⚠️ JavaScript ပိတ်ထားပါသည် ⚠️

ဤဝက်ဘ်ဆိုက်ရှိ ဇာတ်လမ်းများကို ဖတ်ရှုရန်နှင့် အပြည့်အဝ အသုံးပြုနိုင်ရန် သင့် Browser တွင် JavaScript ဖွင့်ထားရန် လိုအပ်ပါသည်။

ကျေးဇူးပြု၍ Browser Settings ထဲတွင် JavaScript (သို့) Site Settings ကို ဖွင့်ပြီးမှ ဝက်ဘ်ဆိုက်ကို ပြန်လည် Reload လုပ်ပေးပါ။

Switch Mode

Chapter 20

Chapter 20

 

===

 

ဂူယွီက မှတ်ထားသော လိပ်စာအတိုင်း တစ်လျှောက်လုံး ကားမောင်းသွား၏။ ကော်ကျင်းယွီက ဆိုင်သုံးဆိုင်၏ လိပ်စာကို မှတ်ထားခဲ့ပြီး သူတို့ ပထမတစ်ဆိုင်ကို ဝင်ကြည့်ပြီးနောက်မှသာ ဂူယွီမှာ စိတ်အေးသွားတော့သည်။ လမ်းတွင် သူက အနည်းငယ် စိတ်လှုပ်ရှားစွာဖြင့် ပြောလာ၏။

 

“ကျင်းယွီ… ဒီကိစ္စ ဖြစ်နိုင်ချေရှိမယ်လို့ အစ်ကိုထင်တယ်… ပစ္စည်းတွေကိုလည်း ကြည့်ပြီးပြီ… အကုန်လုံး မဆိုးဘူး… ကွန်ပျူတာမြို့တော်မှာ ရောင်းနေတာတွေနဲ့ ဘာမှမကွာဘူး…”

 

ကော်ကျင်းယွီကမူ ထိုဆိုင်ကို ပယ်ဖျက်လိုက်ပြီး ဆိုလိုက်၏။

 

“ဒီဆိုင်က အဆင်မပြေဘူး… ရောင်းပြီးရင် တာဝန်မယူပေးဘူးဆိုတော့… တော်တော် ရှုပ်လိမ့်မယ်…”

 

ဂူယွီက အံ့ဩစွာ မေးလာသည်။

 

“ဒီလောက်စျေးကို တာဝန်ယူမှုအပိုင်းပါ ထပ်လိုချင်သေးတာလား…!”

 

ကော်ကျင်းယွီက ဖြေလိုက်၏။

 

“ဒါပေါ့… ဒါက အခြေခံအကျဆုံးပဲ မဟုတ်ဘူးလား… မဟုတ်ရင် ဝယ်လာပြီး ကွန်ပျူတာ သုံးမရဖြစ်နေရင် ဘယ်လိုလုပ်မလဲ…”

 

ဂူယွီက ပြောလာသည်။

 

“ပုံမှန်ဆိုရင်တော့ အဲ့လိုမဖြစ်လောက်ပါဘူး… အကယ်၍ သေးသေးမွှားမွှား ပြဿနာရှိရင်တောင်… ကျောင်းရှေ့က ပြင်တဲ့ဆိုင်မှာ ကိုယ့်ပိုက်ဆံနဲ့ကိုယ် ပြင်လိုက်ရုံပဲလေ…”

 

ထိုအခါမှသာ လက်ရှိအချိန်တွင် ‘ခုနစ်ရက်အတွင်း ပစ္စည်းပြန်လဲခွင့်’ ဆိုသည့် စည်းမျဉ်းမရှိသေးကြောင်း ကော်ကျင်းယွီ သတိရသွား၏။ သူက မေးစေ့ကို ပွတ်သပ်ရင်း သက်ပြင်းချကာ ပြောလိုက်သည်။

 

“အခုခေတ် တက္ကသိုလ်ကျောင်းသားတွေက… တော်တော်လေး သဘောကောင်းကြတာပဲ…”

