ဦးလေးဖြစ်သူအား လုယူသိမ်းပိုက်ခြင်း:
Chapter 35
ဆံပင်ချင်းယှက်နွယ်ခြင်း(မင်္ဂလာပြုခြင်း)
*
ချန်မင်၏ဗိုက်က ဖြည်းဖြည်းချင်း ကြီးလာပြီး ကျောက်ကျင်းရှီးက တစ်လနီးပါးကြာမှ ရောက်လာ၏။
သူ လမ်းလျှောက်သည့်ပုံစံ အနည်းငယ်ထူးဆန်းနေသည်ကို မြင်သောအခါ သူ့ကို အပေါ်အောက် အတော်ကြာအောင် ကြည့်ပြီးမှ သံသယဖြင့် မေးလာသည်။
“ဦးလေး… ဝလာတာလား…”
ချန်မင် အနည်းငယ် နေရခက်သွားသည်။ ကျောက်ကျင်းရှီးက မိမိကိုယ်ဝန်ရှိနေသည့်ကိစ္စကို မသိပေ။
လုကျန်းထင်က သူ့အတွက် အိမ်သီးသန့်ဝယ်ပေးထားသည်ကိုပင် ကျောက်ကျင်းရှီးက သူ စစ်သူကြီးအိမ်တော်တွင် မနေချင်၍ဟုသာ ထင်ထားခြင်းဖြစ်သည်။
သူက ဘယ်လို ဖြေရမှန်းမသိသဖြင့် ဟိုစပ်စပ် ဒီစပ်စပ်ဖြင့် “အင်း” ဟုသာ ဖြေလိုက်၏။
ကျောက်ကျင်းရှီးက နှုတ်ခမ်းဆူလိုက်သည်။
“ဦးလေး ဘာတွေများ စားလို့ ဗိုက်ကြီးတောင် ထွက်လာရတာလဲ… ကျွန်တော်လည်း စားချင်တယ်…”
လုကျန်းထင်က သူ့ကို ဆက်ပြီး အရူးလုပ်မနေစေချင်တော့သဖြင့် ဦးလေး ကိုယ်ဝန်ရှိနေသည့်ကိစ္စကို ပြောပြလိုက်၏။
ကျောက်ကျင်းရှီးက မျက်လုံးများ ပြူးကျယ်သွားပြီး အလွန်အံ့ဩသွားသည့်ပုံစံဖြင့် အသံပါ ကျယ်လာသည်။
“ကလေး!”
“ဦးလေးက ယောက်ျားလေး မဟုတ်ဘူးလား… ဘယ်လိုလုပ် ကိုယ်ဝန်ဆောင်လို့ ရမှာလဲ…”
ချန်မင်၏မျက်နှာပေါ်တွင် နေရခက်သည့်အရိပ်အယောင်များ ဖြတ်ပြေးသွားပြီး လုကျန်းထင်က ပုံမှန်လေသံဖြင့် ပြောလိုက်၏။
“ဦးလေးရဲ့ ခန္ဓာကိုယ်ဖွဲ့စည်းပုံက သာမန်လူတွေနဲ့ မတူလို့… ကိုယ်ဝန်ဆောင်ပြီး ကလေးမွေးလို့ ရတယ်…”
ကျောက်ကျင်းရှီးက ယုံကြည်ရန် ခက်ခဲနေဆဲဖြစ်ပြီး တံတွေးမြိုချကာ ချန်မင်၏ဖောင်းထွက်နေသောဗိုက်ကို ကြည့်လိုက်သည်။
“အဲဒါဆို အထဲမှာ ကလေးလေးတစ်ယောက် ရှိနေပြီပေါ့… ဘယ်သူ့ကလေးလဲ… စစ်သူကြီးရဲ့ ကလေးလား…”
သူက ဤအကြောင်းကို တွေးမိသည်နှင့် မျက်နှာထားက လင်းလက်သွား၏။
“ညီလေး… မင်းမှာ ညီလေး ဒါမှမဟုတ် ညီမလေး ရတော့မယ်ဟ…”
လုကျန်းထင်သည် မျက်နှာထားတောင့်တင်းသွားပြီး မျက်လုံးများကို အနည်းငယ်မှေးကျဉ်းကာ ဘာမှမဖြေဘဲ နေလိုက်သည်။
