Chapter 21
——
ကော်ကျင်းယွီက ခဏမျှ စဉ်းစားလိုက်ပြီး ဝမ်းကွဲအစ်ကို၏ပခုံးကို ပုတ်ကာ ပြောလိုက်၏။
“ကျွန်တော် အစ်ကို့ကို ထောက်ခံတယ်… ငယ်ရွယ်တုန်း… အိပ်မက်တွေ ရှိနေသေးတုန်း… အပြင်ထွက်ပြီး စွန့်စားကြည့်လိုက်ပါ…!”
ဂူယွီမှာ သူ့စကားကြောင့် ရယ်ချလိုက်မိ၏။
“မင်းစကားက… ငါ့အဖေတို့ အရွယ်တွေ ပြောတဲ့စကားကျနေတာပဲ…”
“အာ… စိတ်ပိုင်းဆိုင်ရာအသက်က ကြီးနေလို့ နေမှာပေါ့…”
ကော်ကျင်းယွီကလည်း ရယ်မောလိုက်လေသည်။
ဆွေမျိုးများထဲတွင် ဦးလေးဂူက သူတို့အပေါ် အလွန်ကောင်းမွန်ပြီး အစ်ကိုဝမ်းကွဲဖြစ်သူ ဂူယွီကလည်း လူကောင်းတစ်ယောက်ဖြစ်၏။
သူတို့မိသားစု ဆင်းရဲစဉ်ကလည်း လုံးဝ ရွံရှာခြင်းမရှိခဲ့ဘဲ နောက်ပိုင်း ချမ်းသာလာချိန်တွင်လည်း ခွဲခြားဆက်ဆံခြင်းမရှိဘဲ ခိုင်မြဲသော ဆွေမျိုးသံယောဇဉ်ကို ဆက်လက်ထိန်းသိမ်းထားခဲ့ကြသည်။
ဤတစ်ကြိမ်တွင် ဂူယွီ၏ အိပ်မက်များ အကောင်အထည်ပေါ်လာပြီး ပို၍ တိုးတက်လာစေရန် သူ ရင်တွင်းအရှိုက်မှ လှိုက်လှဲစွာ ဆုတောင်းပေးနေမိတော့၏။
ဂူယွီမှာ ဆေးထိုးခံလိုက်ရသည့်အလား ချက်ချင်းပင် တိုက်ခိုက်လိုစိတ်များ တဖွားဖွားပေါ်ပေါက်လာကာ လမ်းလျှောက်ရင်းဖြင့် ကော်ကျင်းယွီနှင့် အရောင်းလမ်းကြောင်းချဲ့ရန် တိုင်ပင်နေတော့သည်။
“ကျင်းယွီ… ငါတို့ကျောင်းနားမှာ တက္ကသိုလ်တစ်ခုတည်း ရှိတာ မဟုတ်ဘူး… အသစ်ပြောင်းလာတာ သုံးလေးခုတောင် ရှိသေးတယ်… တက္ကသိုလ်မြို့တော်လိုမျိုး လုပ်မှာလေ… ဒီရက်ပိုင်း အဖေ့ဆီက ကားငှားပြီး… ငါတို့နှစ်ယောက် သေချာလေး လိုက်ပြေးကြတာပေါ့…”
ကော်ကျင်းယွီက ပြန်ပြောလိုက်၏။
“ရတယ်လေ… ဒါပေမဲ့ မနက်ဖြန်မှ စကြတာပေါ့…”
ဂူယွီက စိတ်လှုပ်ရှားနေဆဲပင်။
“ဘာလို့လဲ… ငါကတော့ အခုလေးတင် လုပ်ချင်ကိုင်ချင်စိတ်တွေ တအားဖြစ်နေပြီ… အခုချက်ချင်းတောင် စလိုက်ချင်နေတာ…!”
“မရဘူး… ကျွန်တော် လီထုန်ကျိုးကို လက်ဖက်ခြံ ခေါ်သွားမလို့…”
“လက်ဖက်ခြံကို ဘာသွားလုပ်မလို့လဲ…”
“နွေရာသီကျောင်းပိတ်ရက်လေ… တစ်ရက်လောက်တော့ လျှောက်လည်ရမှာပေါ့… အဘွားဆီလည်း ဝင်ကြည့်လို့ရတာကို… လီထုန်ကျိုးလည်း ပထမဆုံးအကြိမ် ရောက်ဖူးတာဆိုတော့ သူ့ကို လက်ဖက်ရွက် သွားခူးခိုင်းရင်း ဆော့လို့ရအောင်လို့…”
ဂူယွီမှာ ရင်ကျိုးပိုက်ကာ အော်လေတော့သည်။
“ပိုက်ဆံရှာဖို့က အရေးကြီးတာလား… မင်းသူငယ်ချင်းက အရေးကြီးတာလား…!”