 

ဂူယွီက သူ့ကို ကြည့်ကာ ပြုံးလျက် မေးလာ၏။

 

“မင်း ဒီတစ်ခေါက် ပြန်လာတာ… တော်တော်လေး ပြောင်းလဲသွားသလိုပဲ… ဘယ်လိုဖြစ်ပြီး ပိုက်ဆံရှာဖို့ ကိစ္စတွေကို ရုတ်တရက်ကြီး လေ့လာနေရတာလဲ…”

 

ကော်ကျင်းယွီက ဖြေလိုက်သည်။

 

“မွဲနေလို့ပေါ့… လက်ထဲမှာ ပိုက်ဆံမရှိရင်… ရင်ထဲမှာ ဂနာမငြိမ်ဘူး…”

 

“မင်းက ကလေးပဲ ရှိသေးတာကို… အဲ့လောက် ပိုက်ဆံအများကြီးကို ဘာလုပ်မလို့လဲ…”

 

ကော်ကျင်းယွီက ကားပြတင်းပေါက် အပြင်ဘက်သို့ ငေးကြည့်နေ၏။ အစပိုင်းတွင် နောက်ပြောင်ပြောဆိုနေသော်လည်း နောက်ပိုင်းတွင်မူ အနည်းငယ် တည်ကြည်လေးနက်လာတော့သည်။

 

“အစ်ကို… အဲ့ဒါကို အစ်ကို နားမလည်တာ… စီးပွားရေးအခြေခံက အထက်ပိုင်းတည်ဆောက်ပုံတွေကို အဆုံးအဖြတ်ပေးတာလေ… ကျွန်တော်က မိုးမရွာခင် ထီးပြင်ထားတာ… နောက်ပိုင်းကျရင် ပိုက်ဆံသုံးရမယ့်နေရာတွေ အများကြီးရှိသေးတယ်… အိပ်မက်ဆိုတာ အိပ်မက်မက်နေရုံနဲ့ တကယ်ဖြစ်မလာဘူး… ပိုက်ဆံနဲ့ အချိန်တွေ ပုံအောပြီးမှ ရလာတာ… ဥပမာ… အစ်ကိုက တစ်ခုခု သင်ချင်တယ်ဆိုပါစို့… နိုင်ငံခြားသွားကျောင်းတက်ဖို့ ပိုက်ဆံကို ကြိုပြီး ပြင်ဆင်ထားလို့ ရပြီလေ… အကယ်၍များ ရည်းစားဘာညာ ထားဖြစ်ခဲ့ရင်တောင်… နှစ်ယောက်သား ဘယ်နေရာမှာပဲရှိရှိ… ဘာပဲလုပ်လုပ်… ပိုက်ဆံကတော့ လိုတာချည်းပဲ…”

 

လီထုန်ကျိုးက သူ နိုင်ငံခြားသို့ ထွက်သွားပြီးနောက်ပိုင်းမှ ဒုက္ခရောက်ခဲ့ရခြင်းဖြစ်၏။

 

ထိုနှစ်က လီထုန်ကျိုးတစ်ယောက်တည်း ဘာတွေ ကြုံတွေ့ဖြတ်သန်းခဲ့ရသလဲဆိုသည်ကို သူ မသိခဲ့ချေ။ အိပ်မက်ထဲမှ လန့်နိုးလာကာ ပြန်တွေးမိတိုင်း ရင်ဘတ်ထဲတွင် အလွန်အမင်း နာကျင်လာရ၏။

 

လီထုန်ကျိုး သေဆုံးသွားချိန်တွင် သူက နောက်ဆုံးအချိန်လေးကိုပင် မမီလိုက်သည့်အပြင် လီထုန်ကျိုး၏ မိသားစုကလည်း စကားတစ်ခွန်းမျှ မဟခဲ့ကြပေ။

 

သူ မြင်တွေ့ခဲ့ရသည်က အေးစက်စက် အုတ်ဂူကျောက်တိုင်လေး တစ်ခုသာဖြစ်၏။

 