ကျောက်ကျင်းရှီးက စိတ်လှုပ်ရှားစွာဖြင့် ချန်မင်၏ရှေ့သို့ ရောက်နေပြီဖြစ်ပြီး ဆောင့်ကြောင့်ထိုင်ကာ သူ၏ဗိုက်ကို ကြည့်နေ၏။
သူက အလွန်စမ်းကြည့်ချင်နေသည့်ပုံစံဖြင့် အနည်းငယ်တွေဝေပြီးမှ မေးလိုက်သည်။
“ဦးလေး… ကျွန်တော် တစ်ချက်လောက် စမ်းကြည့်လို့ ရမလား…”
ချန်မင်က သူ၏လက်ကို ကိုင်ကာ မိမိ၏ဗိုက်ပေါ်သို့ တင်ပေးလိုက်၏။
နွေရာသီဖြစ်သဖြင့် သူ ဝတ်ထားသောအင်္ကျီက မထူဘဲ ကျောက်ကျင်းရှီးက အဝတ်အစားကို ဖြတ်၍ သူ၏ဗိုက်ကို စမ်းမိသွားရာ ဖောင်းထွက်နေသည်။
အထိအတွေ့က အနည်းငယ် ဆန်းသစ်နေသဖြင့် သူက စိတ်ဝင်တစားဖြင့် တစ်ပတ်လောက် စမ်းကြည့်လိုက်၏။
“အထဲမှာ တကယ်ပဲ ကလေးလေးတစ်ယောက် ရှိနေတာလား… အစားတွေ အများကြီး စားထားလို့များလား…”
ချန်မင်က သူ၏စကားကြောင့် အသံထွက်အောင် ရယ်မောလိုက်မိပြီး လုကျန်းထင်လည်း အနည်းငယ် နေရခက်သွားပုံရ၏။
သူက ကျောက်ကျင်းရှီးကို ဆွဲယူပြီး သေချာ ထိုင်ခိုင်းလိုက်သည်။
“မင်း စာပဲ သေချာ ဖတ်စမ်းပါ…”
လုကျန်းထင်က စာဖတ်ရန် ရှိပုံရပြီး နေ့တိုင်း အကြာကြီးမနေဘဲ ပုံမှန်အားဖြင့် သူနှင့်အတူ ညစာစားပြီးသည်နှင့် ပြန်လေ့ရှိ၏။
ဤညတွင် ရုတ်တရက် မိုးသည်းထန်စွာ ရွာသွန်းလာသဖြင့် ချန်မင်က ပြောလိုက်သည်။
“ထင်အာ… ဒီနေ့ည ဒီမှာပဲ အိပ်လိုက်တော့… မပြန်နဲ့တော့လေ… မြင်းလှည်းသမားကိုလည်း အစ်ကိုယိုနဲ့ အတူတူ အိပ်ခိုင်းလိုက်ပေါ့…”
လုကျန်းထင်က သူ၏ဖြူဖွေးသောမျက်နှာထားကို ကြည့်ကာ ခေါင်းညိတ်သဘောတူလိုက်၏။
တကယ်တော့ သူ ဤရက်ပိုင်းအတွင်း ဤသို့ ဟိုပြေးဒီပြေး လုပ်နေခြင်းမှာ မိမိ၏ကာမစိတ်များကို အစွမ်းကုန် ထိန်းချုပ်ထားချင်၍သာ ဖြစ်သည်။
ယခုအချိန်တွင် ဦးလေးက အလွန်မွှေးပျံ့သော ကိတ်မုန့်ပျော့လေးတစ်ခုလို ဖြစ်နေ၏။
သူ့ကို စောင့်ကြပ်နေသောခြင်္သေ့ကြီးမရှိသဖြင့် သူ့ကို တစ်ကိုက်လောက် မြည်းစမ်းကြည့်ချင်စိတ်များ အမြဲတမ်း ဖြစ်ပေါ်နေစေသည်။
လုကျန်းထင်က ကုတင်ပေါ်တွင် လဲလျောင်းနေသော်လည်း ဟိုဘက်ဒီဘက် လှိမ့်ကာ ကောင်းကောင်းအိပ်မပျော်ပေ။
မိုးကြိုးသံများ အလွန်ကျယ်လောင်နေသည်ကို မြင်သောအခါ ထလာပြီး ဦးလေး၏အိပ်ခန်းရှေ့သို့ သွားကာ တံခါးကို ခပ်ဖွဖွလေး ခေါက်လိုက်၏။
