Chapter 15
အစ်ကိုဖြစ်သူ ရောက်လာခြင်း
====
ကျန်ရှင်းပန်းသည် ခန်းနင်းမင်းသမီးကြီး၏ စကားကို ကြားပြီးနောက်၊ မူလက မျိုးပွားအင်္ဂါ သင်းကွပ်ခံလိုက်ရသဖြင့် အော်ဟစ်နေခဲ့ရာမှ ယခုအခါ လည်ပင်းအညှစ်ခံလိုက်ရသော ကြက်တစ်ကောင်ကဲ့သို့ ဖြစ်သွားပြီး ဘာအသံမှ ထပ်မထွက်လာတော့ချေ။
ခန်းနင်းမင်းသမီးကြီးက တရားလွှတ်တော်ချုပ် အကျဉ်းထောင်မှ ထွက်လာပြီး ရထားလုံးပေါ်သို့ တက်လိုက်သည်နှင့် တစ်ပြိုင်နက် သူမ၏ မာကျောသော အပြင်ပန်းသဏ္ဌာန်မှာ ချက်ချင်း ပြိုလဲသွားခဲ့သည်။
သူမက ကျန်ရှင်းပန်းက သူမကို လှည့်စားပြီး အရူးတစ်ယောက်လို ကစားခဲ့သည့်အပေါ် မုန်းတီးသော်လည်း၊ ဤမျှ နှစ်ပေါင်းများစွာ အတူနေခဲ့သော သံယောဇဉ်များကလည်း ရှိနေသေးသည် မဟုတ်လား။
ဒီလောက် နှစ်ပေါင်းများစွာ ဖြတ်သန်းခဲ့တဲ့ လင်မယားသံယောဇဉ်တွေ၊ အေးအတူပူအမျှ ပေါင်းသင်းလာခဲ့တာတွေက တစ်မနက်တည်းနဲ့ အရိပ်မည်းကြီး ဖုံးလွှမ်းသွားခဲ့ပြီဆိုတော့ ဘယ်လိုလုပ် မနာကျင်ဘဲ နေနိုင်မှာလဲ?
ကျန်ပင်းက မိခင်ဖြစ်သူ ဝမ်းနည်းနေသည့် ပုံစံကို ကြည့်ပြီး မိမိကိုယ်တိုင် ဝမ်းနည်းနေသည်ကိုပင် ဂရုမစိုက်နိုင်တော့ဘဲ ခန်းနင်းမင်းသမီးကြီး၏ ပခုံးကို ဖက်ကာ နှစ်သိမ့်ပေးလိုက်၏။
” အမေ မငိုပါနဲ့… နောက်ဆိုရင် ကျွန်တော် ရှိနေသေးတယ်လေ…”
ခန်းနင်းမင်းသမီးကြီး၏ ရင်ထဲတွင် တစ်ခုတည်းသော နှစ်သိမ့်ရာဟူ၍ ဤသားလေးတစ်ယောက်သာ ကျန်ရှိတော့သည်။ ကံကောင်းထောက်မစွာဖြင့် ဤကိစ္စများ ဖြစ်ပျက်ပြီးနောက်တွင် သားဖြစ်သူမှာ အတော်လေး ရင့်ကျက်လာခဲ့ပြီး သူမအတွက် လေကာမိုးကာ ပေးတတ်နေပြီ ဖြစ်၏။
ကျန်ပင်းသည်လည်း မိမိအနေဖြင့် ဤကဲ့သို့ အလေအလွင့် သခင်လေးအဖြစ် ဆက်လက် နေထိုင်၍ မရတော့ကြောင်း နားလည်သွားပြီး၊ သူ၏ အနာဂတ်နှင့် မိခင်ဖြစ်သူအတွက်ပါ ကြိုတင် စဉ်းစားပြင်ဆင်ရတော့မည် ဖြစ်သည်။
ရှန်းရှစ်ရွှီမှာ ဤအမှုစစ်ဆေးသည့် စွမ်းရည်ကြောင့် ညီလာခံတွင် တိုက်ရိုက်ပင် အခိုင်အမာ ရပ်တည်နိုင်သွားခဲ့သည်။
အမတ်ကြီးများက သူ့ကို အတော်လေး လေးစားသွားသလို သတိလည်း ထားလာကြ၏။ အစကတော့ သူတို့၏ လျှို့ဝှက်ချက်များကို သူ့ကိုယ်ပေါ်ရှိ စနစ်က သိသွားမည်ကိုသာ စိုးရိမ်ခဲ့ကြသော်လည်း၊ ယခုအခါတွင်မူ သူ၏ အမှုစစ်ဆေးသည့် အရှိန်အဟုန်ကို အလွန် လေးစားအားကျနေကြပြီ ဖြစ်သည်။ ဤအတိုင်းသာ ဆက်သွားမည်ဆိုပါက သူတို့၏ တာ့ချန်မင်းဆက်တွင် နတ်ဘုရားအမှုစစ် တစ်ဦး ပေါ်ထွက်လာနိုင်ပေသည်!