လွန်ခဲ့သည့်ရက်များက ဤအရာအားလုံးက အိပ်မက်လှလှလေးတစ်ခုသာ ဖြစ်နေမည်ကို သူ ကြောက်ရွံ့နေခဲ့ပြီး နေ့တိုင်း လီထုန်ကျိုးကို မြင်ရမှသာ စိတ်အေးရလေသည်။ ဖြည်းဖြည်းချင်း အထိအတွေ့များလာမှသာ လုံခြုံမှုအနည်းငယ်ကို ခံစားလာရတော့၏။

 

တစ်ချိန်တည်းမှာပင် သူ၏ရင်ထဲတွင် အနည်းငယ် ဖိအားဝင်လာသလို ခံစားလာရသည်။

 

ကော်ကျင်းယွီက ဤတစ်ကြိမ်တွင်တော့ နိုင်ငံခြားသို့ သွားရောက်ပညာသင်ရန် အစီအစဉ် မရှိတော့ပေ။ သူက ဤနေရာတွင်သာ တစ်ဖဝါးမှ မခွာဘဲ စောင့်ရှောက်နေတော့မည်ဖြစ်သည်။

 

အကယ်၍ လီထုန်ကျိုးသာ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို တည်တည်ငြိမ်ငြိမ် ဖြေဆိုနိုင်ခဲ့လျှင် သူ တက်ရမည့် မည်သည့်ကျောင်းကိုမဆို အနောက်မှ လိုက်သွားမည်။

 

အကယ်၍ လီထုန်ကျိုးသာ အရင်ဘဝကလို စာမေးပွဲကျရှုံးပြီး ပြန်လည်ကြိုးစားရန် ဆုံးဖြတ်ခဲ့လျှင်လည်း သူက ဘေးမှ အဖော်ပြုပေးမည်သာ။

 

အချိန်တစ်နှစ် ပိုကုန်သွားရုံမျှသာ ဖြစ်၏။ သူက လီထုန်ကျိုးကို လွဲချော်ခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီဖြစ်၍ ဤတစ်ကြိမ်တွင်တော့ လုံးဝကို လက်လွှတ်ခံတော့မည် မဟုတ်ချေ။

 

ကော်ကျင်းယွီက ငြိမ်ကျသွားပြီး ကားပြတင်းပေါက် အပြင်ဘက်သို့သာ ငေးကြည့်နေကာ စကားဆက်မပြောတော့ပေ။

 

ဂူယွီမှာ သူ့လွှမ်းမိုးမှုကို ခံလိုက်ရသည်လား မသိ၊ ထိုစကားများကို ကြားပြီးနောက် မျက်မှောင်အနည်းငယ် ကျုံ့သွားကာ ဘာမှဆက်မပြောတော့သဖြင့် ကားထဲတွင် ခေတ္တမျှ တိတ်ဆိတ်သွားပြီး နှစ်ယောက်သား ကိုယ့်အတွေးနှင့်ကိုယ် နစ်မြောနေကြတော့၏။

 

ကော်ကျင်းယွီနှင့် ဂူယွီတို့ နှစ်ယောက်သား တစ်ပတ်ပတ်ကြည့်ပြီးနောက် နောက်ဆုံးတွင် တတိယမြောက်ဆိုင်၌ ရပ်လိုက်ကြသည်။

 

ထိုဆိုင်၏ မျက်နှာစာက အတော်လေး ကျယ်ဝန်းပြီး ယခင် ဘော့စ်ဝမ်၏ ဆိုင်နှင့် သိပ်မကွာလှဘဲ ဆိုင်ခန်းနှစ်ခန်းကို ပေါင်းထားခြင်းဖြစ်၏။ သို့သော် တည်နေရာက အနည်းငယ် ခေါင်သဖြင့် လူပြတ်ကာ ခြောက်ကပ်နေပုံပေါ်သည်။

 

