Chapter 24
——
ဂူယွီက သူ့ကို ဆွဲခေါ်သွားပြီး ဧည့်ခန်းထဲတွင် တတွတ်တွတ်ဖြင့် အတော်ကြာအောင် ပြောနေလေ၏။ ထို့နောက် သူရေးထားသည့် စီမံကိန်းစာရွက်ကိုပါ ထုတ်ပြလာသည်။
ဂူယွီ၏ ဒီအရာများက ကော်ကျင်းယွီအတွက်တော့ ကလေးကလားဆန်လွန်းနေသော်ငြား အစ်ကိုဖြစ်သူက တစ်ညလုံး ပင်ပင်ပန်းပန်း ရေးဆွဲထားသည့် ရလဒ်ဖြစ်သဖြင့် သူက ခေါင်းအနည်းငယ် ညိတ်ပြကာ အသိအမှတ်ပြုလိုက်၏။
“အကြံဉာဏ်ကတော့ မဆိုးဘူး… ဒါပေမဲ့ အကောင်အထည်ဖော်ဖို့တော့ ခက်လိမ့်မယ်… အစ်ကို… ကျွန်တော်တို့ လုပ်ရမှာက ကြော်ငြာဖို့ မဟုတ်ဘူး… အရောင်းမြှင့်တင်ဖို့ (Direct Sales) လုပ်ရမှာ…”
ဂူယွီက သိပ်နားမလည်ပေ။
ကော်ကျင်းယွီက မေးစေ့ကို ပွတ်သပ်လိုက်ပြီး ရှင်းပြလိုက်၏။
“ကြော်ငြာတယ်ဆိုတာက အများပြည်သူဆက်ဆံရေး (PR) အလုပ်မျိုးလေ… အရောင်းမြှင့်တင်တယ်ဆိုတာက အဲ့ဒါနဲ့ မတူဘူး… မျက်နှာပြောင်တိုက်နိုင်မှ ရမှာ… အစ်ကိုလုပ်သလို ကျောင်းဝင်းထဲက ကွင်းပြင်မှာ ဆိုင်ခန်းလေး သုံးလေးခု သွားဖွင့်ထားရုံနဲ့တော့ ဘယ်ရမလဲ…”
ဂူယွီမှာ ကြောင်အမ်းအမ်းဖြစ်သွား၏။
“အဲ့ဒါဆို ဘယ်လိုလုပ်ရမလဲ…”
“ဒါက လွယ်ပါတယ်… အစ်ကိုက ကျောင်းသားသမဂ္ဂမှာ ပါတယ်မလား… နှစ်တိုင်း ကျောင်းသားသစ် ကြိုဆိုပွဲတွေ သွားလုပ်တယ်မလား… ကျွန်တော် မှတ်မိသလောက်ဆို လဝက်လောက် ကြိုပြီး ပြင်ဆင်ကြတာလေ… ဒီရက်ပိုင်း တဖြည်းဖြည်း ရောက်လာတဲ့သူတွေ ရှိနေလောက်ပြီ… အစ်ကိုက အဲ့ဒီကျောင်းသားသစ်ကြိုဆိုရေး လုပ်တဲ့ ကျောင်းသားတွေကို သွားရှာပြီး သေချာပြောထားလိုက်… ကွန်ပျူတာတစ်လုံး ရောင်းရရင် သူတို့ကို ယွမ် ၁၀၀ ပေးမယ်လို့… ဝယ်ချင်တဲ့သူတွေဆိုရင် ကျွန်တော်တို့ဆီမှာ လာစာရင်းသွင်းခိုင်းပြီး အဆောင်တွေဆီ တစ်ခါတည်း သွားပို့ပေးလိုက်မယ်… နောက်ပြီး ဘာပြဿနာပဲရှိရှိ… မလိုချင်တော့ဘူးဆိုရင်တောင် သုံးရက်အတွင်း ပြန်လဲခွင့်၊ ပြန်အမ်းခွင့်ရှိတယ်လို့ ပြောထားလိုက်…”
ကော်ကျင်းယွီက ဆက်ပြောလေ၏။
“အဲ့ဒီအချိန်ကျရင် အစ်ကိုက ကုန်ကားတစ်စီး ငှားပြီး တပ်ဆင်ပေးမယ့် ဆရာနှစ်ယောက်လောက် ခေါ်သွား… အဆောင်တွေဆီ တစ်ခန်းဝင်တစ်ခန်းထွက် လိုက်ပို့ပေးလိုက်ရုံပဲ…”
ဂူယွီက တုံ့ဆိုင်းစွာဖြင့် ပြောလာ၏။
“ကျောင်းသားသစ် ကြိုဆိုရေးအဖွဲ့ကို အဲ့လောက်ကြီး ဒုက္ခပေးတာ သိပ်မကောင်းဘူးထင်တယ်…”
ကော်ကျင်းယွီက ရယ်ချလိုက်သည်။
“ဒီမှာ ဘာအားနာစရာ ရှိလို့လဲ အစ်ကိုရ… အစ်ကိုတို့ ဖုန်းကတ်တွေ လိုက်ရောင်းတုန်းက အားမာန်တွေကို ထုတ်သုံးလိုက်လေ!”
