⚠️ JavaScript ပိတ်ထားပါသည် ⚠️

ဤဝက်ဘ်ဆိုက်ရှိ ဇာတ်လမ်းများကို ဖတ်ရှုရန်နှင့် အပြည့်အဝ အသုံးပြုနိုင်ရန် သင့် Browser တွင် JavaScript ဖွင့်ထားရန် လိုအပ်ပါသည်။

ကျေးဇူးပြု၍ Browser Settings ထဲတွင် JavaScript (သို့) Site Settings ကို ဖွင့်ပြီးမှ ဝက်ဘ်ဆိုက်ကို ပြန်လည် Reload လုပ်ပေးပါ။

Switch Mode
Telegram Main Channel - https://t.me/REDKNOTMyanmar

Chapter 3

Chapter 3

 

—–

 

ကော်ကျင်းယွီက သူ့ကို ဒီလောက်အထိ ဂရုတစိုက် ဆက်ဆံပေးတာကို မခံစားရသည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်နေပြီဖြစ်ရာ ထိုလက်ဖက်ရည်ကြမ်းခွက်ကို စိုက်ကြည့်ရင်း တစ်ခဏမျှ မှင်သက်သွား၏။

 

လီထုန်ကျိုးက သူ့ကို မေးလာသည်။

 

“ဘာဖြစ်လို့လဲ… အအေး သောက်မလို့လား… ဘေးနားမှာ ရှိတာ တွေ့တယ်… ငါ သွားဝယ်ပေးမယ်…”

 

ကော်ကျင်းယွီက ခေါင်းခါပြလိုက်၏။

 

ဆိုင်လေးထဲတွင် အလင်းရောင် သိပ်မကောင်းလှသော်လည်း ထိုသို့ဖြစ်နေသည့်အတွက်ကြောင့်သာ သူက လီထုန်ကျိုးကို ဗြောင်ကျကျ ခေါင်းမော့ကြည့်ရဲခြင်း ဖြစ်သည်။

 

သောက်သုံးမကျသည့် သူ့မျက်ဝန်းတွေ နီရဲနေသည်ကို တစ်ဖက်လူ မြင်သွားမည်ကို ကြောက်စရာမလိုတော့ပေ။

 

သူက ထိုလက်ဖက်ရည်ကြမ်းခွက်ကို ပိုက်ကာ သောက်လိုက်ပြီး တိုးတိုးလေး ရယ်လျက် ပြောလိုက်သည်။

 

“မလိုပါဘူး… ငါက ဒါကိုပဲ သောက်ရတာ ကြိုက်တာ…”

 

လီတအကင်ဆိုင်က တစ်နိုင်တစ်ပိုင် ဆိုင်လေးဖြစ်သည့်အတွက် စားစရာတွေ လာချပေးသည့်အခါ ပိုက်ဆံကိုပါ တစ်ခါတည်း ရှင်းခိုင်းလေ့ရှိ၏။

 

ကော်ကျင်းယွီက အိတ်ကပ်ထဲ လက်နှိုက်လိုက်သည့်အခါမှ အလွန် အရှက်ရစရာကောင်းသည့် ကိစ္စတစ်ခုကို သတိထားမိသွားသည်။

 

သူ့အိတ်ကပ်ထဲတွင် ပိုက်ဆံ တစ်ပြားမှ မပါပေ။

 

လီထုန်ကျိုးကတော့ နည်းနည်းလေးမှ အံ့သြသွားပုံမရဘဲ ကျောင်းလွယ်အိတ်ထဲမှ ပိုက်ဆံထုတ်ကာ ရှင်းပေးလိုက်သည်။

 

သူတို့နှစ်ယောက်က ကျောင်းတက်တုန်းက သံယောဇဉ် အလွန်နက်ရှိုင်းပြီး နင်၊ ငါ မခွဲခြားဘဲ ပေါင်းသင်းခဲ့ကြခြင်း ဖြစ်၏။

 

