Chapter 52
ကျန်းယန်သည် စာကြည့်တိုက်ထဲမှ သီးသန့်လေ့လာခန်းတစ်ခုကို လျှောက်ထားခဲ့ရာ၊ ပတ်ဝန်းကျင်သည် ပို၍တိတ်ဆိတ်ငြိမ်သက်နေခဲ့သည်။ လူလေးယောက်စာ လေ့လာနိုင်သော စားပွဲရှည်တစ်လုံးကို နေရာယူထားပြီး၊ သူနှင့် ကျန့်ချီသည် ကွန်ပျူတာဖွင့်နေစဉ် ခဏတာ စကားစမြည်ပြောပြီးနောက်၊ တဖြည်းဖြည်း ကီးဘုတ်ရိုက်သံနှင့် ဘောပင်ထိပ် စာရွက်ပေါ်တွင် ခြစ်ဆွဲသံများသာ ကျန်ရှိတော့သည်။
ကျန့်ချီသည် မျက်နှာပြင်ကို အချိန်အကြာကြီးစိုက်ကြည့်နေ၍ ကျိန်းစပ်နေသော မျက်လုံးများကို ပွတ်သပ်လိုက်ပြီး၊ သူ့ရှေ့မှ မျက်နှာမဲ့နေသော ကျန်းယန်ကို ကြည့်လိုက်သည်။ သူ၏လက်ချောင်းများသည် မောက်စ်ပေါ်တွင် တင်ထားသော်လည်း မလှုပ်ရှားပေ။ သူက စကားစလိုက်သည်။
“ခက်တဲ့ပုစ္ဆာနဲ့ တွေ့နေတာလား။”
“ဘယ်အိုင်ယွန်းညီမျှခြင်းက မှားနေလဲဆိုတာ ငါမသိဘူး”
ကျန်းယန်သည် ကွန်ပျူတာနှင့် ကုလားထိုင်ကို တစ်ပါတည်းဆွဲယူလာပြီး၊ ဇောက်ထိုးဖြစ်နေသော စတုတ္ထမြောက်ရွေးချယ်ရမည့်အဖြေကို လက်ညှိုးထိုးပြသည်။
“ဒါတွေက အကုန်မမှန်ဘူးလား။”
ကျန့်ချီသည် တစ်ချက်ကြည့်လိုက်သည်။
“မင်း C ကိုကြည့်လိုက်၊ ဆိုဒီယမ်ဘိုင်ဆာလ်ဖိုက်ရဲ့ hydrolysis ညီမျှခြင်းက မှားနေတယ်၊ ဖြစ်ရမှာက…”
ငါးမိနစ်အချိန်ယူ၍ ရွေးချယ်ရမည့်အဖြေနှစ်ခုကို ရှင်းပြပြီးနောက်၊ ကျန်းယန်၏ မျက်နှာအမူအရာသည် မရှင်းတစ်ရှင်းဖြစ်နေဆဲပင်။ သူသည် ဆက်မေးရန် အားနာသွားပြီး၊ ကွန်ပျူတာကိုပိုက်ကာ သူ့ဘာသာသူ ပြန်လည်လေ့လာနေခဲ့သည်။ ကျန့်ချီသည် ကျန်းယန်၏ ထူးဆန်းသောမေးခွန်းအမျိုးမျိုးကို တည်ငြိမ်စွာရင်ဆိုင်နိုင်နေပြီဖြစ်၏။
တစ်ခါက သူသည် ကျန်းယန်ကို ပုစ္ဆာကြီးတစ်ပုဒ်ရှင်းပြရန် နှစ်နာရီအချိန်ယူခဲ့ပြီး၊ ရှင်းပြပြီးနောက်တွင် သူ၏လည်ချောင်းများ ခြောက်ကပ်နေခဲ့သည်။ ကျန်းယန်သည် သံသယဖြင့် ပထမအဆင့်မှာပင် ရပ်တန့်နေဆဲဖြစ်ပြီး၊ နားမလည်စွာ ထောက်ပြခဲ့သည်မှာ “ဘာလို့ ဒီဖော်မြူလာကို သုံးရမှာလဲ။” ဟူ၍ပင်။