ဂူယွီမှာ လန့်သွားတော့၏။
“ငါတို့ ဖုန်းကတ်လိုက်ရောင်းတာကို မင်းက ဘယ်လိုလုပ် သိနေတာလဲ…!”
ကော်ကျင်းယွီက ခပ်တည်တည်ဖြင့် ဆို၏။
“အစ်ကိုတို့ ဖုန်းကတ်ရောင်းတာကို သိရုံတင်မကဘူး… ကတ်တစ်ကတ်ရောင်းရရင် ကော်မရှင် ယွမ် ၁၀ယွမ် ရတယ်ဆိုတာကိုပါ သိသေးတယ်…”
ဒါက သူ တက္ကသိုလ်တက်စဉ်က ပထမဆုံး လုပ်ဖူးသည့် အချိန်ပိုင်းအလုပ်လည်း ဖြစ်သည်။
ထိုစဉ်က China Mobile နှင့် China Unicom တို့ အသေအလဲ ယှဉ်ပြိုင်နေကြချိန်ဖြစ်ပြီး လူငယ်များကို ဆွဲဆောင်ကာ တက္ကသိုလ်ကျောင်းသားများ၏ ဖုန်းများကို ဦးဆုံးသိမ်းပိုက်နိုင်ရန် ကြိုးပမ်းနေကြခြင်းဖြစ်၏။
China Mobile က နေ့တိုင်း ပိုက်ဆံတွေ အပုံလိုက်ပုံ၍ သူတို့ကျောင်း၏ ရေဒီယိုအသံလွှင့်ဌာနတွင် ကြော်ငြာနေခဲ့ပြီး “M-Zone (Donggan Didai)” အစီအစဉ်က ကျောင်းသားတိုင်း မဖြစ်မနေ သုံးရသည့် ဖုန်းကတ် ပက်ကေ့ချ်ပင် ဖြစ်နေခဲ့လေသည်။
ကော်ကျင်းယွီ သတိရသွားပြီး ထပ်မေးလိုက်၏။
“အစ်ကို… အခု အစ်ကိုတို့ ဘယ်ပက်ကေ့ချ် သုံးနေကြလဲ…”
ဂူယွီက ဖြေလေ၏။
“ငါတို့က များသောအားဖြင့် M-Zone ရဲ့ ‘Dragon Fist’ ပက်ကေ့ချ်ကို သုံးတာလေ… SMS အစောင် ၁၀၀၀ တောင် ပါတာ… တော်တော်လေး တန်တယ်… အတန်းထဲက ကိစ္စတွေ အကြောင်းကြားရင်လည်း အဆင်ပြေတယ်…”
ကော်ကျင်းယွီက အကြံပေးလိုက်၏။
“ဦးလေးကြီးက ဖုန်းရောင်းတာလေ… သူ့ကို China Mobile ရုံးခွဲနဲ့ အချိတ်အဆက်လေး လုပ်ခိုင်းပြီး ဖုန်းကတ်တွေ နည်းနည်း ယူခိုင်းလိုက်… တစ်သုတ်လောက်တောင် ရောင်းရနိုင်သေးတယ်… အာ… ဟုတ်ပြီ… နံပါတ်လှလှလေးတွေဆိုရင် အရင်မရောင်းဘဲ ချန်ထားဦး… ဥပမာ ‘888’ လို့… ‘999’ လို့ ပါတဲ့ ဟာမျိုးတွေလေ… အဲ့ဒါတွေကို နံပါတ်လှ လို့ ခေါ်တာ…”
“နံပါတ်လှ…?”