ချန်မင်လည်း မအိပ်သေးပုံရပြီး အသံထွက်လာသည်။
“ဘယ်သူလဲ…”
“ကျွန်တော်ပါ… မိုးကြိုးသံတွေ အရမ်းကျယ်နေတော့… ဦးလေး လန့်နေမှာ စိုးလို့ လာကြည့်တာပါ…”
ချန်မင်က တကယ်ပဲ မိုးကြိုးသံများ အလွန်ကျယ်နေသဖြင့် မအိပ်ရဲပေ။
သူက ယောက်ျားလေးဖြစ်သော်လည်း ငယ်စဉ်ကတည်းက မိုးကြိုးပစ်ခြင်းနှင့် လျှပ်စီးလက်ခြင်းကို အနည်းငယ် ကြောက်လေ့ရှိ၏။
သူက ကုတင်ပေါ်မှ ဆင်းရန် ပြင်လိုက်သော်လည်း အနည်းငယ် တွေဝေပြီးနောက် မလှုပ်ရှားတော့ဘဲ ပြောလိုက်သည်။
“ငါ ဘာမှ မဖြစ်ပါဘူး… မင်း ပြန်သွားအိပ်တော့လေ…”
လုကျန်းထင်က နှုတ်ခမ်းကို တင်းတင်းစေ့လိုက်ပြီး မျက်လုံးများ မှောင်မိုက်သွား၏။
ပြီးခဲ့သောတစ်ခေါက်က ကိစ္စကြောင့် ဦးလေးက သူ့အပေါ် သတိထားသွားပြီမှန်း သိလိုက်ရသဖြင့် ရင်ထဲတွင် ဘယ်လိုခံစားရမှန်း မသိတော့ပေ။
သူက “ဟုတ်” ဟုသာ ပြန်ထူးလိုက်ပြီး ဖြည်းဖြည်းချင်း လှည့်ထွက်သွားတော့သည်။
အခန်းထဲမှ ချန်မင်က တိုးတိုးလေး သက်ပြင်းချလိုက်၏။
လူနှစ်ယောက်၏ရင်ထဲတွင် အနည်းငယ် နေရခက်မှုများ ရှိနေသဖြင့် လုကျန်းထင် ဤနေရာသို့ လာသောအကြိမ်အရေအတွက်က သိသိသာသာ လျော့ကျသွားသည်။
အစပိုင်းတွင် တစ်ရက်၊ နှစ်ရက်ခြားမှ လာပြီး နောက်ပိုင်းတွင် သုံးလေးရက်ခြားမှ လာတော့၏။
သို့သော် ဤနေရာသို့ ပို့သောအစာအသောက်များနှင့် အသုံးအဆောင်များကတော့ မပြတ်လပ်ခဲ့ပေ။
နေ့တိုင်း ဟင်းလျာများကို စုံလင်စွာ ပို့ပေးပြီး သစ်သီးမျိုးစုံကိုပါ ပို့ပေးလေ့ရှိသည်။
ချန်မင်လည်း အများကြီးမမေးသော်လည်း တူဖြစ်သူ၏ဤကဲ့သို့ အပြစ်ရှိသလိုအပြုအမူများကို ကြည့်ပြီး သူက တကယ်ပဲ မိမိအပေါ် ကာမစိတ်ရှိနေနိုင်ကြောင်း သိလိုက်ရ၏။
ဤကဲ့သို့သောကိစ္စမျိုးကို သူ ဘယ်လိုဖြေရှင်းရမှန်း လုံးဝမသိသဖြင့် လုဖေးဟွမ်ပြန်လာမည့်အချိန်ကိုသာ စောင့်ရတော့သည်။
လုဖေးဟွမ်ကို လုကျန်းထင်အတွက် အိမ်ထောင်ဘက်တစ်ယောက် ရှာပေးခိုင်းရန်သာ တတ်နိုင်တော့၏။
ဒါပေမယ့် လုဖေးဟွမ်က… ဘယ်အချိန်မှ ပြန်ရောက်မှာလဲ။
ချန်မင်က ဤကိစ္စကို တွေးမိသည်နှင့် ရင်ထဲတွင် ထပ်မံတင်းကျပ်သွားသည်။
