⚠️ JavaScript ပိတ်ထားပါသည် ⚠️

ဤဝက်ဘ်ဆိုက်ရှိ ဇာတ်လမ်းများကို ဖတ်ရှုရန်နှင့် အပြည့်အဝ အသုံးပြုနိုင်ရန် သင့် Browser တွင် JavaScript ဖွင့်ထားရန် လိုအပ်ပါသည်။

ကျေးဇူးပြု၍ Browser Settings ထဲတွင် JavaScript (သို့) Site Settings ကို ဖွင့်ပြီးမှ ဝက်ဘ်ဆိုက်ကို ပြန်လည် Reload လုပ်ပေးပါ။

Switch Mode

Chapter 23

Chapter 23

 

——

 

ကော်ကျင်းယွီက သစ္စာရှိကြောင်း ပြသရင်း လီထုန်ကျိုးဘက်ကို တစ်ချက် လှည့်ကြည့်လိုက်ကာ အော်ပြောလိုက်၏။

 

“အဘွား… တကယ်ပြောတာပါ… ကျွန်တော်က အဘွားနဲ့ အမေ့ကိုပဲ ချွဲဖူးတာပါ!”

 

“နောက်ပြီး ကျွန်တော်က နောက်ဆိုရင် လူတစ်ယောက်တည်းအပေါ်ပဲ ကောင်းပေးမှာ… တခြားလူတွေကို လှည့်တောင် ကြည့်မှာမဟုတ်ဘူး… တကယ်ပြောတာ… ကျွန်တော် အကုန်တွေးထားပြီးပြီ…”

 

အဘွားဂူက မေးလိုက်၏။

 

“နင်က ဘာတွေ တွေးထားလို့လဲ…”

 

“ပိုက်ဆံကြိုးစားရှာပြီး… မိန်းမယူဖို့ ပိုက်ဆံစုမယ်လို့ တွေးထားတာလေ!”

 

အဘွားဂူက သူ့ကို အလိုလိုက်ကာ ပြန်ပြော၏။

 

“အေးပါ… နင် မိန်းမယူတဲ့နေ့ကျရင်… အဘွားက ရွှေလက်ကောက်တစ်ကွင်း လက်ဖွဲ့ပေးမယ်…”

 

“ကျေးဇူးပါ အဘွား!”

 

အဘွားဂူက သူ့ကို စကားပြောရသည်ကို သဘောကျသဖြင့် စိတ်ဝင်တစားဖြင့် ထပ်မေးလာ၏။

 

“နင်က ဘယ်လိုပုံစံမျိုးကို သဘောကျတာလဲ…”

 

ကော်ကျင်းယွီက တုံ့ဆိုင်းမနေဘဲ ချက်ချင်း ဖြေလိုက်၏။

 

“စာတော်တဲ့သူမျိုးကို သဘောကျတာ!”

 

သူ လီထုန်ကျိုးဘက်သို့ ထပ်ကြည့်လိုက်ချိန်တွင် လီထုန်ကျိုး၏ အကြည့်များနှင့် ကွက်တိဆုံသွားသည်။

 

တစ်ဖက်လူက စက္ကန့်အနည်းငယ်မျှ ရပ်တန့်သွားပြီးနောက် ဟင်းရည်ထဲမှ အသားများကို ဆက်စားနေတော့၏။ ကော်ကျင်းယွီက သူ့ကို ခဏမျှ ကြည့်နေပြီးနောက် ပြုံးလျက် အနည်းငယ်သို့ တိုးကပ်သွားကာ ခပ်တိုးတိုး စကားပြောရန် ပြင်လိုက်စဉ်မှာပင် အဘွားဂူက တားလာ၏။

 

“ကျင်းယွီ… ထမင်းကို ကောင်းကောင်းစားလေ… ရှောင်ကျိုးဆီက သွားမလုနဲ့…”

 

ကော်ကျင်းယွီက ကြောင်အမ်းအမ်းဖြင့် မေးလိုက်၏။

 

