ဦးလေးဖြစ်သူအား လုယူသိမ်းပိုက်ခြင်း:
Chapter 36
ဦးလေးကို လုယူမည့်အခွင့်အရေး
*
လုကျန်းထင်သည် ဟန်လင်အကယ်ဒမီမှ ထွက်လာပြီးခါစအချိန်တွင် ကျောက်ကျင်းရှီးလွှတ်လိုက်သောလူထံမှ သတင်းရရှိခဲ့၏။
ချန်မင် သတိလစ်မေ့မြောသွားကြောင်း ကြားလိုက်ရသဖြင့် သူက မြင်းလှည်းကိုပင် မစီးတော့ပေ။
သတင်းလာပို့သောသူ၏မြင်းကို တောင်းစီးကာ ချန်မင်နေထိုင်သည့်အိမ်သို့ တစ်ဟုန်ထိုး ဒုန်းစိုင်းနှင်လာခဲ့တော့သည်။
ခြံဝင်းထဲသို့ ဝင်လိုက်သည်နှင့် ကလေးငိုသံကို ကြားလိုက်ရသဖြင့် ကမန်းကတမ်း ပြေးဝင်သွားလိုက်၏။
ဦးလေးက ကုတင်ပေါ်တွင် လဲလျောင်းနေပြီး မျက်နှာက နှင်းကဲ့သို့ ဖြူရော်နေကာ သမားတော်ကြီးလျိုက သူ့ကို အပ်စိုက်ကုသပေးနေသည်။
ကျောက်ကျင်းရှီးက ကလေးငယ်ကို ချီကာ ဘာလုပ်ရမှန်းမသိဖြစ်နေပြီး သူ့ကို မြင်သောအခါမှ အနည်းငယ်စိတ်အေးသွားသည့်ပုံစံ ဖြစ်သွား၏။
လုကျန်းထင်က အသက်ပြင်းပြင်း ရှူလိုက်ပြီးနောက် မေးလိုက်သည်။
“တကယ်ပဲ ဘာတွေဖြစ်တာလဲ…”
ကျောက်ကျင်းရှီး၏မျက်ဝန်းများက နီရဲနေပြီး မျက်လုံးထဲတွင် ပြင်းထန်သောအပြစ်ရှိစိတ်များ ပါဝင်နေ၏။
“ငါ… ငါ သတိလက်လွတ်နဲ့ ပြောမိသွားတာ… ငါ့အဖေ ပြန်ရောက်နေပြီလို့ ပြောလိုက်မိတော့… ဦးလေးက စစ်သူကြီးက ဘာလို့ ပြန်မလာတာလဲလို့ မေးတယ်… သူ မေးတာ အရမ်းလောလောဆော်ဆော်ဖြစ်နေတော့…ငါလည်း မထိန်းနိုင်ဘဲ ပြောလိုက်မိတာ…”
လုကျန်းထင်က သူ၏စကားကို ကြားလိုက်ရချိန်တွင် ရင်ထဲတွင် အောင့်တက်သွား၏။
ဦးနှောက်မရှိသောဤအစ်ကိုကို တစ်ချက်လောက် အားပါပါ ရိုက်ချင်စိတ်များ ပေါက်သွားတော့သည်။
သူက ဒေါသထွက်လွန်း၍ သွေးအန်မတတ်ဖြစ်သွားပြီး ကျောက်ကျင်းရှီးကို စူးစိုက်ကြည့်လိုက်၏။
ကျောက်ကျင်းရှီးက “ဝါး” ခနဲ အော်ငိုလိုက်ပြီး မြေကြီးပေါ်တွင် ဆောင့်ကြောင့်ထိုင်ချလိုက်သည်။
“ညီလေး… ငါ မှားမှန်း သိပါပြီ… ယွမ်ယွမ်လည်း အရမ်း ငိုနေတယ်… သူ့ကို ချော့လိုက်ပါဦး…”
လုကျန်းထင်က သူ၏ရင်ခွင်ထဲမှ သနားစရာကောင်းလောက်အောင် ငိုယိုနေသောကလေးလေးကို ပွေ့ချီလိုက်၏။
ထို့နောက် သမားတော်ကြီးလျိုကို စိုးရိမ်တကြီး မေးလိုက်သည်။