သူက ဤအိမ်ကြီးထဲတွင် နေထိုင်ပြီး ဘာကိစ္စမှမသိရှိဘဲ အပြင်လည်း မထွက်ချင်ပေ။
ထမင်းချက်အန်တီကြီးနှင့် အစ်ကိုယိုတို့ကလည်း အပြင် လုံးဝမထွက်ကြဘဲ ဤနေရာတွင် သူ့ကိုသာ ပြုစုပေးနေကြရာ တစ်ခုတည်းသောသတင်းများက လုကျန်းထင်ထံမှသာ ရရှိခြင်းဖြစ်၏။
ချန်မင်က လုဖေးဟွမ်ပို့လာသောစာအချို့ကို ဆက်တိုက် လက်ခံရရှိခဲ့ပြီး အားလုံးက အဆင်ပြေကြောင်းနှင့် စိတ်အေးအေးထားရန်သာ ပြောထားသည်။
ဒါပေမယ့် ချန်မင်က ဘယ်လိုလုပ် စိတ်အေးအေးထားနိုင်မှာလဲ။
သူက နေ့တိုင်း စောင့်ဆိုင်းနေခဲ့ပြီး ဗိုက်ထဲမှ ကလေးလေး စတင်လှုပ်ရှားလာချိန်တွင်မူ သူတစ်ကိုယ်လုံး ရုတ်တရက် သတ္တိသစ်များ ပြန်လည်ရရှိလာခဲ့သည်။
သူ မိမိကိုယ်ကိုယ် ပြန်လည်အားတင်းလာတော့သည်။
ဗိုက်ထဲတွင် သူနှင့် လုဖေးဟွမ်တို့နှစ်ယောက် ပူးတွဲပိုင်ဆိုင်သောကလေးလေး ရှိနေပြီး ဘယ်လိုပဲဖြစ်ဖြစ် ကလေးလေး ဘေးကင်းစွာ မွေးဖွားလာနိုင်ရန် သူ မျှော်လင့်မိ၏။
ထို့ကြောင့် ချန်မင်က ဘယ်လောက်ပဲ အစားအသောက် စားချင်စိတ်မရှိပါစေ ကလေး၏အာဟာရအတွက် အတင်းအကျပ် ပိုစားပေးခဲ့သည်။
သူ အခြားလုပ်စရာမရှိသဖြင့် ကလေးအင်္ကျီလေးများ၊ ဘောင်းဘီလေးများနှင့် ဖိနပ်လေးများကို အများအပြား ချုပ်လုပ်ထား၏။
ကလေး သုံးနှစ်အရွယ်အထိ ဝတ်ရန် လုံလောက်လုနီးပါး ဖြစ်နေပြီဖြစ်သည်။
ဤနေ့တွင် သူ အင်္ကျီများကို သိမ်းဆည်းပြီး မီးဖိုချောင်သို့ သွား၍ ကူညီရန် ပြင်လိုက်ချိန်တွင် ရုတ်တရက် ခြံတံခါးခေါက်သံ ထွက်ပေါ်လာသဖြင့် ကမန်းကတမ်း သွားဖွင့်လိုက်၏။
ချန်မင်က လုကျန်းထင် လာသည်ဟု ထင်ထားခဲ့သော်လည်း တံခါးဖွင့်လိုက်ချိန်တွင် အပြင်ဘက်ရှိလူကို မြင်သောအခါ ကြောင်အမ်းသွားသည်။
ထိုလူက မျက်နှာတစ်ခုလုံး ဖုန်တွေ ပေနေပြီး ရာသီဥတု ပူအိုက်သဖြင့် မျက်နှာပေါ်တွင် ချွေးများလည်း ရွှဲနစ်နေ၏။
ဆံပင်များပင် ချွေးဖြင့် စိုရွှဲနေပြီး မေးစေ့တွင်လည်း မုတ်ဆိတ်မွေးများ ထွက်နေသဖြင့် ချန်မင်ပင် သူ့ကို မမှတ်မိနိုင်လုနီးပါး ဖြစ်သွားကာ အနည်းငယ်တွေဝေပြီးမှ ခေါ်လိုက်သည်။
“သခင်လေးယွမ်…”