“ဗျာ…”

 

“နင့်ဘာသာ ခပ်စားလေ… နင့်သူငယ်ချင်းက နင့်ကို ခဏခဏ ခပ်ထည့်ပေးနေတာ ငါမြင်တယ်နော်… အေး… ရှောင်ကျိုး… သူ့ကို သွားမထည့်ပေးနဲ့…”

 

အဘွားဂူ စကားမဆုံးသေးခင်မှာပင် လီထုန်ကျိုးက သူ့ပန်းကန်ထဲမှ အသားဖတ်များကို ကော်ကျင်းယွီထံ ခပ်ထည့်ပေးလိုက်ရာ ကော်ကျင်းယွီဘက်က ဘာမှမတုံ့ပြန်ရသေးခင် အဘွားဂူက အရင် အားနာသွားတော့၏။

 

“အိုကွယ်… သူက လူပျင်းရောဂါ ထနေတာ… အကုန်လုံးက အလိုလိုက်ထားလို့ ဖြစ်လာတာ… သားဘာသာသားသာ စား… သူ့ကို ဂရုစိုက်မနေနဲ့…”

 

လီထုန်ကျိုးက ပြန်ပြောလိုက်၏။

 

“အဘွား… ရပါတယ်… ကျွန်တော်ပဲ ထည့်ပေးလိုက်ပါ့မယ်…”

 

ကော်ကျင်းယွီမှာ ထမင်းတစ်နပ်လုံး စားပြီးသွားချိန်တွင်တော့ ‘ထိုင်စား၊ အချောင်နှိုက်’ ဆိုသည့် စကားလုံးများ၏ အဓိပ္ပာယ်ကို နက်နက်ရှိုင်းရှိုင်း နားလည်သွားတော့၏။

 

ရှယ်မိုက်တာပဲ…

 

သူက အဝစားထားသဖြင့် ဗိုက်ကြီးပိုက်ကာ လုံးဝ မလှုပ်ချင်တော့ပေ။

 

အဘွားဂူက သူတို့ အစားလွန်ပြီး အစာမကြေဖြစ်မည်ကို စိုးရိမ်သဖြင့် အပြင်ထွက်၍ လမ်းလျှောက်ရန် မောင်းထုတ်တော့၏။

 

ဂူယွီက တွန့်ဆုတ်တွန့်ဆုတ်ဖြင့် မသွားချင်သဖြင့် အခန်းထဲသို့ တိတ်တိတ်လေး ပြန်ဝင်သွားကာ လျှို့ဝှက်ဆန်းကြယ်စွာဖြင့် ဘာတွေ သွားလုပ်နေမှန်း မသိချေ။

 

ကော်ကျင်းယွီက လီထုန်ကျိုးကို ခေါ်ကာ အပြင်ထွက် လမ်းလျှောက်လေ၏။ အဘွားအိုက ညဘက်တွင် အခြားအဘွားကြီးများနှင့် ရင်ပြင်အက ကရန် ချိန်းထားသဖြင့် ပန်းခြံငယ်လေးဘက်သို့ ထွက်သွား၏။

 

သံပန်းရံထားသည့် စက်ဝိုင်းပုံ မြေကွက်လပ်လေးတွင် စောစောစီးစီးကတည်းက သုံးဘီးဆိုင်ကယ်ဖြင့် အသံချဲ့စက် လာချထားသူများ ရှိနေပြီဖြစ်ပြီး မီးရောင်စုံလေးများ ထိုးထားသဖြင့် ရုတ်တရက်ကြည့်လိုက်လျှင် လွန်ခဲ့သည့်နှစ်များက ကပွဲရုံလေးတစ်ခုနှင့် အတော်လေး ဆင်တူနေ၏။

 

ကော်ကျင်းယွီက သံပန်းကို ကိုင်ကာ အတွင်းဘက်သို့ ကြည့်လိုက်၏။ သီချင်းသံက အလွန်ကျယ်လောင်နေပြီး သူက လီထုန်ကျိုး၏ နားနားကပ်ကာ ပြောလိုက်၏။

