Chapter 53
“စိန့်စတန်ကျောင်းတော်မှာ မင်းနဲ့ ဒုဥက္ကဋ္ဌပဲ ငါ့ကိုကူညီဖူးတယ်။”
ပိုင်ရှီယွီ၏ မျက်လုံးအရောင်သည် ကျိဟွိုက်စစ်အကြောင်းပြောချိန်တွင် အနည်းငယ်တောက်ပလာပြီး၊ သူ၏မျက်လုံးများ ခြောက်သွေ့သွားပြီးနောက်၊ နောက်ဆုံးတွင် အပြုံးတစ်ခုကို အတင်းအကျပ်ဖန်တီးနိုင်ခဲ့သည်။ သူ၏မျက်တွင်းများသည် သဘာဝမကျတော့ပေ။
“ကျေးဇူးတင်ပါတယ် ကျန့်ချီ၊ အစ်ကိုက… သူက ကိစ္စတချို့ကို အရမ်းစိတ်လိုက်မာန်ပါလုပ်လွန်းတယ်၊ သူက အစ်ကိုကြီးနဲ့ အဖေ့ကို ငါလုယူသွားတယ်လို့ ထင်နေရုံတင်မကဘူး၊ မင်းက ရှောက်ဟန့်ကို လုယူသွားတယ်လို့လည်း ထင်နေပုံပဲ။ တိတိကျကျ ဘာတွေဖြစ်ခဲ့လဲဆိုတာ ငါရှင်းရှင်းလင်းလင်းမသိပေမယ့် သူက မင်းကိုမုန်းနေတဲ့ပုံပဲ၊ မင်းနောက်ဆိုရင် သတိထားနေသင့်တယ်။”
ကျန့်ချီသည် အနည်းငယ်အံ့အားသင့်သွား၏။ ပိုင်ရှုယွင်က သူ့ကို ရန်လိုနေခြင်းကြောင့်မဟုတ်ဘဲ၊ ပိုင်ရှီယွီက ဤသို့တည့်တိုးပြောပြလိမ့်မည်ဟု မထင်ထားသောကြောင့် ဖြစ်၏။ သူသည် အနည်းငယ်ခေါင်းညိတ်လိုက်သည်။
“သတိပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်၊ ငါမှတ်ထားလိုက်ပါ့မယ်။”
ပိုင်ရှုယွင်၏ မကောင်းသောလုပ်ရပ်များနှင့် အနာဂတ်တွင် ကျူးလွန်မည့်ပြစ်မှုများကို ‘စိတ်လိုက်မာန်ပါလုပ်ခြင်း’ ဟူသော ခေါင်းစဉ်တပ်ခြင်းကို ကျန့်ချီ သဘောမတူနိုင်ခဲ့ပေ။ လမ်းတစ်လျှောက်လုံး သူသည် ပိုင်ရှီယွီ၏ နောက်ဆုံးစကားအနည်းငယ်ကို ပြန်လည်စဉ်းစားနေခဲ့သည်။ သူမှတ်မိတာ မမှားပါလျှင်၊ ပိုင်ရှီယွီသည် သူ၏အစ်ကိုကို အမြဲတစေ ကြောက်ရွံ့နေခဲ့သည်မဟုတ်လား။ အဘယ့်ကြောင့် ဤသို့သော မကျေနပ်မှုကို ထုတ်ဖော်ပြသရသနည်း။ ရုတ်တရက် သူ့ကို သူငယ်ချင်းအဖြစ် သတ်မှတ်လိုက်တာက စေတနာကောင်းဖြင့် သတိပေးခြင်းတဲ့အတွက်ကြောင့် ဖြစ်နိုင်၏။ မည်သို့ပင်ဖြစ်စေ၊ နောက်ဆုံးစကားသည် နားထဲတွင် အနည်းငယ်ထူးဆန်းနေခဲ့သည်။
