Arc 2 Chapter 24
September 19, 2025
Arc2 Chapter – 24(သရဲ ဖြစ်သွားရင်တောင် မင်းကို တက်လုပ်မယ်)
ရေချိုးပြီးသည်နှင့် ကောင်းကောင်းအိပ်ပျော်သွားသည့်အခါ ခေါင်းတဆတ်ဆတ် ကိုက်ခဲနေသည့်ဝေဒနာလည်း တော်တော်သက်သာသွားသည်။ ဖေးလု အဝတ်အစားလဲပြီးနောက် အေးအေးဆေးဆေး စားသောက်ရန် ကန်တင်းကို သွားလိုက်သည်။
သူ့ကို အရေးပေါ်အမိန့်ဖြင့် ပြောင်းရွှေ့ခဲ့ခြင်း ဖြစ်၏။ ဗဟိုအစိုးရတပ်မတော်၏ အဆင့်မြင့်အရာရှိတစ်ဦးတွင် တစ်ခုခုဖြစ်ခဲ့သည်ဟု ဆိုကြသည်။ သူ့မှလွဲ၍ ဖက်ဒရယ်တပ်စုတွင်ရှိသော ကုသရေးသမားများအားလုံးကို ခေါ်ယူစုဆောင်းခဲ့ကြသည်ပင်။
အရေးပေါ်အမိန့်ဖြင့် ပြောင်းရွှေ့ခဲ့ရသော်လည်း တပ်မတော်က သူတို့အား ကောင်းမွန်စွာ ပြုစုစောင့်ရှောက်ပေးခဲ့သည်။ လစာကောင်းကောင်းပေးခြင်း၊ အစားအသောက်နှင့် အဆောင်နေရာထိုင်ခင်းများကို အထူးပြင်ဆင်ပေးခြင်းတို့မှာ ပြောစရာပင် မလိုချေ။ အရေးအကြီးဆုံးအချက်မှာ ဖက်ဒရယ်စု၏ ပထမဆုံးသော ယောက်ျားလေးနတ်ဘုရား ကျင်းမင်သည် ပထမတပ်မတော်တွင် ရှိနေခြင်းပင် ဖြစ်သည်။
ကျင်းမင်သည် ပထမဆုံးစစ်တပ်၏ စစ်ဗိုလ်ကြီးဖြစ်သည်။ အသက်ဆယ့်ရှစ်နှစ်တွင် သူသည် စစ်တပ်သို့ အောက်ခြေတပ်သားအဖြစ်မှ ဝင်ရောက်ခဲ့သည်။ ထူးချွန်ပြောင်မြောက်သော စွမ်းဆောင်ရည်များနှင့် ကြံ့ခိုင်သော စိတ်ဓာတ်တို့ကြောင့် အဖွဲ့ချုပ်၏ နတ်ဘုရား ဖြစ်လာခဲ့သည်။ အသက်သုံးဆယ်တွင် ဗိုလ်ချုပ်အဆင့်သို့ ချီးမြှင့်ခံရပြီး ပထမစစ်တပ်မတော်၏ တပ်မဟာမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။
ဤသည်က အဓိက မဟုတ်ပေ၊ အရေးကြီးဆုံးက ကျင်းမင်၏ရုပ်ရည်က အလွန်မြင့်မားနေခြင်းပင်။ ကျယ်ဝန်းသောပခုံးများ၊ သွယ်လျသောခါး၊ ခံစားချက်မရှိသောမျက်နှာနှင့် စစ်ဝတ်တန်ဆာဖြင့် စွဲမက်ဖွယ်ကောင်းသော ခြေတံများက လူအများ၏ခြေထောက်ကိုပင် လှုပ်ခါသွားစေနိုင်ချေသည်။
ပထမတပ်မကြီး၏ ဗိုလ်ချုပ်မှလွဲ၍ ဥစ္စာပေါရုပ်ချောပြီး အာဏာရှိသော အိမ်ထောင်မရှိသည့်လူငယ်က မည်သူ ရှိပါဦးမည်လော?