သို့သော်လည်း ကော်ကျင်းယွီက ယခုအချိန်တွင်တော့ မျက်နှာလေး အနည်းငယ် ပူထူသွားရသည်။

 

သူက လီထုန်ကျိုးအပေါ် ကောင်းကောင်းမွန်မွန် ဆက်ဆံချင်ခဲ့ပြီး သူ့ကို တွေ့ချင်သည်၊ သူနှင့် အတူတူ အစားအသောက်တွေ စားချင်ပြီး သူ့ကိုတောင် ဂရုတစိုက် စောင့်ရှောက်ချင်ခဲ့သေး၏။

 

သို့ပေမဲ့ ပြန်လည်ဆုံတွေ့ပြီးနောက် ပထမဆုံးအကြိမ် အတူတူစားသည့် အစားအသောက်ကို လီထုန်ကျိုးကပဲ ပိုက်ဆံရှင်းပေးလိုက်ရလိမ့်မည်ဟု ထင်မထားခဲ့ပေ။

 

“ကြက်အရိုးနုကင် ရောက်နေပြီလေ… မင်း ဘာလို့ မစားတာလဲ…”

 

လီထုန်ကျိုးက သူ့ကို မေးလိုက်သည်။

 

“စားမယ်… စားမယ်…”

 

ကော်ကျင်းယွီက အကင်တစ်ချောင်းကို ကောက်ကိုင်လိုက်၏။

 

သူ ဒီနှစ်တွေထဲတွင် တန်ဖိုးကြီး အစားအစာတွေ အများကြီး စားခဲ့ဖူးသည်ဖြစ်ရာ ကျောင်းအပြင်ဘက်က ဆိုင်လေးမှ အကင်တွေ၏ အရသာက မှတ်ဉာဏ်ထဲကလောက် မကောင်းတော့ဘူးဟု ခံစားလိုက်ရသည်။

 

သို့သော်လည်း ဘေးနားမှာ ထိုင်နေသည့် လီထုန်ကျိုးကို မော့ကြည့်လိုက်သည့်အခါတွင်တော့ အစားအသောက်တွေက ပိုပြီး အရသာရှိလာသလို ခံစားရပြန်၏။

 

ကိုက်လိုက်သည့်အခါတိုင်း ဆီတွေ တမြမြနှင့် အလွန် မွှေးကြိုင်နေတော့သည်။

 

လီထုန်ကျိုးက အစားစားသည့်အခါ သပ်သပ်ရပ်ရပ် စားတတ်ပြီး အစားအသောက် မရွေးတတ်ပေ။

 

သို့ပေမဲ့ မကြိုက်သည့် အစားအစာတွေနှင့် တွေ့သည့်အခါတွင်တော့ စားသည့်နှုန်းက အလွန် နှေးကွေးသွားတတ်၏။

 

သူက မှိုကင် စားရသည်ကို မကြိုက်သလို ကြက်အရိုးနုကင်ကိုလည်း သိပ်မစားတတ်ပေ။

 

ကြက်တောင်ပံကင် နှစ်ချောင်းကိုသာ ရွေးယူပြီး ဖြည်းဖြည်းချင်း စားနေ၏။

 

ကော်ကျင်းယွီက သူ့လက်နားတွင် ဖြည်းဖြည်းချင်း ကိုက်စားထားသည့် မှိုကင်ကို လှမ်းယူကာ သူကိုယ်တိုင် စားလိုက်သည်။

 

လီထုန်ကျိုးက သူ့ကို တစ်ချက် ကြည့်လာ၏။

 

“ဘာဖြစ်လို့လဲ…”

 

လီထုန်ကျိုးက ခေါင်းခါပြလိုက်ပြီး ပြောလာသည်။

 

“အများကြီး မှာထားတာလေ… မင်း အတင်းကြီး စားစရာ မလိုပါဘူး…”

 

“ဟင်…”

 

“မင်းလည်း မှိုကင် စားရတာ မကြိုက်ဘူး မဟုတ်လား…”

 

