Chapter 22
—–
လီထုန်ကျိုးက အနည်းငယ် ထူးဆန်းနေ၏။ သူက လက်ဖက်ပင်တွေကို တောင်ပေါ်မှာ စိုက်ထားတာလို့ ထင်နေခဲ့တာလေ။
ကော်ကျင်းယွီက ရုတ်တရက် ပြောလာ၏။
“လက်ဖက်ခြံက တောင်ပေါ်မှာ မဟုတ်ဘူး… တောင်ခြေမှာ ရှိတာ…”
လီထုန်ကျိုးက မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ် လုပ်လိုက်သည်။
ကော်ကျင်းယွီက ရယ်လိုက်ပြီး သူ့လက်မောင်းနဲ့ ပွတ်တိုက်ကာ ခေါင်းကို လီထုန်ကျိုး၏ ပခုံးပေါ် တင်လိုက်ရင်း ပြောလိုက်၏။
“မင်းမျက်နှာမှာ စာရေးထားသလို အထင်းသား ပေါ်နေတာပဲ… မင်းစိတ်ထဲ ဘာတွေးနေလဲဆိုတာ ငါကတော့ သိတာပေါ့… မလှုပ်နဲ့… ငါ့ကို ခဏလောက် အိပ်ခွင့်ပြုပါဦး…”
ဂူယွီက ရှေ့မှန်မှတစ်ဆင့် တစ်ချက်ကြည့်လိုက်ပြီး ပြောလာသည်။
“ဒီနေ့နေ့လယ်က လျှောက်သွားရလို့ ပင်ပန်းသွားပြီမလား… အိပ်လိုက်ဦး… ရောက်ရင် အစ်ကို နှိုးမယ်…”
လီထုန်ကျိုးက ပခုံးကို လျှော့ချပေးလိုက်ပြီး ကော်ကျင်းယွီ ပိုမှီလို့ကောင်းမယ့် အနေအထားတစ်ခုဆီ ပြောင်းပေးကာ ဖက်လုံးလေးတစ်လုံးလို ငြိမ်ငြိမ်လေး နေပေးနေတော့၏။
ကော်ကျင်းယွီမှာ တစ်လမ်းလုံး အိပ်လာခဲ့သည်။ အောက်ချထားသော လက်မောင်းက သူတို့နှစ်ယောက်ကြားတွင် သဘာဝကျကျ တင်နေကာ ရံဖန်ရံခါတွင် လက်ချောင်းလေးများ အချင်းချင်း ထိရှပွတ်တိုက်မိသွားတတ်၏။
အလွန်ဖွဖွလေးဖြစ်သော်ငြား ငှက်မွေးလေးနဲ့ ကလိခံရသလို ရင်ထဲထိ ယားကျိကျိ ဖြစ်သွားစေသည်။
နာရီဝက်ကျော် ကြာပြီးနောက်တွင် မြို့စွန်ရှိ လက်ဖက်ခြံသို့ ရောက်ရှိသွားချေပြီ။
အဘွားဂူ နေထိုင်သည့် နေရာမှာ နှစ်ထပ်တိုက်လေးဖြစ်ပြီး အတော်လေး ခမ်းနားစွာ ဆောက်လုပ်ထား၏။ တစ်ချက်ကြည့်လိုက်ရုံဖြင့် ဦးလေးဂူ၏ လက်ရာမှန်း သိသာလှပြီး ပိုက်ဆံကို ရက်ရက်ရောရော သုံးထားကြောင်း ပေါ်လွင်နေသည်။
အဘွားဂူက ဤနေရာတွင် တစ်ယောက်တည်း နေထိုင်သော်လည်း ပတ်ဝန်းကျင်တွင် အိမ်နီးချင်း အဟောင်းတွေချည်းသာ ရှိသဖြင့် ညဘက်ဆိုလျှင် အတော်လေး စည်ကားလှ၏။
ကော်ကျင်းယွီတို့တစ်သိုက် ရုတ်တရက် ရောက်လာသဖြင့် အဘွားအိုမှာ အလွန်ဝမ်းသာအံ့ဩသွားပြီး သူတို့ကို ဧည့်ခံရန် မီးဖိုချောင်ထဲသို့ ချက်ပြုတ်ရန် သွားမည်လုပ်စဉ် ဂူယွီက တားလိုက်သည်။
“အဘွား… အဖေက စားသောက်ဆိုင်ကနေ ဟင်းတွေ ထည့်ပေးလိုက်တယ်… နွှေးပြီးတာနဲ့ စားလို့ရပြီ…”
အဘွားအိုက ပြောလာ၏။