ကျန့်ချီသည် ကျန်းယန်ကို ဓာတုဗေဒဘာသာရပ်ကို အဘယ့်ကြောင့်ရွေးချယ်ခဲ့သနည်းဟု မေးဖူး၏။ ကျန်းယန်က အခြေခံလုံးဝမရှိသော အခြားရွေးချယ်စရာဘာသာရပ်များနှင့် နှိုင်းယှဉ်လျှင်၊ ဓာတုဗေဒသည် အနည်းဆုံး မေးခွန်းအနည်းငယ်ကို မှန်းဆ၍ ဖြေနိုင်သည်ဟု ယူဆသည်။
စာမေးပွဲတိုင်းတွင် သူ၏အဆင့်သည် နောက်ဆုံးမှရေလျှင် အဆင့်အနည်းငယ်သာ ကွာတော့သည်။ ဝမ်ချွမ်၏ ရမှတ်သည် ကျန်းယန်ထက် အနည်းငယ်သာ၊ အမှန်တကယ်ပင် အနည်းငယ်သာ ပိုကောင်း၏။ဝမ်ချွမ်၏ရမှတ်ဟာ အောင်မှတ်နဲ့ အရမ်းနီးစပ်နေပြီး multiple choice အနည်းငယ် မှန်သွားရင်ကို အောင်တော့မှာဖြစ်သည်။
သင်ခန်းစာစာအုပ်သည် ဘေးမှနေ၍ တွန်းပို့လာခြင်းခံလိုက်ရပြီး၊ ဝမ်ချွမ်၏ လေးနက်သောအသံသည် နားထဲသို့ဝင်ရောက်လာခဲ့သည်။
“ငါ ပဉ္စမပုစ္ဆာကို နားမလည်ဘူး။”
ကျန့်ချီသည် စာပြန်လည်လေ့ကျင့်ပြီးခါနီးဖြစ်ရာ၊ စာအုပ်ကိုယူကာ ခဏမျှကြည့်လိုက်ပြီးနောက်၊ စကားပြောနှုန်းကို နှေး၍ ရှင်းပြစပြုလိုက်သည်။ ရှင်းပြပြီးနောက် သူသည် ဝမ်ချွမ်ကို ကြည့်လိုက်သည်။
“နားလည်ရဲ့လား။”
ဝမ်ချွမ်၏ ခေါင်းသည် အလွန်နီးကပ်နေပြီး၊ သူ၏ကိုယ်ပေါ်မှ သင်းပျံ့သောရနံ့ကိုပင် ရနေခဲ့သည်။ ထိုရနံ့သည် စူးရှသောရေမွှေးနံ့မဟုတ်သလို၊ တစ်နေရာမှကပ်ပါလာသော ပန်းရနံ့လည်းမဟုတ်ပေ။ အလွန်သာမန်ဖြစ်ပြီး အလွန်သာယာသော အဝတ်လျှော်ဆပ်ပြာရနံ့ပင် ဖြစ်၏။
သူ၏မျက်လုံးအိမ်ထဲမှ အလင်းရောင်သည် မထင်မရှားတစ်ချက် လက်သွားပြီး ခေါင်းညိတ်လိုက်သည်။
“နားလည်ပြီ။”
