Chapter 58
(Note: အရှေ့က ဖုမိသားစုကို ဖူမိသားစုလို့ ရေးမိထားတယ်။ အခုကစပြီး ဖုမိသားစုလို့ပဲ ရေးသွားပါမယ်)
ဝမ်ချွမ်သည် remote control ကို ချလိုက်ပြီး ကျန့်ချီ၏ စိုးရိမ်သောကဖြစ်နေသော အကြည့်များနှင့် ဆုံမိလေ၏။ သူသည် ဘာမှမဖြစ်သလို ဟန်ဆောင်ပြုံးပြချင်ပုံရသော်လည်း မလုပ်နိုင်ခဲ့ပေ။ ပထမဆုံး စတွေ့စဉ်က မြွေတစ်ကောင်ကဲ့သို့ အေးစက်စက်နိုင်လှသော မျက်ဝန်းတစ်စုံသည် ယခုအခါတွင်မူ နူးညံ့ပျော့ပျောင်းမှုနှင့် ရုန်းကန်နေရမှုတို့ကို ဖော်ပြနေချေ၏။ သူသည် လက်ကိုဆန့်တန်းလိုက်ပြီးနောက် ဖြည်းညင်းစွာ ပြန်ချကာ ဆိုဖာလက်ရန်းကို တင်းတင်းဆုပ်ကိုင်ထားရာ လက်ဆစ်များပင် ဖြူလျော်နေတော့သည်။
“ကျန့်ချီ၊ ငါ အရမ်းကြောက်တယ်”
သူ၏အသံက တိုးလွန်းလှပေ၏။
“ဘာမှမဖြစ်ပါဘူး”
ကျန့်ချီ၏အသံသည် တစ်ချက်ရပ်တန့်သွားပြီးနောက် ဝမ်ချွမ်၏ လက်မောင်းကို နှစ်သိမ့်သလို ညင်သာစွာပုတ်လိုက်ကာ “မင်းအဖွား ဘာမှဖြစ်မှာမဟုတ်ဘူး၊ ငါအာမခံတယ်” ဟု ဆို၏။
“သူက ငါ့ကို မိသားစုဝင်တစ်ယောက်လို သဘောထားတဲ့ တစ်ဦးတည်းသောသူပဲ”
ဝမ်ချွမ်သည် မျက်လုံးများကို အောက်စိုက်လိုက်ရာ မျက်တောင်စပ်တွင် နက်ရှိုင်းသော စိုစွတ်မှုတို့ဖြင့် ပြည့်နှက်နေ၏။
“အသက် ဆယ့်ခုနစ်နှစ်တုန်းက ငါ အရင်အိမ်ကနေ ပိုက်ဆံတစ်ပြားမှမပါဘဲ ထွက်ပြေးလာခဲ့တာ။ ကျန်းချန်က နေရာသေးသေးလေးဆိုပေမယ့် ဆင်းရဲသားရပ်ကွက်တစ်ခုတော့ သတ်မှတ်ထားတာရှိတယ်။ ငါအဲ့ဒီကိုရောက်တဲ့ ပထမဆုံးညမှာပဲ အဖွားက ငါ့ကိုခေါ်ထားခဲ့တာ။ သူက ငါ့ကိုကြည့်ရတာ သနားစရာကောင်းတယ်၊ အသက်လည်းငယ်သေးတယ်ဆိုပြီး အလုပ်တစ်ခု ရှာပေးခဲ့တယ်။ သူသာမရှိရင် ငါအဲ့ဒီမှာ ဘယ်လိုရှင်သန်နေထိုင်ရမလဲဆိုတာတောင် သိမှာမဟုတ်ဘူး။ သူ့ရဲ့သားက လွန်ခဲ့တဲ့နှစ်အနည်းငယ်က ဆုံးသွားတော့ သူတစ်ယောက်တည်း ပေါင်မုန့်ပြားဆိုင်လေးကို မထူနိုင်မထနိုင်နဲ့ ရပ်တည်နေရတာ။ သူ့မြေးမလေးနဲ့အတူတူနေတာ။ တစ်ခါတလေ လူမိုက်တွေက ပေါင်မုန့်ပြားလာဝယ်ပြီး ပိုက်ဆံမပေးရင် ငါက သူတို့ကို သွားရိုက်နှက်ပြီး မောင်းထုတ်ပေးရတယ်”။