“သမားတော်ကြီးလျို… ကျွန်တော့်ဦးလေး ဘယ်လိုနေလဲ…”
“ဘာမှ မဖြစ်ပါဘူး… ဒေါသထွက်ပြီး ရင်ထဲ အောင့်သွားတာပါ… ခဏနေရင် သတိရလာလိမ့်မယ်… မင်းတို့ ပြတင်းပေါက်ကို ဖွင့်လိုက်… အခန်းထဲမှာ လေဝင်လေထွက်ကောင်းအောင် လုပ်ပေးထား…”
လုကျန်းထင်က သမားတော်ကြီးလျို၏တည်ငြိမ်နေသောပုံစံကို မြင်မှသာ အနည်းငယ်စိတ်အေးသွား၏။
ကျောက်ကျင်းရှီးက ကမန်းကတမ်းသွား၍ ပြတင်းပေါက်များကို ဖွင့်လိုက်ရာ ပြတင်းပေါက် ဖွင့်ပြီးသည်နှင့် ချန်မင်၏မျက်လုံးများ ဖွင့်လာသည်။
သူက သမီးဖြစ်သူ ငိုနေသည်ကို ကြားလိုက်ရသဖြင့် ကမန်းကတမ်း ထိုင်လိုက်ကာ လုကျန်းထင်ကို ပြောလိုက်၏။
“ယွမ်ယွမ်ကို ငါ့ဆီ ပေး… သူ ဗိုက်ဆာနေပြီ…”
လုကျန်းထင်က သူ၏မျက်နှာထားကို ကြည့်ကာ ရင်ထဲတွင် အလွန်ဝမ်းနည်းသွားသည်။
“ဦးလေး…”
ချန်မင်၏မျက်လုံးထဲတွင် မှောင်မိုက်နေသောမီးခိုးရောင်များ ပြည့်နှက်နေပြီး မျက်နှာထားက အလွန်တည်ငြိမ်နေ၏။
သို့သော် အလွန်အမင်း တည်ငြိမ်လွန်းနေသဖြင့် ကြည့်ရသည်မှာ ရင်နာစရာ ကောင်းလှသည်။
လုကျန်းထင် အနည်းငယ်တွေဝေနေစဉ် သမားတော်ကြီးလျိုက ပြောလိုက်၏။
“ကလေးကို သူ့ဆီ ပေးလိုက်ပါ… ငါတို့ အပြင်ထွက်ကြမယ်…”
အမျိုးသားသုံးယောက်လုံး အပြင်သို့ ထွက်သွားကြပြီး တံခါးကိုပါ ပိတ်ပေးခဲ့ကြ၏။
လုကျန်းထင်က အပြင်ရောက်သည်နှင့် မျက်နှာထားက စိုးရိမ်တကြီး ဖြစ်လာသည်။
“သမားတော်ကြီးလျို… ကျွန်တော့်ဦးလေး ဒီလိုဖြစ်နေတာ… ဘယ်လို လုပ်ရမလဲ…”
သမားတော်ကြီးလျိုက ဖြေလိုက်၏။
“ဒါက စိတ်ခံစားမှု အရမ်းပြင်းထန်သွားတဲ့အချိန်မှာ ဖြစ်ပေါ်လာတဲ့ တုံ့ပြန်မှုပါ… တကယ်လို့ သူ ပေါက်ကွဲထွက်လာရင် တော်သေးတယ်… အခုလို ဘာမှ ထုတ်မပြဘဲ… အရာအားလုံးကို ရင်ထဲမှာ မြုံထားမှာကိုပဲ စိုးရိမ်ရတာ… အဲဒီလိုဆိုရင် တစ်နေ့နေ့ ပေါက်ကွဲထွက်လာတဲ့ အချိန်ကျရင် ဆေးနဲ့ကုလို့ မရတော့ဘူး… သမားတော်က ရောဂါကိုပဲ ကုလို့ရတာ… စိတ်ကို ကုဖို့က ခက်တယ်… တတိယသခင်လေး… မင်း သူ့ကို များများ အားပေးစကား ပြောပေးလိုက်ပါ…”
သူက သက်ပြင်းချလိုက်သည်။