ကျန့်ချီသည် ဤစကားကို လုံးလုံးလျားလျားမယုံကြည်ခဲ့ပေ။ အစောပိုင်းက ကျန်းယန်သည်လည်း ပုစ္ဆာတိုင်းကို ‘နားလည်ပြီ’ ဟု ပြောခဲ့သော်လည်း၊ နောက်တစ်ကြိမ် ဘောပင်ကိုကိုက်ဝါးရင်း တွက်ထုတ်၍မရဖြစ်နေခဲ့ပြန်သည်။ ဝမ်ချွမ်သည် စာအုပ်ကိုပြန်ယူကာ ခေါင်းငုံ့ပြီး တွက်ချက်နေခဲ့သည်။ သူ၏ဘေးတိုက်မျက်နှာသည် အလေးအနက်ထားနေပုံရ၏။ မိနစ်အနည်းငယ်ကြာပြီးနောက် သူသည် ဘောပင်ကိုချလိုက်ပြီး၊ စာအုပ်ကို ကျန့်ချီဘက်သို့ တိတ်တဆိတ်ပြန်တွန်းပို့လိုက်သည်။
“ဒီလိုလုပ်တာ မှန်ရဲ့လား။”
အနက်ရောင်ဘောပင်ဖြင့်ရေးထားသော စာလုံးများသည် သန့်ရှင်းပြတ်သားပြီး၊ တွက်ချက်ပုံအဆင့်ဆင့်သည် ပို၍ပင် ရှင်းလင်းလှ၏။ ကျန့်ချီသည် တွက်ချက်ပုံအဆင့်ဆင့်နှင့် အဖြေကို အံ့အားသင့်စွာ ကြည့်လိုက်ပြီး ခေါင်းညိတ်လိုက်သည်။
“မှန်တယ်၊ မင်း အကုန်နားလည်သွားတာပဲ။”
“မင်း ရှင်းပြတာ အရမ်းရှင်းလင်းလို့ပါ။”
ကျန့်ချီသိသည်မှာ၊ သူမည်မျှပင် ရှင်းလင်းအောင်ရှင်းပြပါစေ၊ တွက်ချက်နိုင်ခြင်းသည် ဝမ်ချွမ်၏ ကိုယ်ပိုင်နားလည်နိုင်စွမ်းပေါ်တွင်သာ မူတည်သည်ဟူ၍ပင်။ သူသည် သင်ခန်းစာစာအုပ်၏ ရှေ့စာမျက်နှာကို လှန်ကြည့်လိုက်ရာ၊ အပေါ်မှပုစ္ဆာများသည် ဝမ်ချွမ်၏ မျက်နှာထက်ပင် ပို၍ရှင်းလင်းနေခဲ့သည်။ ခုနကပုစ္ဆာသည် စာအုပ်တစ်အုပ်လုံးတွင် အဖြေရေးထားသော တစ်ခုတည်းသောပုစ္ဆာ ဖြစ်နေခဲ့သည်။
“မင်း ရှေ့ကပုစ္ဆာတွေ မတွက်ရသေးဘူးလား။”
“အချိန်မရှိဘူး။”
ကျန့်ချီသည် သူနေ့တိုင်းညဘက်တွင် အချိန်ပိုင်းအလုပ်လုပ်ရသည်ကို မတွေးဘဲမနေနိုင်ခဲ့ပေ။ သူသည် နှုတ်ခမ်းကိုဖိကိုက်လိုက်ပြီး စိတ်ထဲမှမကျေနပ်မှုကို မပြောထွက်နိုင်ဘဲ ဆိုလိုက်သည်။
“မင်း စာမေးပွဲမတိုင်ခင်တိုင်းမှာ စာပြန်မလေ့ကျင့်ဘူးလား။”
ဝမ်ချွမ်သည် မျက်လုံးများကို အောက်သို့ချကာ အေးစက်စွာဆိုသည်။
“ညဘက်မှာ ကိစ္စရှိတယ်၊ စာပြန်လေ့ကျင့်ဖို့ အချိန်မရှိဘူး။”
စာမလေ့ကျင့်ဘဲ သွေးအန်အောင်စာကျက်သော ကျန်းယန်ထက် ပို၍စာမေးပွဲဖြေနိုင်သည်။ ကျန့်ချီသည် ကျန်းယန်ကို သနားရလား ၊ ဝမ်ချွမ်ကို လေးစားရမလား မသိတော့ပေ။