ဇာတ်လမ်းဇာတ်ကွက်အားလုံးကို သိရှိထားသော်ငြားလည်း၊ ကျန့်ချီသည် ဤဇာတ်လမ်းထဲမှ မည်သည့်လူတစ်ဦးတစ်ယောက်ကိုမျှ နားမလည်နိုင်ခဲ့ပေ၊ ပိုင်ရှီယွီအပါအဝင်ပင်။
ကံကောင်းစွာ စာအုပ်ကို ပြန်ပို့ပြီးနောက်၊ ကျန့်ချီသည် အဆောင်ကို သော့ဖြင့်တံခါးဖွင့်လိုက်သည်။ စားပွဲပေါ်မှ အရာတစ်ခုကို မြင်လိုက်ရသောအခါ ရုတ်တရက် ရပ်တန့်သွားခဲ့သည်။ သူ၏အတွေးများသည် ရှုပ်ထွေးသွားပြီး တစ်စစီဖြစ်သွားခဲ့သည်။ သူသည် ခြေတစ်လှမ်းချင်း ရှေ့သို့တိုးသွားပြီး၊ စားပွဲပေါ်မှ လက်ရာမြောက်စွာထုပ်ပိုးထားသော အနက်ရောင်လက်ဆောင်ဘူးရှေ့တွင် ရပ်လိုက်သည်။
အပေါ်တွင်တင်ထားသော ကတ်ပြားကို ကောက်ယူလိုက်ရာ၊ ဆုတောင်းစကားမရှိသလို၊ လက်မှတ်လည်းမထိုးထားပေ။ ဤသူစိမ်းဆန်သော လက်ဆောင်ဘူးနှင့်အတူ၊ သူ၏အဆောင်ထဲတွင် ဗလာနတ္ထိအဖြစ် ပေါ်ထွက်လာခဲ့သည်။
သော့ခလောက်တွင် ကလန့်ထားသည့် အရိပ်အယောင်မရှိရာ၊ တစ်စုံတစ်ယောက်သည် ပေါ်ပေါ်ထင်ထင်ပင် သူ၏အခန်းထဲသို့ ဝင်ရောက်ခဲ့သည်မှာ ထင်ရှားလှ၏။ ကျန့်ချီသည် လက်ဆောင်ဘူးပေါ်မှ ဖဲကြိုးကို ဆွဲဖြုတ်လိုက်ပြီး၊ အသက်အောင့်ကာ အဖုံးကိုဖွင့်လိုက်သည်။ သူ၏နှလုံးသားသည် တစ်စုံတစ်ခုဖြင့် ဆောင့်မိလိုက်သကဲ့သို့ပင်။ နာကျင်မှုတစ်ခုဖြစ်ပေါ်ပြီးနောက်၊ ပြင်းထန်စွာ ခုန်ပေါက်လာခဲ့သည်။
အတွင်းထဲတွင် ဖန်လေးထောင့်ဘူးဖြင့်အုပ်ထားသော လေယာဉ်ပျံပုံစံငယ်တစ်ခု ရှိနေခဲ့သည်။ လေယာဉ်ကိုယ်ထည်သည် ဖြူဖွေးနေပြီး၊ အလွန်ပင်ရင်းနှီးနေခဲ့သည်။ ၎င်းသည် သူရှောက်ဟန့်၏ အနားယူခန်းထဲတွင် လက်ညှိုးထိုးပြခဲ့သော တစ်စီးပင်ဖြစ်၏။
ကတ်ပြား၏ နောက်ကျောကို လှန်လိုက်သောအခါ၊ နဂါးငှက်ပျံကခုန်နေသကဲ့သို့သော လက်ရေးလက်သားတစ်ကြောင်းကို တွေ့လိုက်ရသည်။
ငါတို့ မကြာခင်မှာ ထပ်တွေ့ကြဦးမှာပါ – ရှောက်ဟန့်
ကျန့်ချီ ကတ်ပြားကို အမှိုက်ပုံးထဲသို့ ပစ်ထည့်လိုက်သည်။ ဤတန်ဖိုးကြီးသော လေယာဉ်ပျံပုံစံငယ်ကိုမူ ကျန့်ချီ မည်သို့စီမံရမည်ကို မသိခဲ့ပေ။