“ကွမ်တုန်းဘက်က အခေါ်အဝေါ်လေ… အစ်ကို့လို ရုပ်ချောတဲ့သူမျိုးကိုဆိုရင် ‘လျန်ကျိုက် ( ချောမောတဲ့ကောင်လေး)’ လို့ ခေါ်တာမျိုးပေါ့…”
ဂူယွီမှာ သူ့စကားကြောင့် သဘောကျသွားပြီး ခေါင်းညိတ် သဘောတူလိုက်လေ၏။
အစပိုင်းတွင် တိုင်ပင်ဆွေးနွေးနေခြင်း ဖြစ်သော်လည်း နောက်ပိုင်းတွင်တော့ ကော်ကျင်းယွီက ထိုင်ပြောနေပြီး ဂူယွီက ဘောပင်ကိုင်ကာ လိုက်မှတ်နေရသည့် အခြေအနေသို့ ပြောင်းသွားတော့၏။
ဂူယွီက အလုပ်လုပ်လျှင် နှေးကွေးတတ်ကာ မွေးရာပါ ရိုးသားသူဖြစ်ပြီး ဆရာစားတင်ချင်သည့် စိတ်မျိုး သိပ်မရှိပေ။
သို့သော် သူ့တွင် အားသာချက်တစ်ခု ရှိနေသေး၏၊ ၎င်းမှာ စကားနားထောင်ခြင်းပင်။
ကော်ကျင်းယွီ ပြောသည်ကို မှန်သည်ဟု ထင်လျှင် သေချာလိုက်မှတ်ထားပြီး သူပြောသည့်အတိုင်း လုပ်ဆောင်လေသည်။
ဤသည်က သူ့ထက် အသက်အနည်းငယ် ငယ်သည့် ညီဝမ်းကွဲဖြစ်နေသည်ကိုပင် သူက လုံးဝ ဂရုမစိုက်ချေ။ သူတို့မိသားစုနှင့် ကော်ကျင်းယွီတို့ မိသားစုမှာ အလွန်ရင်းနှီးကြပြီး သွေးသားတော်စပ်မှုကြောင့် ဖြစ်တည်လာသည့် ဤယုံကြည်မှုမျိုးမှာ အခြားမည်သည့်အရာနှင့်မျှ နှိုင်းယှဉ်၍မရနိုင်ပေ။
တခြားသူတစ်ယောက်သာ နေ့ရောညပါ အာပေါက်အောင် ပြောနေမည်ဆိုလျှင်တောင် အကြောက်အလန့်ကြီးသည့် ဂူယွီမှာ ယုံတစ်ဝက် မယုံတစ်ဝက်သာ ဖြစ်နေမည်ဖြစ်သော်လည်း ကော်ကျင်းယွီဖြစ်နေချိန်တွင်တော့ ကွာခြားသွားလေ၏။
နှုတ်ခမ်းနှစ်ခု လှုပ်ရုံဖြင့် ပြောလိုက်သည့်စကားများက ဂူယွီ၏ နားထဲသို့ ဝင်သွားသည်နှင့် ချက်ချင်း ယုံကြည်သွားတော့သည်။
ကော်ကျင်းယွီက စဉ်းစားမိသမျှကို တစ်ထိုင်တည်း ပြောချလိုက်ရာ အာခေါင်တွေပင် ခြောက်သွေ့သွားသဖြင့် စားပွဲပေါ်ရှိ ခွက်ကို ယူကာ လည်ချောင်းစိုသွားစေရန် ရေတစ်ငုံ သောက်လိုက်၏။
“အကြမ်းဖျင်းကတော့ ဒါတွေပါပဲ… ကျောင်းဖွင့်တဲ့ ဒီတစ်လ နှစ်လလောက်အတွက်တော့ အေးဆေး လုံလောက်တယ်…”