ယွမ်ရဲလည်း သူ့ကို မြင်သောအခါ အနည်းငယ် ကြောင်အမ်းသွား၏။
“ဦးလေး…”
ချန်မင်က မိမိ၏ဗိုက်ကို ငုံ့ကြည့်ကာ အနည်းငယ် နေရခက်သွားပြီး ယွမ်ရဲကို အိမ်ထဲသို့ အမြန်ခေါ်သွင်း၍ လက်ဖက်ရည် သွားငှဲ့ပေးလိုက်သည်။
ယွမ်ရဲက ခရီးအကြာကြီး နှင်လာရသဖြင့် ရေဆာနေပုံရပြီး လက်ဖက်ရည်တစ်ပန်းကန်လုံးကို သောက်လိုက်ပြီးမှသာ ပြောလိုက်၏။
“ဦးလေး ဒါက… ကလေး… ကိုယ်ဝန်ရှိနေတာလား…”
ချန်မင် မျက်နှာ အနည်းငယ်နီရဲသွားပြီး ခေါင်းညိတ်လိုက်ကာ စိုးရိမ်တကြီးဖြင့် မေးလိုက်သည်။
“ဖေးဟွမ်ဆီက သတင်းစကား တစ်ခုခု ပေးလိုက်လို့လား…”
ယွမ်ရဲ ခေါင်းညိတ်လိုက်ပြီး အထုပ်ထဲမှ သေတ္တာတစ်လုံး ထုတ်ယူလိုက်၏။
“ဒီတစ်ခေါက် သူက ကျွန်တော့်ကို အိမ်ပြန်ပြီး စာပို့ခိုင်းရင်း… ဒီဟာကိုပါ ဦးလေးကို ပေးခိုင်းလိုက်တာ…”
ချန်မင်က သေတ္တာကို ကိုင်ထားရင်း ရင်ထဲတွင် အလွန်ပျော်ရွှင်နေပြီး ချက်ချင်း ဖွင့်ကြည့်ချင်၏။
သို့သော် အထဲတွင် ရှက်စရာကောင်းသည့်အရာများ ပါလာမည်ကို စိုးရိမ်သဖြင့် ဖက်ထားရုံသာ ဖက်ထားပြီး စိုးရိမ်တကြီးဖြင့် မေးလိုက်သည်။
“သူ… သူ နေကောင်းရဲ့လား…”
ယွမ်ရဲ ခေါင်းညိတ်လိုက်၏။
“စစ်သူကြီးက အရာအားလုံး အဆင်ပြေပါတယ်… ဦးလေး စိတ်ချပါ…”
သူက ခဏထိုင်ပြီးနောက် မတ်တတ်ရပ်လိုက်သည်။
“ကျွန်တော် စစ်သူကြီးအိမ်တော်ကို ပြန်ရဦးမယ်… နောက်မှ ဦးလေးကို လာကန်တော့ပါ့မယ်… ဦးလေး ကျန်းမာရေး ဂရုစိုက်ပါဦး…”
ချန်မင်က သူ့ကို ထမင်းစားရန် တားသော်လည်း သူက အတင်း ငြင်းဆန်ကာ အပြင်ထွက်၍ မြင်းလှည်းကို မောင်းကာ အရင်ထွက်သွားတော့၏။
ချန်မင်က သူ ခရီးအဝေးကြီးမှ ပြန်လာသော်လည်း မြင်းလှည်းမောင်းလာသည်ကို မြင်သောအခါ ဘာပစ္စည်းများ တင်လာသလဲဟု သံသယ ဝင်မိသည်။
နောက်ဆုံးတွင် ပျော်ရွှင်မှုများက ဖုံးလွှမ်းသွားပြီး အခန်းထဲသို့ ခပ်မြန်မြန် ပြန်ဝင်ကာ ထိုသေတ္တာကို ဖွင့်ကြည့်လိုက်၏။
အထဲတွင် အနီရောင်ကြိုးဖြင့် ချည်နှောင်ထားသောဆံပင်အနည်းငယ်ကို တွေ့လိုက်ရသည်။
ချန်မင်က ဤပစ္စည်းကို သိသည်။ သူနှင့် လုဖေးဟွမ် ချစ်တင်းနှီးနှောပြီးခါစ အချိန်တစ်ခုတွင် လုဖေးဟွမ်က သူ၏ဆံပင်များကို ကစားရင်း သူ၏ဆံပင်နှင့် မိမိ၏ဆံပင်ကို အတူတူ ချည်နှောင်ကာ ဖြတ်ယူလိုက်၏။