သူသည် စာအုပ်ကိုပိတ်လိုက်ပြီး၊ သူသည် ဝမ်ချွမ်၏ အမှန်တကယ်စွမ်းရည်ကို အထင်သေးလွန်းခဲ့သည်ဟု မထင်မရှား သဘောပေါက်သွားသည်။ သူစဉ်းစားလိုက်ပြီး မေးလိုက်သည်။
“မင်း အရင်က အများဆုံး ဘယ်နှမှတ်လောက် ရဖူးလဲ။”
ထိုစကားတွင် ထိလွယ်ရှလွယ်အကြောင်းအရာများကို တတ်နိုင်သမျှ ရှောင်ရှားထားခဲ့သည်။ ဝမ်ချွမ်သည် မည်သည့်ထူးခြားမှုမျှ မပြဘဲ၊ တည်ငြိမ်စွာ အဖြေပေးသည်။
“အရင်က ပုစ္ဆာအများစုကို တွက်နိုင်ခဲ့တယ်၊ အထက်တန်းဒုတိယနှစ်မှာ ကျောင်းနားပြီးနောက်ပိုင်း သင်ခန်းစာစာအုပ်တွေကို ပြန်မကြည့်ဖြစ်တော့ဘူး၊ အဲ့စာတွေ တော်တော်များများမေ့သွားပြီ။”
Multipe choiceနှင့် နပန်းလုံးနေဆဲဖြစ်သော ကျန်းယန်သည် အံ့အားသင့်စွာဖြင့် လှည့်ကြည့်လာပြီး၊ စကားခေါင်းစဥ်သည် ‘ကျောင်းနားခြင်း’ ဆီသို့ မည်သို့ရောက်ရှိသွားသည်ကို နားမလည်နိုင်ဖြစ်နေခဲ့သည်။ ကျန့်ချီသည် သတိပြန်ဝင်လာပြီး စကားလမ်းကြောင်းလွှဲလိုက်သည်။
“မင်း နားလည်နိုင်စွမ်းမြန်တာ မဆန်းတော့ပါဘူး၊ အခြေခံက ကျန်းယန်ထက် အများကြီးသာတယ်။ ငါ မင်းအတွက် အဓိကအချက်တွေကို ခြစ်ပေးမယ်၊ မင်း အရင်ဆုံးမှတ်ထားလိုက်၊ နောက်အပတ်စာမေးပွဲပြီးမှ လွတ်သွားတဲ့သင်ခန်းစာတွေကို ဖြည်းဖြည်းချင်းပြန်ဖြည့်တာပေါ့။”
“ကျေးဇူးတင်ပါတယ်။”
ဝမ်ချွမ်သည် သူ၏မျက်လုံးများကို စိုက်ကြည့်ရင်း၊ လေးလေးနက်နက် ဆိုသည်။
စာအုပ်ထဲတွင် ဝမ်ချွမ်ကျောင်းနားခဲ့ရသည့်အကြောင်းရင်းကို အသေးစိတ်မရေးသားထားပေ။ ဝမ်ချွမ်၏ မွေးစားမိဘများနှင့် မကင်းရာမကင်းကြောင်းကိုသာ မထင်မရှားဖော်ပြခဲ့သည်။ ထိုလင်မယားသည် ဝမ်ချွမ်ကို မွေးစားခဲ့စဉ်က မူလက စေတနာကောင်းဖြင့် ဖြစ်သော်လည်း၊ နောက်ပိုင်းတွင် သူတို့၏ကိုယ်ပိုင်သားကို ရရှိလာသောအခါ၊ အားအင်နှင့် ငွေကြေးအများစုကို အားအရင်းအပေါ်သို့ တဖြည်းဖြည်း ပိုမိုသုံးစွဲလာခဲ့သည်။ ဤသည်မှာ လူ့သဘာဝဖြစ်ကောင်းဖြစ်နိုင်သော်လည်း၊ ကလေးတစ်ယောက်အတွက်မူ ပျောက်ကင်း၍မရနိုင်သော စိတ်ဒဏ်ရာတစ်ခုကို အမြဲတစေ ဖြစ်ပေါ်စေခဲ့သည်။