ဂူယွီက မေးလိုက်၏။
“အဲ့ဒီကျောင်းဖွင့်တဲ့ တစ်လ နှစ်လကျော်သွားရင် ကျန်တဲ့အချိန်တွေကျ ဘယ်လိုလုပ်မလဲ…”
“မရှိတော့ဘူးလေ… ခုနက ဘော့စ်လုလေးနဲ့ စာချုပ်ချုပ်တုန်းက အစ်ကို သတိမထားမိဘူးလား… ကျွန်တော်တို့ဘက်က လုပ်ရမယ့် တာဝန်တွေ ဘာမှ မထည့်ရေးထားဘူးလေ… နောက်ပြီး စာချုပ်လို့သာ ပြောတာ… သူ့မှာ တရားဝင်တံဆိပ်တုံးလည်း မရှိဘဲနဲ့… ကျွန်တော်တို့ ကိုယ်ပိုင် လက်မှတ်လေးတွေ ထိုးထားရုံလောက်ပါပဲ… နှုတ်ကတိထက် နည်းနည်းလေး ပိုသာသွားရုံတင်ပဲလေ…”
ကော်ကျင်းယွီက လက်ဖက်ရည်ခွက်ကို ချထားလိုက်၏။
“အပြန်အလှန် အကျိုးရှိမယ့် ကိစ္စမို့… ဒါက တစ်ရာသီစာ အရောင်းအဝယ်လောက်ပါပဲ…”
ဂူယွီမှာ အနည်းငယ် နှမြောသွား၏။
ကော်ကျင်းယွီကတော့ အမြင်ရှင်းလေ၏။ နောက်ပိုင်းတွင် ဆင်ပွားကွန်ပျူတာ ဈေးကွက်မှာ ဘရန်းကွန်ပျူတာများ၏ ဖိအားကြောင့် တဖြည်းဖြည်း သေးငယ်သွားမည်ဖြစ်သည်။
စမတ်ဖုန်းများနှင့် တက်ဘလက်များ ပေါ်ထွက်လာပြီးနောက်တွင် ဈေးနှုန်းရော အရောင်းပမာဏပါ အကြီးအကျယ် ကျဆင်းသွားမည်ဖြစ်ပြီး ဤနှစ်နှစ်ခန့်သာ အလုပ်ဖြစ်မည်ဖြစ်ရာ ဘာမှ နှမြောစရာ မရှိချေ။
“အစ်ကို သေချာကြိုးစားလုပ်ရင်… ဒီတစ်လ နှစ်လအတွင်း ယွမ်သောင်းဂဏန်းလောက် မြတ်ဖို့က ပြဿနာ မရှိပါဘူး…”
ဂူယွီမှာ မျှော်လင့်ချက်အပြည့်ရှိသော မျက်နှာဖြင့် မှတ်စုစာအုပ်ကို ပိုက်ကာ သူ့ကို ကြည့်လာ၏။
“မင်း ဒီမှာ ကြာကြာ နေလို့ မရဘူးလား… ငါ တစ်ယောက်တည်းဆို… သေချာ မလုပ်နိုင်မှာ နည်းနည်း စိုးရိမ်လို့…”
တခြားကိစ္စများဆိုလျှင် ကော်ကျင်းယွီက သဘောတူမည်ဖြစ်သော်လည်း လီထုန်ကျိုးနှင့် ခွဲရမည်ဆိုလျှင်တော့ လုံးဝ မဖြစ်နိုင်ပေ။ သူက ခေါင်းခါပြလိုက်၏။