ထို့ကြောင့် ကျင်းမင်သည် တပ်မတော်တွင် နံပါတ်တစ် စစ်နတ်ဘုရား ဖြစ်ရုံသာမကဘဲ နံပါတ်တစ် ယောက်ျားလေးနတ်ဘုရားလည်း ဖြစ်နေသည်။ သူ၏စစ်ဖိနပ်များအောက်တွင် မရေမတွက်နိုင်သော ယောက်ျားလေးနှင့် မိန်းကလေးတို့သည် ဒူးထောက်ကာ လက်ထပ်ခွင့်ရရန် တောင်းပန်ခဲ့ကြရ၏။
ဖြောင့်မတ်သော လူငယ်တစ်ဦးဖြစ်သည့် ဖေးလုသည် စစ်သူကြီး၏ နံပါတ်တစ်ပရိသတ် ဖြစ်၏။
ဗိုလ်ချုပ်ကြီး ရှေ့တန်းကနေ ပြန်လာပြီးဟု ကြားသောအခါ ဖေးလုသည် ဘေးပတ်ဝန်းကျင်ကို လျှို့ဝှက်စွာ ကြည့်လိုက်သည်။ ကံကောင်းပါက ထိုယောက်ျားလေးနတ်ဘုရားနှင့် မတော်တဆတွေ့ဆုံနိုင်ချေ ရှိတယ်လေ!
666 သည် ခြေတိုလေးများဖြင့် သူ့နောက်မှ ပြေးလိုက်လာပြီး လျှာထုတ်၍ ဟားတိုက်ကာ “ယောက်ျားလေးနတ်ဘုရားတွေက ညစ်ညမ်းလို့ မရဘူးလို့ မင်းမပြောခဲ့ဘူးလား။ အခုကျ မင်းက ရွံစရာကောင်းလောက်အောင် ပြုံးနေတာလား”
ဖေးလုက သူ့ခေါင်းက်ိုစောင်းလိုက်ကာ “ငါပြောခဲ့တာလား?”
(T/N: မှတ်ဉာဏ်တွေကို ဖျောက်ခံထားရတာမို့ ဖေးလုက အဲ့ကမ္ဘာမှာ ပြောခဲ့တာတွေကို မမှတ်မိပါဘူး။ 666ကလည်း ဖေးလုကို မှတ်ဉာဏ်ဖျောက်ထားတာကို မေ့ပြီး မတော်တဆပြောမိသွားတာ။)
ဖေးလုက ရယ်မောရင်း “မဖြစ်နိုင်ပါဘူးဟာ… ငါ ဗိုလ်ချုပ်အတွက် ကလေးတွေကိုတောင် မွေးပေးဖို့ ဆုံးဖြတ်ထားတာ”
“… ” အပြောကတော့ လွယ်တယ်… 666 က ခဏလောက် နှုတ်ဆိတ်သွားပြီး သူ့စကားကို ဖောလိုးလုပ်ကာ “ဒါဆို မင်းက အံ့မခန်းပဲပေါ့”
“ဒါပေါ့” ဖေးလုအောင်ပွဲခံသည့် အသံဖြင့် ညည်းတွားလိုက်သည်။ “တစ်ယောက်တည်း အထီးကျန်ဆန်တဲ့ ညတိုင်းလိုလို ငါက စစ်သူကြီးရဲ့ မြင့်မားပြီး ကြည်လင်တဲ့ ဘောင်ခတ်ထားတဲ့ ဓာတ်ပုံတွေကိုပဲ ကြည့်ပြီး အသက်ရှင်ဖို့ ကြိုးစားခဲ့ရတာပေါ့…” ရုတ်တရက် သူသည် မြေကြီးတစ်ခုလုံးကို တုန်ခါသွားစေနိုင်လောက်သော နှာချေခြင်းဖြင့် နှာချေလိုက်လေသည်။
ဖေးလုက “ငါ့နောက်ကွယ်မှာ ဘယ်သူက ငါ့အတင်းတုတ်နေတာလဲ?”
666:…
666တွင် ပြောစရာမရှိပေ၊ သူ့ပါးစပ်ကို တိတ်တဆိတ်ပိတ်ပြီး သူ့နောက်ကို ပြေးလိုက်သွား၏။ ဖေးလုသည် သူ့ခြေထောက်များဖြင့် ပြေးလာသည်မှာ နှေးကွေးသည်ဟု ခံစားရသဖြင့် သူ့ကို သူ့လက်မောင်းထဲ ကောက်ယူပွေ့ချီကာ ကန်တင်းဆီသို့ လှမ်းသွားသည်။
ဖြစ်စဉ်တစ်ခုလုံးကို နားထောင်ပြီးနောက် ထောင့်မှထွက်လာသော ဗိုလ်ချုပ်ကြီး: …..
