Chapter 41
ပင်မပို့စ် : ခေါင်းစဉ်အတိုင်းပဲ။ ယွီယွီနဲ့အတူ ပြောင်းလာတဲ့ ပညာသင်ဆုရကျောင်းသားအကြောင်း ပြောကြရအောင်။ ငါ သတိထားမိတာက ပို့စ်တွေထဲမှာ ယွီယွီရဲ့အကြောင်းက အရမ်းများနေတယ်။ ဘာလို့ ဘယ်သူမှ သူနဲ့အတူ ပြောင်းလာတဲ့ ပညာသင်ဆုရကျောင်းသားကို သတိမထားမိကြတာလဲ။ ကျောင်းဝင်ခွင့်စာမေးပွဲမှာ အမှတ်အပြည့်နီးပါးရတယ်၊ မင်းသားလေးရဲ့လူတွေဆီက ရေနဲ့အလောင်းခံရဖူးတယ်။ တစ်ယောက်ယောက် မှတ်မိသေးလား။ အခုနောက်ပိုင်းမှ ငါရှာတွေ့တာက သူက ဦးနှောက်လမ်းကြောင်း ထူးဆန်းတဲ့ ပိုင်ရှီယွီထက် အများကြီး ပိုပြီး ပါးနပ်တယ်၊ သူ့ရဲ့ အကွက်တွေကို ဘယ်သူမှ မမြင်နိုင်ကြသလိုပဲ။
1L: သူ့ကို ငါမှတ်မိတယ်။ ဝင်ခွင့်စာမေးပွဲမှာ သင်္ချာအမှတ်ပြည့်နီးပါးရတဲ့ မိစ္ဆာကောင်ပဲ။ သူ ဘာပြဿနာများ ကျူးလွန်ထားလို့လဲ။
2L: Post တင်သူက အသေးစိတ် ပြောပြပါဦး။
3L: သူက ရေကူးပြိုင်ပွဲတုန်းက အိမ်ရှေ့စံဘေးမှာ ထိုင်ခဲ့တဲ့တစ်ယောက် မဟုတ်ဘူးလား။ နည်းနည်း ရင်းနှီးနေသလိုပဲ။
(T/N: အိမ်ရှေ့စံ ၊ မင်းသားလေး အဲ့ဒါတွေက ရှောက်ဟန့်ကို ရည်ညွှန်းကြတာပါနော်)
4L: အပေါ်ကလူ ပြောတာ ဟုတ်ရဲ့လား။ ပုံရှိလား။
5L: [ပုံ] [ပုံ]
6L: ငါ မျက်စိမှားကြည့်မိတာတော့ မဟုတ်ဘူးမလား။ သူက အိမ်ရှေ့စံမင်းသားလေးနဲ့ ဘယ်လိုလုပ် အဲ့ဒီလောက် ရင်းနှီးနေရတာလဲ။ ဝမ်ချွမ်ကရော ဘာလို့ အဲ့ဒီကို သွားနေရတာလဲ။ ပုံက အတုများလား??