 

“ဒါက ဘယ်နေရာလဲဆိုတာ မင်းသိလား…”

 

“ဘယ်နေရာလဲ…”

 

“စကိတ်ကွင်းလေ… ငါ ငယ်ငယ်တုန်းက ဒီမှာ စကိတ်စီး သင်ခဲ့တာ…”

 

“မင်း အဲ့ဒါလည်း ရတယ်လား…”

 

“ငါရတာတွေ အများကြီးပဲ… ဟောဒီမှာ ကြည့်လိုက်!”

 

လီထုန်ကျိုး ခေါင်းငုံ့ကြည့်လိုက်ချိန်တွင် သူ့လက်ထဲ၌ ကိုင်ထားသည့် ပိုးကောင်ကို မြင်လိုက်ရသဖြင့် လန့်သွား၏။ ကော်ကျင်းယွီကတော့ ဟက်ဟက်ပက်ပက် ရယ်မောလိုက်ပြီး သူ့ဘက်သို့ ထပ်တိုးသွားကာ ပြောလိုက်၏။

 

“မကြောက်ပါနဲ့… ဒါက ခေါင်းငြိမ့်ပိုးကောင်လေး… မြက်မြစ်တွေကို စားတာ… လူမကိုက်ဘူး… သူ့ကို မင်းကို ခေါင်းငြိမ့်ပြခိုင်းလိုက်မယ်…”

 

သူက ထိုပိုးတောင်မာလေးကို ကိုင်ထားလိုက်ရာ သတ္တုရောင်လက်နေသည့် ပိုးကောင်လေးက ဒေါက်ခနဲ ဒေါက်ခနဲ ခေါင်းစတင်ညိတ်ပြနေပြီး မည်သူမဆို အနိုင်ကျင့်လို့ရသည့် ပုံစံမျိုး ပေါက်နေတော့၏။

 

လီထုန်ကျိုးက သူ့ကို ခေါင်းစောင်းကာ ကြည့်လိုက်၏။

 

ဘေးနားရှိ ကောင်လေးမှာ မျက်လုံးလေးများ ကွေးကျသွားသည်အထိ ရယ်မောနေပြီး အဝစားသောက်ထားသည့် မြေခွေးပေါက်လေး တစ်ကောင်နှင့် တူနေ၏။

 

အိမ်မွေးမြေခွေးလေးလို အမွေးအမျှင်လေးတွေက နူးညံ့ပျော့ပျောင်းနေပြီး မျက်နှာပေါ်တွင်လည်း ကောက်ကျစ်သည့် အရိပ်အယောင်လေး အနည်းငယ် ရှိနေသော်ငြား အနေတော်လေး ဆိုးသွမ်းနေသည့်ပုံစံမျိုးမို့ လူကို လက်ဖဝါးပေါ် တင်ထားပြီး စိတ်ကြိုက် သောင်းကျန်းခွင့် ပေးထားချင်စိတ်များ ပေါက်လာစေ၏။

 

ကော်ကျင်းယွီက ပိုးတောင်မာလေးကို လွှတ်ပေးလိုက်ပြီး သူ့ကို ပြောလာ၏။

 

“ငါ့ကို အဲ့လိုကြီး ကြည့်မနေနဲ့… မင်းကို မစတော့ဘူး… လွှင့်ပစ်လိုက်ပြီ…”

 

လီထုန်ကျိုးက သူ့ကို ကြည့်နေဆဲပင်။

 

ကော်ကျင်းယွီမှာ တစ်ခဏမျှ ထိုလူက တစ်ခုခု ပြောတော့မည်ဟု ထင်လိုက်မိ၏။ ထိုလူ၏ အကြည့်များက အလွန်တည်ကြည်လေးနက်နေပြီး သူ့ကိုသာ စူးစိုက်ကြည့်နေသဖြင့် ရင်ဘတ်ထဲမှ နှလုံးခုန်သံများ တစ်စတစ်စ မြန်ဆန်လာကာ မျက်နှာကလည်း အကြောင်းပြချက်မရှိဘဲ ပူထူလာတော့၏။