“စစ်သူကြီးလုလို ယောက်ျားကောင်းတစ်ယောက်… ဒီလို ငယ်ငယ်ရွယ်ရွယ်နဲ့ ဒီလို ဘေးအန္တရာယ်မျိုး ကြုံတွေ့ရတာ… တကယ်ကို နှမြောစရာ ကောင်းလှပါတယ်…”
သူက သက်ပြင်း ဆက်တိုက်ချလိုက်သည်။ ချန်မင်က နို့တိုက်နေဆဲဖြစ်သဖြင့် ဆေးပေးရန် မလွယ်ကူသောကြောင့် ဆေးစာ လုံးဝ မရေးပေးခဲ့ပေ။
သမားတော်ကြီးလျို ပြန်သွားပြီးနောက် ကျောက်ကျင်းရှီးက အပြစ်ရှိစိတ်ဖြင့် ခေါင်းငုံ့ထား၏။
“ညီလေး… အကုန်လုံး ငါ့အပြစ်တွေပါ… ငါ စကား မမှားလိုက်သင့်ဘူး… မဟုတ်ရင် ဦးလေး သိသွားမှာ မဟုတ်ဘူး…”
လုကျန်းထင်၏ဒေါသများက ပြေသွားပြီဖြစ်သဖြင့် ရင်ထဲတွင် တည်ငြိမ်နေပြီဖြစ်သည်။
“ထားလိုက်ပါတော့… သူ သိသွားတာလည်း ကောင်းပါတယ်… တစ်နေ့နေ့ကျရင် သူ သိလာရမှာပဲလေ… သူ့ကို မီးဖွားတဲ့ အချိန်အထိ ဖုံးကွယ်ထားနိုင်တာကိုက မလွယ်ဘူး… မင်း အရင် ပြန်တော့…”
လုကျန်းထင်က အတော်ကြာအောင် စောင့်ပြီးမှသာ တံခါးခေါက်လိုက်ရာ ချန်မင်က သူ့ကို ဝင်ခွင့်ပြုသဖြင့် သူက တံခါးဖွင့်၍ ဝင်သွားလိုက်၏။
ကလေးငယ်လေးက သူ၏ရင်ခွင်ထဲတွင် ရှိနေဆဲဖြစ်ပြီး နို့ဝသွားပြီဖြစ်သဖြင့် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေပြီဖြစ်၏။
ချန်မင်၏မျက်နှာက ဖြူရော်နေဆဲဖြစ်ပြီး နှုတ်ခမ်းပေါ်တွင်ပင် သွေးရောင်မရှိတော့သဖြင့် လုကျန်းထင်က ကြည့်ပြီး အလွန်သနားသွားသည်။
သူ ဖြည်းဖြည်းချင်း လျှောက်သွားပြီး “ဦးလေး” ဟု တိုးတိုးလေး ခေါ်လိုက်၏။
ချန်မင် သတိပြန်ဝင်လာပြီး ရှေ့ရှိအရပ်မြင့်မားသောအမျိုးသားကို ငေးကြောင်စွာ ကြည့်ရင်း လုဖေးဟွမ်နှင့် တူသည်ဟု ထင်မှတ်သွားသည်။
နှလုံးသားထဲတွင် တစ်စက္ကန့်အတွင်း ဝမ်းသာမှုများ စုပုံလာသော်လည်း လာသူကို သေချာ မြင်လိုက်ရချိန်တွင် သူ၏ထူထဲသောမျက်တောင်များက အချက်အနည်းငယ် တုန်ခါသွား၏။
မျက်လုံးထဲရှိဝမ်းသာမှုများ အကုန်အစင် ကွဲကြေသွားကာ ပြင်းထန်သော မျှော်လင့်ချက်ကင်းမဲ့မှုများ ပြန်လည်နေရာယူသွားတော့သည်။
လုကျန်းထင်က နှုတ်ခမ်းကို တင်းတင်းစေ့ကာ လက်နှစ်ဖက်ကို တင်းကျပ်စွာ ဆုပ်ကိုင်ထားပြီး အတော်ကြာမှသာ ခေါ်လိုက်၏။
“ဦးလေး…”