“အဲ့ဒါဆို ဘယ်လိုလုပ်မလဲ… ဒီနှစ်ချောင်းက ဆိုင်ရှင်က အလကား ပေးထားတာလေ… မစားရင် ရှုံးမှာပေါ့… ပြီးတော့ ငါတို့ထဲက တစ်ယောက်ယောက်တော့ စားမှဖြစ်မှာပေါ့… မဟုတ်ရင် နှမြောစရာကြီး…”

 

ကော်ကျင်းယွီက သူ့ကို တစ်ဝက်နောက် တစ်ဝက်အမှန်ဖြင့် ပြောလိုက်သည်။

 

လီထုန်ကျိုးက သူ့ကို ကြည့်နေဆဲဖြစ်ပြီး ခဏအကြာမှသာ ပြုံးလိုက်ကာ ခေါင်းငုံ့ပြီး အကင်ကို ဆက်စားနေတော့၏။

 

ကော်ကျင်းယွီက သူ့အပြုံးလေးကြောင့် ရင်ထဲတွင် တဒိတ်ဒိတ် ခုန်သွားရပြီး ချက်ချင်း ထိုနေရာမှာတင် မှိုကင် အချောင်းတစ်ရာလောက် ဆက်တိုက် စားပြပစ်လိုက်ချင်စိတ်များ ပေါက်သွားသည်။

 

ဒီလူက ဘယ်လိုလုပ်ပြီး ဒီလောက်တောင် ကောင်းနေရတာလဲ…

 

သူ့ကို မြင်လိုက်ရုံနှင့်တင် နှုတ်ခမ်းထောင့်စွန်းက မနေနိုင်မထိုင်နိုင် ပြုံးချင်လာတော့၏။

 

ကော်ကျင်းယွီက မျက်စိရှေ့က အလှတရားကြောင့် မျက်စိလျှမ်းသွားကာ အစားကို နည်းနည်း အများကြီး စားမိသွားတော့သည်။

 

လီထုန်ကျိုးနှင့် သူက ရပ်ကွက်တစ်ခုတည်းတွင် မနေကြသော်လည်း ဘတ်စ်ကားစီးသည့် လမ်းကြောင်းကတော့ အတူတူပင် ဖြစ်သည်။

 

သူတို့ ပြန်သည့်အချိန်က ရုံးဆင်းချိန်နှင့် တိုက်ဆိုင်နေသဖြင့် ထိုင်စရာနေရာ မရှိပေ။

 

လီထုန်ကျိုးက သူတို့နှစ်ယောက်လုံး၏ ကျောင်းလွယ်အိတ်ကို ပခုံးတစ်ဖက်တည်းတွင် လွယ်ထားပြီး ကျန်လက်တစ်ဖက်က လက်ကိုင်ကွင်းကို ဆွဲထားကာ ကော်ကျင်းယွီကို သူ့အရှေ့တွင် ကာကွယ်ပေးထား၏။

 

ကော်ကျင်းယွီက သူ့ကို လှည့်ကြည့်လိုက်ပြီး သူ့လွယ်အိတ်ကို သူကိုယ်တိုင် ပြန်လွယ်ချင်နေသည်။

 

သို့ပေမဲ့ လီထုန်ကျိုးကတော့ သူ မတ်မတ်မရပ်နိုင်ဘူးဟု ထင်သွားပုံရ၏။

 

သူက လက်ဆန့်ထုတ်လိုက်သည်နှင့် လီထုန်ကျိုးက အလွန် သဘာဝကျကျ ဆုပ်ကိုင်လိုက်တော့သည်။

 

“ငါ့လွယ်အိတ်ကို ငါကိုယ်တိုင် လွယ်ပါ့မယ်…”

 

ကော်ကျင်းယွီက ပြောလိုက်၏။

 

လီထုန်ကျိုးက သူ့ကို ပြန်မပေးဘဲ တစ်ချက်လှမ်းကြည့်ကာ ဖြည်းဖြည်းမှန်မှန် ပြောလာသည်။

 