 

“တကယ် စိတ်ဆိုးသွားတာလား… ငါ တောင်းပန်တဲ့အနေနဲ့ ရေခဲခြစ် သွားဝယ်ကျွေးမယ်လေ…”

 

ကော်ကျင်းယွီက သံပန်းလှေကားထစ်မှ ခုန်ဆင်းလိုက်ပြီး ရေခဲခြစ်ဝယ်ရန် သုံးလေးလှမ်းခန့်ဖြင့် ပြေးသွားတော့၏။

 

လီထုန်ကျိုး၏ အကြည့်များက အနည်းငယ် ရွေ့လျားသွားပြီး ထိုပိုးတောင်မာလေး ထွက်ပြေးသွားသည့် ဦးတည်ရာဘက်သို့ ကြည့်လိုက်၏။

 

ကော်ကျင်းယွီ မရှိတော့ဘဲ သူတစ်ယောက်တည်း ဤနေရာတွင် ရပ်နေချိန်၌ နားထဲရှိ သီချင်းသံများက အလွှာတစ်ခု ခြားထားသည့်အလား ဖြစ်နေပြီး နားစည်ထဲတွင် တဒုတ်ဒုတ် ရိုက်ခတ်နေသည့် မိမိ၏ နှလုံးခုန်သံကိုသာ ကြားနေရတော့၏။

 

သူက လက်လှမ်း၍ ရင်ဘတ်ကို စမ်းကြည့်လိုက်ရာ နှလုံးတွေက အလွန်မြန်ဆန်စွာ ခုန်နေလေ၏။

 

ကော်ကျင်းယွီက မကြာမီမှာပင် ရေခဲခြစ် နှစ်ပွဲ ဝယ်ကာ ပြန်ရောက်လာသည်။

 

နို့နှင့် ပဲနီလေး အပြင် နို့ဆီပါ ထည့်ထားသဖြင့် စားလိုက်လျှင် နို့အရသာက အလွန်ပြင်း၏။ လီထုန်ကျိုးက အချို သိပ်မကြိုက်သော်လည်း ကော်ကျင်းယွီကတော့ အလွန်ကြိုက်နှစ်သက်သဖြင့် တစ်ယောက်တည်း တစ်ပွဲခွဲတိတိ စားပစ်လိုက်လေ၏။

 

လီထုန်ကျိုးက သူ၏ပန်းကန်ကို ကိုင်ထားရင်း ကော်ကျင်းယွီ ရေခဲခြစ်ကို တစ်ဇွန်းပြီးတစ်ဇွန်း စားနေသည်ကို ကြည့်ကာ ရုတ်တရက် လက်ချောင်းကို ဆန့်ထုတ်၍ ဖောင်းကားနေသော ပါးမို့မို့လေးကို တစ်ချက် ထိလိုက်၏။

 

ကော်ကျင်းယွီက ခေါင်းမော့လာပြီး သူ့ကို နားမလည်စွာဖြင့် ကြည့်လာသည်။

 

လီထုန်ကျိုးက လက်ချောင်းကို ပြန်ရုပ်လိုက်ပြီး ပုံမှန်အတိုင်းမျက်နှာထားဖြင့် ပြောလိုက်၏။

 

“နည်းနည်း ပေသွားလို့… အခုတော့ ပြောင်သွားပြီ…”

 

သူက လက်ကို ကျောဘက်သို့ ပို့လိုက်ပြီး ခပ်ဖွဖွလေး ပွတ်သပ်လိုက်၏။

 