သူသည် နည်းလမ်းများစွာကို စဉ်းစားခဲ့၏။ ဥပမာအားဖြင့် အမှိုက်ပုံးထဲသို့ ပစ်ထည့်ခြင်းမျိုးပင်။ သို့သော် ဈေးနှုန်းကိုတွေးမိသောအခါ ထိုအတွေးကို ပယ်ဖျက်လိုက်ရသည်။
ဥပမာအားဖြင့် ရှောက်ဟန့်ကို ရှာဖွေပြန်ပေးခြင်းမျိုးပင်။ သို့သော် ကျောင်းထဲမှလူအများအပြားက သူ့ကို အထင်သေးကြပြီး၊ ပစ္စည်းကို မူလအတိုင်း ပြန်လည်ပေးအပ်ရန်မှာလည်း မဖြစ်နိုင်ပေ။
ကျန့်ချီသည် ရှောက်ဟန့်၏ ပစ္စည်းကို သူ၏အဆောင်ထဲတွင် တစ်ခဏမျှပင် မမြင်ချင်ခဲ့ပေ။ ဤအရာသည် သူ၏ကိုယ်ပိုင်နယ်မြေကို စောင့်ကြည့်ကျူးကျော်ခံရသကဲ့သို့သော ရွံရှာမှုကို ဖြစ်ပေါ်စေခဲ့သည်။ သူသည် ထိုအရာကို ယာယီဖုံးအုပ်ထားပြီး၊ သတိမထားမိနိုင်သော ထောင့်တစ်နေရာတွင် ထားလိုက်ရုံသာ တတ်နိုင်ခဲ့သည်။
ရှောက်ဟန့်သည် တစ်ပတ်လုံးလုံး ကျောင်းတွင် ပေါ်မလာခဲ့ပေ။ လူအတော်များများ HS တွင် ဆွေးနွေးနေကြပြီး၊ အချို့က နေမကောင်းဖြစ်နေသည်ဟုဆိုကာ၊ အချို့က ပြစ်မှုကျူးလွန်၍ အချုပ်ကျနေသည်ဟု ဆိုကြသည်။ ဟုတ်ပါတယ်၊ လူအများစုကတော့ ရှောက်ဟန့်သည် အတန်းမတက်ချင်သောကြောင့် စိတ်တိုင်းကျ တစ်ပတ်လုံးပျက်ကွက်နေခြင်းဖြစ်ပြီး၊ ကျောင်းကလည်း သူ့ကို ဘာမှလုပ်၍မရဟု ထင်မြင်ကြသည်။ ဤတစ်ကြိမ်သည်လည်း ထိုအတိုင်းပင်ဖြစ်မည်ဟု ထင်ကြသည်မှာ မဆန်းပေ။
လူနည်းစုနှင့် ကျန့်ချီသာလျှင်၊ ရှေ့မှအချက်နှစ်ချက်သည် မဟုတ်မမှန်သော ကောလာဟလများသာဖြစ်ပြီး အမှန်တရား မဟုတ်ကြောင်း သိကြ၏။ ရှောက်ဟန့်သည် ကျောင်းသားကောင်စီမှ ပြင်းထန်သော သတိပေးချက်ကို လက်ခံရရှိခဲ့ပြီး၊ သုံးရက်အတွင်း အဆောင်မှ ထွက်ခွာခွင့်မရှိခဲ့ပေ။ မည်သည့်အကြောင်းကြောင့်မသိ၊ ရှောက်ဟန့်သည် သုံးရက်အချိန်ကို ခုနစ်ရက်အထိ ဆွဲဆန့်လိုက်ပြီး၊ လုံးဝပျောက်ကွယ်သွားသကဲ့သို့ပင်။ ဤအထူး’လက်ဆောင်’ကိုသာ လက်ခံမရရှိခဲ့ပါလျှင်၊ ကျန့်ချီလည်း ဤသို့ပင် ထင်မြင်မိမည်ဖြစ်သည်။