ဧကရာဇ်ဝူအန်းမှာ အပျော်ရွှင်ဆုံး ဖြစ်နေသည်။ ယခင်က ရှန်းရှစ်ရွှီ၏ ကိုယ်ပေါ်ရှိ စနစ်ကြောင့် နန်းတွင်းမှ သစ္စာဖောက်တစ်ကောင်ကို ဖမ်းဆီးနိုင်ခဲ့ပြီး၊ ယခု သူကိုယ်တိုင်ကလည်း ဤမျှ အရည်အချင်း ရှိနေပြန်သည်။
လစာတစ်ယောက်စာ ပေးရုံနဲ့ လက်ထောက်ကောင်း နှစ်ယောက် ရလိုက်သဖြင့် ဘယ်လိုလုပ် မပျော်ဘဲ နေနိုင်မည်နည်း?
ကျန်ရှင်းပန်း၏ ကိစ္စက ညီလာခံတွင် ဂယက်ကြီးတစ်ခု ရိုက်ခတ်သွားစေခဲ့သည်။ သူ လုပ်ခဲ့သော ကိစ္စများက အခြားသူများ သူ၏အပေါ် ထားရှိသော အမြင်များကို ရိုက်ချိုးပစ်လိုက်သည်။
ထို့အပြင် သူက ဆောင်းဦးရာသီတွင် ခေါင်းဖြတ်ကွပ်မျက်ခံရမည်ဖြစ်၍ သူ့ရာထူးကို မည်သို့ လုပ်ရမည်နည်း?
အမတ်များစွာ၏ မျက်လုံးများတွင် အရောင်များ တောက်ပလာကြသည်။ အမတ်လုပ်သူတိုင်း မည်သူက ရာထူးထပ်မံ မတက်ချင်ဘဲ နေမည်နည်း။ ဝမ်းနည်းစရာမှာ သူတို့ လုယူရန်ပင် အချိန်မရလိုက်ဘဲ ဧကရာဇ်ဝူအန်းက နိုင်ငံ့ဝန်ထမ်းရေးရာ ဝန်ကြီးသစ်ကို ကြေညာလိုက်ခြင်းပင် ဖြစ်၏။
” အဟမ်း… ကျန်ရှင်းပန်း ပြုတ်ကျသွားတော့ နိုင်ငံ့ဝန်ထမ်းရေးရာ ဝန်ကြီးသစ် နေရာကို အစားထိုးဖို့ လိုတယ်… ကိုယ်တော့်စိတ်ထဲမှာတော့ ရွေးထားတဲ့လူ ရှိနေပြီ…”
ဧကရာဇ်ဝူအန်း၏ စိတ်ထဲတွင် ရွေးချယ်ထားသူ ရှိနေပြီဟု ကြားလိုက်ရချိန်တွင် အမတ်များမှာ ခေါင်းငုံ့ကာ မည်သူဖြစ်မည်ကို ခန့်မှန်းနေကြ၏။
ရလဒ်အနေဖြင့် ထင်မှတ်မထားသော်လည်း အကြောင်းပြချက် ခိုင်လုံသော နာမည်တစ်ခုကို ကြားလိုက်ရသည်။ ဤသူမှာ အိမ်ရှေ့စံ၏ ဆရာတော်ဖြစ်သူ—— ကျိန့်ယွီရှန်း ပင်ဖြစ်သည်။
ဤလူမှာ ဧကရာဇ်ဝူအန်း၏ ငယ်သူငယ်ချင်းဖြစ်ပြီး၊ မိဖုရားခေါင်ကြီး၏ မိဘဆွေမျိုးဘက်မှ တူလည်း ဖြစ်သည်။ စာပေပညာတွင် ထူးချွန်ပြီး နန်းတွင်းသို့ ဝင်ရောက်လာပြီးနောက် သူ ကိုင်တွယ်ခဲ့သော အမှုအချို့မှာလည်း အလွန် ကောင်းမွန်ခဲ့၏။ သို့သော် သူ၏ စိတ်နေသဘောထားမှာ အတော်လေး ပျင်းရိတတ်သူဖြစ်ပြီး၊ ဧကရာဇ်အတွက် အလုပ်လုပ်ပေးရသည်ထက် စာသင်ပေးခြင်းနှင့် စာဖတ်ခြင်းကို ပို၍ နှစ်သက်သူ ဖြစ်သည်။