ကော်ကျင်းယွီက မူဝါဒပိုင်းနှင့် ပတ်သက်လာလျှင် လုံးဝ အလျော့ပေးလေ့မရှိချေ။
“သူက ပိုအရေးကြီးတာပေါ့…”
ဂူယွီက သူ့ကို နားမလည်နိုင်စွာဖြင့် စိုက်ကြည့်နေမိ၏။
ကော်ကျင်းယွီက ဂူယွီ၏ ပခုံးကို ဖက်လိုက်သည်။ သူတို့ ညီအစ်ကိုနှစ်ယောက်စလုံးက စာညံ့သူများဖြစ်ကြပြီး စာတော်သူတစ်ယောက်၏ ဘဝကို မဖြတ်သန်းဖူးကြသဖြင့် ရဲရဲတင်းတင်း စိတ်ကူးယဉ်ကြည့်ရုံသာ တတ်နိုင်လေ၏။
“အစ်ကို မသိလို့ပါ… လီထုန်ကျိုးလို စာတော်တဲ့ ကျောင်းသားတွေက အချိန်အရမ်းကျပ်တာ… သူ ကျွန်တော့်ကို မပြောပေမယ့် သူ့အိမ်က အချိန်ပိုကျူရှင်တွေ အများကြီး စီစဉ်ပေးထားမှာ သေချာတယ်… ကျွန်တော်နဲ့ အပြင်ထွက်လာဖို့ အချိန်နည်းနည်းလေး ဖယ်ပေးဖို့ဆိုတာ လွယ်တဲ့ကိစ္စ မဟုတ်ဘူး… အစ်ကို စဉ်းစားကြည့်လေ… အထက်တန်းက အရေးကြီးတယ်… လီထုန်ကျိုးက နေ့တိုင်း ဘာတွေအတွက် ပြင်ဆင်နေရမယ်… ဘယ်စမ်းသပ်စာမေးပွဲတွေ ဖြေနေရမယ်… အဲ့ဒါတွေပြီးရင်တောင် ဘာအသိပညာပြိုင်ပွဲတွေ ဝင်ပြိုင်ဖို့ သင်တန်းတွေ ထပ်တက်နေရမလဲဆိုတာ…”
ဂူယွီက တွေးကြည့်လိုက်ပြီးနောက် လေးစားသွားတော့သည်။
ဂူယွီက နားယောင်လွယ်သူဖြစ်သဖြင့် သူ့စကားကို နားထောင်လိုက်၏။
“အဲ့ဒါဆို ဒီညပဲ လက်ဖက်ခြံကို သွားကြတာပေါ့… အစ်ကို မင်းတို့နှစ်ယောက်ကို ကားနဲ့ လိုက်ပို့ပေးမယ်… မနက်ဖြန်မနက်စောစော လက်ဖက်ရွက်သစ်တွေ ခူးရင်း… တောင်တက်ကြတာပေါ့… ရှုခင်းတွေလည်း သိပ်လှတာ…”
“အိုကေ… ကျေးဇူးပဲ အစ်ကို…!”