ကြောက်လန့်နေသော လက်ထောက်: …..
ရွှင်မြူးစွာ လှည့်ထွက်သွားသည့် လူငယ်၏ ကျောပြင်ကို ကြည့်ရင်း ကျင်းမင်သည် မျက်လုံးများကို မှေးစင်းလိုက်သည်။ သူ့မျက်နှာတွင် မည်သည့်ခံစားချက်ကိုမျှ မမြင်ရပေ။ ခဏမျှ ရပ်တန့်နေပြီးနောက်တွင်မူ သူသည် အခြားတစ်နေရာသို့ လှည့်ကာ ထွက်ခွာသွားခဲ့သည်။ ထို့နောက်တွင်တော့ လက်ထောက်သည် ဗိုလ်ချုပ်၏မျက်နှာကိုပင် မကြည့်ရဲဘဲ တွန့်ဆုတ်တွန့်ဆုတ်နှင့် နောက်မှ လိုက်သွားခဲ့၏။
ဖေးလုသည် သူ၏စကားများအားလုံးကို သူ့နတ်ဘုရားက ကြားသွားကြောင်းမသိခဲ့ဘဲ နတ်ဘုရား၏ နောက်ဆုံးရသတင်းများကို ကြည့်ရန် ဖုန်းကို အသုံးပြုနေဆဲဖြစ်သည်။
ကျင်းမင်ရဲ့ ပရိသတ်အဖွဲ့အစည်းကတော့ အင်မတန်မှ ကြီးမားလှပေ၏။ သို့ပေမဲ့ သူကိုယ်တိုင်ကတော့ အင်တာနက်ကို လုံးဝမသုံးပေ။ သူ့ရဲ့ ကိုယ်ပိုင်ဖုန်းမျက်နှာပြင်မှာ ‘ဖယ်ဒရယ် ပြည်ထောင်စုရဲ့ စစ်ဗိုလ်ချုပ်’ ဆိုတဲ့ ခေါင်းစဉ်တစ်ခုသာ ရှိပြီး ကျန်တာတွေကတော့ လုံးဝကို ဗလာဖြစ်နေပြီး ပရိုဖိုင်ပုံတောင် မရှိပေ။
ပရိသတ်တွေသည် ၎င်းတို့၏ စိတ်ကူးစိတ်သန်းများကို အထောက်အကူပြုဖို့အတွက်ဆိုလျှင် ဗိုလ်ချုပ်ကြီး တက်ရောက်တဲ့ အစည်းအဝေးတွေ၊ သတင်းတွေကို ဘယ်တော့မှ လက်မလွှတ်ကြပေ။ဗိုလ်ချုပ်ရဲ့ ၃၆၀ ဒီဂရီပြည့်တဲ့ ချောမောလှပတဲ့မျက်နှာကို ဖော်ထုတ်ဖို့အတွက်ဆိုလျှင် မည်းနက်နေတဲ့ နည်းပညာတွေ အကုန်လုံးကိုတောင် အသုံးပြုခဲ့ကြပေသည်။
ဖေးလုသည် အစာစားနေရင်း fan clubကနေ ပေးပို့တဲ့ ဗိုလ်ချုပ်ရဲ့ နောက်ဆုံးပုံတွေကို သိမ်းဆည်းထားလိုက်၏။ ထိုပုံတွေသည် သူ့အတွက် စိတ်ပိုင်းဆိုင်ရာ အစားအစာများဖြစ်ကာ ထိုဓာတ်ပုံတွေနဲ့ပဲ ညဘက်မှာ အချိန်ကုန်ဆုံးရတော့မည်။
ရက်အနည်းငယ် အနားယူပြီးနောက် စစ်တပ်မှ ကုသမှုအသစ်တစ်ခုကို ထပ်မံစီစဉ်ပေးခဲ့ပေသည်။