လမ်းလျှောက်ရာမှ ပြန်လာချိန်တွင် အဘွားဂူက သူတို့အတွက် အခန်းများကို ရှင်းလင်းပေးထားပြီးဖြစ်သည်။ ကော်ကျင်းယွီ၏ မိဘများ လာမည်ဖြစ်ပြီး ဂူယွီကလည်း ပြန်မည့်အစီအစဉ် မရှိသဖြင့် အဘွားအိုက ဧည့်ခန်းတစ်ခန်းကို ရှင်းထားပေးကာ ပြောလာ၏။

 

“ကျင်းယွီ… ညဘက် နင့်အစ်ကိုနဲ့ သွားအိပ်… ဧည့်ခန်းကို နင့်သူငယ်ချင်းကို ပေးလိုက်…”

 

ကော်ကျင်းယွီက သူမ စကားမဆုံးခင်မှာပင် ချက်ချင်း ဝင်ပြောလိုက်၏။

 

“အဘွား… မလိုပါဘူး… ဧည့်ခန်းကို အစ်ကို့ကိုပဲ ပေးလိုက်ပါ… ကျွန်တော်နဲ့ လီထုန်ကျိုး အတူတူ အိပ်လိုက်မယ်…”

 

အဘွားဂူမှာ အနည်းငယ် အားနာသွား၏။

 

“ဧည့်သည်ကို ဒီလိုထားလို့ ဘယ်ဖြစ်မလဲကွယ်…”

 

ကော်ကျင်းယွီက အဘွားအို ခုလေးတင် ထုတ်လာသည့် ခေါင်းအုံးကို လှမ်းယူလိုက်ပြီး ပြုံးလျက် ဆို၏။

 

“ကျွန်တော်နဲ့ လီထုန်ကျိုးက အရမ်းခင်တာ… အဘွားက သူ့ကို ကိုယ့်အိမ်က ကလေးတစ်ယောက်လို သဘောထားလိုက်ရုံပဲ… အတူတူပဲကို…”

 

လီထုန်ကျိုး၏ မိသားစု အခြေအနေက ကောင်းမွန်သော်လည်း သူက အလွန်အကျွံ ဇီဇာကြောင်တတ်သူ မဟုတ်ပေ။ ဘာကျွေးကျွေး စားပြီး ယခုလည်း ဘယ်မှာထားထား အိပ်မည်သာ ဖြစ်၏။

 

ကော်ကျင်းယွီက သူနှင့် တစ်ခန်းတည်း အတူအိပ်ရန် ခေါင်းအုံးနှစ်လုံးကို ယှဉ်လျက် ချထားပြီး အရင်လှဲချကာ ခံစားကြည့်လိုက်ပြီးမှ ရုတ်တရက် ရယ်မောရင်း ပြောလာသည်။

 

“ငါ မင်းနဲ့ အတူတူအိပ်ရတာ ဒါ ပထမဆုံးအကြိမ်ပဲ…”

 

လီထုန်ကျိုးကမူ ပြန်ဖြေလေ၏။

 

“အလယ်တန်း နွေရာသီ စခန်းချတုန်းကလည်း… ငါတို့ ဒီလိုပဲလေ…”

 

“အာ… အဲ့ဒါနဲ့ မတူဘူးလေ… အဲ့ဒါက တဲထဲမှာဟာကို…”

 

လီထုန်ကျိုးက အင်း ဟု အသံပြုလိုက်ပြီး ငြိမ်ငြိမ်လေး လှဲနေတော့၏။

 

ကုတင်ခြေရင်းတွင် စက်ပန်ကာ တစ်လုံး ဖွင့်ထားသည်။ အနိမ့်ဆုံးအဆင့်တွင် ဖွင့်ထားသော်လည်း ပန်ကာက အတော်လေး ဟောင်းနေပြီဖြစ်သဖြင့် ခေါင်းရမ်းလိုက်တိုင်း ကျွိကျွိကျွတ်ကျွတ် အသံများ ထွက်ပေါ်နေ၏။

 