ကော်ကျင်းယွီ ဆိုင်ထဲသို့ ပြန်ရောက်သည်နှင့် လူကြီးများ ဝိုင်းရံထားခြင်းကို ခံနေရသည့် လီထုန်ကျိုးကို မြင်လိုက်ရ၏။ သူ ဝင်လာသည့် အခိုက်အတန့်လေးတွင်ပင် လီထုန်ကျိုးက သတိထားမိသွားပြီး သူ့ကို တန်းခနဲ မော့ကြည့်လာသည်။
မိဘများ လာကြိုမည်ကို စောင့်နေရသည့် သူငယ်တန်းကလေးငယ်လေး အလားပင်။
ကော်ကျင်းယွီက သဘောကျသွားပြီး လျှောက်သွားကာ မေးလိုက်၏။
“စကားပြောရတာ အဲ့လောက်တောင် အဆင်ပြေနေကြတာလား…”
ဂူပင်းရှုက ပေါင်ကို ဖြန်းခနဲရိုက်ကာ အားပါးတရ ပြောလေတော့သည်။
“အရမ်းကို အဆင်ပြေနေတာပေါ့… ကျင်းယွီရေ… မင်းသူငယ်ချင်းက တကယ် မဆိုးဘူးပဲ… သူ့အမှတ်တွေနဲ့ဆို ပြည်နယ်စမ်းသပ်ကျောင်းက အထူးတန်းကို တက်ဖို့တောင် လုံလောက်တယ်…”
ကော်ကျင်းယွီက ဝင်ပြောလိုက်၏။
“သူ့အိမ်က အဲ့ဒီဘက်မှာလေ… ဦးလေးကြီးက သူ့ကို ကျောင်းပြောင်းဖို့ မမြှောက်ပေးပါနဲ့… နောက်ကျ သူ့အိမ်ကလူတွေကို ကျွန်တော် မျက်နှာပြရခက်လိမ့်မယ်…”
လီထုန်ကျိုး၏ အဖြေကတော့ အများကြီး ပို၍ လေးနက်နေလေ၏။
“နန်ချန်က ဆရာတွေလည်း သေချာသင်ပေးကြပါတယ်… ကျွန်တော်လည်း အဲ့ဒီဘက်မှာ အသားကျနေပါပြီ…”
ဂူပင်းရှုက ပြောနေဆဲပင်။
“ဒီနေ့လယ်က ငါ တော်တော်များများ သိလိုက်ရတယ်… သူ့မိဘတွေက တကယ်ကို တော်ကြတာ… ငယ်ငယ်လေးကတည်းက ပညာရေးကို အဲ့လောက်ထိ သေချာကြပ်မတ်ပေးထားတာ…”
ကော်ကျင်းယွီက ထိုင်လိုက်ရင်း ထိုစကားကို ကြားလိုက်ရသဖြင့် ဘေးနားရှိ လူ့အနားသို့ ကပ်ကာ ခပ်တိုးတိုး ရယ်မောရင်း မေးလိုက်၏။
“မင်းငယ်ငယ်က အကြောင်းတွေပါ အကုန်မေးထားကြတာလား…”
လီထုန်ကျိုးက သူ့ကိုသာ ကြည့်နေပြီး အကြည့်များက သူ့နောက်သို့သာ တကောက်ကောက် လိုက်ပါနေတော့သည်။
ကော်ကျင်းယွီက ရယ်လိုက်ပြီး နှာခေါင်းထိပ်ကို ပွတ်သပ်ကာ တောင်းပန်လိုက်၏။
“ငါ မှားသွားပါတယ်ကွာ… နောက်တစ်ခါ စောစောပြန်လာခဲ့ပါ့မယ်… အာ… မဟုတ်ဘူး… နောက်တစ်ခါ မရှိတော့ဘူး… လုံးဝ မရှိစေရဘူး… ဟုတ်ပြီလား…”
လီထုန်ကျိုးက ခပ်ဖွဖွ ခေါင်းညိတ်လိုက်သည်။
“နောက်တစ်ခါဆို မင်း ဒီမှာ ထိုင်နေလို့ရတယ်… မင်းမရှိရင်… ငါ စိတ်လှုပ်ရှားလို့…”
ကော်ကျင်းယွီမှာ ထိုစကားကြောင့် ရင်ခုန်သံတွေ ကမောက်ကမဖြစ်ကာ လှုပ်ခတ်သွားရ၏။ လူတွေ ဒီလောက်များများ ရှိမနေဘူးဆိုလျှင် သူ အနားကပ်ပြီး တကယ်ကြီး နမ်းပစ်လိုက်ချင်မိသည်။