ဤတစ်ကြိမ်တွင် ဧကရာဇ်ဝူအန်းသည်လည်း အခြားရွေးချယ်စရာ မရှိတော့သဖြင့် မနေ့က ညနေပိုင်းတွင် သူ့အား နန်းတော်သို့ အထူးခေါ်ယူကာ ရင်းနှီးစွာ ဆွေးနွေးခဲ့ပြီး ဤရာထူးကို ဝင်ရောက် တာဝန်ယူပေးရန် အကူအညီတောင်းခဲ့ရ၏။ နိုင်ငံ့ဝန်ထမ်းရေးရာ ဝန်ကြီးနေရာကို အခြားသူများအား ပေးရန် သူ အမှန်တကယ်ပင် စိတ်မချနိုင်၍ ဖြစ်သည်။
ကျိန့်ယွီရှန်းမှာ ယခင်က ညီလာခံတက်ရသည်ကို မနှစ်သက်ဘဲ အလွန် ပျင်းစရာကောင်းသည်ဟု ထင်ခဲ့သည်။ သို့သော် ရှန်းရှစ်ရွှီ၏ ကိစ္စကို ကြားပြီးနောက်တွင်မူ သူသည် ညီလာခံတက်ရန် အလွန် စိတ်အားထက်သန်နေခဲ့၏။ ရှန်းရှစ်ရွှီထံမှ လတ်ဆတ်သော ဖရဲသီး (သတင်းထူး) များကို ကြားချင်ရုံ သက်သက်ဖြင့် ဧကရာဇ်ဝူအန်းကို သဘောတူလိုက်ခြင်း ဖြစ်သည်။
နိုင်ငံ့ဝန်ထမ်းရေးရာ ဝန်ကြီးကို အတည်ပြုပြီးနောက် ညီလာခံတွင် အခြား လုပ်စရာကိစ္စ မရှိတော့သဖြင့် နံနက်ညီလာခံ ရုပ်သိမ်းကြောင်းကို တိုက်ရိုက် ကြေညာလိုက်၏။
ရှန်းရှစ်ရွှီ ချန်းချင်းနန်းဆောင်မှ ထွက်လာသည်နှင့် တစ်ပြိုင်နက် ရှောင်ကျင့်ယိက သူ့အား လှမ်းခေါ်လိုက်သည်။ အမှုပေါ်သွားသည်ကို ဂုဏ်ပြုသည့်အနေဖြင့် မွန်းတည့်ချိန်တွင် ထျန်းရှန်းစားသောက်ဆိုင်သို့ သွားရန် ချိန်းဆိုလိုက်၏။
ဤအမှုမှာ အချိန်များများစားစား မယူလိုက်ရဘဲ နှစ်ရက် သုံးရက်အတွင်း ပြီးဆုံးသွားခဲ့သော်လည်း၊ သူတို့ အတော်လေး ခေါင်းစားခဲ့ရသည် မဟုတ်လား။ ကိစ္စပြီးသွားချိန်တွင် သေချာပေါက် ကောင်းကောင်း ဂုဏ်ပြုသင့်ပေသည်။
ထို့ကြောင့် ရှန်းရှစ်ရွှီက သဘောတူလိုက်သည်။ ရှောင်ကျင့်ယိက သူ သဘောတူလိုက်သည်ကို မြင်သောအခါ နှုတ်ခမ်းထောင့်များ အနည်းငယ် မြင့်တက်သွားပြီး