ချန်မင်က သူ့ကို မကြည့်ပေ။ သူ့အသံက လည်ချောင်းထဲမှ အတင်း ညှစ်ထုတ်ထားရသည့်အလား အက်ကွဲပြီး ခြောက်ကပ်လို့နေသည်။
“ဘယ်အချိန်တုန်းက ဖြစ်တာလဲ…”
လုကျန်းထင်က ဖုံးကွယ်မထားတော့ပေ။
“သတ္တမလတုန်းက… ယွမ်ရဲ ပြန်လာပြီး သတင်းပို့တာ… အဖေ… ပြီးတော့ ဒုတိယအစ်ကို လုကျန်းခန်းပါ… စစ်မြေပြင်မှာ ကျဆုံးသွားပြီတဲ့…”
သူက စကားလုံးတစ်လုံးချင်းစီကို အလွန်နှေးကွေးစွာ ပြောနေ၏။
ဤဖခင်နှင့် အမြဲတမ်းပြိုင်ဆိုင်ခဲ့သော ဒုတိယအစ်ကိုအပေါ် သံယောဇဉ်မရှိဘူးဟု ထင်ထားခဲ့သော်လည်း ပါးစပ်မှ ထုတ်ပြောရချိန်တွင်မူ ရင်ထဲတွင် နာကျင်နေသည်။
စကားပြောရသည်မှာလည်း အလွန်ခက်ခဲနေကြောင်း သိလိုက်ရ၏။
ချန်မင်၏မျက်လုံးထဲမှ မျက်ရည်များ ဖြည်းဖြည်းချင်း ထွက်ကျလာပြီး ပါးပြင်ပေါ်သို့ တစ်ပေါက်ချင်းစီ ကျဆင်းလာသည်။
“သခင်လေးယွမ်… သူ ငါ့ကို မပြောခဲ့ဘူး… သူက ဖေးဟွမ် နေကောင်းတယ်လို့ ပြောခဲ့တာ… ပြီးတော့ ဖေးဟွမ်ရဲ့ ပစ္စည်းတွေတောင် လာပေးသွားသေးတယ်…”
သူက မျက်လုံးများကို မှိတ်လိုက်ပြီး အသံထဲတွင် ဖော်ပြ၍မရနိုင်လောက်အောင် ဝမ်းနည်းမှုများ ပြည့်နှက်နေ၏။
“အဲဒါက… သူ… သူ့ရဲ့… သေတမ်းစာတွေ ဖြစ်နေတာကိုး…”
ဤသတင်းက ချန်မင်ကို အပြည့်အဝ ရိုက်ချိုးပစ်လုနီးပါး ဖြစ်သွားစေ၏။
လုကျန်းထင်က တစ်ခဏမျှပင် သူ့အနားမှ မခွာရဲတော့ဘဲ ဟန်လင်အကယ်ဒမီဘက်တွင်လည်း ခွင့်ရှည်ယူထားလိုက်သည်။
ဤခြံဝင်းထဲတွင်သာ နေထိုင်ပြီး ချန်မင်၏အခန်းထဲတွင် လှုပ်ရှားမှု အနည်းငယ်ရှိသည်နှင့် ချက်ချင်း ပေါ်လာလေ့ရှိ၏။
ခြံဝင်းထဲတွင် လူအတော်များများ ရှိနေသော်လည်း ကလေးငိုသံမှလွဲ၍ အခြားအသံများအားလုံးက အလွန်တိုးညှင်းနေသည်။
ထမင်းချက်အန်တီကြီးနှင့် အစ်ကိုယိုတို့ကလည်း သခင်များ ဒုက္ခရောက်နေမှန်း သိသဖြင့် အလုပ်လုပ်ရာတွင် အလွန်သတိထားနေကြ၏။
လုကျန်းထင်က မူလက ဦးလေးမွေးပေးသောဖခင်၏ကလေးကို သိပ်မနှစ်သက်သော်လည်း ယခုအချိန်တွင်တော့ ဤကလေးလေးရှိနေသည်ကို ကံကောင်းသည်ဟု ထင်မိသွားသည်။
မဟုတ်လျှင် ဦးလေးက ဘယ်လိုတွေ ဆက်ဖြစ်သွားမလဲဆိုတာကို သူ မသိနိုင်ပေ။
