Chapter 8
—–
ကော်ကျင်းယွီက အတန်းနားချိန်ကို အခွင့်ကောင်းယူကာ လီထုန်ကျိုးကို ဒိန်ချဉ်တစ်ဘူး ခွဲပေးလိုက်၏။
လီထုန်ကျိုးက ခေါင်းငုံ့ကာ တစ်ချက်ကြည့်လိုက်ပြီး လှမ်းမယူဘဲ မေးလာလေသည်။
“ငါ ဖန်ကျားလီကို မသိဘူးနော်…”
ကော်ကျင်းယွီတစ်ယောက် ကြောင်တောင်တောင် ဖြစ်သွားရ၏။ သူကိုယ်တိုင်လည်း မသိပါဘူးနော်။
လီထုန်ကျိုးက ဆက်ပြောလာ၏။
“မင်းဘာသာပဲ သွားပေးလိုက်ပါ… ငါ သွားပေးတာ သိပ်မသင့်တော်ဘူး…”
ကော်ကျင်းယွီက ထိုအခါမှ သဘောပေါက်သွားပြီး နွားနို့ဘူးကို သူ့လက်နားသို့ ထပ်တွန်းပို့ပေးလိုက်ကာ ရယ်လျက် ပြောလိုက်လေသည်။
“ဘယ်သူက သူ့ကို ပေးမယ် ပြောလို့လဲ… ဒါ မင်းအတွက် ဝယ်လာတာကွ… ကျောင်းမုန့်ဈေးတန်းမှာ တခြားဟာ ဘာမှ မရှိတော့ဘူးလေ… မင်းကလည်း ဂက်စ်ပါတဲ့ အချိုရည်တွေ သောက်ရတာ မကြိုက်ဘူးဆိုတော့… ဒါလေး သောက်လို့ အဆင်ပြေမလား…”
လီထုန်ကျိုးက အနည်းငယ် အံ့သြသွားသော်လည်း ခေါင်းခါပြလိုက်၏။
“မင်းပဲ သောက်လိုက်ပါ… ငါက ရေသောက်ရင် ရပြီ…”
ကော်ကျင်းယွီက သူ့ဘေးနားတွင် ထိုင်ချလိုက်ပြီး စားပွဲပေါ် မှောက်ကာ သူ့ကို ခေါင်းစောင်းကြည့်နေ၏။
ထို့နောက် လက်ချောင်းလေးများကို အသုံးပြုပြီး ထိုစတော်ဘယ်ရီ ဒိန်ချဉ်ဘူးလေးကို နည်းနည်းချင်းစီ ရှေ့သို့ တွန်းပို့နေလေသည်။
သူ၏ လက်ချောင်းနှစ်ချောင်းက စားပွဲပေါ်တွင် လမ်းလျှောက်နေသည့် လူပုလေးတစ်ယောက်လို သွက်လက်နေ၏။
နွားနို့ဘူးကို တွန်းပို့ပြီးသည့်နောက် ပြုံးစိစိဖြင့် တိုးတိုးလေး ပြောလိုက်သည်။
“တစ်ငုံလောက် မြည်းကြည့်ပါကွာ… ငါ အဝေးကြီး ပြေးပြီး သွားဝယ်လာရတာ… မင်း မကြိုက်ဘူးဆိုရင် ကျန်တာ ငါ သောက်မယ်လေ…”
သူက လူကို အနှောင့်အယှက်ပေးနေတာနဲ့တင် အားမရသေးဘဲ လီထုန်ကျိုး၏ အိမ်စာစာအုပ်ကိုပါ သွားကလိနေသေး၏။
လက်ချောင်းနှစ်ချောင်းကို သူများစာအုပ်ပေါ် ထောင်ကာ ဟိုဘက်ဒီဘက် ပြေးလွှားနေသလို လုပ်နေပြီး ချွဲနွဲ့နေသည့်အလား သူများစာအုပ်ကို ပွတ်သီးပွတ်သပ် သွားလုပ်နေလေသည်။
လီထုန်ကျိုးက သူ့လက်လေးကို ခဏလောက် စိုက်ကြည့်နေပြီးနောက် နောက်ဆုံးတွင်တော့ အရှုံးပေးလိုက်ရပြီး ထိုနွားနို့ဘူးကို ယူကာ တစ်ငုံ သောက်လိုက်တော့၏။
ကော်ကျင်းယွီက မေးလိုက်သည်။
“သောက်လို့ ကောင်းလား…”
လီထုန်ကျိုးက အမှန်အတိုင်းပင် ပြန်ဖြေလာ၏။
