကားဖြန့်တဲ့သူပါ… အရင်ဆုံး တစ်လုံးဝယ်ပြီး စမ်းကြည့်မလို့… ကောင်းတယ်ဆိုရင် ထပ်မှာမယ်…”
“ဟုတ်ကဲ့ပါ အချစ်လေးရေ!”
……
လီထုန်ကျိုးက ဘေးတွင် ထိုင်ရင်း ခုနက ဘော့စ်ဝမ် ၉၈၈၈ ယွမ် ဈေးခေါ်ထားသည့် ကွန်ပျူတာတစ်လုံးကို ၅၈၀၀ ယွမ်အထိ ရောက်အောင် ကော်ကျင်းယွီက အသေအလဲ ဈေးဆစ်ချပစ်လိုက်သည်ကို ကိုယ်တိုင် မျက်မြင်ကိုယ်တွေ့ ကြုံလိုက်ရလေ၏။ သူက ဟိုဘက်မှ CS နှင့်ပင် သူငယ်ချင်းတွေလို ဖြစ်နေပြီဖြစ်သည်။
ကော်ကျင်းယွီက မကြာမီတွင်ပင် ဈေးနှုန်းစာရင်းကို လက်ဝယ်ရရှိသွားကာ မေးစေ့ကို ပွတ်သပ်ရင်း ပြောလိုက်သည်။
“ဒီဈေးဆိုရင်တော့ မဆိုးဘူး…”
လီထုန်ကျိုးက ဆို၏။
“ဒါပေမဲ့ အဲ့ဒါက လက်ကားဈေးလေ… တစ်လုံးတည်း ဝယ်မယ်ဆိုရင် အဲ့ဒီဈေးနဲ့ ရဖို့ ခက်မှာပေါ့…”
ကော်ကျင်းယွီက ပြုံးလိုက်ပြီး ပြောလာသည်။
“ငါက တစ်လုံးတည်း ဝယ်မယ်လို့ ဘယ်သူပြောလဲ…”
လီထုန်ကျိုးမှာ နားမလည်နိုင်ဖြစ်သွားကာ သူ့အား သံသယမျက်လုံးများဖြင့် ကြည့်နေမိတော့၏။
ကော်ကျင်းယွီက ဈေးနှုန်းစာရင်းကို သိမ်းကာ အိတ်ကပ်ထဲ ထည့်လိုက်ပြီး ပြောလိုက်၏။
“ငါ့ဦးလေးကြီးရဲ့ သားက တက္ကသိုလ်တက်နေတာ… ဂိမ်းရေးဆွဲတဲ့ မေဂျာယူထားတာလေ… သူတို့မေဂျာက ကွန်ပျူတာအမြင့်တွေ လိုတယ်… အိမ်စာလုပ်ရင်တောင် အဲ့ဒါတွေ သုံးရတာ… မင်းစဉ်းစားကြည့်… ကျောင်းဖွင့်ချိန်ရောက်ရင် ကွန်ပျူတာဆင်မယ့် ကျောင်းသားသစ် ဘယ်လောက်တောင် ရှိမလဲ…”
လီထုန်ကျိုးက ပြန်ဖြေသည်။
“အဲ့ဒါက ကျောင်းရဲ့ ကျောင်းသားလက်ခံမယ့် အတိုင်းအတာပေါ် မူတည်တာပေါ့…”
ကော်ကျင်းယွီမှာ သဘောကျသွားပြီး နောက်တစ်ဝက်၊ တည်တည်ကြည်ကြည် တစ်ဝက်ဖြင့် ပြောလိုက်၏။
“လီထုန်ကျိုး… ငါ မင်းကို တကယ်သဘောကျတယ်ကွာ…”
လီထုန်ကျိုး တစ်ခဏမျှ ကြောင်အသွား၏။
ကော်ကျင်းယွီက မတ်တပ်ထကာ အကြောဆန့်လိုက်ရင်း ပြုံးလျက် စကားတစ်ခွန်း ဖြည့်စွက်လိုက်သည်။
“မင်း အဲ့လိုတည်တည်ကြီးနဲ့ မေးခွန်းဖြေတဲ့ ပုံစံလေးကို သဘောကျတာပါ… သွားမယ်… ပြန်ကြစို့… ငါ့အစ်ကိုကို အရင်သွားခေါ်ပြီး တိုင်ပင်ကြည့်ရမယ်…”
ကော်ကျင်းယွီက သူ့အား ခေါ်ကာ ဂူပင်းရှု၏ ဆိုင်သို့ ပြန်လာခဲ့လေ၏။
ကော်အဖေမှာ ထိုနေရာတွင် ထိုင်ရင်း လက်ဖက်ရည်များ ဗိုက်ပြည့်အောင် သောက်ထားပြီးဖြစ်ကာ သူဝင်လာသည်ကို မြင်သည်နှင့် ကပျာကယာ လှမ်းမေးလေသည်။
“ကျင်းယွီ… မင်း ကွန်ပျူတာ ကြည့်လို့ပြီးပြီလား…”
ကော်ကျင်းယွီက ပြုံးလျက် ဖြေလိုက်၏။
“အဖေကလည်း… မလောပါနဲ့… ကျွန်တော် ဆိုင်အချို့ကို လိုက်ကြည့်ပြီးပြီ… ပစ္စည်းက သိပ်မကွာပေမယ့် ဈေးက နှစ်ထောင်လောက်တောင် ကွာနေတော့ ကျွန်တော်လည်း သေချာ မဆုံးဖြတ်တတ်ဘူး… အစ်ကိုက တက္ကသိုလ်မှာ ကွန်ပျူတာ အမြဲသုံးနေတာမလား… အဲ့ဒါ သူ့ကို သွားမေးကြည့်ချင်လို့…”
ဂူပင်းရှုက ဝင်ပြောလာသည်။
“ဂူယွီလား… အဲ့ကောင်က ဂိမ်းဆော့ဖို့လောက်ပဲ သိတာ…”
ကော်ကျင်းယွီက ရှင်းပြလိုက်၏။
“ဦးလေးကြီး အဲ့ဒါကို နားမလည်ဘူးမလား… ကွန်ပျူတာမှာ အိမ်သုံး… ရုံးသုံး… ဂိမ်းဆော့ဖို့ သီးသန့်ထုတ်ထားတာဆိုပြီး အများကြီး ခွဲထားတာလေ… specအမြင့်ကြီးတွေမှ ဂိမ်းဆော့လို့ရတာ… အဲ့ဒါမှ အကောင်းဆုံးပဲ…”
=====
စာရေးသူ၏ စကားလက်ဆောင် :
ဇာတ်လမ်းတိုလေး :
CS : အချစ်လေး… အချစ်လေး ရှိသေးလားဟင်…
CS : အချစ်လေး… ကွန်ပျူတာ ယူဦးမှာလား…
CS : အချစ်လေး??
Chapter 18 ended