ဝမ်ချွမ်သည် သူ့အကြောင်းသူပြောနေသလိုပင်၊ တစ်ချိန်တည်းမှာပင် အခြားတစ်ယောက်၏ ဝမ်းနည်းစရာဇာတ်လမ်းတစ်ပုဒ်ကို ပြောပြနေသကဲ့သို့လည်းဖြစ်၏။ ကျန့်ချီသည် တိတ်ဆိတ်စွာ နားထောင်နေခဲ့သည်။
“ငါ အစက ဒီလိုမျိုး ရိုးရှင်းပြီး ပျော်ရွှင်တဲ့ဘဝနဲ့ဆိုရင် အကြာကြီးနေနိုင်လောက်တယ်လို့ ထင်ခဲ့တာ။ မထင်မှတ်ဘဲ ဖုမိသားစုကလူတစ်ယောက်က ငါ့ကိုရှာတွေ့သွားခဲ့တယ်။ သူထုတ်ပေးတဲ့ ပိုက်ဆံတွေက ငါ့အဖွားနဲ့ ညီမလေးကို စောင့်ရှောက်ဖို့၊ အကောင်းဆုံးဆေးကုသမှုတွေပေးဖို့အတွက်ဖြစ်လာတယ်။ ငါလုပ်ရမှာက ဖုအိမ်တော်ကိုပြန်သွားပြီး သူတို့ရဲ့ သားအရင်းကို အကျပ်အတည်းဖြစ်အောင်လုပ်ပေးဖို့ပဲ။ ဒါမှ သူက အလေလိုက်သောက်စားမနေတော့မှာ။ ငါက သူတို့လက်ထဲက ကစားစရာတစ်ခုပါပဲ”။
“မင်းတစ်သက်လုံး ဖုအိမ်တော်မှာ နေသွားမှာမှမဟုတ်တာ”
ကျန့်ချီက လေးလေးနက်နက်ဆို၏။
“မင်း စိန့်စတန်ကနေ ထွက်သွားပြီး တက္ကသိုလ်တက်တဲ့အခါ အဝေးကြီးကို ထွက်သွားလို့ရတယ်။ ဖုအိမ်တော်ကနေ လုံးဝရုန်းထွက်ပြီး မင်းရဲ့ တကယ့်မိသားစုဝင်တွေကို ခေါ်သွားလို့ရတယ်”။
နောက်ဆုံးစကားတစ်ခွန်းကြောင့် အမှောင်ထဲတွင် ဝမ်ချွမ်၏ မျက်ဝန်းများ တစ်ချက်တုန်လှုပ်သွားပြီးနောက် သူ၏အသံသည် အေးစက်ခိုင်မာသော ဆုံးဖြတ်ချက်တို့ဖြင့် ရောယှက်နေခဲ့သည်။
“ငါထွက်မပြေးဘူး။ သူတို့ငါ့ကိုပေးခဲ့တဲ့ အရာအားလုံးကို ငါပြန်ပေးဆပ်မှာ။ ကျောင်းစရိတ်၊ ဆေးဖိုးဝါးခ၊ ဒီအရာတွေက အစကတည်းက ငါနဲ့မဆိုင်ခဲ့ဘူး။ ငါပြန်မယူသွားနိုင်ဘူး။ သူတို့ငါ့ကို ပေးခဲ့တဲ့အရာတွေထဲက တစ်ခုတည်းသော အခွင့်အရေးက ငါ့အတွက် အရေးကြီးဆုံးပဲ။ ငါဒီတစ်သက် စာပြန်သင်ရလိမ့်မယ်လို့ ဘယ်တုန်းကမှ မထင်ခဲ့ဘူး”။
ကျန့်ချီသည် သူ၏ရင်ထဲ၌ လှိုက်တက်လာသော ခံစားချက်ကို မပြောပြနိုင်ချေ။ စိုစွတ်မှုတို့ဖြင့် သူ့ရင်ဘတ်ကို ဖိနှိပ်ထားသဖြင့် အသက်ရှူရခက်ခဲလှ၏။ အချိန်အတော်ကြာပြီးနောက်မှ သူ မေးခွန်းထုတ်နိုင်ခဲ့သည်။
“မင်း အစက ဘာလို့ကျောင်းထွက်ခဲ့တာလဲ”။
“ငါက မွေးစားခံရတာ။ သူတို့မှာ ကိုယ်ပိုင်သားအရင်းမွေးပြီးတဲ့နောက်မှာ ငါက ပိုလျှံတဲ့တစ်ယောက်ဖြစ်သွားခဲ့တယ်”