ကလေးလေး ရှိနေသဖြင့် ချန်မင်၏စိတ်အခြေအနေက အနည်းငယ်သက်သာသွားပြီး လုဖေးဟွမ်၏ကိစ္စကိုလည်း ထိုတစ်ကြိမ်သာ မေးခဲ့၏။
နောက်ပိုင်းတွင် လုံးဝ မမေးတော့သလို လုဖေးဟွမ်၏ဈာပနကိစ္စနှင့် ဘယ်နေရာတွင် မြှုပ်နှံထားသလဲဆိုသည်ကိုပါ လုံးဝ မမေးတော့ပေ။
မမေးလျှင် လုဖေးဟွမ် သေဆုံးသွားပြီဆိုသည့်ကိစ္စက မရှိတော့သည့်အတိုင်းပင် ဖြစ်၏။
လုကျန်းထင်က ဘယ်လိုပဲဖြစ်ဖြစ် အရာရှိတစ်ယောက်ဖြစ်နေပြီဖြစ်ရာ နှစ်ကုန်ပိုင်းသို့ ရောက်သောအခါ ဟန်လင်အကယ်ဒမီသို့ သွား၍ ရက်အနည်းငယ် အလုပ်လုပ်ပေးရသည်။
သူ ပြန်လာချိန်တွင် ထမင်းချက်အန်တီကြီးက စိုးရိမ်တကြီးဖြင့် ဆီးကြိုလာ၏။
“တတိယသခင်လေး… ဦးလေးက ဒီရက်ပိုင်း အစားတွေ ပိုစားမဝင် ဖြစ်လာတယ်… လူလည်း တော်တော် ပိန်သွားပြီ… သခင်လေး နည်းနည်းလောက် ဖြောင်းဖြပေးပါဦး…”
လုကျန်းထင်သည် အသက်ရှူသံများ တင်းကျပ်သွားပြီး နှုတ်ခမ်းကို တင်းတင်းစေ့ကာ ခေါင်းညိတ်လိုက်သည်။
ထမင်းချက်အန်တီကြီးက ကြက်ပေါင်းရည်တစ်ပန်းကန် ယူလာပေးရာ လုကျန်းထင်က ယူလိုက်၏။ ချန်မင်၏အခန်းရှေ့သို့ သွားကာ တံခါးကို ခပ်ဖွဖွလေး ခေါက်လိုက်သည်။
ဝင်ခွင့်ရပြီးမှသာ လုကျန်းထင်က တံခါးဖွင့်၍ ဝင်သွားလိုက်၏။
အခန်းထဲတွင် မီးသွေးဖို မီးမွှေးထားသဖြင့် ရာသီဥတုက မအေးတော့ဘဲ ယွမ်ယွမ်က ကုတင်ပေါ်တွင် အိပ်ပျော်နေပြီဖြစ်သည်။
ချန်မင်က စားပွဲဘေးတွင် ထိုင်လျက် အင်္ကျီချုပ်နေ၏။
လုကျန်းထင်က လျှောက်သွားပြီး ကြက်ပေါင်းရည်ကို ဦးလေး၏ရှေ့တွင် ချပေးကာ နူးညံ့စွာ ပြောလိုက်သည်။
“ဦးလေး… ထမင်းချက်အန်တီကြီး ချက်ထားတဲ့ ဟင်းရည်လေးတစ်ပန်းကန်လောက် သောက်လိုက်ပါဦး…”
ချန်မင်က တိုက်ရိုက်မငြင်းဆန်ဘဲ ပြောလိုက်၏။
“မင်း အရင် ချထားလိုက်လေ…”
လုကျန်းထင်က အဲဒီအတိုင်း ချထားလိုက်ရင် ဟင်းရည်အေးသွားတဲ့အထိ ဦးလေးသောက်မှာမဟုတ်ဘူးဆိုတာကို သိထား၏။
ထို့ကြောင့် သူက ဘေးတွင် ထိုင်လိုက်ပြီး ဇွန်းကို ယူကာ ဟင်းရည်အနည်းငယ် ခပ်၍ အေးသွားအောင် မှုတ်ပြီး ဦးလေး၏ပါးစပ်နားသို့ တေ့ပေးလိုက်သည်။
“ဦးလေး… ကျွန်တော် တိုက်မယ်…”