သူသည် ဝမ်ချွမ်၏ စိတ်ဒဏ်ရာကို မထိမိချင်သောကြောင့် မမေးခဲ့ပေ။
ကျန့်ချီသည် စာအုပ်များကိုပိုက်ကာ အဆောင်လှေကားမှ ဆင်းလာခဲ့သည်။ ယခင်က ငှားရမ်းထားခဲ့သော စီးပွားရေးပညာဘာသာရပ်ဆိုင်ရာ စာအုပ်အချို့သည် နောက်ဆုံးသတ်မှတ်ရက်သို့ နီးကပ်လာပြီဖြစ်ရာ၊ မနက်ဖြန်မတိုင်မီ မဖြစ်မနေ ပြန်လည်အပ်နှံရမည်ဖြစ်၏။
လှေကားဆင်းလာစဉ် လှေကားရင်းတွင် ရင်းနှီးသောအရိပ်တစ်ခုကို ရုတ်တရက်တွေ့လိုက်ရသည်။ ခြေသံကြောင့် တစ်ဖက်လူကို တုန်လှုပ်သွားစေခဲ့ဟန်တူ၏။ ပိုင်ရှီယွီသည် အံ့အားသင့်စွာဖြင့် ခေါင်းလှည့်လာပြီး၊ ကျန့်ချီကို မြင်လိုက်သောအခါ သူ၏မျက်ရည်များပြည့်နေသော မျက်လုံးအိမ်သည် တစ်ချက်တောက်ပသွားပြီး၊ ချက်ချင်းပင် တစ်စုံတစ်ခုကို သတိရသွားဟန်ဖြင့် မှေးမှိန်သွားပြန်သည်။
ဤနေရာတွင် ပိုင်ရှီယွီနှင့် တွေ့ဆုံခြင်းသည် မတော်တဆမှုတစ်ခုမဟုတ်ပေ။ သူ၏အဆောင်သည် အပေါ်ထပ်တွင် ရှိ၏။ ကျန့်ချီသည် ခေါင်းမော့ကြည့်လိုက်ရာ၊ မလှမ်းမကမ်းမှ ထောင့်ချိုးတွင် သွယ်လျသောနောက်ကျောပြင်တစ်ခု ပျောက်ကွယ်သွားသည်ကို တွေ့လိုက်ရပြီး၊ မထင်မှတ်သောအရာများ မဖြစ်ပွားပါက ထိုသူသည် ပိုင်ရှုယွင်ဖြစ်သင့်၏။
သူတို့ကြားမှ ပဋိပက္ခတွင် ကျန့်ချီ ဝင်ရောက်ပါဝင်ချင်စိတ်မရှိပေ။ သူသည် ပိုင်ရှီယွီကို ရိုးရှင်းစွာ နှုတ်ဆက်လိုက်ပြီး စာအုပ်များကိုပိုက်ကာ လှေကားဆင်းရန်ပြင်လိုက်စဉ်၊ ရုတ်တရက် တုန်ယင်နေသော ငိုသံတစ်သံက သူ့ကို ဆွဲကိုင်ထားလိုက်သည်။
“ကျန့်ချီ၊ မင်းလည်း ငါ့ကို မုန်းနေတာလား။”