လီထုန်ကျိုးလို ပုံမှန်ဆို အေးစက်စက်နဲ့ ခပ်တည်တည်နေတတ်တဲ့သူက… ဘယ်လိုဖြစ်လို့ ဒီအချိန်ကျမှ ဒီလောက်တောင် ဆွဲဆောင်မှု ရှိနေရတာလဲ။
လီထုန်ကျိုးက သူ့အတွက် လက်ဖက်ရည်တစ်ခွက် ငှဲ့ပေးလိုက်ရာ ကော်ကျင်းယွီက အခွင့်ကောင်းယူကာ အသားယူလေတော့၏။
“ငါ အပြင်က ပြန်လာတာဆိုတော့ လက်တွေ ညစ်ပတ်နေတယ်… မင်းပဲ တိုက်ပေးလိုက်ပါ…”
လီထုန်ကျိုးက လက်ဖက်ရည်ပန်းကန်လုံးကို ကိုင်၍ သူ၏ နှုတ်ခမ်းနားသို့ တေ့ပေးလိုက်ရာ ကော်ကျင်းယွီက သူ့ကိုကြည့်ကာ ပြုံးရင်း သောက်လိုက်လေသည်။
ဂူယွီက ဟိုဘက်တွင် ကွန်ပျူတာကိစ္စကို ပြောပြနေ၏။ သူနှင့် ကော်ကျင်းယွီတို့ လမ်းတွင် ကြိုတင်တိုင်ပင်ထားပြီးပြီဖြစ်သည်။
ကော်ကျင်းယွီက ရည်းစားထားရန် ပိုက်ဆံစုမည်၊ သူက နိုင်ငံခြားသွားရန် ပိုက်ဆံစုမည်။ နှစ်ခုစလုံးက လူကြီးတွေကို ပေးသိ၍ မဖြစ်သည့် ကိစ္စများဖြစ်ရာ အသိအကျွမ်းတစ်ယောက်က ကူညီပေး၍ အရင်းဈေးဖြင့် ရလာခြင်းဖြစ်ကြောင်း ဆင်ခြေပေးထားလိုက်ကြသည်။
ကိစ္စတစ်ခုအတွက် လူနှစ်ယောက် ပင်ပန်းစရာမလိုပေ။ ဂူယွီက ရေတစ်ခွက်သောက်လိုက်ပြီးနောက် ကော်အဖေကို ခေါ်ကာ တစ်ခေါက် ထပ်သွားပြီး ကွန်ပျူတာ သွားသယ်ကြလေ၏။
သူတို့ပြန်လာသည်က အနည်းငယ် နောက်ကျသွားသည်။ အကြောင်းမှာ ကွန်ပျူတာက မျှော်မှန်းထားသည်ထက် ဈေးအများကြီး သက်သာသွားသဖြင့် ကော်အဖေက ကွန်ပျူတာတင်သည့် စားပွဲတစ်လုံးကိုပါ ရွေးချယ်ကာ အတူသယ်လာခဲ့သောကြောင့်ဖြစ်ပြီး မျက်နှာတစ်ခုလုံးတွင်လည်း ဝမ်းသာပျော်ရွှင်မှုများ အပြည့်ဖြစ်နေတော့၏။
ဂူပင်းရှုကလည်း ဝမ်းသာအားရဖြင့် သူတို့ကို ပြောလာသည်။
“ဒီည ငါ ဒကာခံမယ်… အကုန်လုံး လိုက်ခဲ့ကြ… ဒီနားမှာ ရှောင်ဖေးယန် ဟော့ပေါ့ဆိုင် အသစ်ဖွင့်ထားတယ်… အရသာ တော်တော်လေး မဆိုးဘူး…”
ကော်ကျင်းယွီက ပြောလိုက်၏။
“ဦးလေးကြီး… ကျွန်တော်နဲ့ လီထုန်ကျိုးတော့ မလိုက်တော့ဘူး… ခဏနေရင် သူ့ကို လက်ဖက်ခြံဘက် ခေါ်သွားမလို့… ည အဲ့ဒီဘက်မှာပဲ အိပ်လိုက်မယ်…”
ဂူပင်းရှုက ခဏတွေးလိုက်ပြီးနောက် ဆို၏။
“ရပါတယ်… မင်းအစ်ကို့ကို လိုက်ပို့ခိုင်းလိုက်မယ်… အဲ့ဒါနဲ့ ဟင်းနှစ်ပွဲ သုံးပွဲလောက်ပါ တစ်ခါတည်း ထည့်ပေးလိုက်မယ်… ဒီတစ်ပတ် အဘွားကြီးဆီ သွားမကြည့်ရသေးဘူး… မင်းတို့ပဲ ငါ့အစား နှုတ်ဆက်ပေးလိုက်တော့…”