ဝမ်ချွမ်က တိုးညင်းစွာဆို၏။ သူသည် လွန်ခဲ့သောပုံရိပ်တစ်ခုကို ပြန်လည်အမှတ်ရနေပုံပင်။ လေဟာနယ်ကို စိုက်ကြည့်ရင်း အတန်ကြာတိတ်ဆိတ်နေပြီးမှ…
“တစ်ခါတုန်းက သူတို့အခန်းထဲမှာ ငြင်းခုံနေကြတာ ငါကြားလိုက်တယ်။ ဦးလေးက ငါ့ကို အထက်တန်းနဲ့ တက္ကသိုလ်ပြီးတဲ့အထိ ကျောင်းဆက်ထားပေးချင်တယ်။ အန်တီက သဘောမတူဘူး။ သူတို့သားရဲ့ နောင်အနှစ်နှစ်ဆယ်စာ ကုန်ကျစရိတ်တွေကိုပါ ထည့်တွက်နေကြတာ။ အဲ့ဒါနဲ့ ငါကိုယ်တိုင်ပဲ ထွက်သွားဖို့ လုပ်ခဲ့လိုက်တာ။ သူတို့လည်း မတားကြပါဘူး”။
ထိုခံစားချက်က မူလက သိပ်မရှင်းလင်းလှသော်လည်း ဝမ်ချွမ်၏ စကားသံများနှင့်အတူ တဖြည်းဖြည်းနှင့် သူ့နှလုံးသားထဲသို့ နစ်ဝင်လာခဲ့၏။ ကျန့်ချီသည် ဘယ်တုန်းကမှ မတွေးဖူးခဲ့ပေ။ မူလက ပေါ့ပါးသော စာလုံးအနည်းငယ်မျှသာဖြစ်သော ဇာတ်လမ်းသည် လူတစ်ယောက်၏ တကယ့်ဘဝဇာတ်ကြောင်းဖြစ်လာသည့်အခါ ဤမျှလောက် အားမတန်မာန်လျှော့နိုင်ကာ လေးလံဖိစီးဖွယ်ကောင်းလိမ့်မည်ဟုပင်။ ဝမ်ချွမ်၏ အနှစ်နှစ်ဆယ်တာဘဝတစ်လျှောက်တွင် သူ့ကို မွေးစားမိဘများဖြစ်စေ၊ မွေးမိဘအရင်းများဖြစ်စေ မည်သူကမှ ခိုင်ခိုင်မာမာ ရွေးချယ်ခဲ့ဖူးခြင်းမရှိချေ။
“အဖွားက ပြန်ကောင်းလာမှာပါ၊ မင်းစိတ်မပူနဲ့”
ကျန့်ချီသည် ယခင်ကတစ်ခါမှ ဤမျှခိုင်မာသော လေသံဖြင့် မပြောခဲ့ဖူးပေ။ သူသည် ဝမ်ချွမ်၏ မျက်လုံးများကို စေ့စေ့ကြည့်ရင်း …
“မင်းအခုလုပ်ရမှာက အခန်းပြန်ပြီး ကောင်းကောင်းအိပ်ဖို့ပဲ။ မင်းနိုးလာတဲ့အခါ ဆေးရုံက သတင်းကောင်းကို ကြားရလိမ့်မယ်။ ငါဒီမှာ မင်းနဲ့အတူရှိနေပေးမယ်”
အမှောင်ထဲတွင် ကြာရှည်စွာ တိတ်ဆိတ်ငြိမ်သက်နေပြီးနောက် အသက်ရှူသံသဲ့သဲ့တို့က ဖြည်းညင်းစွာ ပျံ့လွင့်နေသည်။ ဝမ်ချွမ်သည် ဆိုဖာကိုအားပြုကာ ထလိုက်ရာ သူ၏ပါးလွှာသော ကိုယ်လုံးလေးသည် ယိမ်းထိုးသွား၏။
ကျန့်ချီသည် သူ၏အားအင်တို့ ကုန်ဆုံးလုနီးပါးဖြစ်နေသည်ကို သိသဖြင့် သူ့ကိုကူထိန်းပေးရန် ရှေ့တိုးလိုက်ရာ ဝမ်ချွမ်၏ လက်မောင်းတို့က သူ့ခန္ဓာကိုယ်ကို တင်းကြပ်စွာ သိုင်းဖက်လိုက်သဖြင့် ခွဲခြား၍မရနိုင်သော ပွေ့ဖက်မှုတစ်ခုအဖြစ်သို့ ပြောင်းလဲသွားတော့သည်။