ဖေးလုသည် သူ့ဖုန်းမျက်နှာပြင်ပေါ်က တိုတောင်းလှတဲ့ သတင်းအချက်အလက်များကို တွေ့လိုက်ရသည်။၎င်းတွင် ကုသမှုအချိန်ကိုသာ သတ်မှတ်ထားပြီး ကျန်တဲ့အချက်အလက်များ လုံးဝမပါဝင်သည်ကို တွေ့လိုက်ရသည်။ သူ့ရဲ့နှုတ်ခမ်းကိုစူကာ ပုံမှန်အတိုင်းဖြစ်သည်ဟုသာ မှတ်ယူလိုက်တော့သည်။ သူ့ရဲ့အရင်လူနာလည်း ထိုနည်းအတိုင်းပင်။ ဘာသတင်းအချက်အလက်မှ မသိရဘဲ စိတ်ကမ္ဘာထဲသို့ ဝင်ရောက်ပြီးမှသာ အခြေအနေကိုကြည့်၍ လုပ်ဆောင်ရတာဖြစ်သည်။
ခါတိုင်းလိုပင် အာဟာရဖြည့်ဆေးရည်ထည့်ထားသော ကွန်တိန်နာထဲသို့ ဝင်ရောက်ပြီးနောက် ဖေးလုသည် ကိရိယာများကို ချိတ်ဆက်ခဲ့သည်။ မေ့လျော့နေသည်များ မရှိသည်ကို နောက်ဆုံးတစ်ကြိမ် အတည်ပြုပြီးနောက် သူသည် မျက်လုံးများကိုမှိတ်ကာ ကုသမှု ခံယူမည့်လူရဲ့ စိတ်ကမ္ဘာထဲသို့ တစ်ဖန်ပြန်၍ ဝင်ရောက်သွားတော့သည်။
အမှောင်ထုဖုံးလွှမ်းသောညတွင် လပြည့်ညရဲ့ မှိန်ဖျော့သောအလင်းရောင်သည် ထူထဲသော မိုးတိမ်များအောက်တွင် ပုန်းအောင်းနေခဲ့ပေသည်။ တောင်ပေါ်တွင် တစ်စက်လေးမျှပင် အလင်းရောင်မရှိပေ။ တောင်ပေါ်တွင် တိတ်ဆိတ်ငြိမ်သက်နေပြီး အနီးနားရှိ သစ်တောထဲက သစ်ရွက်ချင်းပွတ်တိုက်သော အသံများကိုသာ တိုးတိုးတိတ်တိတ် ကြားနေရပေသည်။
ဖေးလုသည် မျက်လုံးကိုဖွင့်လိုက်သည်နှင့် ခေါင်းမူးသွားခဲ့ပေသည်။ ထို့ကြောင့် လက်မောင်းကိုအားပြုကာ ထထိုင်ရန် ကြိုးစားလိုက်သော်လည်း လုံးဝလှုပ်ရှား၍ မရပေ။ ကြည့်လိုက်သောအခါ တစ်စုံတစ်ယောက်က သူ့ကို အတင်းအကျပ် ဖိထားသည်ကို သိလိုက်ရသည်။
အခက်အခဲများစွာဖြင့် သူ့ရဲ့လက်မောင်းကို မြှောက်ကာ သူ့အပေါ် ဖိထားသောသူကို တွန်းလိုက်သည်။ ခေါင်းမူးနေသော ဖေးလုက “သူငယ်ချင်း၊ မင်း ငါ့ကို ဖိထားတယ်” ဟု ဆိုလိုက်တော့သည်။
သူ့အပေါ်ကလူက တစ်ချက်တုံ့ဆိုင်းသွားပြီးနောက် မလှုပ်ရှားခဲ့ပေ။
ဖေးလု အနည်းငယ် ဒေါသထွက်သွားခဲ့သည်။ “ဟေး၊ လူ့စကားကို နားမလည်ဘူးလား။”
သူသည် အခွံလန်သွားသော လိပ်တစ်ကောင်လို အတင်းရုန်းကန်လိုက်ပြီးတော့ ခန္ဓာကိုယ်အပေါ်မှ ဖိထားသောသူကို အနည်းငယ်တွန်းထုတ်လိုက်သည်။
ကောင်းကင်သည် အလွန်အမင်း မှောင်မိုက်နေသောကြောင့် ထိုလူရဲ့ရုပ်ရည်ကို မမြင်နိုင်ခဲ့ပေ။ သို့သော် ထိုယောက်ျားက မောဟိုက်နေပြီး သတိလစ်လုဆဲဆဲဖြစ်နေသည်ကို သူခံစားလိုက်ရသည်။