7L: ငါတော့ အတင်းအဖျင်းရဲ့ အနံ့အသက်ကို ရလိုက်ပြီနော်။
Post တင်သူ: အားလုံးအတွက် ငါ အကျဉ်းချုပ် ပြောပြမယ်။ သူနဲ့ အိမ်ရှေ့စံက ကလပ်တစ်ခုတည်းမှာပဲ။ ယုံကြည်ရတဲ့ သတင်းတွေအရ အိမ်ရှေ့စံက သူနဲ့ ပိုင်ရှီယွီကို မျက်နှာချိုသွေးပြီး စကားမပြောဘူးတဲ့။ ဒီအထူးကျောင်းသားနဲ့ ဝမ်ချွမ်က ရေကူးသင်တန်းနဲ့ ဓာတုဗေဒသင်တန်းကို အတူတူတက်ကြတယ်။ အရင်က ဝမ်ချွမ်က သူ့ကို ‘ကျေးဇူးပဲ’ လို့ ပြောခဲ့ဖူးတယ်။ အဲ့ဒီ ပို့စ်ကို အားလုံးမြင်ဖူးကြမှာပါ။ အဲ့ဒါဆို ပြဿနာက ဘာလဲဆိုတော့ B အဆင့်ရှိတဲ့ အထူးကျောင်းသားတစ်ယောက်ကို ‘ကျေးဇူးပဲ’ လို့ ပြောရလောက်အောင် သူက ဘာလုပ်ခဲ့လို့လဲ။ နောက်ပြီးတော့ မသေချာသေးတဲ့ ကိစ္စတစ်ခုရှိသေးတယ်၊ တစ်စုံတစ်ယောက်က သူနဲ့ ဒုဥက္ကဋ္ဌကို PC စားသောက်ဆိုင်မှာ အတူတူတွေ့ခဲ့ဖူးတယ်တဲ့၊ သူတို့က ရင်းရင်းနှီးနှီး စကားပြောရင်း ထမင်းစားနေခဲ့ကြတာ။ ဒုဥက္ကဋ္ဌက စိတ်သဘောထားကောင်းပေမဲ့ အရင်က တစ်စုံတစ်ယောက်ကို PC စားသောက်ဆိုင်ခေါ်သွားဖူးလို့လား။ ငါပြောပြီးပြီ၊ ကျန်တာကိုတော့ အားလုံး ကိုယ့်ဘာသာကိုယ် ဆက်ပြီး စဉ်းစားဆုံးဖြတ်နိုင်တယ်။
9L: သတင်းအချက်အလက်တွေက နည်းနည်းများနေပြီ၊ ဒါပေမဲ့ အားလုံးက ဆက်စပ်နေသလိုပဲ။ ငါမမှားဘူးဆိုရင် အဲ့ဒီတုန်းက ပိုင်ရှီယွီနဲ့ အိမ်ရှေ့စံ စားသောက်ဆိုင်အပြင်ဘက်မှာ ရန်ဖြစ်နေကြတုန်း ဒီအထူးကျောင်းသားကလည်း ကူညီဖို့ ဝင်လာခဲ့သေးတယ်။ အိမ်ရှေ့စံမင်းသားလေးက သူ့ကို ‘ထွက်သွား’လို့တောင် အော်ငေါက်ခဲ့သေးတယ်။ အဲ့ဒီအချိန်တုန်းက ပိုင်ရှီယွီ အငေါက်ခံရတာကိုပဲ အာရုံစိုက်နေမိလို့ သူပေါ်လာတဲ့အချိန်က တိုက်ဆိုင်လွန်းနေသလားဆိုတာ လုံးဝ မတွေးမိခဲ့ဘူး။ အိမ်ရှေ့စံမင်းသားလေးရဲ့ အာရုံစိုက်မှုကို ရဖို့အတွက်များလား။
10L: ပိုင်ရှီယွီရဲ့ ကြောက်ခမန်းလိလိ ဉာဏ်ရည်ကို ထည့်တွက်ကြည့်ရင် ငါ့မှာ ရဲတင်းတဲ့ အတွေးတစ်ခုရှိတယ်။ သူတို့နှစ်ယောက် အရင်က တော်တော်ရင်းနှီးခဲ့ကြပြီးတော့ ဒီအထူးကျောင်းသားက နောက်ကွယ်ကနေ လှုံ့ဆော်ပေးပြီး ပိုင်ရှီယွီ အငြင်းခံရတာကို ကြည့်နေခဲ့တာ ဖြစ်နိုင်မလား။ ပြီးမှ သူကိုယ်တိုင်က အခြေအနေကို အခွင့်ကောင်းယူလိုက်တာပေါ့။ ဝမ်ချွမ်နဲ့ အိမ်ရှေ့စံက အစကတည်းက ပိုင်ရှီယွီရဲ့ ပစ်မှတ်တွေ မဟုတ်ခဲ့ဘူးလား။
11L: ပူးပေါင်းကြံစည်မှု သီအိုရီလား။ ဘယ်လိုကြည့်ကြည့် နည်းနည်းတော့ အဓိပ္ပာယ်ရှိနေသလိုပဲ။
12L: ငါတော့ မထင်ဘူး။ ပိုင်ရှီယွီရဲ့ မျက်နှာကို မြင်ရတာနဲ့တင် ငါ့အတွက် စိတ်မသက်မသာ ဖြစ်ရတယ်။ ဒီအထူးကျောင်းသားကတော့ အဆင်ပြေပါတယ်၊ ဒီလိုကိစ္စမျိုး လုပ်မယ့်ပုံမပေါ်ဘူး။
13L: အပေါ်ထပ်ကလူရေ… ပညာသင်ဆုရကျောင်းသားအတွက်တောင် ကရုဏာသက်နေသေးတာလား။ ဒီလိုရမှတ်မျိုးနဲ့ တခြားကျောင်းတွေကို လျှောက်ထားလို့ရရဲ့သားနဲ့ စိန့်စတန်ကျောင်းကို သေကောင်ပေါင်းလဲ ဝင်လာကတည်းက သူ့ရဲ့ရည်ရွယ်ချက်က ရှင်းလွန်းနေပြီ မဟုတ်ဘူးလား။
…
55L: ဒီပညာသင်ဆုရကျောင်းသားနဲ့ အရင်တစ်ခေါက်က အိမ်ရှေ့စံရဲ့ အနားယူခန်းထဲ ဝင်သွားတဲ့ နောက်ကျောပုံနဲ့ တော်တော်တူတယ်လို့ ဘယ်သူများ ထင်မိကြသေးလဲ။
56L: ?