ထို့နောက် အနီရောင်ကြိုးဖြင့် ချည်နှောင်၍ သူ့ကို ပြုံးပြကာ ပြောခဲ့သည်။
“မင်လန်… ဒါဆို ကိုယ်တို့က ဆံပင်ချင်း ယှက်နွယ်တဲ့ ဇနီးမောင်နှံတွေ ဖြစ်သွားပြီပေါ့…”
(မှတ်ချက် – တရုတ်ရိုးရာတွင် ဆံပင်ချင်းယှက်နွယ်ခြင်းက တစ်သက်လုံး ပေါင်းဖက်မည့် ဇနီးမောင်နှံဖြစ်ကြောင်း ကတိပြုခြင်းဖြစ်သည်။)
ချန်မင်က သူ နောက်ပြောင်နေသည်ဟုသာ ထင်ကာ ပစ္စည်းကို သိမ်းထားလိုက်ပြီးနောက် ဘယ်နေရာမှာ ထားမိမှန်း မသိတော့ပေ။
ထိုသူက စစ်မြေပြင်အထိ ယူသွားပြီး ယခုလို လူကြုံဖြင့် ပြန်ပို့ပေးလိမ့်မည်ဟု ဘယ်တုန်းကမှ မထင်ထားခဲ့ပေ။
သူက ဆံပင်အထုံးလေးကို ဘေးတွင် ထားလိုက်ရာ သေတ္တာထဲတွင် နောက်ထပ်ပစ္စည်းတစ်ခု ပါလာသေး၏။
၎င်းက သိပ်မကောင်းသောစက္ကူတစ်ရွက်ဖြစ်ကာ ချန်မင် စက္ကူကို ဖြန့်ကြည့်လိုက်ချိန်တွင် အပေါ်ရှိပန်းချီကားကို မြင်လိုက်ရသဖြင့် အနည်းငယ်ကြောင်အမ်းသွားသည်။
ဤကဲ့သို့သောပန်းချီကားမျိုးကို လုဖေးဟွမ် ဆွဲဖူးပြီး ၎င်းက စစ်သူကြီးအိမ်တော်၏စာကြည့်ခန်းထဲတွင် လုဖေးဟွမ်က သူ့ကို ဖက်ကာ အလွန်ကောင်းမွန်သော စက္ကူတစ်ရွက်ပေါ်တွင် စုတ်တံဖြင့် ဆွဲထားခဲ့သောပန်းချီကားတစ်ချပ် ဖြစ်၏။
ထိုအချိန်က ချန်မင်သည် ပန်းချီကားထဲရှိရှုခင်းက သူ၏ဇာတိရွာနှင့် တူသည်ဟု ပြောခဲ့ဖူးသည်။
ယခု ရှေ့ရှိဤပန်းချီကားပေါ်မှ ရှုခင်းက တူရုံသာမဟုတ်တော့ဘဲ သူ၏ဇာတိရွာက အစစ်အမှန်ရှုခင်းများ ဖြစ်နေ၏။
ထိုမြင့်မားသောတောင်တန်းကြီးနှင့် မြစ်ပြင်ကျယ်ကြီးက သူ အိမ်မှ ထွက်ခွာလာသည်မှာ ဆယ်နှစ်နီးပါး ရှိနေပြီဖြစ်သော်လည်း ခွဲခြားသိမြင်နိုင်စေသည်။
လုဖေးဟွမ်က ဘာလို့ ဒီလိုပန်းချီကားမျိုးကို သူ့ဆီ ပို့ပေးရတာလဲ။
ချန်မင် သံသယဝင်လာသည်။ ပန်းချီကား၏ဘယ်ဘက်အောက်ထောင့်တွင် စာကြောင်းတစ်ကြောင်း ပါလာသေး၏ —— တျန်းရှီး ဆယ့်ရှစ်နှစ်၊ သတ္တမလ။
ချန်မင် ပို၍ပင် သံသယဝင်သွားသည်။ ယခုက တျန်းရှီး ဆယ့်ခုနစ်နှစ်ဖြစ်ရာ ဘာကြောင့် သူ၏လက်မှတ်က တျန်းရှီး ဆယ့်ရှစ်နှစ် ဖြစ်နေရသနည်း။