တောင်းပန်ခြင်း သို့မဟုတ် နောင်တရခြင်းမရှိ၊ အမှားကိုဝန်ခံခြင်းလည်းမရှိဘဲ၊ ဆန့်ကျင်ဘက်အားဖြင့် သူ၏အခန်းထဲသို့ ရိုင်းစိုင်းစွာဝင်ရောက်ကာ၊ သူ၏ပြစ်မှု၏ သက်သေအထောက်အထားကို မဖုံးမကွယ်ဘဲ ချန်ထားရစ်ခဲ့သည်။
ဤအရာသည် ကျန့်ချီတွေးထင်ထားသည့်အတိုင်းပင်။ ကိုယ်တိုင်တောင်းပန်လျှင်ပင်၊ ရှောက်ဟန့်သည် သူဘာအမှားလုပ်ခဲ့သည်ကို ဝန်ခံမည်မဟုတ်ပေ။
ကျန့်ချီသည် HS ကိုဖွင့်ကာ၊ ပထမဆုံးအကြိမ်အဖြစ် တက်ကြွစွာ မက်ဆေ့ခ်ျတစ်စောင် ပို့လိုက်သည်: ငါ ပစ္စည်းကို ကျောင်းသားကောင်စီမှာ ထားခဲ့လိုက်မယ်၊ မင်းဘာသာမင်း သွားပြန်ယူလိုက်။
ရှောက်ဟန့်သည် စာပြန်မပို့ပေ။ ကျန့်ချီသည် ဖုန်းကိုပိတ်ကာ ဂရုမစိုက်ပေ။ ဤရက်အနည်းငယ်အတွင်း သူနှင့် ဝမ်ချွမ်၊ ကျန်းယန်တို့သည် စာကြည့်တိုက်၏ အမြဲတမ်းလာသည့်ဧည့်သည်များ ဖြစ်လာခဲ့ကြသည်။ လေ့လာသင်ယူမှုလေထု၏ လွှမ်းမိုးမှုကြောင့်လားမသိ၊ ကျန်းယန်၏ နားလည်နိုင်စွမ်းသည် တော်တော်များများတိုးတက်လာခဲ့ပြီး၊ အနည်းဆုံးတော့ အခြားသူများက multiple choiceဖြေဆိုပြီးချိန်တွင် သူက multiple choiceတစ်ဝက်သာ ပြီးသေးသည့်အခြေအနေမျိုး မဖြစ်တော့ပေ။
မူလကတည်းက အခြေခံရှိသော ဝမ်ချွမ်ကို မဆိုထားနှင့်တော့။ ကျန့်ချီသည် သူ့ကို အဓိကအချက်များကိုသာ ခြစ်ပေးပြီး၊ ရံဖန်ရံခါ စကားအနည်းငယ်နဲ့ ညွှန်ပြရုံဖြင့်၊ ဝမ်ချွမ်သည် အပြည့်အဝနားလည်သဘောပေါက်ပြီး၊ လှပမှန်ကန်သောအဖြေများကို ရေးသားနိုင်ခဲ့သည်။
ဤအရာသည် ကျန့်ချီကိုပင် အနည်းငယ် အားငယ်သွားစေခဲ့သည်။ သူ၏ရမှတ်သည် မဆိုးလှသော်လည်း၊ များသောအားဖြင့် ကိုယ်ပိုင်အချိန်များတွင် လေ့ကျင့်ခန်းများစွာကို အချိန်ပေးလုပ်ခဲ့ရ၏။ဝမ်ချွမ်ကဲ့သို့ နေ့ဘက်တွင် မေးခွန်းအနည်းငယ်ကိုသာ ဖြေပြီး ညဘက်တွင် အလုပ်ထွက်လုပ်ရကာ နောက်နေ့တွင် ပိုမိုခက်ခဲသော ပုစ္ဆာများကိုပင် ကျွမ်းကျင်စွာ ဖြေရှင်းနိုင်သူမျိုးနဲ့ ဘယ်လိုလုပ်ယှဥ်နိုင်မှာလဲ။
ဤသည်ပင် လူတို့မချီးကျူးဘဲမနေနိုင်သော ပါရမီပင် ဖြစ်ပေမည်။