“အာ… ငါ့ဆီမှာ အကုန်ရှိတာပဲ… နောက်ဆို မဝယ်ခဲ့နဲ့တော့… အပြင်ကဟာတွေက ငါချက်တာလောက် ဘယ်ကောင်းပါ့မလဲ…”
ဂူယွီက ပြုံးလျက် ဖြေလိုက်သည်။
“ဟော့ပေါ့ဆိုင်ကနေ ဟင်းရည်နဲ့ အသားတွေ မှာလာတာ… အဘွားလည်း ထူးထူးဆန်းဆန်းလေး မြည်းကြည့်ရအောင်လို့ပါ…”
ကော်ကျင်းယွီကလည်း ဝင်ကူကာ အဘွားအိုကို တွဲပြီး ပြန်ပို့ပေးရင်း ပြောလိုက်၏။
“အဘွား… ကျွန်တော် မီးဖိုချောင်ထဲ သွားနွှေးလိုက်မယ်… အဘွား ဒီမှာပဲ စောင့်နေ…”
အဘွားဂူက ထပ်ထမည်လုပ်သော်လည်း ကော်ကျင်းယွီက နားမထောင်တော့ဘဲ လီထုန်ကျိုး၏ လက်ကိုဆွဲကာ မီးဖိုချောင်လေးထဲသို့ တန်းခနဲ ပြေးဝင်သွားတော့သည်။
ကော်ကျင်းယွီက မီးဖွင့်ကာ ဟော့ပေါ့ဟင်းရည်အိုး တည်နေပြီး လီထုန်ကျိုးက ဘေးမှနေ၍ အသားနှင့် ဟင်းသီးဟင်းရွက်များကို ပန်းကန်ထဲ စီထည့်ပေးနေ၏။
ကော်ကျင်းယွီမှာ အလုပ်လုပ်နေရင်းဖြင့်ပင် တံတောင်နှင့် သွားတို့လိုက်ကာ ခပ်တိုးတိုး မေးလိုက်သည်။
“ဟေ့… လီထုန်ကျိုး… ဘယ်လိုလဲ… ငါနဲ့ နှစ်ယောက်တည်း ရှိနေတဲ့အချိန်က ပိုလွတ်လပ်တယ်မလား…”
မီးဖိုပေါ်တွင် ဟင်းရည်အိုး နှစ်လုံး တင်ထား၏။ တစ်အိုးက ခရမ်းချဉ်သီး ဟင်းရည်ဖြစ်ပြီး ချဉ်ပေါ့ပေါ့ ရနံ့လေးက တဖြည်းဖြည်း မွှေးပျံ့လာသည်။ နောက်တစ်အိုးမှာမူ အမဲဆီအနှစ် ဟင်းရည်ဖြစ်ပြီး အလွန်မွှေးကာ စပ်ရှရှ ရနံ့ဖြင့် ပွက်ပွက်ဆူနေလေသည်။
ကော်ကျင်းယွီက ယုံကြည်မှုအပြည့်ဖြင့် သွားဖြူဖြူလေးများ ပေါ်လာသည်အထိ ပြုံးလိုက်ပြီး မေးလိုက်၏။
“မင်းကို မေးနေတယ်လေ… ဖြေပါဦး… ငါက ပိုကောင်းတယ်မလား…”
လီထုန်ကျိုးက သူ့ကို ခဏမျှ ကြည့်လိုက်ပြီးနောက် ဖြည်းညင်းစွာ ပြန်ဖြေလေသည်။
“မသိဘူး…”
ကော်ကျင်းယွီက ခေါင်းလေးစောင်းကာ သူ့ကို ကြည့်လာ၏။
သူက ဘာကြောင့် နံပါတ်တစ် မဖြစ်ရတာလဲဆိုသည့် နားမလည်နိုင်သော မျက်နှာပေးမျိုး လုပ်ထားကာ မခံချင်စိတ်လေးနှင့် ချစ်စရာကောင်းနေတော့သည်။
လီထုန်ကျိုးက နှုတ်ခမ်းထောင့်ကို ခပ်ဖွဖွလေး ကွေးညွတ်လိုက်ပြီး လှည့်ကာ ဆက်လုပ်စရာရှိတာ ဆက်လုပ်နေလေ၏။
ကော်ကျင်းယွီ၏ မိသားစုဝင်များ ဖြစ်နေသောကြောင့်… အကုန်လုံးက ကောင်းမွန်နေခြင်း ဖြစ်ပေသည်။
ညဘက်တွင် သူတို့ အတူတူ ယွမ်ယန်းဟော့ပေါ့ (ဟင်းရည်နှစ်မျိုးပါ ဟော့ပေါ့) စားကြလေ၏။