ချန်မင်က သူ၏ဇွန်းကို ရှောင်လွှဲလိုက်ပြီး လက်ထဲရှိအရာများကို ချထားကာ ပန်းကန်ကို လှမ်းယူလိုက်၏။
“ငါ့ဘာသာ သောက်မယ်…”
သူ၏အမူအရာက အဆိုးမြင်နေသည့်ပုံစံမျိုး မဟုတ်ဘဲ သောက်သည်ကလည်း အလွန်နှေးကွေးနေပြီး ဟင်းရည်များကို ဖြည်းဖြည်းချင်း မျိုချနေသည်။
ကြည့်ရသည်မှာ သောက်နေသည့်ပုံစံပေါက်သော်လည်း တကယ်တမ်း ဗိုက်ထဲသို့ ရောက်သွားသည့်အရည်က အစက်အနည်းငယ်သာ ရှိမည်ဖြစ်၏။
လုကျန်းထင်က သူ့ကို အတော်ကြာအောင် စူးစိုက်ကြည့်နေပြီးမှ ပြောလိုက်သည်။
“ဦးလေး… ယွမ်ယွမ်က ငယ်သေးတယ်… နို့ထိန်းလည်း မရှိဘူး… တကယ်လို့ ဦးလေးက ထမင်းများများ မစားဘဲ… ခန္ဓာကိုယ်ကို သေချာ မပြုစုရင်… သူ့ကို တိုက်ဖို့ နို့ရည် ဘယ်လိုလုပ် ရှိမှာလဲ…”
သူ၏အသက်က ငယ်ရွယ်သေးသဖြင့် “နို့ရည်” ဟူသောစကားလုံးနှစ်လုံးကို ပြောလိုက်ချိန်တွင် မျက်နှာများ အနည်းငယ်နီရဲသွား၏။
ချန်မင်၏လှုပ်ရှားမှုများ ရပ်တန့်သွားပြီး အသံက ရှိုက်သံများ ပါဝင်လာသည်။
“ငါ သိပါတယ်…”
သူက ခေါင်းငုံ့ထားသော်လည်း မျက်ရည်များက ထိုကြက်ပေါင်းရည်ပန်းကန်ထဲသို့ ကျဆင်းသွားကာ လှိုင်းဂယက်လေးများ ထသွားသည်ကို လုကျန်းထင်က ရှင်းလင်းစွာ မြင်တွေ့နေရသည်။
“ဒါပေမယ့် ငါ စားလို့မှ မဝင်တာ…”
ချန်မင်က အခြားလူများရှေ့တွင် ငိုလေ့သိပ်မရှိပေ။ ကလေးဘဝက မိဘများရှေ့တွင် ငိုခဲ့သည်မှလွဲ၍ နောက်ပိုင်းတွင် မျက်ရည်အများစုကို လုဖေးဟွမ်အတွက်သာ ပေးခဲ့၏။
ယခုအချိန်အထိ မျက်ရည်များအားလုံးက လုဖေးဟွမ်အတွက်သာ ကျဆင်းနေခြင်းဖြစ်သည်။
လုကျန်းထင်က သူ၏ဤပုံစံကို ကြည့်ရင်း ရင်ထဲတွင် ရုတ်တရက် လှိုင်းထန်လာ၏။
စကားလုံးအချို့က လည်ချောင်းဝသို့ ရောက်လာပြီး လည်ချောင်းနှင့် လျှာကို ဖိအားပေးလာကာ ဘာကိုမှ ဂရုမစိုက်ဘဲ ပြောချင်စိတ်များ ဖြစ်ပေါ်လာတော့သည်။
“အဖေက တကယ်ပဲ မရှိတော့ဘူး… ဦးလေး… ခင်ဗျား ဘယ်လောက်ပဲ ဝမ်းနည်းနေပါစေ… အလကားပဲ…”
ချန်မင်၏လက်များ တုန်ယင်သွားပြီး လက်ထဲရှိပန်းကန်ကိုပင် သေချာမကိုင်နိုင်တော့ပေ။
ထို့ကြောင့် လုကျန်းထင်က လှမ်းယူလိုက်ပြီး စားပွဲပေါ်တွင် တင်ပေးလိုက်ရာ သူ၏လက်ထဲတွင် ကြွေဇွန်းလေးတစ်ချောင်းသာ ကျန်ရစ်တော့၏။