” ကောင်းပြီလေ… မွန်းတည့်ချိန်ကျရင် တရားလွှတ်တော်ချုပ်မှာ မင်းကို လာကြိုမယ်…” ဟု ပြောလိုက်၏။
ရှန်းရှစ်ရွှီက ခေါင်းညိတ်လိုက်ပြီး တရားလွှတ်တော်ချုပ်ရှိ သူ၏ ရုံးခန်းသို့ ပြန်လာကာ ယခင်က မှုခင်းမှတ်တမ်းများကို ပြန်လည် ဖတ်ရှုနေလိုက်သည်။ တစ်ချက်က လေ့လာရန်ဖြစ်ပြီး နောက်တစ်ချက်က ရှင်းလင်းမှု မရှိသေးသော အချက်များ ရှိမရှိ ကြည့်ရှုရန် ဖြစ်၏။
သူ ဖတ်ရတာ စိတ်ဝင်စားနေချိန်တွင် ယခင်က သူ့အား လမ်းပြပေးခဲ့ဖူးသော အမှုထမ်းကျန်းမင်က ဝင်လာခဲ့သည်။ သူက လူတွေမှတစ်ဆင့် အကူအညီတောင်းကာ ယခုအခါ ရှန်းရှစ်ရွှီ၏ လက်အောက်သို့ ရောက်ရှိနေပြီ ဖြစ်၏။
” လက်ထောက်အမတ်မင်း… အပြင်မှာ အမတ်မင်းရဲ့ အစေခံဆိုတဲ့ ရှောင်ရှစ်ထိုက အမတ်မင်းကို အရေးကြီးတာ ပြောစရာရှိတယ်ဆိုလို့… ကျွန်တော် သူ့ကို ခေါ်လာခဲ့ပါတယ်…”
ရှန်းရှစ်ရွှီက လက်ထဲရှိ မှုခင်းမှတ်တမ်းကို ချထားလိုက်သည်။ ရှောင်ရှစ်ထို သူ့ကို လာရှာသည်ဟု ကြားလိုက်ရသဖြင့် အနည်းငယ် ဇဝေဇဝါဖြစ်သွား၏။
ဘာလို့ ဒီအချိန်ကြီး လာရှာရတာလဲ?
ကျန်းမင်အား သူ့ကို ခေါ်လာခိုင်းလိုက်သည်။
ရှောင်ရှစ်ထိုမှာ သူ၏ သခင်လေး အမတ်ဝတ်စုံ ဝတ်ဆင်ထားသည့် ပုံစံကို ပထမဆုံးအကြိမ် မြင်ဖူးခြင်း မဟုတ်သော်လည်း ယခုနေရာက ရုံးတော်တွင် ဖြစ်နေ၏။
ဤနေရာတွင် ကြည့်ရသည်မှာ အိမ်တွင် ကြည့်ရသည်ထက် အမတ်မင်းတစ်ပါးနှင့် ပိုတူနေသည်ဟု ခံစားရသည်။ သို့သော် ရှန်းရှစ်ရွှီက အလွန် ငယ်ရွယ်ပြီး ရုပ်ရည် အလွန်ချောမောသောကြောင့် တရားစီရင်ရေး အမတ်တစ်ဦးနှင့် မတူဘဲ မင်းသားများ၏ ဆရာတော်နှင့် ပိုတူနေပေသည်။
” သခင်လေး… အကြီးဆုံးသခင်လေး ရောက်နေပါတယ်…”
ရှန်းရှစ်ရွှီမှာ ထိုစကားကို ကြားလိုက်ရသည်နှင့် တိုက်ရိုက် မတ်တတ်ရပ်လိုက်ပြီး လက်နှစ်ဖက်ဖြင့် ရှေ့ရှိ စားပွဲကို ထောက်ကာ ဝမ်းသာအံ့သြစွာဖြင့် ပြောလိုက်၏။