ချန်မင်၏ရင်ထဲတွင် သံသယဝင်နေသော်လည်း ဘယ်နေရာတွင် သွားမေးရမည်ကို မသိပေ။
ညဘက် လုကျန်းထင် လာသောအခါ သူ၏မျက်နှာထားက သိပ်မကောင်းသဖြင့် ချန်မင်က ထိုပန်းချီကား၏အဓိပ္ပာယ်ကို မေးရန် ပြင်လိုက်သော်လည်း အနည်းငယ်တွေဝေပြီးနောက် ဖုံးကွယ်ထားလိုက်၏။
လုကျန်းထင်က သူနှင့်အတူတူ ထမင်းစားပြီးနောက် ပြောလိုက်သည်။
“ဦးလေး… ဒီရက်ပိုင်း ကျွန်တော့်မှာ ကိစ္စလေးရှိလို့… ဆယ်ရက်လောက် လာလို့ရမှာ မဟုတ်ဘူး… ဦးလေး ကိုယ့်ဘာသာ ဂရုစိုက်နော်…”
ချန်မင်က “အင်း” ဟု ပြန်ထူးလိုက်ပြီး ထပ်မေးလိုက်၏။
“ဘာကိစ္စ ရှိလို့လဲ…”
လုကျန်းထင်က ပြန်ဖြေလိုက်သည်။
“စာမေးပွဲကိစ္စပါ… နန်းတော်စာမေးပွဲ ရောက်တော့မှာမို့လို့… အရင် ပြင်ဆင်ရဦးမယ်…”
ချန်မင်က သူ့ကို အားပေးစကားအနည်းငယ် ပြောလိုက်ပြီးနောက် လဝက်ခန့်အကြာအထိ လုကျန်းထင် မလာတော့ပေ။
နေ့တိုင်း လတ်ဆတ်သောအစာအသောက်များကိုသာ လူကြုံဖြင့် ပို့ပေးလေ့ရှိ၏။
ချန်မင် သူ့ကို နောက်တစ်ကြိမ် ပြန်တွေ့ချိန်တွင် သူ၏မျက်နှာတစ်ခုလုံးက ပိန်ကျသွားသည့်ပုံစံ ဖြစ်နေပြီး မျက်လုံးထဲတွင်လည်း အနည်းငယ် ပင်ပန်းနွမ်းနယ်နေသဖြင့် ချန်မင်က စိုးရိမ်တကြီးဖြင့် မေးလိုက်သည်။
“စာဖတ်ရတာ ပင်ပန်းသွားလို့လား… ပင်ပန်းရင် သေချာ အနားယူလေ… ငါ့အတွက် စိတ်ပူပြီး ပြေးမလာနဲ့…”
လုကျန်းထင်က သဘောတူလိုက်သော်လည်း နောက်ပိုင်းတွင် နေ့တိုင်း လာပြီး သူနှင့်အတူ ညစာတစ်နပ် စားပြီးမှသာ ပြန်လေ့ရှိ၏။
ယခုနှစ် ဆောင်းဦးပေါက်တွင် လုကျန်းထင်က နန်းတော်စာမေးပွဲတွင် ပထမဆု ရရှိခဲ့ပြီး ဧကရာဇ်မင်းကိုယ်တိုင်က သူ့ကို ကျွမ်းယွမ် (စာမေးပွဲ ပထမဆုရှင်) အဖြစ် သတ်မှတ်ကာ ဟန်လင်အကယ်ဒမီတွင် မှတ်တမ်းပြုအရာရှိအဖြစ် ခန့်အပ်လိုက်သည်။
ဆောင်းရာသီအစပိုင်းတွင် ချန်မင်က သမီးလေးတစ်ယောက် ဖွားမြင်ခဲ့ပြီး သမားတော်ကြီးလျိုက သူ့အတွက် သားဖွားပေးခဲ့ကာ သားအဖနှစ်ယောက်လုံး ဘေးကင်းကြ၏။
ချန်မင်က အမျိုးသားဖြစ်သဖြင့် ခန္ဓာကိုယ်ဖွဲ့စည်းပုံက အမျိုးသမီးများနှင့် မတူဘဲ သားဖွားပြီးနောက် အနားယူရန် မလိုပေ။