လုကျန်းထင်က ရုတ်တရက် သူ၏မေးစေ့ကို ကိုင်၍ သူ့ကို စူးစိုက်ကြည့်လိုက်ရာ အကြည့်များက ပူလောင်လို့ နေသည်။
“ခင်ဗျားက အမြဲတမ်း နာကျင်မှုတွေထဲမှာပဲ နစ်မြုပ်နေတော့မလို့လား…”
ချန်မင်က အခြားလူများ သူ၏ခန္ဓာကိုယ်ကို ထိတွေ့သည်ကို ကျင့်သားမရပေ။ မိမိ၏တူအရင်းဖြစ်နေလျှင်တောင် ချွင်းချက်မရှိပေ။
ထို့အပြင် ရှေ့ရှိအမျိုးသား၏အကြည့်များက အလွန်ကျူးကျော်လိုသည့်ပုံစံ ပေါက်နေ၏။
ထို့ကြောင့် သူက ဝမ်းနည်းမှုကြောင့် တုံ့ပြန်မှု နှေးကွေးနေလျှင်တောင် ခံစားမိနိုင်စွမ်း ရှိသည်။
ချန်မင်က အနည်းငယ်ရုန်းကန်လိုက်ရာ လုကျန်းထင်က မိမိစည်းကျော်သွားပြီမှန်း သတိထားမိလိုက်၏။
သူ လက်ကို တွေဝေစွာ လွှတ်ပေးလိုက်ရာ ချန်မင်က အနောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်သွားသည်။
ကုတင်ဘေးသို့ ရောက်သောအခါ ကျောခိုင်းလိုက်ပြီး အသံက အလွန်တိုးဝင်နေ၏။
“ထင်အာ… မင်း အရင် ပြန်တော့…”
သူ အနည်းငယ်ရပ်တန့်သွားပြီး ထပ်ပြောလိုက်သည်။
“မင်း အလုပ်များနေရင်… နောက်ဆို ဒီကို သိပ်မလာတာ ကောင်းမယ်…”
သွယ်ဝိုက်သောနည်းဖြင့် နှင်ထုတ်လိုက်သည့်အပြုအမူကြောင့် လုကျန်းထင် တစ်ကိုယ်လုံး တောင့်တင်းသွား၏။
သူက ဦးလေး၏ပိန်ပါးသောကျောပြင်ကို စူးစိုက်ကြည့်ကာ ဘာကိုမှ ဂရုမစိုက်ဘဲ ပြေးဖက်ပစ်ချင်စိတ်များ ပေါက်နေသည်။
သူ့ကို ရင်ခွင်ထဲသွင်းကာ သူ၏နှလုံးသား၊ သူ၏ခန္ဓာကိုယ်အားလုံးကို လုယူပစ်ချင်နေ၏။
သူ၏မျက်လုံးထဲတွင် မိမိတစ်ယောက်တည်းသာ ရှိကာ ရင်ထဲတွင် မိမိတစ်ယောက်တည်းသာ ရှိနေစေချင်တော့သည်။
ဘယ်လို ပေးဆပ်မှုမျိုးကို လုပ်ရပါစေ ဂရုမစိုက်တော့ပေ။
ချန်မင်လည်း သူ၏စိတ်ကူးကို သိနေသည်။ တူဖြစ်သူ၏အကြည့်များက ပွင့်လင်းမြင်သာလွန်းနေသည်မှာ ဒုတိယအကြိမ်ရှိနေပြီဖြစ်၏။
ပထမအကြိမ်တွင် သူ အမြင်မှားသည်ဟု ထင်ခဲ့သော်လည်း အနည်းငယ် သတိထားနေခဲ့သည်။
ဒုတိယအကြိမ်သို့ ရောက်သောအခါ သူ လျှောက်တွေးနေခြင်းမဟုတ်မှန်း သိလိုက်ရပြီဖြစ်၏။