အဘွားဂူက အသက်ကြီးပြီမို့ အစပ် သိပ်မစားနိုင်သဖြင့် ခရမ်းချဉ်သီး ဟင်းရည်ကိုသာ သဘောကျပြီး ကျန်သည့် ကောင်လေးများကတော့ အမဲဆီ အစပ်ဟင်းရည်ကို သဘောကျကြကာ ချွေးတလုံးလုံးဖြင့် အားပါးတရ စားနေကြသည်။
အဘွားဂူက သူတို့အတွက် အအေးဘူးများ ဖောက်ပေးရာ ကော်ကျင်းယွီက အေးစက်နေသည့်အရာကို သောက်ချင်သော်လည်း အဘွားအိုက တားလိုက်၏။
“အဲ့လို ဘယ်ရမလဲ… ပူတာတစ်လှည့် အေးတာတစ်လှည့် စားနေရင် အစာအိမ် ပျက်စီးသွားလိမ့်မယ်… ကျင်းယွီ လိမ္မာတယ်နော်… ဒါလေးပဲ သောက်… အဘွား ရေတွင်းထဲက ရေအေးနဲ့ ဖရဲသီး စိမ်ထားတယ်… ခဏနေရင် ဖရဲသီး စားကြတာပေါ့…”
ဂူယွီက မေးလိုက်သည်။
“အဘွား… ဒီနှစ်လည်း စိုက်ပျိုးရေးသိပ္ပံက ဖရဲသီး လာပို့ပြန်ပြီလား…”
အဘွားဂူက ရယ်မောရင်း ပြော၏။
“အေးလေ… ဆရာတွေကို အားနာစရာကြီး… မြေလေး နည်းနည်း ငှားထားတာကို… နှစ်တိုင်း ဖရဲသီးတွေ စပျစ်သီးတွေ အများကြီး လာလာပို့တယ်…”
ကော်ကျင်းယွီက အနည်းငယ် သိချင်သွားသဖြင့် မေးကြည့်လိုက်မှ အဘွားဂူဘက်တွင် အလွတ်ဖြစ်နေသော မြေကွက်အချို့ကို စိုက်ပျိုးရေးသိပ္ပံ သုတေသနဌာနမှ လူများကို ငှားထားကြောင်း သိလိုက်ရ၏။
နှစ်စဉ်နှစ်တိုင်း ပရော်ဖက်ဆာကြီးအချို့က ကျောင်းသားများကို ခေါ်လာကာ မျိုးစေ့ထုတ်လုပ်ရေး လုပ်ငန်းများကို လာလုပ်ကြသည်။
ဘာပဲဖြစ်ဖြစ် ရာသီဥတုလေးပါးစလုံး ထိုလူများ ရှိနေသဖြင့် မြို့ငယ်လေး၏ လုံခြုံရေးကလည်း ပို၍ ကောင်းမွန်လာခဲ့သည်။
လူအဝင်အထွက် များပြားသည့်အပြင် ရုပ်သံလိုင်းများမှလည်း မကြာခဏ လာရောက် သတင်းယူတတ်ကြရာ မြို့ခံများမှာလည်း တီဗီပေါ်တွင် ရံဖန်ရံခါ ပါသွားရသည်ကို အတော်လေး ဂုဏ်ယူနေတတ်ကြ၏။ — များသောအားဖြင့် လယ်ကန်သင်းရိုးဘေးမှ ဖြတ်သွားစဉ် နောက်ခံအနေဖြင့် ပါသွားရုံမျှသာ ဖြစ်လင့်ကစားပေါ့လေ။
အဘွားဂူက စားသည်မှာ နည်းပါးလှပြီး ဘေးတွင် ထိုင်ရင်းသာ ပြောပြနေ၏။
“အရင်က စိုက်ပျိုးရေးဌာနက လူတွေ ရွေးထားတဲ့ ပထမဆုံး စိုက်ခင်းက ငါတို့ဘက်မှာ မဟုတ်ဘူး… ဘေးနားက ဝမ်ရွာလေးမှာလေ… အဲ့ဒီက လူတွေက အကျင့်သိပ်မကောင်းဘူး… ပရော်ဖက်ဆာတို့က တစ်ခုခု စိုက်လို့ထွက်လာတာနဲ့… အုံလိုက်ကျင်းလိုက် ဝင်ပြီး ခိုးကြ လုကြတာပဲ… သူတို့ခမျာလည်း လွယ်ပါ့မလား… နှစ်ခါသုံးခါလောက် ခံရပြီးတော့ နောက်ထပ် မဝံ့တော့ဘဲ… ငါတို့ဘက် ပြောင်းလာကြတာ…”
ကော်ကျင်းယွီက မေးလိုက်သည်။
“တကယ်လား… ရဲမတိုင်ဘူးလား…!”