“ဒီနေ့ မင်း နည်းနည်း… ထူးဆန်းနေတယ်လို့ ထင်တယ်…”

 

“ဘယ်လိုဖြစ်လို့လဲ…”

 

“ငါ့အပေါ်ကို အရမ်းကောင်းနေသလိုပဲ…”

 

“ဟင်…”

 

လီထုန်ကျိုးက တိုးတိုးလေး ရယ်လိုက်ပြီး မျက်လွှာကို တစ်ဝက်လောက်ချကာ သူ့ကို ကြည့်ရင်း သူတို့နှစ်ယောက်သာ ကြားနိုင်သည့် အသံဖြင့် ပြောလိုက်၏။

 

“မင်းက ငါ့ကို အိမ်စာစာအုပ်တွေ ကူသယ်ပေးတယ်… သူတို့နဲ့ ဘောလုံးမကန်ဘဲ ငါနဲ့ အကင် လာစားပေးတယ်… ပြီးတော့ ကိုယ့်လွယ်အိတ်ကို ကိုယ်တိုင် ပြန်လွယ်ချင်နေသေးတယ်… ကော်ကျင်းယွီ… မင်းကလေ…”

 

ကော်ကျင်းယွီက သူ ခေါင်းငုံ့ပြီး တိုးကပ်လာသည်ကို မြင်လိုက်ရသည့်အခါ အကြောင်းရင်းမရှိဘဲ ရင်ခုန်သံတွေ မြန်ဆန်လာရသည်။

 

လီထုန်ကျိုးက အနားကို ကပ်လာပြီးနောက် တိုးတိုးလေး မေးလိုက်၏။

 

“မင်း ငါ့အိမ်စာတွေကို ကူးချင်လို့ မဟုတ်လား…”

 

ကော်ကျင်းယွီက သူ့နဖူးနှင့် တစ်ဖက်လူကို တစ်ချက် ဆောင့်တိုက်လိုက်သည်။

 

ကားဘရိတ်အုပ်လိုက်သည့် အချိန်နှင့် ကွက်တိကြုံသွားသဖြင့် အတိုက်ခံရသည်က နည်းနည်း ပြင်းသွား၏။

 

‘ဒုတ်’ ခနဲ အသံနှင့်အတူ နှစ်ယောက်လုံးက ‘အ့’ ခနဲ အော်လိုက်ရပြီး တစ်ယောက်ကို တစ်ယောက် ကြည့်ကာ ရုတ်တရက် ပြိုင်တူ ရယ်ချလိုက်ကြတော့သည်။

 

လီထုန်ကျိုးက စိတ်အခြေအနေ အလွန်ကောင်းနေပြီး သူ့ကို ကြည့်ကာ မေးလိုက်သည်။

 

“မင်း ငါ့အိမ်မှာ လာပြီး အိမ်စာ လုပ်ချင်လား…”

 

ကော်ကျင်းယွီက ထိုမျက်နှာလေးကို ကြည့်ရင်း ဘာမှတောင် စဉ်းစားမနေတော့ဘဲ ချက်ချင်း သဘောတူလိုက်၏။

 

ကားပေါ်က ဆင်းပြီး ခဏလောက် လမ်းလျှောက်လာပြီးသည့်အခါ လွယ်အိတ်ထဲမှ ဖုန်းမြည်သံ ရုတ်တရက် ထွက်ပေါ်လာသည်။

 

ကော်ကျင်းယွီက အချိန်အတော်ကြာအောင် မွှေနှောက်ရှာဖွေလိုက်ပြီးမှ လက်ဝါးအရွယ်အစားလောက်ရှိသည့် ရှောင်လင်ထုန်းဖုန်းလေးကို ထုတ်ယူနိုင်ခဲ့၏။

 

ကြိုးမဲ့ဖုန်းကို အပြားလေး လုပ်ထားသည့်ပုံစံမျိုး ဖြစ်သည်။

 

သူက လက်ထဲတွင် ကိုင်ထားရင်း အတော်ကြာမှ ဒါက ဘာလဲဆိုတာကို သတိပြုမိသွား၏။

 