ဖေးလုသည် သူ့အား လက်နှစ်ဖက်ဖြင့် အလျင်အမြန် ထောက်လိုက်ပြီး “ဟေး အိုး သူငယ်ချင်း၊ ဒီလို မှောင်မိုက်နေတဲ့အချိန်ကြီးကို မင်းက ငါ့ခန္ဓာကိုယ်ပေါ် အိပ်ဖို့ ကြိုးစားနေတာပဲ” ဟု အော်လိုက်တော့၏။
ထိုလူသည် ဘာစကားမှမပြောတော့ ဖေးလု၏စိတ်ထဲတွင် တစ်စုံတစ်ခုကို စိုးရိမ်မိသွားတော့သည်။ဝင်လာလာချင်း အခုလို အကြောင်းအရာမျိုးနှင့် စတင်ကြုံတွေ့ရသဖြင့် သူသည်လည်း အနည်းငယ်ကြောင်သွားလေသည်။
နှစ်ယောက်သား ခေတ္တမျှ မဆုတ်သာမတိုးသာ အခြေအနေသို့ ရောက်နေပြီးနောက် ဖေးလုသည် သူ့လက်မောင်းတွင် နာကျင်မှုအနည်းငယ်ကို ခံစားလိုက်ရသည်။သူ လက်တစ်ဖက်ကိုလွှတ်ကာ လွှဲယမ်းလိုက်ရာ ရုတ်တရက် ချွန်ထက်သောအရာတစ်ခု လျှောကျသွားသည်ကို ခံစားလိုက်ရသည်။
ဖေးလုသည် ချွန်ထက်သော အမည်မသိ အရာဝတ္တုကို သူ့လက်ဖဝါးဖြင့် ဆုပ်ကိုင်လိုက်သည်။ ဤအခိုက်အတန့်တွင် တောင်လေက တိုက်ခတ်လာသဖြင့် ထူထပ်သော တိမ်တိုက်များ လွင့်စင်သွားကာ ငွေရောင်လပြည့်ညကို ပေါ်လွင်စေသည်။
လရောင်သည် အမှောင်ထုကို မောင်းထုတ်လိုက်ပြီး ဖေးလုသည် သူ့ရဲ့လက်ထဲမှ အရာကို သိလိုစိတ်ဖြင့် ငုံ့ကြည့်လိုက်သည်။ ပထမဆုံး မြင်လိုက်ရသည်မှာ မည်းနက်ပြီး ချွန်ထက်သော လက်သည်းများ၊ ထို့နောက် ဖြူဖျော့သော လက်ဖမိုး၊ နောက်ဆုံး လက်မောင်းတစ်ဖက်လုံးကို မြင်လိုက်ရလေသည်။ ထိုလက်မောင်း၏ ပိုင်ရှင်ကတော့ ဖေးလု၏ကိုယ်ပေါ်တွင် ဖိထားသော အမျိုးသားပင် ဖြစ်သည်။
ဖေးလုသည် သူ့ကို ဖိထားသော ထိုအမျိုးသားကို အံ့သြစွာဖြင့် ပါးစပ်အဟောင်းသား ကြည့်နေမိတော့သည်။ ထိုလူက အနီရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး သူ၏ရှည်လျားသောဆံပင်များက လျော့ရဲနေကာ အလင်းရောင်ကြောင့် ချွန်ထက်သောအစွယ်များသည် လင်းလက်နေပြီး သူ၏ဖြူဖျော့နေသောမျက်နှာက အနီရောင်အရည်များဖြင့် ဖုံးလွှမ်းနေသည်။ ဖေးလုက ရုတ်တရက် တုံ့ပြန်အော်ဟစ်လိုက်ပြီး သူ့ရဲ့ခန္ဓာကိုယ်ပေါ်မှ ထိုလူကို ဖယ်ရှားပြီး ထွက်ပြေးခဲ့လေသည်။
”သရဲကြီးဗျို့!”