ဂူယွီက ဝင်လုပြောလေ၏။
“တကယ်ပေါ့… ရဲတိုင်တာပေါ့… ရဲလာရင် သူတို့က ထွက်ပြေးတာ… မနှစ်က ဆောင်းဦးတုန်းကဆို တီဗီပေါ်တောင် ပါသွားသေးတယ်… စိုက်ခင်းထဲကနေ နောက်ဆုံးပေါ် မျိုးစပ်ထားတဲ့ စပျစ်သီးတွေ အခိုးခံလိုက်ရတာလေ… တန်ဖိုးက သောင်းဂဏန်းလောက် ရှိတယ်တဲ့…”
“လျော်ပေးလိုက်ရလား…”
ဂူယွီက ခေါင်းခါပြလိုက်၏။
“ဟင့်အင်း… လျော်စရာ ပိုက်ဆံမရှိဘူးတဲ့… ဖမ်းသွားပြီး ဆယ်ရက် လဝက်လောက် အချုပ်ထဲ ထည့်ထားပြီး ပြန်လွှတ်ပေးလိုက်တာပဲ… စိုက်ပျိုးရေးသိပ္ပံက ပရော်ဖက်ဆာတွေလည်း ခိုးခံရလွန်းလို့ ကြောက်သွားပြီး ငါတို့ဘက် ပြောင်းလာမလို့ လုပ်တုန်းက တိတ်တိတ်လေး လာစုံစမ်းကြသေးတယ်…”
သူက ကျက်နေပြီဖြစ်သော သိုးသားတစ်ဖတ်ကို ညှပ်ယူလိုက်ပြီး ပူလွန်း၍ ဟူးဟူး မှုတ်ကာ ဝါးစားရင်း ဆက်ပြောသည်။
“ဒါပေမဲ့ ငါတို့ဘက်က အလေ့အထကတော့ အများကြီး ပိုကောင်းပါတယ်… အားလုံးက တော်တော်လေး စည်းကမ်းရှိကြတယ်…”
အဘွားဂူက ခါးကို မတ်မတ်ထားလိုက်ပြီး ဂုဏ်ယူစွာ ဆို၏။
“ဒါပေါ့… အကုန်လုံးက ဆယ်စုနှစ်ချီ နေလာတဲ့ အိမ်နီးချင်းဟောင်းတွေချည်းပဲ… ဘယ်သူက အဲ့လို ယုတ်မာတဲ့ အလုပ်မျိုး သွားလုပ်မှာလဲ… သားသမီး မြေးမြစ်တွေဆီ ဝဋ်လည်မှာကို မကြောက်ကြဘူးလား…”
ကော်ကျင်းယွီမှာ သဘောကျသွား၏။ အဘွားဂူတွင် အကျင့်တစ်ခုရှိပြီး တစ်နိုင်ငံလုံးရှိ အဘွားအိုများအားလုံးနှင့် တူညီမည်ဟု ထင်ရသည်။
၎င်းမှာ မနက်စောစောထ၍ လေ့ကျင့်ခန်းလုပ်ခြင်းအပြင် အနည်းငယ် အယူသည်းတတ်ခြင်းပင်။ သို့သော် ဖမ်းဆုပ်မိသည့် အယူတစ်ခုကို အသေအလဲ ယုံကြည်နေတတ်သည်မျိုးတော့ မဟုတ်ပေ။
ယေဘုယျအားဖြင့် ကောင်းကင်ဘုံရှိ နတ်ဒေဝါများကို ဗုဒ္ဓဘာသာ၊ တာအိုဘာသာ မခွဲခြားဘဲ နည်းနည်းစီ ယုံကြည်ထားတတ်ကာ ဒီနေ့ ဘာဆုတောင်းချင်သလဲဆိုသည့် အပေါ်တွင်သာ မူတည်လေ၏။