“မကောင်းဘူး… အရမ်း ချိုလွန်းတယ်…”
“အိုကေလေ… နောက်တစ်ခါကျရင် မင်းအတွက် ရိုးရိုးနွားနို့ ဒါမှမဟုတ် ရေသန့်ပဲ ဝယ်လာခဲ့မယ်…”
ကော်ကျင်းယွီက ပြောပြီးသည်နှင့် တစ်ဖက်လူ၏ လက်ကို ဆုပ်ကိုင်ကာ အနားသို့ တိုးကပ်သွားပြီး ကျန်နေသည့် နွားနို့ကို နှစ်ငုံ သုံးငုံဖြင့် အကုန် မော့သောက်လိုက်လေသည်။
အစပိုင်းတွင် သူက လီထုန်ကျိုး အရှက်သည်းသွားမည်ကို စိုးရိမ်နေခဲ့သော်လည်း တကယ်တမ်းတွင်မူ တစ်ဖက်လူက ရှောင်ဖယ်သွားခြင်း မရှိပေ။
သူ သောက်လို့ ကုန်သွားသည်အထိ သေချာ ကိုင်ထားပေးပြီးမှ အခွံလွတ်ကို သွားပစ်ပေးလေသည်။
လီထုန်ကျိုး ပြန်လာသည့်အခါ သူက ထိုနေရာတွင် ထိုင်နေဆဲဖြစ်သည်ကို မြင်လိုက်ရသဖြင့် တိုးတိုးလေး ပြောလာ၏။
“အတန်းစတော့မယ်…”
ကော်ကျင်းယွီက ပြန်ပြောလိုက်သည်။
“ငါ မင်းရဲ့ ခုံဖော်…”
သူက စာအုပ်ပေါ်က နာမည်ကို တစ်ချက်ကြည့်လိုက်ပြီး ဆက်ပြော၏။
“ရန့်ရန်နဲ့ ပြောပြီးသွားပြီ… ဒီတစ်ချိန် ငါတို့ နေရာပြောင်းထိုင်ကြမလို့…”
စကားပြောနေဆဲမှာပင် လီထုန်ကျိုး၏ ခုံဖော် ပြန်ရောက်လာလေသည်။
ထိုကောင်လေးက ဘေးနားတွင် ရပ်နေပြီး သိပ်မကပ်ရဲသည့်ပုံစံ ဖြစ်နေ၏။
ကော်ကျင်းယွီက ခေါင်းမော့ကာ ယဉ်ယဉ်ကျေးကျေး ပြုံးပြလိုက်ပြီး ပြောလိုက်သည်။
“ရန့်ရန်… ငါတို့ ဒီတစ်ချိန် နေရာပြောင်းထိုင်မယ်လို့ ပြောထားတယ် မဟုတ်လား…”
“ဟင်… အော်… ဟုတ်တယ် ဟုတ်တယ်…”
ရန့်ရန်က တစ်ချက် ကြောင်သွားသော်လည်း ချက်ချင်းပင် စာအုပ်ကို ယူကာ အနောက်သို့ သွားထိုင်တော့၏။
လီထုန်ကျိုးက စကားနည်းပြီး အရမ်းကြီး လွန်ကျူးသွားသည့် ကိစ္စမျိုး မဟုတ်လျှင် သူ့ကို ဘာမှ ဝင်မပြောတတ်ပေ။
ကော်ကျင်းယွီက နေရာပြောင်းထိုင်ရသဖြင့် အလွန် ကျေနပ်သွားပြီး အတန်းထဲတွင် စာကို ကြိုးကြိုးစားစား နားထောင်လေသည်။
သို့သော်လည်း ဘယ်လောက်ပဲ ကြိုးစားကြိုးစား တစ်ဝက်လောက်ကိုသာ နားလည်တော့၏။
သင်္ချာကိုတော့ နည်းနည်းပါးပါး လိုက်မီသေးသော်လည်း ရူပဗေဒနှင့် ဓာတုဗေဒကတော့ နတ်ပြည်က စာတွေကို လာဖတ်ပြနေသလိုပင်။
သူ့တစ်သက်တွင် ဗဟုသုတ အကြွယ်ဝဆုံး အချိန်ဆိုသည်မှာ အထက်တန်းကျောင်းသား အရွယ်ပဲ ဖြစ်လိမ့်မည်ဟု သူ့ကိုယ်သူ တွေးလိုက်မိတော့သည်။
သူ၏ အဓိကဘာသာရပ် အမှတ်တွေကတော့ မဆိုးလှပေ။
ဝိဇ္ဇာ၊ သိပ္ပံ လိုင်းခွဲပြီးနောက်တွင်တော့ သူ့အဆင့်က အတော်လေး တက်လာခဲ့သေး၏။