“ကျေးဇူးတင်ပါတယ်၊ ကျန့်ချီ”
ဝမ်ချွမ်သည် သူ့ပခုံးပေါ်မှီတင်လိုက်ပြီး အက်ရှရှနိုင်သော်လည်း အားပါသော အသံဖြင့် ဆို၏။ ခေတ္တမျှကြာပြီးနောက် ကျန့်ချီသည် လက်ကိုမြှောက်ကာ သူ၏ကျောကို ညင်သာစွာပုတ်ပေးလိုက်သည်။
ဝမ်ချွမ် အိပ်ပျော်သွားသည်ကို သေချာအောင်စောင့်ပြီးနောက် ကျန့်ချီသည် အိပ်ဆောင်မှ အသံတိတ်ထွက်ခွာလာခဲ့၏။ တံခါးကိုပိတ်ပြီးနောက်တွင် သူသည် မိနစ်အနည်းငယ်ကြာ ရပ်နေကာ ခုနက ဖိစီးလေးလံလှသော အငွေ့အသက်များမှ ရုန်းထွက်ရန် ကြိုးစားရင်း အတွေးနယ်ချဲ့နေမိသည်။
သူသည် ဝမ်ချွမ်နှင့် အခြားသူများ၏ ကံကြမ္မာကို အစောကြီးကတည်းက သိထားခဲ့သော်လည်း ကိုယ်တိုင်သိမြင်ကြားသိရခြင်းက လုံးဝကွဲပြားသော ခံစားမှုပင်။
ယခင်ကမူ သာမန်ဝတ္ထုတစ်ပုဒ်ကို ဖတ်ရှုခြင်းကဲ့သို့ စိတ်ခံစားမှုများကို နှိုးဆွနိုင်သော်လည်း ဝမ်းမြောက်ခြင်း၊ ဒေါသထွက်ခြင်းတို့ကို အမှန်တကယ် နားလည်နိုင်ခြင်းမရှိခဲ့ပေ။ ယခု ဝမ်ချွမ်၏ စကားများကမူ သူ၏ရင်ဘတ်ကို တည့်တည့်ထိုးစိုက်ကာ နှလုံးသားထဲတွင် အချိန်အတော်ကြာအောင် စွဲထင်ကျန်ရစ်နေခဲ့၏။
စာအုပ်ထဲတွင် ဇာတ်ကောင်တိုင်း၏ အဓိပ္ပာယ်ပြည့်ဝသောဇာတ်သိမ်းကို ဖော်ပြထားခြင်းမရှိဘဲ နောက်ဆုံးတွင် ပိုင်ရှီယွီနှင့် သူ၏ စိတ်ခံစားမှုဆိုင်ရာ ရှုပ်ထွေးမှုများသာ ကျန်ရစ်ခဲ့သည်။ ကျိဟွိုက်စစ်၏ ကားမတော်တဆမှုမှလွဲ၍ လူတိုင်း၏ဇာတ်သိမ်းသည် ‘ပြည့်စုံလှပ’ သယောင်ရှိသော်လည်း ယခုအချိန်တွင် ကျန့်ချီသည် ထို ‘ပြည့်စုံလှပ’ ဆိုသော စကားလုံးနှစ်လုံး၏ အဓိပ္ပာယ်အမှန်ကို ဆုပ်ကိုင်နိုင်ခြင်းမရှိတော့ချေ။
ဝမ်ချွမ်သည် ဖုအိမ်တော်မှ အောင်မြင်စွာ ရုန်းမထွက်နိုင်ခဲ့ပေ။ သူ၏ နောက်ကြောင်းရာဇဝင်ကို လူတော်တော်များများက သိလာကြသည့်တိုင် ရှောက်ဟန့်ကမူ မောက်မာစွာ အနိုင်ကျင့်မြဲပင်။ သူတစ်ပါး၏ခံစားချက်ကို ဂရုမစိုက်သကဲ့သို့ ရှန်းရှုထင်၏ သူ့အပေါ်နားလည်မှုကလည်း အပေါ်ယံမျှသာဖြစ်၏။ သူသည် ပိုင်ရှီယွီနှင့်အတူ များစွာဖြတ်သန်းခဲ့ရပုံရသော်လည်း အဆုံးတွင်မူ မူလနေရာ၌ပင် ရပ်တန့်နေသကဲ့သို့ဖြစ်နေသည်။