57L: သောက်ကျိုးနည်း၊ တကယ်ပဲ နည်းနည်းတူနေတာပဲ။
58L: ငါနှိုင်းယှဉ်ကြည့်ပြီးပြီ၊ တကယ်ဖြစ်ဖို့များတယ်… ခန္ဓာကိုယ်အချိုးအစားက ကိုက်ညီနေတယ်။
59L: မဟုတ်လောက်ပါဘူး၊ အမှုမှန်ပေါ်သွားပြီလား။ ဒီပို့စ်က ပေါက်တော့မယ်လို့ ငါ့စိတ်ထဲမှာ ခံစားနေရပြီ။
60L: တကယ်ပဲ လူတစ်ယောက်ကို အပြင်ပန်းကြည့်ပြီး အကဲမဖြတ်သင့်ဘူးပဲ။ ငါက သူ့ကို အေးဆေးတည်ငြိမ်ပြီး ပြဿနာမရှာတဲ့သူလို့ ထင်နေခဲ့တာ၊ ဘယ်သူသိမှာလဲ သူက ဒီလောက်တောင် နက်နက်နဲနဲ ဖုံးကွယ်ထားနိုင်လိမ့်မယ်လို့။
61L: Post တင်သူက ဘယ်လိုလုပ် ဒီလောက်အသေးစိတ် သိနေရတာလဲ။ ကင်မရာများ တပ်ထားလို့လား။
62L: ပိုင်ရှီယွီကို အထင်လွဲမိခဲ့ပြီပဲ။
…
ရံဖန်ရံခါ ပေါ်လာသော စကားအနည်းငယ်ကို ဖယ်ရှားလိုက်ပြီးနောက်၊ ပို့စ်ရေးသူသည် ဖြစ်ရပ်မှန်အများစုကို မပြတ်မသားသော ဖော်ပြချက်များဖြင့် ပုံဖော်ကာ၊ အခြေအနေကို ပိုမိုရှုပ်ထွေးစေရန် ရည်ရွယ်သည့် စကားလုံးများကို အသုံးပြု၍ လမ်းကြောင်းလွှဲနေခဲ့၏။ အချိန်အတော်ကြာက ဖြစ်ပွားခဲ့သော ကိစ္စငယ်များကိုပင် ပြန်လည်တူးဆွလာကြသည်။ ကျန့်ချီသည် ဤသို့သော ပတ်ဝန်းကျင်တွင် ဖိအားဒဏ်ကို ခံနိုင်ရည်ရှိလာစေရန် အတင်းအကျပ် လေ့ကျင့်ပေးခြင်း ခံခဲ့ရသော်လည်း၊ ဤသို့ မလိုမုန်းထားမှုများဖြင့် ပြည့်နှက်နေသော စာလုံးများကို မြင်တွေ့ရသောအခါ သူ၏နှလုံးသားသည် အနည်းငယ် နာကျင်သွားရသေး၏။ သူသည် ဖုန်းကို ပိတ်လိုက်သည်ပင်။
ဝမ်ချွမ်က တည့်တိုး ကျေးဇူးတင်ခဲ့ပြီး ရှောက်ဟန့်က ရှောင်လွှဲခြင်းမရှိဘဲ အနားသို့ ရည်ရွယ်ချက်ရှိရှိ ချဥ်းကပ်လာကတည်းက ကျန့်ချီ၌ မကောင်းသော နိမိတ်တစ်ခုကို ခံစားခဲ့ရသည်။
ယခုအခါ ထိုခံစားချက်သည် အမှန်တကယ် ဖြစ်လာခဲ့ပြီဖြစ်၏။
ကျန့်ချီသည် ဤပို့စ်သည် ယခင်တစ်ကြိမ်ကဲ့သို့ပင် အကြောင်းအရာအသစ်များ၏ ဖုံးလွှမ်းခြင်းကို ခံရကာ တဖြည်းဖြည်း မှေးမှိန်သွားလိမ့်မည်ဟု ထင်မှတ်ခဲ့သည်။