“မရဘူး… ကျွန်တော် ပြန်ပြီး စာသင်ရဦးမယ်လေ… အစ်ကိုပဲ ကြည့်လေ… အဲ့ဒီတုန်းက စာမေးပွဲ သေချာမဖြေခဲ့လို့ နှစ်နှစ်လောက် လမ်းမှားသွားခဲ့ပြီးမှ အခု နိုင်ငံခြားသွားပြီး အိပ်မက်တွေကို လိုက်ဖမ်းဖို့ ပြန်ကြိုးစားနေရတာလေ… ကျွန်တော်ကတော့ တစ်ခါတည်းနဲ့ အဆုံးထိ ရောက်အောင် သွားချင်တာ… သေချာ ကြိုးစားပြီး ကိုယ်စိတ်ကူးထားတဲ့ ကျောင်းကို ဝင်ခွင့်ရအောင်လုပ်မယ်… ကိုယ်ဝါသနာပါတဲ့ မေဂျာကိုပဲ တက်မှာ…”
ဂူယွီက ချက်ချင်း ခေါင်းညိတ် ထောက်ခံလိုက်၏။
“ဟုတ်တယ်… ဟုတ်တယ်… စာသင်ဖို့က အရေးကြီးတာပေါ့…”
ကော်ကျင်းယွီက ရိုက်တစ်ချက် ပွတ်တစ်ချက်ဖြင့် ဆက်ပြော၏။
“ဒါပေမဲ့ ဘာပဲဖြစ်ဖြစ် အကျိုးတူ ပူးပေါင်းထားတာဆိုတော့… အစ်ကို့ကို အထိုင်ကျသွားအောင် နှစ်ပတ်လောက်တော့ နေပြီး ကူညီပေးခဲ့ပါ့မယ်… ကျောင်းမဖွင့်ခင်လေး ပြန်မယ်လေ… အကုန်လုံး စီစဉ်ပေးခဲ့မယ်… ဒါပေမဲ့ ညီအစ်ကိုအရင်းတွေဖြစ်နေရင်တောင် စာရင်းကတော့ ရှင်းမှရမယ်… ကျွန်တော် ၃၀ ရာခိုင်နှုန်း ယူမယ်နော်…”
ဂူယွီက ဖြောင့်မတ်စွာဖြင့် ပြောလာ၏။
“ငါတို့ တစ်ယောက် တစ်ဝက်စီ ယူကြတာပေါ့…!”
ကော်ကျင်းယွီက ဤတစ်ကြိမ်တွင်မူ ခေါင်းခါပြလိုက်ပြီး ပြုံးလျက် ဖြေလေ၏။
“ကျောင်းဖွင့်တဲ့ ပထမဆုံးလရဲ့ အမြတ် ၃၀ ရာခိုင်နှုန်း ပေးရင် ရပါပြီ… ကျန်တာတွေ အစ်ကို့ဘာသာ သိမ်းထား… ကျောင်းစရိတ်အတွက် သုံးပေါ့…”
ဂူယွီက ခဏမျှ စဉ်းစားလိုက်ပြီး ခေါင်းညိတ်လိုက်၏။
“ကောင်းပြီ ကျင်းယွီ… နောက်ပိုင်း ငါ ကြီးပွားလာတဲ့အခါ… မင်းရဲ့ ကျေးဇူးကို တစ်သက်လုံး မှတ်ထားပါ့မယ်…”
ကော်ကျင်းယွီက သူ့ပခုံးကို ပုတ်လိုက်ပြီး လေးလေးနက်နက်ဖြင့် ပြောလိုက်၏။
“အဲ့ဒါဆို ကြိုပြောထားမယ်နော်… နောက်ပိုင်း ကျွန်တော် ပိုက်ဆံလိုရင်… အစ်ကို သေချာပေါက် ကူညီရမယ်…”
ဂူယွီက အလေးအနက် ခေါင်းညိတ်လိုက်သော်လည်း မကြာမီတွင်ပင် ပြန်ရယ်လိုက်၏။
“မင်းက ဉာဏ်ကောင်းတာပဲကို… နောက်ပိုင်း သေချာပေါက် ပိုက်ဆံပြတ်မှာ မဟုတ်ပါဘူး…”
ကော်ကျင်းယွီလည်း လိုက်၍ ရယ်မောလိုက်တော့၏။
Chapter 24 ended