ဤအခိုက်အတန့်တွင် ကျန့်ချီသည် ချင်ချူးရှု သူ့အားပြောခဲ့သော စကားများအတွက် အလွန်ကျေးဇူးတင်မိ၏။
ဇာတ်လမ်း၏အဆုံးသတ်သည် ကြိုတင်သတ်မှတ်ထားခြင်းမရှိဘဲ ကွဲပြားသောရွေးချယ်မှုများနှင့်အတူ ကွဲပြားသောဇာတ်သိမ်းများဆီသို့ ဦးတည်သွားနိုင်သည်ဟူ၏။ ကျိဟွိုက်စစ်သည် ထိုကားမတော်တဆမှုကို ရှောင်ရှားနိုင်ကောင်း ရှောင်ရှားနိုင်ပေမည်။ ဝမ်ချွမ်သည် သူ၏အဖွားနှင့် ညီမလေးတို့နှင့်အတူ သူတို့လိုချင်သောဘဝကို နေထိုင်နိုင်ကောင်း နေထိုင်နိုင်ပေမည်။
ဤ ‘ဖြစ်ကောင်း ဖြစ်နိုင်သည်’ ဟူသော အတွေးတို့က စိတ်ကူးယဉ်ဆန်လွန်းနေသော်လည်း ကျန့်ချီသည် မတွေးဘဲမနေနိုင်ခဲ့ပေ။ သူတို့သည် ဤသို့သော ဇာတ်သိမ်းမျိုးနှင့် ထိုက်တန်ကြ၏။ စာအုပ်ထဲတွင် ရေးသားထားသကဲ့သို့ အပေါ်ယံတွင်သာ လှပသော်လည်း အတွင်း၌ ပရမ်းပတာဖြစ်နေသော ဇာတ်သိမ်းမျိုးနှင့် မထိုက်တန်ချေ။
ဖြစ်မလာသေးသော ဇာတ်လမ်းများတွင် အစသာရှိပြီး အဆုံးမရှိသေးပေ။ သူသည် ကျိဟွိုက်စစ်၏ ကားမတော်တဆမှုဖြစ်ရသည့် အကြောင်းရင်းကို ရှင်းရှင်းလင်းလင်းမသိသေးသလို၊ ဝမ်ချွမ်အနေဖြင့် သူ၏လွတ်လပ်လိုသောဆန္ဒကို မည်သို့အကောင်အထည်ဖော်နိုင်မည်ကိုလည်း မသိသေးချေ။
သို့သော် ကျန့်ချီသိသည်မှာ သူသည် ယခင်ကကဲ့သို့ စိတ်ခံစားမှုကင်းမဲ့စွာ မနေနိုင်တော့ဟူ၍ပင်။ လမ်းကြောင်းမှ လွဲချော်ပြီးမှတော့ အဘယ်ကြောင့် လုံးဝလွတ်မြောက်အောင် မရုန်းထွက်နိုင်ရမည်နည်း။ သူတို့အား အတုအယောင်ပြည့်စုံခြင်းမျိုးမဟုတ်ဘဲ စစ်မှန်သော ပြည့်စုံလှပသည့်ဇာတ်သိမ်းတစ်ခုကို ပေးစွမ်းစေရမည်။
ထိုအတွေးသည် အစောကြီးကတည်းက စတင်ခဲ့ခြင်းဖြစ်၏။ ကျိဟွိုက်စစ်ကို အလင်းရောင်များဖြာကျနေသော စင်မြင့်ထက်တွင် မြင်တွေ့ခဲ့ရစဉ်ကတည်းက အစပျိုးခဲ့ခြင်းဖြစ်ချေ၏။ ထိုအချိန်က ကျန့်ချီသည် မိမိကိုယ်ကို ဤကိစ္စထဲသို့ ပါဝင်ပတ်သက်စေရန် မလိုလားခဲ့သော်လည်း အမှန်တကယ်တွင် ပါဝင်ပတ်သက်ခြင်း၊ မပတ်သက်ခြင်းဟူ၍ ရွေးချယ်စရာမရှိသည်ကိုမူ သူ မသိခဲ့ပေ။ အစမှအဆုံး သူသည် ဇာတ်လမ်းထဲမှ ဇာတ်ကောင်တစ်ဦးသာဖြစ်ခဲ့၏။