ကောင်တာဘက်တွင် လူငယ်တစ်ယောက် ထိုင်နေပြီး ကီးဘုတ်ကို တောက်တောက်မြည်အောင် ရိုက်နေကာ ရံဖန်ရံခါတွင် “ဒင်တုံ” ဟူသော အသံလေးများ ထွက်ပေါ်လာ၏။

 

ကော်ကျင်းယွီက လျှောက်သွားကာ စားပွဲခုံကို ခေါက်လိုက်သည်။ တစ်ဖက်လူက သူ့ကို မော့ကြည့်လိုက်ပြီးနောက် အမြန်ပင် ယဉ်ကျေးစွာ နှုတ်ဆက်လာ၏။

 

“မင်္ဂလာပါ… ဘာများ အလိုရှိပါသလဲ…”

 

ကော်ကျင်းယွီက ပြုံးလျက် ဖြေလိုက်သည်။

 

“အချစ်လေးရေ… မင်္ဂလာပါ… ငါက ခုနက တာပေါင်ပေါ်မှာ ဈေးလာမေးတဲ့ တစ်ယောက်လေ…”

 

ကော်ကျင်းယွီက ဈေးကို အတော်ကြာအောင် မေးပြီးနောက် အော့ဖ်လိုင်း သွားကာ ဘာမှ ထပ်မပြန်တော့သဖြင့် ဆိုင်ရှင်လေးမှာ သူ့ကို ဖြစ်သလို လာမေးသည်ဟုသာ ထင်ထားခဲ့သည်။

 

ဤလူက အမှန်တကယ်ကြီး ရောက်လာလိမ့်မည်ဟု ထင်မထားခဲ့သလို ရောက်လာသည်ကလည်း မြန်ဆန်လွန်းလှသဖြင့် သူက ကမန်းကတန်း မတ်တပ်ရပ်ကာ ပြုံးလျက် ပြောလာ၏။

 

“အာ… မင်းကိုး… လာလာ… ဒီဘက်ကို ကြွပါ… မင်းလိုချင်တဲ့ ဟာတွေကို ခုနကတည်းက ငါ ရှာထားပေးပြီးပြီ… ငါ လိုက်ပြမယ်…”

 

ဆိုင်ရှင်လေး မတ်တပ်ရပ်လိုက်ချိန်မှသာ သူ၏ လမ်းလျှောက်ပုံမှာ နိမ့်ချည်မြင့်ချည် ဖြစ်နေပြီး ခြေထောက်တစ်ဖက် မသန်စွမ်းဖြစ်နေကြောင်း ကော်ကျင်းယွီ သတိထားမိလိုက်သည်။

 

ဤဆိုင်မှ ထုတ်ပြလာသည့် အပိုပစ္စည်းများက ဘော့စ်ဝမ် သူတို့ကို ပြသခဲ့သည့် ပစ္စည်းများနှင့် အတူတူပင်ဖြစ်သော်လည်း ဈေးနှုန်းကတော့ အများကြီး ပိုမိုက်နေ၏။ တစ်စုံလုံးကိုမှ ၅၇၀၀ ယွမ်သာ ကျသင့်လေသည်။

 

ကော်ကျင်းယွီက ဆိုင်ရှင်လေးနှင့် စကားစမည်ပြောရန် လုပ်လိုက်စဉ် ဘေးနားရှိ ဂူယွီက စကားဖြတ်ပြောလိုက်၏။

 

သူက အရှေ့ပိုင်း ဆိုင်နှစ်ဆိုင်တွင် ကော်ကျင်းယွီ ဈေးမေးခဲ့သည်ကို မြင်ဖူးထားသဖြင့် အကြမ်းဖျင်း အကြောင်းအရာများကို သိနေပြီဖြစ်ကာ ပထမဆုံးအကြိမ်အဖြစ် စီးပွားရေးအကြောင်းကို လေးလေးနက်နက် စတင်ဆွေးနွေးလေတော့သည်။

 