အင်္ဂါနေ့ စာမေးပွဲ ပြီးဆုံးသောအခါ၊ စာမေးပွဲခေါင်းလောင်းတီးပြီးသည်နှင့် ကျန်းယန်သည် မထိန်းနိုင်ဘဲ ထအော်လိုက်သည်။ ကျန့်ချီသည် သူ၏စိတ်အခြေအနေ ပိုမိုဆိုးရွားသော လမ်းကြောင်းသို့ မရောက်စေရန်၊ အဖြေတိုက်ရန်တောင်းဆိုမှုကို သဘောမတူခဲ့ပေ။ ပစ္စည်းများသိမ်းဆည်းပြီးသောအခါ၊ ကျန်းယန်သည် ချက်ချင်းပင် စိုးရိမ်တကြီးဖြင့် မေးရန်သွားခဲ့သည်။
“ဝမ်ချွမ်၊ မင်းအကုန်ဖြေနိုင်ခဲ့လား။ နောက်ဆုံးပုစ္ဆာကြီးနှစ်ပုဒ်ရော ပြီးအောင်တွက်နိုင်ခဲ့လား။”
ဝမ်ချွမ်က အေးစက်စွာပြန်ဖြေသည်။
“ဖြေနိုင်ခဲ့တယ်၊ မခက်ပါဘူး။”
”ဘာလို့လဲ။”
ကျန်းယန်သည် နောက်ဆုံးစကားလုံးနှစ်လုံးဖြင့် ဓားဖြင့်ထိုးခံလိုက်ရသကဲ့သို့၊ နာကျင်ကြေကွဲစွာဖြင့် စွပ်စွဲလိုက်သည်။
“ငါတို့လေ့ကျင့်ခဲ့တာ အတူတူပဲ မဟုတ်ဘူးလား။ ဘာလို့မင်းက ဖြေနိုင်ပြီး၊ ငါကျ မေးခွန်းတောင်နားမလည်ရတာလဲ။”
ကျန့်ချီက ကျန်းယန်ကို နှစ်သိမ့်လိုက်သည်။
“ဝမ်ချွမ်ရဲ့ အခြေခံက မင်းထက်သာတယ်၊ ဒီတစ်ခေါက်စာမေးပွဲကလည်း အခြေခံအကြောင်းအရာတွေပဲလေ။ မင်း နောက်ထပ်အချိန်တစ်ခုလောက် ပေးပြီး လေ့လာရင်၊ သူ့လိုဖြစ်လာနိုင်မှာပါ။”
ဝမ်ချွမ်သည် ဤစကားကိုကြားသောအခါ၊ တိတ်တဆိတ်ပင် ခေါင်းတစ်ချက်ညိတ်လိုက်သည်။
ကျန်းယန်သည် ယုံတစ်ဝက်မယုံတစ်ဝက်ဖြင့် ….
“တကယ်လား။ ငါတော့ နည်းနည်း လက်တွေ့မကျဘူးလို့ထင်တယ်နော်”
စကားသံဆုံးသည်နှင့်၊ ကျန့်ချီက နှစ်သိမ့်စကားများ ဆက်မပြောမီမှာပင်၊ ကျန်းယန်သည် သူ၏ခေါင်းကိုပုတ်လိုက်ပြီး၊ အိတ်ထဲမှ ရှည်လျားသောဘူးတစ်ဘူးကို ထုတ်ယူကာ ကမ်းပေးလိုက်သည်။
“ဒီအချိန်အတောအတွင်း စာတွေလေ့ကျင့်နေရတာနဲ့ မေ့တော့မလို့ပဲ။ ကျန့်ချီ၊ မွေးနေ့မှာ ပျော်ရွှင်ပါစေ၊ ဒါပေမဲ့ ဒီလက်ဆောင်ကတော့ နည်းနည်းနောက်ကျသွားတယ်။”