ဖုန်းလက်ခံသည့် ခလုတ်ကို နှိပ်လိုက်သည်နှင့် တစ်ဖက်မှ သူ့အမေ၏ အသံကျယ်ကြီးက ချက်ချင်း ထွက်ပေါ်လာတော့သည်။

 

“ကော်ကျင်းယွီ! နင် ကျောင်းဆင်းတာတောင် အိမ်မပြန်ဘဲ ဘယ်တွေ သွားလေလွင့်နေပြန်ပြီလဲ! ငါ နင့်ကို ပြောထားမယ်… ဒီနေ့တော့ နင် လုံးဝ ထွက်ပြေးလို့ မရဘူး! ဘာအကြောင်းပြချက်ပဲ ပေးပေး အိမ်ကို ပြန်လာခဲ့ရမယ်! “

 

“အမေ… သား ခဏနေရင် ပြန်လာခဲ့မယ်… အခု လီထုန်ကျိုး အိမ်မှာ အိမ်စာ လုပ်နေလို့…”

 

ကော်ကျင်းယွီက ပြန်ဖြေလိုက်၏။

 

ကော်အမေ၏ အသံက ချက်ချင်းပင် အနည်းငယ် တိုးဝင်သွားသည်။

 

သားဖြစ်သူ၏ သူငယ်ချင်းတွေ ရှေ့တွင်တော့ သားဖြစ်သူကို မျက်နှာသာ ပေးထားသေး၏။

 

အထူးသဖြင့် လီထုန်ကျိုး ဖြစ်နေသည့်အတွက်ကြောင့်ပင်။

 

“တကယ်ပဲ ရှောင်ကျိုး အိမ်မှာလား…”

 

“တကယ်ပါဆို… သားက အမေ့ကို လိမ်ပြီး ဘာလုပ်ရမှာလဲ… သူ့ကို အမေ့ဆီ စကားပြောခိုင်းလိုက်မယ်…”

 

ကော်ကျင်းယွီက ရယ်လျက် ပြောလိုက်သည်။

 

ကော်ကျင်းယွီက ဖုန်းကို လီထုန်ကျိုးဆီ ကမ်းပေးလိုက်၏။

 

လီထုန်ကျိုးက အနည်းငယ် မှင်သက်သွားသော်လည်း လှမ်းယူကာ သေသေချာချာ ပြန်လည် ဖြေကြားပေးနေသည်။

 

သူက လူမှုဆက်ဆံရေးပိုင်းတွင် သိပ်မကျွမ်းကျင်လှသဖြင့် ကော်အမေဘက်က ဘာမေးမေး ရှိတာကို အရှိအတိုင်း အကုန် ဖြေဆိုနေ၏။

 

အသံလေးက တိုးတိုးလေးဖြစ်ပြီး အနည်းငယ်လည်း တုံ့ဆိုင်းနေသည်။

 

ကော်ကျင်းယွီက ဘေးနားတွင် ရပ်ကာ တစ်ဖက်လူ၏ နားတွင် ကပ်ထားသော ထိုရှောင်လင်ထုန်းဖုန်းလေးကို အကဲခတ်နေ၏။

 

ဒါကလည်း ခေတ်တစ်ခု၏ ထုတ်ကုန်တစ်ခု ဖြစ်ခဲ့သည်။

 

ထိုအချိန်က နှစ်အနည်းငယ်လောက် ရှောင်လင်ထုန်းဖုန်းတွေ အတော်လေး ခေတ်စားခဲ့ဖူး၏။

 

ဖုန်းခေါ်ဆိုခက အလွန် သက်သာသည်။

 

နောက်ပိုင်းတွင်တော့ ဘယ်လိုဖြစ်သွားသည်မသိ…ဘယ်သူမှ မသုံးကြတော့ပေ။

 