သို့သော် များမကြာမီမှာပင် အလားတူအကြောင်းအရာများ ဒုတိယအကြိမ်၊ တတိယအကြိမ် ပေါ်ထွက်လာခဲ့၏။ လူအများအပြားကို ‘အမှန်တရား’ ကို မြင်တွေ့လာစေရန် နောက်ကွယ်မှ တွန်းအားပေးနေသော လက်တစ်စုံ ရှိနေသကဲ့သို့ပင် ဖြစ်သည်။ တစ်ချိန်က ပိုင်ရှီယွီထံသို့ ညွှန်ပြနေခဲ့သော လှံသွားဦးသည် ရုတ်တရက် လမ်းကြောင်းပြောင်းကာ အမြဲတစေ သတိမထားမိခဲ့သော ကျန့်ချီထံသို့ ဦးတည်လာခဲ့သည်။
အထူးကျောင်းသားများသည် အချို့သောသူများအတွက် အသုံးချရန် လွယ်ကူသော အရာဝတ္ထုများဖြစ်ပြီး၊ တိုက်ခိုက်ခြင်းသည်လည်း အရေးမပါသော နောက်ပြောင်ခြင်းတစ်ခုမျှသာဖြစ်ကြောင်း ကျန့်ချီ နားလည်ထားခဲ့သည်မှာ ကြာပြီဖြစ်၏။
…
သူသည် မိမိကိုယ်မိမိ အချိန်အတော်ကြာတည်ရှိနေခဲ့သော စည်းမျဉ်းတစ်ခုကို ပြောင်းလဲနိုင်လိမ့်မည်ဟု တစ်ခါမျှ မထင်မှတ်ခဲ့ဖူးချေ။ အထူးသဖြင့် စိန့်စတန်ကျောင်းသားတိုင်း၏ စိတ်ထဲတွင် စွဲမြဲစွာ အမြစ်တွယ်နေပြီဖြစ်သော ဤစည်းမျဉ်းများကိုပင်တည်း။ ရေဆာလျှင် ရေသောက်ရန်၊ အိပ်ချင်လျှင် အိပ်စက်ရန် လိုအပ်သကဲ့သို့၊ အထူးကျောင်းသားများ၏ လုပ်ရပ်များကို ‘ပရိယာယ်ကြွယ်ခြင်း’ ဟူသော တံဆိပ်ကပ်ခြင်းသည် သဘာဝကျသောအရာတစ်ခု ဖြစ်နေခဲ့၏။ နောက်ဆုံးတွင် အချို့သော အထူးကျောင်းသားများ ကိုယ်တိုင်ပင်လျှင် ၎င်းတို့၏ ‘အောက်ခြေ’ အဆင့်အတန်းကို တဖြည်းဖြည်း လက်ခံလာကြသည်အထိပင်။
ကျန့်ချီသည် ဤမုန်တိုင်းကြီး ငြိမ်သက်သွားသည်အထိ စောင့်ဆိုင်းရန် လုံလောက်သော စိတ်ရှည်သည်းခံမှုရှိသည်ဟု ထင်မှတ်ခဲ့သည်။ သို့သော် တိတ်ဆိတ်စွာနေခြင်းသည် မည်သည့်အကျိုးသက်ရောက်မှုမျှ မရှိခဲ့ပေ။ ရံဖန်ရံခါ ဆွေးနွေးမှုများသည် အရေးမပါတော့သော်လည်း၊ ကျန်းယန်သည် သူ၏အနားမှ ထိုလူများကို မောင်းထုတ်ပေးခဲ့၏။ သို့သော် တစ်ယောက်တည်းရှိနေချိန်တွင် ကျန့်ချီသည် အကာအကွယ်မဲ့သော ပစ်မှတ်တစ်ခု ဖြစ်လာခဲ့သည်။ သူသည် မလိုမုန်းထားမှုများကို တတ်နိုင်သမျှ ရှောင်ရှားခဲ့သော်လည်း၊ တစ်စုံတစ်ယောက်က သူ့အား အမြဲတစေ မုန်းတီးနေခဲ့သည်သာ။