ကျန့်ချီသည် တစ်ချက်မှင်သက်သွားပြီး၊ လက်ခံဖွင့်ကြည့်လိုက်ရာ၊ ကတ္တီပါဘူးထဲတွင် တောက်ပနေသော အနက်ရောင်ဖောင်တိန်အသစ်တစ်ချောင်း လဲလျောင်းနေခဲ့သည်။ လက်ထဲတွင်ကိုင်ကြည့်လိုက်သောအခါ လေးလံသောသတ္တု၏ ခံစားချက်သည် အလွန်ပင် သက်တောင့်သက်သာရှိလှ၏။ လက်ဆောင်သည် မထူးခြားလှသော်လည်း၊ အသေးစိတ်ကျကာ ကောင်းမွန်လှသည်။ ကျန့်ချီသည် ပထမဆုံးအကြိမ်အဖြစ် ကျန်းယန်က ကြီးကြီးကျယ်ကျယ်မအော်ဟစ်သည်ကို တွေ့လိုက်ရပြီး၊ ခေါင်းမော့ကာ ပြုံးလိုက်သည်။
“ကျေးဇူးတင်ပါတယ်၊ ဒီလက်ဆောင်ကို ငါအရမ်းကြိုက်တယ်။”
”ဟီးဟီး ငါသိတာပေါ့”
ကျန်းယန်သည် သူ၏ခေါင်းကိုကုတ်လိုက်ပြီး၊ သူ၏အပြုံးတွင် သွားရှစ်ချောင်းပေါ်လာခဲ့သည်။
“ငါမင်းကို ကြည့်ရတာ စာရွက်ပေါ်မှာ စာရေးတာကို ပိုကြိုက်နှစ်သက်တယ်လို့ထင်တယ်၊ အဲ့ဒါကြောင့် ဒါက သင့်တော်မယ်လို့ထင်လို့။ တကယ်တော့ ငါစောစောကတည်းက ပေးနိုင်ခဲ့မှာ၊ ကျောင်းအပြင်ကနေ ပစ္စည်းမှာရတာ တကယ်အဆင်မပြေဘူး။”
သာမန်လူများ လက်ဆောင်ပေးလျှင်၊ ကျန်းယန်ကဲ့သို့ပင် တစ်ဖက်လူနှစ်သက်ရာကို လိုက်၍ပေးတတ်ကြ၏။ တစ်ဖက်လူ၏ စိတ်နေစိတ်ထားကို ရှင်းလင်းစွာမသိလျှင်ပင်၊ တတ်နိုင်သမျှ အသုံးဝင်မည့်အရာများကို ရွေးချယ်တတ်ကြသည်။
ရှောက်ဟန့်ကဲ့သို့ မိမိ၏နှစ်သက်ရာကို တစ်ဖက်လူအပေါ် အတင်းအကျပ်ပုံချခြင်းမျိုး မဟုတ်ပေ။
ကျန့်ချီ၏ လက်ဆောင်ပြန်ပေးမည့် မက်ဆေ့ခ်ျအပေါ်တွင်၊ ရှောက်ဟန့်၏ အဖြေသည် စာတစ်ကြောင်းတည်းသာရှိသည်: မကြိုက်ဘူးလား။
ကျန့်ချီထင်သည်မှာ ဤသည်မှာ ကြိုက်ခြင်း၊ မကြိုက်ခြင်းကိစ္စမျှသာ မဟုတ်တော့ပေ။ ပထမဆုံးအနေနဲ့ ရှောက်ဟန့်သည် သူ၏ခွင့်ပြုချက်မရှိဘဲ အဆောင်ထဲသို့ ပစ္စည်းလာထားခွင့်မရှိပေ။ ထို့ထက်ပိုဆိုးသည်မှာ ထိုသို့ပြုမူပြီးသည့်တိုင်အောင် သူပေးသွားသောအရာသည် အန္တရာယ်မဟုတ်ဘဲ လက်ဆောင်တစ်ခုဖြစ်သည်ဟု မိမိဘာသာ ယူဆနေခြင်းပင် ဖြစ်၏။
ကျန့်ချီ : ငါမကြိုက်ဘူး၊ နောက်ဆို ငါ့အဆောင်ထဲကို ခွင့်ပြုချက်မရဘဲ မဝင်ပါနဲ့တော့လို့ မင်းကိုတောင်းဆိုတယ်။
ရှောက်ဟန့်: ပေးပြီးသားပစ္စည်းကို ငါပြန်မယူဘူး။
Chapter 53 ended