တဖြည်းဖြည်းနှင့် စမတ်ဖုန်းတွေ ခေတ်စားလာပြီး လူတိုင်းက အသံဖြင့် ဖြစ်စေ၊ ဗီဒီယိုဖြင့် ဖြစ်စေ ဆက်သွယ်ကြရာတွင် အလွန် အဆင်ပြေလာကြသည်။

 

သူတောင် ဒီလို ဖုန်းအမျိုးအစားလေးကို မေ့လုမတတ် ဖြစ်နေခဲ့ပြီ။

 

ရှောင်လင်ထုန်းဖုန်းလေးကို ကြည့်ပြီးသွားသည့်အခါ သူ့အကြည့်တွေကို အနည်းငယ် ရွှေ့လိုက်ပြီး လီထုန်ကျိုး ဖုန်းကိုင်ထားသည့် လက်လေးနှင့် ဘေးတိုက် မျက်နှာလေးကို ဆက်လက် အကဲခတ်နေမိပြန်၏။

 

ကော်ကျင်းယွီက အနုပညာသမားတစ်ယောက် ဖြစ်သည့်အတွက် အထူးသဖြင့် ခန္ဓာကိုယ် ကောက်ကြောင်းလေးတွေအပေါ် အလွန် အကဲဆတ်လှသည်။

 

ရိုးရိုးရှင်းရှင်း ပြောရလျှင် သူက ရုပ်ရည်ကို အလွန် မက်မောသူတစ်ယောက် ဖြစ်၏။

 

အရင်တုန်းကလည်း လီထုန်ကျိုး၏ ရုပ်ရည်က ချောမောသည်ဟု သူ ခံစားခဲ့ရဖူးပြီး အခု ပြန်မြင်ရသည့် အချိန်တွင်တော့ ရင်ထဲတွင် သဘောကျခြင်းတွေသာ ပြည့်နှက်နေပြီး အခြားအရာတွေကို တွေးဖို့ နေရာ တစ်လက်မလေးတောင် မကျန်တော့ပေ။

 

သဘောကျရသည့်လူက ကိုယ့်မျက်စိရှေ့မှာ ရပ်နေသည့်အခါ ဘယ်နေရာကိုပဲ ကြည့်ကြည့် အကုန်လုံးက ကောင်းမွန်နေတော့၏။

 

လီထုန်ကျိုး၏ အသားအရေက အေးစက်စက် အဖြူရောင်မျိုး ဖြစ်ပြီး ဘေးတိုက် မြင်ရသည့်အချိန်တွင် နှာတံလေးက အထူးသဖြင့် စင်းလုံးချောဖြစ်နေ၏။

 

စိတ်လှုပ်ရှားသည့်အခါ နှုတ်ခမ်းလိုင်းလေးက မျဉ်းတစ်ကြောင်းလို စေ့ပိတ်သွားတတ်သော်လည်း စကားပြောသည့်အခါတွင်တော့ အနည်းငယ် ပြေလျော့သွားတတ်သည်။

 

သူ့ကိုယ်ပေါ်က အေးစက်စက် အငွေ့အသက်က သူ့မိသားစု ပတ်ဝန်းကျင်နှင့် သက်ဆိုင်နေ၏။

 

သူက မာနကြီးနေခြင်းမျိုး မဟုတ်ဘဲ တင်းကျပ်လွန်းသည့် မိသားစု စည်းမျဉ်းတွေကြောင့်သာ ရည်ရွယ်ချက်မရှိဘဲ ပေါ်လွင်နေခြင်း ဖြစ်သည်။

 

သူက ကော်အမေနှင့် စကားပြောပြီးနောက် ရှောင်လင်ထုန်းဖုန်းလေးကို ကော်ကျင်းယွီဆီ ပြန်ပေးလာ၏။

 

“အန်တီက မင်းကို ည (၈) နာရီ မတိုင်ခင် အိမ်ပြန်လာခဲ့ဖို့ ပြောလိုက်တယ်…”

 

chapter 3 ended

 

ငယ်ရွယ်မှုဆီသို့ ပြန်သွားခြင်း

ငယ်ရွယ်မှုဆီသို့ ပြန်သွားခြင်း

Status: Ongoing Type: Author: Released: 2020

Description

 