ဤဆိုင်ရှင်၏ မျိုးရိုးနာမည်မှာ လု ဖြစ်သည်။ ဘော့စ်လုလေးမှာ အွန်လိုင်းဆိုင်ကို စမ်းသပ်လုပ်ကိုင်နေခါစဖြစ်ပြီး အမှန်တကယ်လည်း စီးပွားရေးကို ချဲ့ထွင်ချင်နေသူဖြစ်၍ ဂူယွီ၏ စကားကို ကြားသောအခါ အတော်လေး စိတ်ဝင်စားသွား၏။

 

ဂူယွီက ကွန်ပျူတာ spec များကို အမြင့်၊ အလယ်အလတ်၊ အနိမ့်ဟူ၍ အဆင့်သုံးဆင့် ခွဲခြားလိုက်သည်။ သူတို့က ဝယ်သူရှာပေးပြီး တစ်ဖက်လူ ပစ္စည်းလာယူချိန်တွင် ဘော့စ်လုလေးထံမှ အချိုးကျ ကော်မရှင်ခခွဲယူရန် သဘောတူလိုက်ကြ၏။

 

နောက်ဆုံးတွင် အမြင့်၊ အလယ်အလတ်၊ အနိမ့် spec သုံးမျိုးအတွက် ဈေးနှုန်းများကို ၇၅၀၀ ယွမ်၊ ၆၅၀၀ ယွမ်နှင့် ၄၅၀၀ ယွမ်ဟူ၍ အသီးသီး သတ်မှတ်လိုက်ကြသည်။

 

ကော်ကျင်းယွီက ထိုနေရာတွင်ပင် ရိုးရှင်းသော စာချုပ်တစ်ရွက်ကို ချရေးလိုက်ပြီး သီးသန့်ကိုယ်စားလှယ်ခွင့်ကို အရင်ဦးဆုံး ရယူလိုက်၏။

 

သို့သော် တစ်လလျှင် အနည်းဆုံး ကွန်ပျူတာတစ်လုံးတော့ ရောင်းထွက်ရမည်၊ မဟုတ်ပါက စာချုပ်ပျက်ပြယ်မည်ဟုလည်း ရေးသားထားသည်။

 

ကော်ကျင်းယွီက အသက်မပြည့်သေးသဖြင့် ဂူယွီနှင့် ဘော့စ်လုလေးကိုသာ အသီးသီး လက်မှတ်ရေးထိုးခိုင်းလိုက်ပြီး တစ်ယောက်တစ်ရွက်စီ သိမ်းထားလိုက်ကြသည်။

 

ဘော့စ်လုလေးက ပြုံးလျက် ပြောလာသည်။

 

“ဒီလို တရားဝင်စာချုပ်မျိုးကိုလက်မှတ်ထိုးရတာ ပထမဆုံးအကြိမ်ပဲ… တက္ကသိုလ်ကျောင်းသားဆိုတော့လည်း မတူဘူးပဲ…”

 

ကော်ကျင်းယွီမှာ စိတ်ခံစားချက် ကောင်းနေသဖြင့် မြှောက်ပင့်ပြောဆိုလိုက်၏။

 

“ဘော့စ်ရဲ့ ကျေးဇူးကြောင့်ပါပဲ… အတူတူ ကြီးပွားကြတာပေါ့… အဲ့ဒါဆို ခဏနေရင် ကျွန်တော် တစ်လုံး အရင်သယ်သွားမယ်… သေချာလေး ထုပ်ပိုးပေးပါဦးဗျ…”

 

“အေးပါ… စိတ်ချ…!”