အမျိုးသားသည် သူ့ရဲ့နှုတ်ခမ်းကို ကွေးလိုက်သည်။ သူ့နှုတ်ခမ်းထောင့်တွင် လတ်ဆတ်သော သွေးများ ပေကျံနေခဲ့သည်။ သူက နှုတ်ခမ်းထောင့်မှ သွေးများကို လျှာဖြင့်လျက်လိုက်ပြီး ပေါ့ပါးသော ကိုယ်ဟန်ဖြင့် လိုက်ဖမ်းတော့သည်။
ဖေးလုသည် ခြေလှမ်းနှစ်လှမ်းတောင် မပြေးရသေးခင်မှာပင် မြေပြင်ပေါ်သို့ မှောက်လျက် ဖိချခြင်းကို ခံလိုက်ရသည်။ သူ့နောက်က အမျိုးသား… အာ မဟုတ်သေးပါဘူး၊ သရဲကြီးက သူ့ကိုဖိထားပြီး သူ့ရဲ့ခန္ဓာကိုယ်ပေါ် လဲလျောင်းကာ ချွန်ထက်သော သွားများဖြင့် သူ့ရဲ့လည်ပင်းနောက်ဘက်သို့ ထိုးဖောက်လိုက်လေသည်။
လည်ပင်းနေရာသည် ထုံကျဉ်သွားပြီး အအေးဓာတ်သည် ဒဏ်ရာမှတစ်ဆင့် ပျံ့နှံ့သွားခဲ့သည်။ ဖေးလုသည် မြေပြင်ပေါ်တွင် မှောက်လျက်အနေအထားနှင့် မျက်ဖြူလန်နေသော ငါးသေတစ်ကောင်နှင့် မခြားပေ။
ထိုအမျိုးသားတစ္ဆေက သူ့ကို ခဏလောက် ဖိပြီး သွေးကိုသောက်လိုက်သည်၊ ဗိုက်ပြည့်သွားပြီဟု ထင်သောအခါ သူ့ရဲ့ခန္ဓာကိုယ်ကို မတ်မတ်ထားပြီး ဖေးလုကို ကျေနပ်စွာကြည့်လိုက်သည့်အခါ သူ့မျက်လုံးတွေက အရသာရှိတဲ့ အဆီတဝင်းဝင်း အသားတုံးကိုကြည့်နေသလိုပင် “ကောင်းတယ် ယန်ဓာတ်တွေ အများကြီးပဲ။အချိန်အကြာကြီး စားလို့ရပြီ”
ဖေးလု : ငါ့ကိုမစားပါနဲ့ QAQ
သူသည် တုန်တုန်ရီရီဖြင့် မိမိကိုယ်ကို ခုခံကာကွယ်လိုက်သည်။ “ကျွန်တော့်အသားက မကောင်းဘူး၊ ခြောက်ပြီးတော့ ကြမ်းတမ်းတယ်။ သွားတွေလည်း ကျိုးနိုင်တယ်” ဟု ဆိုလိုက်ပေသည်။ သူပြောတာလည်း မှန်ပေသည်။ သူကူးပြောင်းလာသော ခန္ဓာကိုယ်သည် အလွန်ပိန်ပြီး သေးငယ်နေခဲ့သည်။ အဆီအသားဆိုတာ တစ်စက်လေးမျှပင် မရှိပေ။
တစ္ဆေအထီးက မျက်မှောင်ကြုတ်ကာ သူ့မျက်လုံးများက လည်တိုင်ကို လှည့်ပတ်ကြည့်ရင်း မကျေမနပ်ဖြင့် “မသေသေးဘူးလား?”
ဖေးလု : …
ဟုတ်ကဲ့။ မသေသေးပါဘူး၊ မင်း စိတ်ပျက်သွားလား? ဒေါသထွက်နေလား?
ဖေးလု၏ဦးနှောက်က အလွန်ပျော်နေပေမယ့် တကယ်တော့ သူသည် အသက်တောင် မရှူဝံ့ပေ။ ပတ်ဝန်းကျင်ကို မျက်လုံးဖြင့်လှည့်ပတ်ကြည့်ကာ မည်သို့ထွက်ပြေးရမည်ကို စဉ်းစားနေခဲ့သည်။
Chapter 24 ended