” အစ်ကိုကြီး ရောက်နေပြီလား? စာက လွန်ခဲ့တဲ့ နှစ်ရက်သုံးရက်ကမှ မင်းကို ပို့ခိုင်းလိုက်တာ မဟုတ်ဘူးလား… ဘယ်လိုလုပ် အစ်ကိုကြီးက ဒီလောက် မြန်မြန် ရောက်လာတာလဲ…”
သူ ဝမ်းသာနေသည်ကို ကြည့်ပြီး ရှောင်ရှစ်ထိုသည်လည်း လိုက်၍ ဝမ်းသာသွားသည်။
” သခင်လေး… အကြီးဆုံးသခင်လေးက ကျွန်တော် ပို့လိုက်တဲ့စာကို မရလိုက်ပါဘူး… သူက ကြိုပြီး ရောက်လာတာပါ… အကြီးဆုံးသခင်လေးရဲ့ ဘေးက အစ်ကိုကြီးကျင်းပေါင် ပြောတာတော့ အကြီးဆုံးသခင်လေးက သခင်လေး မြို့တော်မှာ တစ်ယောက်တည်း အဆင်မပြေဖြစ်နေမှာ စိုးရိမ်လို့တဲ့…”
” သခင်ကြီးနဲ့ သခင်မကြီးရှေ့မှာတော့ မြို့တော်ကို ကုန်သွယ်ဖို့ သွားမယ်ဆိုပြီး ဆင်ခြေပေးခဲ့တာတဲ့… တကယ်တော့ သခင်လေးကို လာကြည့်ဖို့ သီးသန့် လာတာပါ…”
ရှန်းရှစ်ရွှီက ရှန်းဇယ်ရှီးကို တွေးမိသည်နှင့် ရင်ထဲမှနေ၍ တကယ်ကို ပျော်ရွှင်သွားမိသည်။ ယခင်ဘဝက မိဘမဲ့ဖြစ်ခဲ့သော်လည်း ယခုဘဝတွင် မိဘနှစ်ပါးစလုံး စုံလင်ရုံသာမက အစ်ကိုတစ်ယောက်ပါ ပိုလာခဲ့သည်။
အထူးသဖြင့် သူ၏အစ်ကိုက ညီဖြစ်သူကို အသက်တမျှ ချစ်ခင်တတ်ပြီး ယခုဘဝမှ မိဘများထက်ပင် သူ့အပေါ် ပို၍ ချစ်ခင်ယုယသေးသည်။ ငယ်စဉ်ကတည်းက သူ့ကို အနည်းငယ်မျှ အနစ်နာမခံစေခဲ့ဘဲ အစားအစာမှအစ သုံးစွဲစရာအဆုံး အရာအားလုံးကို အကောင်းဆုံးတွေချည်းသာ ပေးခဲ့သူ ဖြစ်၏။
ဤတစ်ကြိမ် သူ မြို့တော်သို့ စာမေးပွဲလာဖြေချိန်တွင် ရှန်းဇယ်ရှီးက သူနှင့်အတူ လိုက်လာချင်ခဲ့သော်လည်း ထိုအချိန်က သူ့လက်ထဲတွင် အရေးကြီးသော ကုန်သွယ်မှုတစ်ခု ရှိနေခဲ့သည်။
ရှန်းဇယ်ရှီးက လက်လျှော့ချင်ခဲ့သည်။ သူ့အမြင်တွင် မည်မျှပင် အရေးကြီးသော ကုန်သွယ်မှုဖြစ်နေပါစေ ညီဖြစ်သူလောက်တော့ အရေးမကြီးချေ။ ရှန်းရှစ်ရွှီက သူ့အား ဖျောင်းဖျခဲ့သောကြောင့်သာ အဲ့ဒီမှာ ဆက်နေပြီး အရောင်းအဝယ်ကို အဆင်ပြေအောင် ညှိနှိုင်းဖို့ သဘောတူခဲ့တာ။