ဘာပဲဖြစ်ဖြစ် အနုပညာတန်းက လူတွေက ရူပဗေဒနှင့် ဓာတုဗေဒကို မုန်းရုံသာမက သင်္ချာကိုပါ မုန်းကြသည် မဟုတ်လား။
ကော်ကျင်းယွီ၏ ဒီလို တစ်ဝက်တစ်ပျက် သင်္ချာအဆင့်လေးကတောင် သူတို့အတန်းထဲမှာ ပထမ ရခဲ့သေးသည်။
ကော်ကျင်းယွီက သူ အထက်တန်းကျောင်းတွင် ထွန်းတောက်ခဲ့သည့် အချိန်တွေကိုသာ မှတ်မိနေခဲ့ပြီး ထိုအချိန်တုန်းက ဘယ်တုန်းကမှ စိတ်ဓာတ်ကျစရာ မရှိခဲ့ဘဲ အမြဲတမ်း ဂုဏ်ယူဝင့်ကြွားနေခဲ့သလိုပင်။
သူက မေးထောက်ကာ လက်နားရှိ ဓာတုဗေဒ မေးခွန်းလွှာကို ဂရုမစိုက်စွာ ကြည့်လိုက်မိ၏။
စာရွက်ပေါ်တွင်တော့ မိခင်နိုင်ငံတော်၏ တောင်တန်းမြစ်ချောင်းများအလား အနီရောင်တွေ လွှမ်းမိုးနေပြီး ‘၀’ နှင့် အမှားခြစ် ‘x’ များက နေရာအနှံ့ ပျံဝဲနေကာ အမှတ်ပေါင်းလိုက်သည့်အခါ (၃၂) မှတ်သာ ရထားလေသည်။
တကယ့်ကို အရှက်ရစရာပါပဲလား။
လီထုန်ကျိုး၏ ဘေးတွင် ဝင်ထိုင်လိုက်မိသည်ကိုပင် သူ အနည်းငယ် နောင်တရသွားမိ၏။
ဒီအမှတ်တွေကိုသာ လီထုန်ကျိုး မြင်သွားခဲ့လျှင် သူ လူလုံးပြရဲပါဦးမလား။
ကော်ကျင်းယွီ၏ နားရွက်ဖျားလေးတွေက ပူထူလာပြီး မေးခွန်းလွှာကို နောက်တစ်မျက်နှာသို့ လှန်ကာ သနားစရာကောင်းလှသည့် ထိုအမှတ်လေးကို ဖုံးကွယ်ထားရန် ကြိုးစားလိုက်သည်။
သို့သော်လည်း နောက်တစ်မျက်နှာ လှန်လိုက်သည်ကလည်း သိပ်မထူးခြားလှပေ။
အနောက်ဘက်တွင်လည်း အနီရောင်တွေ ပြည့်နှက်နေပြီး ကြည့်ရက်စရာပင် မရှိတော့ပေ။
ကော်ကျင်းယွီက လက်မောင်းဖြင့် ကွယ်ကာ ကိုယ်ကို စောင်းလိုက်ပြီး လီထုန်ကျိုးဘက်ကို ကျောပေးထားလိုက်တော့၏။
စင်မြင့်ပေါ်မှ ဓာတုဗေဒဆရာက ရင်နာနာဖြင့် ‘ကျောင်းသားတချို့’ ဆိုပြီး နာမည်မတပ်ဘဲ ပြောလိုက်တိုင်း သူ့မျက်နှာက ပူထူသွားရပြီး သူ့ကိုယ်သူ ပြောနေမှန်း အလိုလို သိနေတော့လေသည်။
ဘေးနားရှိ လီထုန်ကျိုးကတော့ ခေါင်းငုံ့ကာ မှတ်စုတွေကိုသာ အပူတပြင်း ရေးမှတ်နေပြီး ဘောပင်သွားနှင့် စာရွက် ပွတ်တိုက်မိသည့် ‘ရှပ် ရှပ်’ မြည်သံလေးက အလွန် စည်းချက်ကျနေ၏။
ကော်ကျင်းယွီက ခုနကတည်းက လီထုန်ကျိုး၏ မေးခွန်းလွှာကို မြင်လိုက်ရပြီးပြီ ဖြစ်၏။
၎င်းမှာ အလွန်လှပသည့် အမှတ်ပြည့်ပင် ဖြစ်သည်။
သူက လက်ချောင်းလေးများကြားတွင် ဘောပင်ကို လှည့်ကစားရင်း ကိုယ့်ကိုယ်ကိုယ် အားတင်းလိုက်မိ၏။