ကော်ကျင်းယွီက ခေါင်းညိတ်သဘောတူလိုက်ရာ ကော်အမေက ထပ်၍ သတိပေးလာပြန်သည်။
“လျှောက်မသွားနဲ့နော်… ထမင်းစားပြီးရင် အမေနဲ့ နင့်အဖေလည်း လိုက်လာခဲ့မယ်…”
ကော်ကျင်းယွီက ပြုံးလျက် ခေါင်းညိတ်ပြလိုက်၏။
“အင်းပါ… သိပါပြီ… လီထုန်ကျိုး ပါနေတာပဲ… ကျွန်တော် လျှောက်မသွားပါဘူး…”
အဘွားဂူက လက်ဖက်ခြံဘက်ရှိ အိမ်ဟောင်းတွင် နေထိုင်လေ၏။ ဂူယွီက သူတို့နှစ်ယောက်ကို ကားဖြင့် လိုက်ပို့ပေးရာ ကားပေါ်တွင် လူငယ်တွေချည်းသာ ပါသဖြင့် ဂူယွီမှာ မနေနိုင်တော့ဘဲ ထပ်မံ စိတ်လှုပ်ရှားလာတော့သည်။
“မနက်ဖြန် ငါတို့ ဘယ်ကျောင်းဝင်းကို အရင်သွားကြမလဲ… ကျင်းယွီ… မင်းသူငယ်ချင်းကို ပြောပြလိုက်လို့ အဆင်ပြေတယ်မလား…”
ကော်ကျင်းယွီက ပြန်ပြောလိုက်၏။
“ရပါတယ်… ကျွန်တော် သူ့ကို ဘာမှ ဖုံးကွယ်မထားပါဘူး…”
လီထုန်ကျိုးက သူ့ကို တစ်ချက် လှမ်းကြည့်လိုက်သည်။
ကော်ကျင်းယွီက ချက်ချင်း သစ္စာရှိကြောင်း ပြသလေတော့၏။
“တကယ်ပြောတာပါ… မယုံရင် မေးကြည့်လေ… ငါ့ဘဏ်ကတ် နံပါတ်တောင် မင်းကို ပေးထားတာပဲကို…”
လီထုန်ကျိုးက ထိုကိစ္စကို သိချင်နေခြင်း မဟုတ်ပေ။ လမ်းတစ်လျှောက်လုံး သူတို့နှစ်ယောက် ကွန်ပျူတာ ပြန်လည်ရောင်းချမည့်အကြောင်း ဆွေးနွေးနေသည်ကို နားထောင်လာခဲ့ရာ အစပိုင်းတွင် စိုးရိမ်ပူပန်နေခဲ့သော်လည်း နောက်ပိုင်းတွင်တော့ ဖြည်းဖြည်းချင်း စိတ်အေးသွားတော့၏။
ကော်ကျင်းယွီက သူထင်ထားသည်ထက် ပို၍ ဉာဏ်ကောင်းပေသည်။ အရောင်းမြှင့်တင်ရေး အပိုင်းကိုသာ လုပ်ဆောင်ပြီး ငွေကြေးကိစ္စ လုံးဝ ပတ်သက်ခြင်းမရှိချေ။
ကော်ကျင်းယွီက ကွန်ပျူတာကိစ္စကို သိပ်ပြောချင်ပုံမပေါ်သလို သူ၏ အာရုံများကိုလည်း ဤအရာအပေါ်တွင် အလုံးစုံ စိုက်ထုတ်ထားပုံမရပေ။
ဂူယွီက စိတ်လှုပ်ရှားစွာ ပြောနေသော်လည်း သူက အင်းအဲလောက်သာ အသံပြုနေပြီး စီးပွားရေးအကြောင်း ပြောရခြင်းထက် ကားပြတင်းပေါက် အပြင်ဘက်ရှိ ရှုခင်းများကို လီထုန်ကျိုးအား လိုက်ပြနေရသည်ကို ပို၍ သဘောကျနေပုံရသည်။
“ဟိုမှာ ကြည့်… ဒီဘက် တစ်လျှောက်လုံးက တောင်ကုန်းလေးတွေချည်းပဲ… အရမ်းလှတာ… တောင်တွေ ကာထားတော့ ဆောင်းတွင်းကျရင်လည်း အရမ်းမအေးဘူး… လက်ဖက်ခြံက အရှေ့က မြို့လေးထဲမှာ ရှိတာ…”
Chapter 21 ened