ရေကူးသင်တန်း ပြီးဆုံးသွားသောအခါ ကျန့်ချီသည် အိတ်ကိုဆွဲကာ အဆောင်သို့ ဦးတည်သော လမ်းအတိုင်း လျှောက်လာခဲ့၏။ သူ၏စိတ်အစဉ်သည် ခုလေးတင် လေ့ကျင့်ခန်းလုပ်ခဲ့ရသဖြင့် ပြေလျော့သွားခြင်းမရှိချေ။ သူ၏နောက်တွင် လူတစ်ယောက် လိုက်လာနေခဲ့သည်။ လူနှစ်ယောက် သုံးယောက်၏ ရယ်သံများသည် စင်္ကြံလမ်းတစ်လျှောက်တွင် ထင်ရှားစွာ ကြားနေရပြီး၊ အထူးသဖြင့် သူတို့၏စကားများထဲတွင် သူ၏အမည် ပါဝင်နေခဲ့သည်။
ကျန့်ချီ ခြေလှမ်းကို အရှိန်မြှင့်လိုက်သောအခါ၊ နောက်မှလူများက သူ၏ရည်ရွယ်ချက်ကို သိမြင်သွားဟန်တူကာ စူးရှသောအသံဖြင့် အော်ဟစ်လိုက်၏။
“ရပ်လိုက်စမ်း၊ မင်း ဘာလို့ပြေးတာလဲ။”
ကျန့်ချီသည် နောက်သို့ လှည့်ကြည့်လိုက်သောအခါ၊ ရေကူးသင်တန်းမှ လူသုံးယောက်သည် သူ၏ဦးတည်ရာသို့ လျှောက်လှမ်းလာနေကြသည်ကို တွေ့လိုက်ရ၏။ အထူးကျောင်းသားနှစ်ယောက်က RC ကျောင်းသားတစ်ယောက်ကို ဝန်းရံထားပြီး၊ ထို RC ကျောင်းသားသည် ကျန့်ချီကို အပေါ်အောက် အကဲဖြတ်ကြည့်ကာ မထင်မရှားသော လေသံဖြင့် ကောက်ချက်ချလိုက်သည်။
“သိပ်တော့လည်း မဟုတ်ပါဘူး။”
”ဘာကိစ္စရှိလို့လဲ။”
”ကိစ္စမရှိရင် မင်းကို မရှာနိုင်ဘူးလား။ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးမနေစမ်းပါနဲ့၊ မင်းရဲ့အချိန်က အဲ့ဒီလောက် တန်ဖိုးကြီးနေလို့လား။”
အထူးကျောင်းသားနှစ်ယောက်သည် အလယ်မှ ‘ယွမ်ကော’ ဟုခေါ်သော RC ကျောင်းသားနှင့် ပူးပေါင်းကာ ကျန့်ချီကို ကြည့်သော သူတို့၏မျက်လုံးများထဲတွင် ကရုဏာသက်ဟန်နှင့် သူတစ်ပါး ဒုက္ခရောက်နေတာကို ဝမ်းမြောက်နေသည့် အရိပ်အယောင်များ ထင်ဟပ်နေခဲ့သည်။
ဤလူများသည် သူ့ကို ပစ်မှတ်ထားပြီး ရောက်လာကြခြင်းဖြစ်သည်မှာ ထင်ရှားလှပေသည်။ သူ့ကို လှောင်ပြောင်ပြီးနောက် လွှတ်ပေးမည့်ပုံမပေါ်ချေ။ ကျန့်ချီသည် ခြေတစ်လှမ်းနောက်ဆုတ်လိုက်ရာ ဘေးနားရှိ သန့်စင်ခန်း၏ ဆိုင်းဘုတ်ကို ရုတ်တရက် တွေ့လိုက်ရ၏။ သူ၏မျက်နှာအမူအရာမပျက်ဘဲ နှုတ်ခမ်းကို ဖိကိုက်လိုက်ကာ အသံတိုးတိုးဖြင့် မေးလိုက်သည်။