လီထုန်ကျိုးလို အမှတ်ပြည့် ရထားတဲ့လူတောင် ဒီလောက် ကြိုးကြိုးစားစား မှတ်စုထုတ်နေသေးတာပဲ… သူလည်း နည်းနည်းပါးပါးတော့ ခေါင်းထဲဝင်အောင် နားထောင်မှ ဖြစ်တော့မယ်… ထိုသို့ တွေးနေတုန်းမှာပင် ဘေးနားက လူက သူ့တံတောင်ဆစ်ကို လာရောက် ပုတ်လာလေသည်။
လီထုန်ကျိုးက သူ့မှတ်စုစာအုပ်ကို တွန်းပို့ပေးလာ၏။
ကော်ကျင်းယွီက အရေးကြီးမှတ်စုတွေများလားဟု ထင်ကာ ခေါင်းငုံ့ကြည့်လိုက်သည့်အခါ အပေါ်တွင် ရေးဆွဲထားသည့် ငါးကွက်ဆက် ကျားကစားကွက်ကို မြင်လိုက်ရတော့သည်။
ဘောပင်ဖြင့် အကွက်လေးတွေ ဆွဲထားပြီး ခဲတံဖြင့် စက်ဝိုင်းလေးတွေဆွဲကာ ကျားရုပ်အဖြစ် အစားထိုးထား၏။
လီထုန်ကျိုးက အရင်တောင် တစ်ကွက် ရွှေ့ထားသေးပြီး အဖြူရောင် ကျားရုပ်လေးတစ်ခုကို ဆွဲထားလေသည်။
ကော်ကျင်းယွီ: “…”
လီထုန်ကျိုးက စာရွက်ပေါ်တွင် စာရေးလိုက်၏။
“မင်း အရင် စမလား…”
ကော်ကျင်းယွီ၏ မျက်နှာအမူအရာက ရှုပ်ထွေးသွားရ၏။
သူ သတိရသွားသည်။
အထက်တန်းကျောင်းတုန်းက တစ်ချိန်လောက်တော့ ငါးကွက်ဆက် ကျားကစားတာ ခေတ်စားခဲ့ဖူးပြီး သူနှင့် လီထုန်ကျိုးလည်း အတူတူ ခဏခဏ ကစားခဲ့ဖူးလေသည်။
အဓိကကတော့ အဆင်ပြေလို့ပင်။
တစ်ပွဲ ကစားပြီးသွားတိုင်း ခဲဖျက်ဖြင့် ဖျက်လိုက်ရုံနှင့် ကျားကစားကွက် အသစ်တစ်ခု ဖြစ်သွားကာ အချိန်မရွေး ပြန်စကစားလို့ရ၏။
အဲ့ဒီတုန်းက သူက လီထုန်ကျိုးကို အကြိမ်မနည်း ရှုံးခဲ့ဖူးပြီး ရှုံးလေ ကစားချင်စိတ် ပိုများလေ ဖြစ်ခဲ့သည်။
လီထုန်ကျိုးက ဉာဏ်ကောင်းပြီး စိတ်နှစ်ခွခွဲကာ သူ့ကိုလည်း အဖော်လုပ်ပေးပြီး ကစားနိုင်သလို အတန်းထဲမှာလည်း ပထမ ရနိုင်သေး၏။
အခြားတစ်ဖက်မှ ကြည့်လျှင် သူ ပထမနှစ်တုန်းက အမှတ်တွေ ဒီလောက် ဆိုးရွားခဲ့ရတာကလည်း လီထုန်ကျိုးက သူ့ကို အလိုလိုက်ပြီး ဂိမ်းကစားခွင့် ပေးခဲ့တာကြောင့်လည်း ပါဝင်လေသည်။
လီထုန်ကျိုးက ဘာပဲသင်သင် အလွန် မြန်ဆန်စွာ တတ်မြောက်တတ်ရာ ငါးကွက်ဆက် ကျားကစားနည်းကိုတော့ သာမန်လောက်ပဲ သဘောထား၏။
သို့ပေမဲ့ ဒီဂိမ်းက ကော်ကျင်းယွီကို ပျော်ရွှင်အောင် ချော့မြှူနိုင်တယ်ဆိုတာကိုတော့ သူ သိထားလေသည်။
ကော်ကျင်းယွီက စာမေးပွဲ အမှတ်မကောင်းလို့ စိတ်မကြည်မလင် ဖြစ်နေသည်မဟုတ်လား။
သူက ကော်ကျင်းယွီကို ပျော်စေချင်ရုံ သက်သက်သာ။