 

ဘော့စ်လုလေးမှာ ဝမ်းသာအားရဖြင့် ကွန်ပျူတာသွားထုပ်ပိုးပေးနေပြီး ဤတစ်လုံးက ကော်ကျင်းယွီကိုယ်တိုင် သုံးရန်အတွက် ဝယ်ခြင်းဖြစ်ကြောင်းကိုတော့ လုံးဝ သိမနေခဲ့ပေ။

 

ကိစ္စများ တိုင်ပင်ပြီးနောက် ဂူယွီက ကားမောင်းကာ ပြန်လာခဲ့သည်။ လမ်းတစ်လျှောက်လုံးတွင် အသံတစ်ချက်မျှ မထွက်ဘဲ ကွန်ပျူတာမြို့တော် အောက်ထပ်သို့ ရောက်ချိန်မှသာ ကော်ကျင်းယွီကို ပြောလာ၏။

 

“ကျင်းယွီ… မင်းပြောတာ မှန်တယ်လို့ အစ်ကို ထင်တယ်…”

 

ကော်ကျင်းယွီက ယနေ့တွင် စကားတွေ အများကြီး ပြောထားခဲ့သဖြင့် မည်သည့်စကားက မှန်သည်ဟု ပြောနေမှန်း ချက်ချင်း နားမလည်ဖြစ်သွား၏။

 

ဂူယွီက ခပ်တိုးတိုး ပြောလာသည်။

 

“အိပ်မက်ဆိုတာ အိပ်မက်မက်နေရုံနဲ့ မရဘူး… ပိုက်ဆံနဲ့ အချိန်တွေ ပုံအောရမယ်ဆိုတာလေ… အစ်ကို ဒီတစ်ခေါက် ပိုက်ဆံရှာပြီးရင်… H နိုင်ငံကို သွားပြီး ဂိမ်းရေးဆွဲတာ သွားသင်ဖို့ စဉ်းစားထားတယ်…”

 

ကော်ကျင်းယွီမှာ ချက်ချင်းပင် အံ့ဩသွား၏။

 

“အစ်ကို… အစ်ကိုက နိုင်ငံခြားသွားမလို့လား…!”

 

ယခင်က ဂူယွီ နိုင်ငံခြားသွား၍ ပညာသင်ခဲ့ဖူးကြောင်း သူ မမှတ်မိပါချေ။

 

ဂူယွီက ကြီးမားသော ဆုံးဖြတ်ချက်တစ်ခုကို ချထားလိုက်သည့်ပုံစံဖြင့် ဆိုလာသည်။

 

“အစ်ကို့မှာ တခြား အိပ်မက်ရယ်လို့လည်း မရှိပါဘူး… ဂိမ်းနဲ့ ပတ်သက်တာကိုပဲ သေချာလုပ်ချင်တာ… အချိန်နှစ်နှစ်ကျော်တောင် ဖြုန်းတီးပစ်ခဲ့ပြီးပြီ… ကျောင်းပြီးသွားရင်တော့… အခွင့်အရေးဆိုတာ ရှိတော့မှာ မဟုတ်ဘူး…”

 

ပြည်တွင်းရှိ ကျောင်းများတွင် ဂိမ်းမေဂျာနှင့် ပတ်သက်၍ လက်ရှိသင်ကြားနေသည်များမှာ အပေါ်ယံမျှသာ ဖြစ်သည်။ နောက်ထပ် ဆယ်နှစ်ကျော်ကြာမှသာ ဖြည်းဖြည်းချင်း တိုးတက်လာနိုင်သော်လည်း ဂူယွီက ထိုအချိန်အထိ မစောင့်နိုင်တော့ပေ။

 

====

 

စာရေးသူ၏ စကားလက်ဆောင် :

ဇာတ်လမ်းတိုလေး :

ဦးလေးဂူ : ငါ့သားမှာ တခြားအားသာချက် ဘာမှမရှိဘူး… စကားနားထောင်တာ တစ်ခုပဲ…

 

ဂူယွီ (စိတ်လှုပ်ရှားနေသော မျက်နှာဖြင့်) : အဖေ! သား ကျောင်းထွက်မယ်! နိုင်ငံခြားမှာ ဂိမ်းရေးဆွဲတာ သွားသင်မယ်!