ကျန့်ချီသည် ခြေလှမ်းများကို တစ်ချက်ချင်းရပ်တန့်လိုက်ပြီး၊ လှေကားပေါ်တွင် ထိုင်နေသော ပိုင်ရှီယွီကို လှမ်းကြည့်လိုက်သည်။ သူ၏လက်နှစ်ဖက်သည် ဒူးခေါင်းများကို တင်းတင်းပိုက်ထားပြီး၊ သူ၏ခန္ဓာကိုယ်သည် အလွန်သေးငယ်စွာ ကျုံ့ဝင်နေခဲ့သည်။ ပိုင်ရှီယွီ၏ မျက်နှာပေါ်တွင် မျက်ရည်စများ တွဲခိုနေပြီး၊ ငိုကြွေးနေပုံသည် အခြားသူများကဲ့သို့ မျက်နှာတစ်ခုလုံး ရှုပ်ပွမနေဘဲ၊ တိတ်ဆိတ်စွာ မျက်ရည်များစီးကျနေပြီး သနားစရာကောင်းသောအသွင်ကို ဆောင်နေခဲ့သည်။ ကျန့်ချီသည် ဤအကြည့်ဖြင့် အကြည့်ခံရသောအခါ အနည်းငယ် ရက်စက်ရန် လက်မရဲဖြစ်သွားသည်။
“လုံးဝမဟုတ်ပါဘူး။”
စရိုက်လက္ခဏာမတူညီခြင်းကို မုန်းတီးသည်ဟု ပြော၍မရပေ။ ကျန့်ချီသည် ပိုင်ရှီယွီကို တမင်တကာ စည်းခြားထားခြင်းမရှိဘဲ၊ သူ့ကို သာမန်အတန်းဖော်တစ်ဦးအဖြစ်သာ သဘောထားခဲ့သည်။ ရှေ့မှ အကြိမ်အနည်းငယ်တွင် မတတ်သာ၍ ကူညီပေးခဲ့ခြင်းသည် ပိုင်ရှီယွီကို တစ်စုံတစ်ခု အထင်မှားသွားစေခဲ့သည်လားမသိ။ ယခု ဤသို့ငိုကြွေးရင်း သူ့ကို စွပ်စွဲနေသောအခါ ကျန့်ချီသည် အနည်းငယ်ခေါင်းကိုက်သွားခဲ့သည်။ သူအကြောက်ဆုံးမှာ အခြားသူများ သူ၏ရှေ့တွင် ငိုကြွေးခြင်းပင်။
“ဒါပေမဲ့… ဒါပေမဲ့ ငါက ငါတို့သူငယ်ချင်းတွေလို့ ထင်နေခဲ့တာ။”
ပိုင်ရှီယွီသည် ထင်သည့်အတိုင်းပင် ဤသို့ဆိုလာပြီး၊ သူ၏လက်ဖမိုးဖြင့် ပူလောင်နေသော မျက်ရည်များကို သုတ်လိုက်သည်။
“အစ်ကို… ပိုင်ရှုယွင်ကလည်း ဒီလိုပဲ၊ ငါက ပိုင်မိသားစုကို ပြန်ရောက်ရင် သူတို့နဲ့ ကောင်းကောင်းမွန်မွန် နေထိုင်လို့ရမယ်လို့ ထင်ခဲ့တာ။ ဘာလို့ ငါ့ကိုပဲ ဒီလိုပစ်မှတ်ထားနေရတာလဲ။ ငါ ဘာအမှားလုပ်မိလို့လဲ။”
ကျန့်ချီသည် ပိုင်ရှီယွီက ဤသို့သော ကြီးမားသည့်လျှို့ဝှက်ချက်တစ်ခုကို လွယ်လွယ်ကူကူ ထုတ်ပြောလိုက်သည်ကို ဂရုမစိုက်နိုင်တော့ဘဲ၊ ပတ်ဝန်းကျင်ကို အလျင်အမြန်တစ်ချက်ကြည့်ကာ မည်သူမျှမရှိကြောင်း သေချာသွားမှ စိတ်ထဲမှ တိတ်တဆိတ်သက်ပြင်းချကာ လှေကားပေါ်သို့ တက်သွားခဲ့သည်။