လီထုန်ကျိုးက ခဲဖျက်ဖြင့် ခုနက သူ ချထားသည့် အဖြူရောင် ကျားရုပ်လေးကို ဖျက်လိုက်ပြီး နောက်ထပ် စာတစ်ကြောင်း ထပ်ရေးလိုက်၏။
“မင်းကို နှစ်ကွက် အရင်ပေးချမယ်လေ… ဟုတ်ပြီလား…”
ကော်ကျင်းယွီက စာသင်ချိန်အတွင်း စာရွက်လေးတွေဖြင့် စာရေးပြီး စကားမပြောခဲ့ရသည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်နေပြီဖြစ်ရာ ၎င်းကို မြင်လိုက်ရသည့်အခါ နှုတ်ခမ်းထောင့်စွန်းလေးက မနေနိုင်ဘဲ ပြုံးချင်လာတော့၏။
သူကလည်း ထိုမှတ်စုစာအုပ်ပေါ်တွင်ပင် စာပြန်ရေးလိုက်သည်။
“ကောင်းပြီလေ… ဒါပေမဲ့ တစ်ပွဲပဲ ဆော့မှာနော်… ညဘက် မင်းအိမ်ကို သွားမယ်လေ… မင်း ငါ့ကို စာပြပေး…”
လီထုန်ကျိုးက နည်းနည်းလေးမှ တွန့်ဆုတ်မနေဘဲ ခေါင်းညိတ်ကာ သဘောတူလိုက်လေသည်။
ကော်ကျင်းယွီတစ်ယောက် ထိုမနက်ခင်း တစ်ခုလုံး စိတ်ရောကိုယ်ပါ ရွှင်လန်းစွာဖြင့် စာညံ့သည့် ကျောင်းသားဘဝကို ဖြတ်သန်းလိုက်တော့၏။
နေ့လယ်ဘက် ကျောင်းကန်တင်းတွင် ထမင်းစားကြသည်၊ ချန်နန် အမှတ် (၁) ကျောင်း၏ အစားအသောက်တွေက အတော်လေး သာမန်အဆင့်လောက်သာ ရှိ၏။
ထို့အပြင် ကျောင်းသားကလည်း များပြီး နေရာကလည်း ကျဉ်းသဖြင့် ထမင်းစားသည့်အခါ အတန်းလိုက် ခွဲခြားသတ်မှတ်ထားသည်။
ထိုင်ခုံများ မရှိဘဲ သံမဏိစားပွဲရှည်ကြီး တစ်လုံးပေါ်တွင် အကုန်လုံးက ဝိုင်းပြီး မတ်တပ်ရပ် စားကြရ၏။
အသစ်ပြောင်းလာသည့် ကျောင်းအုပ်ကြီးက စစ်တပ်ပုံစံ စည်းကမ်းချက်များကို အလေးထားသူဖြစ်ရာ ထမင်းစားချိန်ကိုပင် တင်းကျပ်ထားပြီး ကန်တင်းထဲတွင် နာရီဝက်ထက် ပိုနေခွင့် မပြုပေ။
သို့သော် ပြဿနာက ထမင်းလုဝယ်ရသည်မှာတင် မယဆယ်မိနစ်ကျော် ကြာနေပြီဖြစ်ပြီး ကျန်သည့်အချိန်ထဲမှ ငါးမိနစ်လောက်ကိုလည်း ပန်းကန်ဆေးဖို့ ချန်ထားရသေး၏။
ဟယ်ရှန်ယန်တို့အုပ်စုက မနက်က ယွီကောက သူတို့၏ ပူဇော်ပသမှုကို လက်မခံခဲ့သဖြင့် စိုးရိမ်ပူပန်နေကြရာ နေ့လယ်ရောက်သည့်အခါ ကိုယ့်သဘောနှင့်ကိုယ် ထမင်းဟင်းတွေ သွားဝယ်ထားပေးပြီး နေရာပါ ဦးထားကာ ကော်ကျင်းယွီကို စောင့်နေကြလေသည်။
ကော်ကျင်းယွီ ရောက်လာသည်နှင့် အရပ်ရှည်ရှည် ကောင်လေး ငါးယောက် ခြောက်ယောက်လောက်က သူ့ကို ပြိုင်တူ လှမ်းကြည့်လာကြ၏။
သူတို့၏ အကြည့်တွေက အလွန် သနားစရာကောင်းနေပြီး ဘော့စ်ဖြစ်သူ၏ စွန့်ပစ်ခြင်းကို ခံလိုက်ရသည့် တပည့်လေးတွေလို ဖြစ်နေတော့သည်။
chapter 8 ended