အစပိုင်းတွင် ထိုအိပ်မက်က သူ့အား မမြင်နိုင်သောဝန်ထုပ်ဝန်ပိုးများကို သယ်ဆောင်စေခဲ့သည်။သူ၏စိတ်ခံစားချက်များကို ဖယ်ထုတ်ကာ အေးစက်စွာဖြင့် ပတ်ဝန်းကျင်မှလူများ ကြိုတင်သတ်မှတ်ထားသော ဇာတ်သိမ်းဆီသို့ လျှောက်လှမ်းသွားသည်ကို ကြည့်ရှုနေလျှင် ရပြီဟု မှားယွင်းစွာထင်မြင်စေခဲ့သည်။
သို့သော် ဤအချိန်အတောအတွင်း ဖြစ်ပျက်ခဲ့သောအရာများ၊ တွေ့ဆုံခဲ့ရသောလူများက ကျန့်ချီအား မမျှော်လင့်ထားသော အံ့အားသင့်မှုများစွာကို ဆောင်ယူလာခဲ့၏။ သူသည် အကြိမ်များစွာ တုန်လှုပ်ခဲ့ရသည်။ ကျိဟွိုက်စစ်က လရောင်အောက်တွင် တယောထိုးရင်း သူ့အား ‘မွေးနေ့မှာ ပျော်ရွှင်ပါစေ’ ဟု ပြောခဲ့သည့်အချိန်တွင် ကျန့်ချီသည် ထိုကျောက်စိမ်းပြားလေးကို ဖွဖွကိုင်ရင်း မိမိကိုယ်ကို ပြန်မေးခွန်းထုတ်မိသည်- ကျိဟွိုက်စစ် ဒဏ်ရာရမှုကြောင့် တယောကို စွန့်လွှတ်ကာ စိတ်ပျက်အားငယ်စွာဖြင့် တိုင်းတစ်ပါးသို့ ထွက်ခွာသွားသည်ကို သူအမှန်တကယ် မြင်လိုပါသလား။
သူ မမြင်လိုပေ။
ထို့ကြောင့် အရာအားလုံးသည် ရုတ်တရက် ကြည်လင်ပြတ်သားလာခဲ့သည်။ သူသိသည်မှာ ဇာတ်လမ်း၏ အပိုင်းအစတစ်ခုမျှသာဖြစ်ပြီး သူလုပ်နိုင်သည်မှာ ကျိဟွိုက်စစ်အား အတတ်နိုင်ဆုံး သတိပေးကာ ကြေကွဲစရာအဖြစ်အပျက်ကို တားဆီးရန်သာဖြစ်၏။ ကြားရသည်မှာ ကြောက်စရာကောင်းလှသော်လည်း ကျန့်ချီသည် စိတ်ကူးထဲကလို မတည်မငြိမ်မဖြစ်ခဲ့ပေ။
သူသည် ယခင်က ခိုင်မာသော တစ်ကိုယ်တော်သမားတစ်ဦးဖြစ်ခဲ့၏။ စိန့်စတန်သို့ရောက်လာပြီး ဤလူများနှင့် တွေ့ဆုံကာ မူလက သူ၏ဘဝတစ်လျှောက်လုံးတွင် ကြုံတွေ့နိုင်ဖွယ်မရှိသော ရှုပ်ထွေးသည့်အဖြစ်အပျက်များနှင့် ကြုံတွေ့ခဲ့ရပြီးနောက် သူ၏နှလုံးသားထဲမှ ခုခံကာကွယ်ထားသောစည်းသည် တဖြည်းဖြည်း ပြေလျော့လာပုံရ၏။
ဒါက ကောင်းတဲ့အရာလား။ မဆိုးလှဟု ခံစားရသည်။
သို့သော် ရှောက်ဟန့်ဆိုသည့် စိတ်အနှောင့်အယှက်ဖြစ်ဖွယ်အရာကိုသာ ဖယ်ရှားနိုင်မည်ဆိုလျှင် သူ၏ခံစားချက်က ပို၍ကောင်းမွန်လာနိုင်ပေသည်။
Chapter 58 ended