သူ ဒီနေ့ မြို့တော်ကို ရောက်လာတာကို ကြည့်ရင် အရောင်းအဝယ် ကိစ္စတွေ ပြီးတာနဲ့ ချက်ချင်း တောက်လျှောက်ကို လာခဲ့တာပဲ ဖြစ်ရမယ်။
” ဒါက အစ်ကိုကြီးရဲ့ ပုံစံပါပဲ… မင်း ပြန်သွားပြီး ရုံးဆင်းတာနဲ့ သူ့ဆီ ပြန်လာခဲ့မယ်လို့ ပြောလိုက်…”
ရှန်းရှစ်ရွှီက ထိုစကားကို ပြောပြီးမှ မွန်းတည့်ချိန်တွင် အခြားသူနှင့် ချိန်းထားသည်ကို ရုတ်တရက် သတိရသွား၏။
” အော်… ဒါနဲ့ ပြီးတော့ သူငယ်ချင်းသစ် တစ်ယောက်ကိုပါ ခေါ်လာခဲ့မယ်လို့ အစ်ကိုကြီးကို တစ်ခါတည်း ပြောလိုက်ဦး…”
ရှန်းရှစ်ရွှီက အစ်ကိုဖြစ်သူနှင့် ပြန်တွေ့မည့် အစီအစဉ်ကိုလည်း မဖျက်ချင်သလို ရှောင်ကျင့်ယိကိုလည်း ချိန်းဆိုထားပြီးမှ မဖျက်ချင်ချေ။ ထို့ကြောင့် ရှောင်ကျင့်ယိကို အိမ်သို့ ခေါ်သွားကာ အစ်ကိုဖြစ်သူနှင့်အတူ တွေ့ဆုံစေရန်သာ ဆုံးဖြတ်လိုက်၏။
ရှောင်ကျင့်ယိက တရားလွှတ်တော်ချုပ်သို့ ဆယ့်ငါးမိနစ်ခန့် ကြိုရောက်လာခဲ့သည်။ ရှန်းရှစ်ရွှီမှာ မှုခင်းမှတ်တမ်းများပေါ်တွင် အနီရောင်စုတ်တံဖြင့် မှတ်သားနေဆဲဖြစ်ပြီး၊ သူ ရောက်လာသည်ကို မြင်သောအခါ မိမိ နောက်ကျသွားပြီဟု ထင်မှတ်ကာ အနည်းငယ် လောသွား၏။
” ခဏလေး စောင့်ပါဦး… ဒီဘက်က ချက်ချင်း ပြီးတော့မှာပါ…”
ရှောင်ကျင့်ယိက သူ လောသွားမည်ကို စိုးရိမ်သဖြင့် အမြန်ပြောလိုက်သည်။
” မလောပါနဲ့… ငါက ကြိုရောက်နေတာပါ… မင်း ရုံးဆင်းဖို့ အချိန်လိုပါသေးတယ်!”
ထိုအခါမှသာ ရှန်းရှစ်ရွှီမှာ အလောတကြီး မဖြစ်တော့ဘဲ လက်ထဲရှိ မှုခင်းမှတ်တမ်းများကို သေချာ ရှင်းလင်းသိမ်းဆည်းလိုက်ပြီးနောက် အနောက်ဘက်သို့ သွားကာ သာမန်အဝတ်အစားကို လဲလှယ်လိုက်၏။
” ကျွန်တော် ပြီးပြီ သွားကြရအောင်… အော် ဒါနဲ့… ကျွန်တော့်အစ်ကို လာလည်လို့လေ၊ ခင်ဗျား ကျွန်တော်နဲ့အတူ အိမ်ကို အရင် တစ်ခေါက်လောက် လိုက်ခဲ့ပေးပါ… အစ်ကိုနဲ့ စကားနည်းနည်းလောက် ပြောပြီးမှ ထျန်းရှန်းစားသောက်ဆိုင်ကို တူတူသွားကြတာပေါ့!”
Chapter 15 ended