ဇူလိုင်လ၏ ချွေးတပြိုက်ပြိုက်ကျလောက်အောင် အိုက်စပ်ပူလောင်လှသော ရာသီဥတုကြီးထဲတွင် လူတွေ ပြည့်ကျပ်ညပ်နေသော စာသင်ခန်းကြီးထဲက ကျောင်းသားများသည် ဆက်တိုက်ဆိုသလို စာမေးပွဲဆိုသည့် ဖိအားများအောက်၌ အသက်ပင် ဝဝမရှူရဲကြရှာချေ။

 

ကော်ကျင်းယွီတစ်ယောက် ချွေးစေးလေးတွေ ပြန်နေလျက်ကနေ မော့ကြည့်လိုက်သည့်အခါ သူ့ရှေ့မှာ ထိုင်နေသည့် ကျောပြင်လေးကို မြင်လိုက်ရ၏။

 

ထိုကျောပြင်လေးက အမြဲတမ်း မတ်မတ်လေး ဖြစ်သည်။ ကျောင်းဝတ်စုံအောက်က ရှပ်အင်္ကျီဖြူလေးဆီမှ ဆပ်ပြာနံ့ သင်းသင်းလေးက ရနေတတ်ပြီး ဆံပင်စလေးတွေကလည်း သပ်သပ်ရပ်ရပ် ရှိလှသည်။ ထို့ပြင် စာရေးလိုက်တိုင်း ထွက်ပေါ်လာတတ်သည့် တည်ငြိမ်သော ခဲတံခြစ်သံ တရှပ်ရှပ်ကိုလည်း ကြားနေရ၏။

 

ကော်ကျင်းယွီသည် ရင်ထဲက အလုံးကြီး ကျသွားသလို သက်ပြင်းချလိုက်ပြီး ရယ်သံလွင်လွင်လေးနဲ့အတူ သူ့ရှေ့ကလူကို ဘောပင်နဲ့ နှစ်ချက်လောက် ဖွဖွလေး ထိုးလိုက်သည်။ ထို့နောက် တိုးတိုးလေး ခေါ်လိုက်၏။

 

"လီထုန်ကျိုး..."

 

ရှေ့ကလူက ခဏလောက် တန့်သွားသည်။ ဘာသံမှ ထွက်မလာသော်လည်း လက်တစ်ဖက်ကိုတော့ သူ့နောက်ကျောဘက်ဆီ ဆန့်ထုတ်ပေးလာ၏။

 

ကော်ကျင်းယွီက စားပွဲခုံပေါ် မှောက်ချလိုက်ပြီး ထိုလူ၏ လက်ဖဝါးလေးကို လက်ညှိုးနဲ့ လှမ်းထိုးလိုက်သည့်အခါ တစ်ဖက်လူက သူ့လက်လေးကို နူးနူးညံ့ညံ့ ဆုပ်ကိုင်လာခဲ့သည်။

 

ဆယ်ကျော်သက်အရွယ်ရဲ့ ပြင်းပြတဲ့ အချစ်တွေကြားမှာ မင်းက ငါ့ရဲ့ တစ်ဦးတည်းသောသူပါပဲ...

 

****

 

တိတ်ဆိတ်ပြီး အစွဲအလမ်းကြီးတဲ့ ကုန်း X တက်ကြွရွှင်လန်းပြီး လွတ်လွတ်လပ်လပ် နေတတ်သော ရှို့

 

=====

     

Comment

Leave a Reply

Your email address will not be published. Required fields are marked *

ကျေးဇူးပြု၍ ခဏစောင့်ပေးပါ...

5

အကောင့်ဝင်ရန် လိုအပ်ပါသည်

ဝတ္ထုများကို Bookmark မှတ်ရန်နှင့် သိမ်းဆည်းထားရန် ကျေးဇူးပြု၍ အကောင့်ဝင်ပါ။

ပိတ်မည် (Cancel)

Options

not work with dark mode
Reset