“မင်းတို့ ဘာလုပ်ချင်တာလဲ။”
ထိုအားနည်းသော အမူအရာသည် အလယ်မှ ဝူရှန့်ယွမ်ကို ကောင်းစွာ ကျေနပ်စေခဲ့၏။ သူသည် လက်ပိုက်လျက် ဘေးရှိ အထူးကျောင်းသားကို မျက်စိတစ်ဖက်မှိတ်ပြကာ နက်နဲသော အဓိပ္ပာယ်ဖြင့် ပြုံးလျက်ဆိုသည်။
“ဒါပေါ့၊ မင်းနဲ့အတူတူ ကစားပေးမလို့ပေါ့။”
ထိုလူနှစ်ယောက် ရှေ့သို့တိုးလာသောအခါ ကျန့်ချီသည် အနည်းငယ် နောက်ဆုတ်လိုက်၏။ သူ၏ကျောသည် သန့်စင်ခန်းတံခါးကို ဖွင့်မိသွားပြီး အထူးကျောင်းသားနှစ်ယောက်က အခွင့်ကောင်းယူကာ သူ့ကို အတွင်းသို့ တွန်းချလိုက်ရာ သူ၏ပခုံးသည် ‘ဒုန်း’ ဟူသော အသံနှင့်အတူ နံရံကို ဆောင့်မိသွားလေ၏။
ကျန့်ချီ၏ မျက်နှာပေါ်တွင် နာကျင်မှုအရိပ်အယောင်တစ်ခု ဖြတ်ပြေးသွား၏။ ဝူရှန့်ယွမ်၏ မျက်လုံးထဲတွင် ကျေနပ်မှုများ ပိုမိုနက်ရှိုင်းလာပြီး၊ သူသည် မောက်မာစွာဖြင့် ကျန့်ချီ၏ ရှေ့သို့ လျှောက်လာကာ သူ၏လက်ကိုဆန့်၍ မျက်နှာကို ပုတ်လိုက်သည်။
”အဲ့ဒီ BC တွေက မင်းလို အထူးကျောင်းသားမျိုး ပေါင်းသင်းလို့ရတဲ့သူတွေလား။ မှန်ထဲမှာ ကိုယ့်မျက်နှာကိုယ် ပြန်ကြည့်ဦး၊ ကိုယ့်အဆင့်ကိုယ်သိဆိုတဲ့ စာလုံးတွေကို ဘယ်လိုရေးရလဲဆိုတာ သွားသင်လိုက်ဦး။”
ကျန့်ချီသည် အမြဲတစေ အောက်သို့စိုက်ထားသော သူ၏မျက်လုံးများကို ပင့်မော့လိုက်၏။ ရုတ်တရက် မျက်လုံးချင်းဆုံလိုက်ရသဖြင့် ဝူရှန့်ယွမ် အနည်းငယ် မှင်သက်သွားသည်။ ထို တစ်စက္ကန့်မျှ အာရုံလွင့်သွားစဉ်မှာပင် ကျန့်ချီသည် ခြေထောက်ကိုမြှောက်ကာ သူ၏ဒူးခေါင်းကို ပြင်းထန်စွာ ကန်ကျောက်လိုက်၏။ နာကျင်စွာ အော်ဟစ်သံနှင့်အတူ ဝူရှန့်ယွမ်သည် မမျှော်လင့်ဘဲ ကြွေပြားခင်းပေါ်သို့ ဒူးတစ်ဖက်ထောက်လျက် ကျသွားလေသည်။ အထူးကျောင်းသားနှစ်ယောက်သည် ထိတ်လန့်တကြားဖြင့် နောက်ဆုတ်သွားကြ၏။ သူတို့ သတိပြန်ဝင်လာသောအခါ ကျန့်ချီသည် သန့်စင်ခန်းတံခါးကို ပိတ်လိုက်ပြီး ‘ဂျောက်’ ဟူသောအသံနှင့်အတူ သူတို့ကို သော့ခတ်လိုက်ပြီ ဖြစ်ပေသည်။
Chapter 41 ended