ရေဘေးအန္တရာယ်နှစ်ကြိမ်နှင့် တွေ့ကြုံပြီးကတည်းက ကျန့်ချီသည် သူ၏အနားတွင် တစ်ရှူးတစ်ထုပ်ကို အမြဲဆောင်ထားတတ်၏။ သူ၏ကံကြမ္မာသည် ရေနှင့် မတည့်ဟုဆိုရမည်။ သူသည် တစ်ရှူးတစ်ရွက်ကိုဆွဲထုတ်ကာ ပိုင်ရှီယွီကို ကမ်းပေးလိုက်ပြီး အသံကိုနှိမ့်ကာဆိုသည်။
“မျက်ရည်အရင်သုတ်လိုက်၊ မင်းခုနကပြောတဲ့ကိစ္စကို တခြားသူတွေကို လျှောက်မပြောနဲ့၊ အဆောင်ကို မြန်မြန်ပြန်ပြီး အနားယူတော့။”
ပိုင်ရှီယွီသည် သူ၏လက်သည်းများစိုက်ဝင်၍ စုတ်ပြဲသွားသော တစ်ရှူးကို လက်ခံလိုက်သော်လည်း မျက်ရည်ကိုမသုတ်ဘဲ၊ စိုစွတ်နေသော မျက်လုံးများကိုပင့်ကာ ကျန့်ချီကို ကြည့်လိုက်သည်။ ထိုအကြည့်တွင် နက်ရှိုင်းပြီး နားလည်ရခက်သော စိတ်ခံစားချက်များ ရောနှောနေခဲ့သည်။
“ငါမင်းကို ယုံတယ် ကျန့်ချီ။ မင်း… မင်းက ဒီကိစ္စကို စောစောကတည်းက ခန့်မှန်းမိပြီးသားမဟုတ်ဘူးလား။ ငါ လျှို့ဝှက်ချက်တွေကို မထိန်းနိုင်ဘူး၊ တခြားဘယ်နှစ်ယောက်များ ဒီအမှန်တရားကို ခန့်မှန်းမိနေပြီလဲမသိဘူး။ သူတို့က ငါ့အစ်ကိုလိုပဲ…. ငါ့ကို ပိုင်မိသားစုနဲ့ မထိုက်တန်ဘူးလို့ နောက်ကွယ်မှာ ကဲ့ရဲ့နေကြမှာပဲ။ ဒါပေမဲ့ ငါဒီလိုမဖြစ်ချင်ဘူး၊ အမေသာမသေခဲ့ရင်၊ ငါဒီလျှို့ဝှက်ချက်ကို တစ်သက်လုံးသိမှာမဟုတ်ဘူး၊ ဒီဘဝမှာ ကျန်းချန်မြို့မှာပဲ စာဆက်သင်နေပြီး ချွမ်လင်မြို့ကို ရောက်လာမှာမဟုတ်ဘူး။ ကျန့်ချီ၊ မင်းငါ့ကိုယုံလား။ ငါ တကယ်ပဲ သူ့ဆီက အရာတွေကို လုယူဖို့ တစ်ခါမှမစဉ်းစားခဲ့ဖူးဘူး။”
ကျန့်ချီသည် ပိုင်ရှုယွင်က ပိုင်ရှီယွီကို မည်သို့သောအတွေးအခေါ်များ ထပ်မံသွတ်သွင်းခဲ့သည်ကို ခန့်မှန်းမိနိုင်လောက်၏။ သူသည် လှေကားထစ်အနည်းငယ်ကို တက်လိုက်ပြီး နှစ်သိမ့်လိုက်သည်။
“ငါမင်းကိုယုံတယ်၊ ပိုင်ရှုယွင်ရဲ့စကားတွေကို စိတ်ထဲမထားနဲ့တော့၊ မင်း မျက်ရည်အရင်သုတ်လိုက်၊ ကိစ္စက ပြီးသွားပါပြီ။”
Chapter 52 ended