ကော်ကျင်းယွီက အပြင်ဘက်တွင် လှဲနေပြီး လေတိုက်ခံရသဖြင့် ခြေဖမိုးလေးများ အနည်းငယ် ယားကျိကျိ ဖြစ်လာရာ ခပ်ဖွဖွလေး လှုပ်ရှားလိုက်စဉ် ဘေးနားရှိ လီထုန်ကျိုးနှင့် သွားပွတ်မိသွား၏။

 

အသားချင်း ထိကပ်သွားသဖြင့် သူက ဆက်မလှုပ်ဝံ့တော့သလို လီထုန်ကျိုးကလည်း ငြိမ်နေသည်။ ခဏအကြာတွင် ကော်ကျင်းယွီမှာ ထိကပ်နေသည့် အရေပြားလေးက ပူနွေးလာသည်ဟု ခံစားလိုက်ရပြီး ထိုအပူရှိန်က ခြေဖမိုးမှတစ်ဆင့် အပေါ်သို့ ပြန့်နှံ့လာကာ တစ်ကိုယ်လုံး ပူထူလာတော့၏။

 

အခန်းထဲရှိ လေထုကပင် ပျစ်ချွဲသွားသည့်အလား ကော်ကျင်းယွီမှာ သူတို့၏ အသက်ရှူသံများပင် ရောယှက်နေသည်ဟု ခံစားလာရ၏။

 

လီထုန်ကျိုးက ခပ်ဖွဖွလေး တစ်ချက် လှုပ်ရှားလိုက်၏။ တစ်ချိန်တည်းမှာပင် အခန်းတံခါးအပြင်ဘက်မှ ဒေါက်ဒေါက် ဟူသော တံခါးခေါက်သံ ရုတ်တရက် ထွက်ပေါ်လာပြီး ဂူယွီက တံခါးချပ်ကို ခြားကာ ခပ်တိုးတိုးနှင့် စိတ်လှုပ်ရှားစွာ လှမ်းခေါ်လေသည်။

 

“ကျင်းယွီ… မင်း အိပ်ပြီလား… အစ်ကို ခုလေးတင် စီမံကိန်းစာရွက် တစ်ရွက် ရေးထားလို့… လာကြည့်ပေးပါဦးလား…”

 

ကော်ကျင်းယွီက ပြန်အော်လိုက်တော့၏။

 

“ကျွန်တော် အိပ်သွားပြီ!”

 

ဂူယွီက အော်ပြောလိုက်၏။

 

“ဒီလောက်အစောကြီး ဘာအိပ်မှာလဲ… မြန်မြန်ထခဲ့… ငါ့ရဲ့ ပါရမီရှင်ဆန်တဲ့ အကြံဉာဏ်တွေကို မင်းကို ပြမယ်!”

 

လီထုန်ကျိုးက ခပ်ဖွဖွ ရယ်လိုက်ပြီး ပြောလာ၏။

 

“မင်း သွားကြည့်လိုက်ပါဦး…”

 

ကော်ကျင်းယွီက စိတ်ပျက်လက်ပျက်ဖြင့် ထထိုင်လိုက်ပြီး တံခါးဖွင့်ကာ ထွက်သွားလေတော့၏။

 

—-

 

စာရေးသူ၏ စကားလက်ဆောင် :

 

ဇာတ်လမ်းတိုလေး :

 

အစ်ကိုဝမ်းကွဲ : ကျင်းယွီ… လာလေ… ပိုက်ဆံလာရှာလေ!

ကော်ကျင်းယွီ : မသွားဘူး… အလုပ်များနေတယ်…

အစ်ကိုဝမ်းကွဲ : ဘာအလုပ်များနေလို့လဲ…

ကော်ကျင်းယွီ (လေသံမာမာဖြင့်) : ရည်းစားထားမလို့!