ဘာကြောင့် ဒီလိုဖြစ်သွားရသလဲဆိုတာကိုတော့ သူ မသိနိုင်သလို ယခုအချိန်တွင် တစ်ဖက်လူကို ဖြောင်းဖြရန်လည်း စိတ်မပါတော့ပေ။
ဒါက မှားယွင်းနေတယ်လို့ ပြောပြရန်လည်း စိတ်မပါတော့ဘဲ သူက အချိန်ကိုသာ ကုန်လွန်စေချင်သည်။
သူ မျှော်လင့်ထားသည့်ထိုနေ့ရက် ရောက်လာမည့်အချိန်ကိုသာ စောင့်နေ၏။
တကယ်လို့ သူ နားလည်ထားသည်က မှားယွင်းနေသည်ဆိုပါက… သူ ဤကမ္ဘာပေါ်တွင် ဆက်လက်ရှင်သန်နေရန် အကြောင်းပြချက် မရှိတော့ပေ။
ဤအကြောင်းကို တွေးမိသည်နှင့် သူက ဆုံးဖြတ်ချက်ချလိုက်ပြီး လူက တဖြည်းဖြည်း တည်ငြိမ်လာ၏။
အစားအသောက်များကို ကြိုးစား၍ စားပြီး သမီးလေးကို ပြုစုပျိုးထောင်ရင်း အခန်းထဲမှ ထွက်ကာ ထမင်းချက်အန်တီကြီး သို့မဟုတ် အစ်ကိုယိုတို့နှင့် စကားအနည်းငယ် ပြောလေ့ရှိသည်။
ခြံဝင်းထဲရှိကိစ္စများကို လုကျန်းထင်က လာရောက်မကြည့်ရှုသော်လည်း ဘာတွေဖြစ်ပျက်နေသလဲဆိုတာကို အကုန်သိနေ၏။
သူက ဦးလေးက မိမိ၏စိတ်ကူးကို သိသွားပြီမှန်း သိသလို မိမိက ဦးလေးအရင်းအပေါ် ထိုကဲ့သို့သောစိတ်ကူးမျိုး ရှိနေခြင်းက မှားယွင်းနေမှန်းလည်း သိသော်လည်း ဘယ်လိုမှ မထိန်းချုပ်နိုင်ခဲ့ပေ။
ဘာလို့ သူ မဖြစ်ရမှာလဲ?
လုကျန်းထင်သည် ဘာကြောင့်များ ဤမျှနောက်ကျမှ မွေးဖွားလာရသလဲဟု တွေးကာ အမြဲတမ်း နောင်တရနေမိ၏။
တကယ်လို့ သူသာ အသက်ပိုကြီးပြီး ချန်မင်နှင့် အရင်တွေ့ဆုံခဲ့မည်ဆိုပါက သူ့ကို သေချာပေါက် ကောင်းကောင်းမွန်မွန် ပြုစုစောင့်ရှောက်မည်ဖြစ်သည်။
သူ့အပေါ် အနည်းငယ်မျှ မရိုမသေလုပ်မည်မဟုတ်ဘဲ အရာအားလုံးကို ပေးဆပ်ပြီး သူ့ကို ဘေးကင်းအောင် ကာကွယ်ပေးမည်ဖြစ်၏။
သို့သော် လက်တွေ့မှာတော့… သူက ထိုမီးလောင်မှုဖြစ်ပွားစဉ်က တစ်စက္ကန့်ခန့် တုံ့ဆိုင်းသွားခဲ့သည်။
ဖခင်ကတော့ အနည်းငယ်မျှ မတုံ့ဆိုင်းဘဲ မီးတောက်များထဲသို့ ပြေးဝင်ကာ ဦးလေးကို ကယ်တင်ခဲ့၏။
၎င်းက သူ၏ရင်ထဲတွင် ထာဝရ စူးဝင်နေသောဆူးတစ်ချောင်းဖြစ်ပြီး ဖခင်သာ သက်ရှိထင်ရှားရှိနေမည်ဆိုလျှင် သူက ဦးလေးနှင့် လုံးဝထိုက်တန်မည် မဟုတ်ပေ။
သိုသော် ယခု ဖခင်က မရှိတော့ပြီဆိုမှတော့… သူ့မှာ ဒီလိုအခွင့်အရေးတစ်ခု ရနိုင်မယ်မလား။
Chapter 36 ended