 

Chapter 20 ended

 

ငယ်ရွယ်မှုဆီသို့ ပြန်သွားခြင်း

ငယ်ရွယ်မှုဆီသို့ ပြန်သွားခြင်း

Status: Ongoing Type: Author: Released: 2020

Description

 

ဇူလိုင်လ၏ ချွေးတပြိုက်ပြိုက်ကျလောက်အောင် အိုက်စပ်ပူလောင်လှသော ရာသီဥတုကြီးထဲတွင် လူတွေ ပြည့်ကျပ်ညပ်နေသော စာသင်ခန်းကြီးထဲက ကျောင်းသားများသည် ဆက်တိုက်ဆိုသလို စာမေးပွဲဆိုသည့် ဖိအားများအောက်၌ အသက်ပင် ဝဝမရှူရဲကြရှာချေ။

 

ကော်ကျင်းယွီတစ်ယောက် ချွေးစေးလေးတွေ ပြန်နေလျက်ကနေ မော့ကြည့်လိုက်သည့်အခါ သူ့ရှေ့မှာ ထိုင်နေသည့် ကျောပြင်လေးကို မြင်လိုက်ရ၏။

 

ထိုကျောပြင်လေးက အမြဲတမ်း မတ်မတ်လေး ဖြစ်သည်။ ကျောင်းဝတ်စုံအောက်က ရှပ်အင်္ကျီဖြူလေးဆီမှ ဆပ်ပြာနံ့ သင်းသင်းလေးက ရနေတတ်ပြီး ဆံပင်စလေးတွေကလည်း သပ်သပ်ရပ်ရပ် ရှိလှသည်။ ထို့ပြင် စာရေးလိုက်တိုင်း ထွက်ပေါ်လာတတ်သည့် တည်ငြိမ်သော ခဲတံခြစ်သံ တရှပ်ရှပ်ကိုလည်း ကြားနေရ၏။

 

ကော်ကျင်းယွီသည် ရင်ထဲက အလုံးကြီး ကျသွားသလို သက်ပြင်းချလိုက်ပြီး ရယ်သံလွင်လွင်လေးနဲ့အတူ သူ့ရှေ့ကလူကို ဘောပင်နဲ့ နှစ်ချက်လောက် ဖွဖွလေး ထိုးလိုက်သည်။ ထို့နောက် တိုးတိုးလေး ခေါ်လိုက်၏။

 

"လီထုန်ကျိုး..."

 

ရှေ့ကလူက ခဏလောက် တန့်သွားသည်။ ဘာသံမှ ထွက်မလာသော်လည်း လက်တစ်ဖက်ကိုတော့ သူ့နောက်ကျောဘက်ဆီ ဆန့်ထုတ်ပေးလာ၏။

 

ကော်ကျင်းယွီက စားပွဲခုံပေါ် မှောက်ချလိုက်ပြီး ထိုလူ၏ လက်ဖဝါးလေးကို လက်ညှိုးနဲ့ လှမ်းထိုးလိုက်သည့်အခါ တစ်ဖက်လူက သူ့လက်လေးကို နူးနူးညံ့ညံ့ ဆုပ်ကိုင်လာခဲ့သည်။

 

ဆယ်ကျော်သက်အရွယ်ရဲ့ ပြင်းပြတဲ့ အချစ်တွေကြားမှာ မင်းက ငါ့ရဲ့ တစ်ဦးတည်းသောသူပါပဲ...

 

****

 

တိတ်ဆိတ်ပြီး အစွဲအလမ်းကြီးတဲ့ ကုန်း X တက်ကြွရွှင်လန်းပြီး လွတ်လွတ်လပ်လပ် နေတတ်သော ရှို့

 

=====

     

Comment

Leave a Reply

Your email address will not be published. Required fields are marked *

ကျေးဇူးပြု၍ ခဏစောင့်ပေးပါ...

5

အကောင့်ဝင်ရန် လိုအပ်ပါသည်

ဝတ္ထုများကို Bookmark မှတ်ရန်နှင့် သိမ်းဆည်းထားရန် ကျေးဇူးပြု၍ အကောင့်ဝင်ပါ။

ပိတ်မည် (Cancel)

Options

not work with dark mode
Reset