သို့သော် လုကျန်းထင်က သူ့ကို လေမမိစေရန် ကုတင်ပေါ်တွင်သာ နေခိုင်းထားသည်။
ချန်မင်က ဘာမှလုပ်စရာမရှိသဖြင့် အခန်းထဲတွင်သာနေပြီး ဘယ်ကိုမှ မသွားခဲ့ပေ။
သူ၏သမီးလေးက မွေးလာစတွင် ခန္ဓာကိုယ်က သေးငယ်ပိန်ပါးပြီး မျက်နှာပေါ်ရှိအသားအရေများကလည်း တွန့်လိမ်နေ၏။
ကျောက်ကျင်းရှီးက အစပိုင်းတွင် မြင်သောအခါ လန့်ပြီး မချီရဲပေ။ သူက ဤမျှလှပသောဦးလေးက မျောက်လေးတစ်ကောင်လိုအရာမျိုးကို ဘယ်လိုများ မွေးထုတ်လိုက်တာလဲဟု တွေးနေမိသည်။
တစ်လခန့်အကြာတွင် ကလေးငယ်၏မျက်နှာသွင်ပြင်များ ဖြည်းဖြည်းချင်း ပွင့်လာကာ မျက်ခုံးနှင့် မျက်လုံးများ ကြည့်ကောင်းလာမှသာ နေ့တိုင်း ချီထားပြီး အောက်မချတော့၏။
ကျောက်ကျင်းရှီးက လုကျန်းထင်ထက်ပင် ပို၍ မကြာခဏ လာရောက်လေ့ရှိသည်။
ချန်မင်က သူ ကလေးလေးကို ချီကာ ကစားနေသည်ကို ကြည့်ပြီး ခပ်ဖွဖွလေး ရယ်မောလိုက်၏။
“မင်း သိုင်းပညာ လေ့ကျင့်စရာ မလိုဘူးလား… နေ့တိုင်း ဒီလောက်တောင် အားနေရတာလား…”
ကျောက်ကျင်းရှီးက ထိုစကားကို ကြားသောအခါ မျက်မှောင်ကြုတ်သွားသည်။
“ဘယ်သူက မလေ့ကျင့်ရဘူးလို့ ပြောလဲ… ကျွန်တော့်အဖေက နေ့တိုင်း သိုင်းလေ့ကျင့်ဖို့ အတင်း ခိုင်းနေတာ… ပြီးတော့ ကျွန်တော့်ကို စစ်တပ်ထဲ သွားပြီး လေ့ကျင့်ရေး ဆင်းခိုင်းဦးမလို့တဲ့… ကျွန်တော်မှ မသွားချင်တာ… ကျွန်တော်က ညီလေးလိုပဲ စာမေးပွဲဖြေပြီး အရာရှိ လုပ်မှာ…”
ချန်မင်က သူ၏ကလေးဆန်သောပုံစံကို ကြည့်ပြီး အနည်းငယ်ပြုံးလိုက်သော်လည်း ခဏအကြာတွင် တစ်ခုခုကို သတိထားမိသွားသကဲ့သို့ မျက်နှာထား တောင့်တင်းသွား၏။
သူ့တစ်ကိုယ်လုံး တုန်ယင်သွားပြီး အသံများပင် တုန်ယင်လာသည်။
“ရှောင်ရှီး… မင်းအဖေက… မင်းအဖေက စစ်သူကြီးအိမ်တော်မှာလား…”
ကျောက်ကျင်းရှီးက ခဏတာ သတိမထားမိလိုက်ဘဲ ခေါင်းညိတ်လိုက်၏။
“ဟုတ်တယ်လေ…”
ချန်မင်၏မျက်နှာက ချက်ချင်း ဖြူရော်သွားသည်။ သွေးရောင် တစ်စက်မျှပင် မရှိတော့ဘဲ နှုတ်ခမ်းများပင် တုန်ယင်နေကာ အတော်ကြာမှသာ ပြောလိုက်သည်။
“မင်းအဖေက ပြန်ရောက်နေပြီဆိုတော့… အဲဒါဆို… အဲဒါဆို ဖေးဟွမ်ကရော…”
“သူက ဘာလို့ ပြန်မလာသေးတာလဲ…”
Chapter 35 ended