 

 

Chapter 23 ended

 

 

 

ငယ်ရွယ်မှုဆီသို့ ပြန်သွားခြင်း

ငယ်ရွယ်မှုဆီသို့ ပြန်သွားခြင်း

Status: Ongoing Type: Author: Released: 2020

Description

 

ဇူလိုင်လ၏ ချွေးတပြိုက်ပြိုက်ကျလောက်အောင် အိုက်စပ်ပူလောင်လှသော ရာသီဥတုကြီးထဲတွင် လူတွေ ပြည့်ကျပ်ညပ်နေသော စာသင်ခန်းကြီးထဲက ကျောင်းသားများသည် ဆက်တိုက်ဆိုသလို စာမေးပွဲဆိုသည့် ဖိအားများအောက်၌ အသက်ပင် ဝဝမရှူရဲကြရှာချေ။

 

ကော်ကျင်းယွီတစ်ယောက် ချွေးစေးလေးတွေ ပြန်နေလျက်ကနေ မော့ကြည့်လိုက်သည့်အခါ သူ့ရှေ့မှာ ထိုင်နေသည့် ကျောပြင်လေးကို မြင်လိုက်ရ၏။

 

ထိုကျောပြင်လေးက အမြဲတမ်း မတ်မတ်လေး ဖြစ်သည်။ ကျောင်းဝတ်စုံအောက်က ရှပ်အင်္ကျီဖြူလေးဆီမှ ဆပ်ပြာနံ့ သင်းသင်းလေးက ရနေတတ်ပြီး ဆံပင်စလေးတွေကလည်း သပ်သပ်ရပ်ရပ် ရှိလှသည်။ ထို့ပြင် စာရေးလိုက်တိုင်း ထွက်ပေါ်လာတတ်သည့် တည်ငြိမ်သော ခဲတံခြစ်သံ တရှပ်ရှပ်ကိုလည်း ကြားနေရ၏။

 

ကော်ကျင်းယွီသည် ရင်ထဲက အလုံးကြီး ကျသွားသလို သက်ပြင်းချလိုက်ပြီး ရယ်သံလွင်လွင်လေးနဲ့အတူ သူ့ရှေ့ကလူကို ဘောပင်နဲ့ နှစ်ချက်လောက် ဖွဖွလေး ထိုးလိုက်သည်။ ထို့နောက် တိုးတိုးလေး ခေါ်လိုက်၏။

 

"လီထုန်ကျိုး..."

 

ရှေ့ကလူက ခဏလောက် တန့်သွားသည်။ ဘာသံမှ ထွက်မလာသော်လည်း လက်တစ်ဖက်ကိုတော့ သူ့နောက်ကျောဘက်ဆီ ဆန့်ထုတ်ပေးလာ၏။

 

ကော်ကျင်းယွီက စားပွဲခုံပေါ် မှောက်ချလိုက်ပြီး ထိုလူ၏ လက်ဖဝါးလေးကို လက်ညှိုးနဲ့ လှမ်းထိုးလိုက်သည့်အခါ တစ်ဖက်လူက သူ့လက်လေးကို နူးနူးညံ့ညံ့ ဆုပ်ကိုင်လာခဲ့သည်။

 

ဆယ်ကျော်သက်အရွယ်ရဲ့ ပြင်းပြတဲ့ အချစ်တွေကြားမှာ မင်းက ငါ့ရဲ့ တစ်ဦးတည်းသောသူပါပဲ...

 

****

 

တိတ်ဆိတ်ပြီး အစွဲအလမ်းကြီးတဲ့ ကုန်း X တက်ကြွရွှင်လန်းပြီး လွတ်လွတ်လပ်လပ် နေတတ်သော ရှို့

 

=====

     

Comment

Leave a Reply

Your email address will not be published. Required fields are marked *

ကျေးဇူးပြု၍ ခဏစောင့်ပေးပါ...

5

အကောင့်ဝင်ရန် လိုအပ်ပါသည်

ဝတ္ထုများကို Bookmark မှတ်ရန်နှင့် သိမ်းဆည်းထားရန် ကျေးဇူးပြု၍ အကောင့်ဝင်ပါ။

ပိတ်မည် (Cancel)

Options

not work with dark mode
Reset