နှစ်သစ်ကူး ငါးရက်မြောက်နေ့တွင် ဓနနတ်မင်းအတွက် ဗြောက်အိုးဖောက်ပေးတတ်ပြီး နောက်ရက်အနည်းငယ် ကြာလျှင်တော့ တောင်ပိုင်းပင်လယ် ကွမ်ရင်မယ်တော်၏ မွေးနေ့ကို ကျင်းပပေးတတ်ကာ သာမန်လူသားဆန်ဆန် နေထိုင်တတ်လွန်းလှသည်။
ကော်ကျင်းယွီ ငယ်ငယ်က အဘွားဂူအနီးတွင် နှစ်နှစ်သုံးနှစ်ခန့် ကြီးပြင်းခဲ့ရ၏။
အဘွားအိုက ကိုယ်တိုင် စံပြအဖြစ် နေထိုင်ပြပြီး အလွန် ဖြောင့်မတ်မှန်ကန်သူဖြစ်သည်။ အဘွားနှင့် မြေးနှစ်ယောက်စလုံးတွင် ရှိနေသည့် အကောင်းမြင်တတ်ကာ တက်ကြွသည့် စိတ်ဓာတ်လေးများက အလွန်ပင် ဆင်တူလှသည်။
ထမင်းစားနေစဉ်အတွင်း အဘွားဂူက လီထုန်ကျိုးအား မေးခွန်းအနည်းငယ် ထပ်မေးရာ ကော်ကျင်းယွီက ဝင်လု၍ ဖြေလေ၏။
လီထုန်ကျိုး၏ အကြောင်းများကို သူကလွဲ၍ အဘယ်သူက ပိုသိမည်နည်း။ အလယ်တန်းကတည်းက ကျောင်းနေဖက် သူငယ်ချင်းတွေ ဖြစ်ခဲ့သည့်အပြင် ဤလူက ဆုတံဆိပ် ယူသည့်နေရာတွင် ပါရမီရှင်ကြီး မဟုတ်လား။
အဘွားဂူက ကြားပြီးနောက်တွင် အမှန်ပင် အားကျသွားတော့၏။
ကော်ကျင်းယွီကတော့ ထိုသို့မဟုတ်ပေ။
သူက လီထုန်ကျိုးကို မိမိအိမ်သားတစ်ယောက်လို သဘောထားကာ ဂုဏ်ယူဝင့်ကြွားမှုများကို အတူတကွ မျှဝေခံစားနေလေ၏။
ကော်ကျင်းယွီက မေးစေ့ကို ပင့်လိုက်ပြီး သူကိုယ်တိုင် ဆုရထားသည့်အလား ဂုဏ်ယူစွာ ပြောလိုက်သည်။
“အဘွား… လီထုန်ကျိုးက တော်တယ်မလား… သူက ကျွန်တော့်ရှေ့ခုံမှာ ထိုင်တာလေ… ကျွန်တော်တို့နှစ်ယောက်က တော်တော်လေး ခင်ကြတာ… အဘွားမှ မသိတာ… ကျွန်တော်က သူ့ကို ရည်မှန်းချက်ထားပြီး ကြိုးစားနေတာလေ… ပြောရမယ်ဆို သူက လမ်းပြကြယ်လေး… ဘဝရဲ့ မီးပြတိုက်လေးပေါ့~”
အဘွားဂူမှာ ကော်ကျင်းယွီကို တွေ့ရခဲသည့်အပြင် မြှောက်ပင့်ပြောဆိုနေမှုများကြောင့် ပါးစပ်ပင် မပိတ်နိုင်တော့ဘဲ မြေးဖြစ်သူ၏ ပါးကို ဆွဲညှစ်ကာ ကျီစယ်လိုက်၏။
“အမလေးကွယ်… နင့်ပါးစပ်ကတော့ နောက်ပိုင်း ဘယ်လိုလုပ်မလဲ မသိဘူး… သူများအိမ်က ကောင်မလေးတွေ ဘယ်နှယောက်လောက်ကိုများ လှည့်စားဦးမလဲ မသိပါဘူး~”
Chapter 22 ended