⚠️ JavaScript ပိတ်ထားပါသည် ⚠️

ဤဝက်ဘ်ဆိုက်ရှိ ဇာတ်လမ်းများကို ဖတ်ရှုရန်နှင့် အပြည့်အဝ အသုံးပြုနိုင်ရန် သင့် Browser တွင် JavaScript ဖွင့်ထားရန် လိုအပ်ပါသည်။

ကျေးဇူးပြု၍ Browser Settings ထဲတွင် JavaScript (သို့) Site Settings ကို ဖွင့်ပြီးမှ ဝက်ဘ်ဆိုက်ကို ပြန်လည် Reload လုပ်ပေးပါ။

Switch Mode
Telegram Main Channel - https://t.me/REDKNOTMyanmar

Chapter 20

ရင်တွင်းခံစားချက်

Chapter 20

ရင်တွင်းခံစားချက်

 

=====

 

ရှောင်ယွမ်ချီက သူ တစ်ခုခု အကြီးအကျယ် ဖြစ်လာတယ်လို့ ထင်နေခဲ့တာ။ သူ့ရဲ့ ရှင်းပြချက်ကို ကြားပြီးနောက် မနေနိုင်ဘဲ အသံထွက် ရယ်မောလိုက်မိသည်။

 

“ဟားဟားဟား… ငါက ဘာကိစ္စကြီးများလဲလို့… ငါ့ညီတော်လေးက အချစ်စိတ်တွေ ဝင်နေတာကိုး… ဒါက ပုံမှန်ပါပဲ၊ ရောဂါမဟုတ်ပါဘူး…”

 

“မင်းဒီအရွယ်မှာ ချစ်တဲ့သူရှိလာတာ သဘာဝပဲလေ… ဒါနဲ့ မင်းကို ဒီလို စိတ်လှုပ်ရှားစေပြီး ရောဂါဖြစ်နေပြီလို့တောင် ထင်သွားစေတဲ့သူက ဘယ်သူလဲ? ငါသိတဲ့သူလား? မင်းလို အေးစက်စက် စစ်နတ်ဘုရားကိုတောင် ရင်ခုန်အောင် လုပ်နိုင်တယ်ဆိုတော့ သေချာပေါက် သာမန်လူတော့ မဖြစ်နိုင်ဘူး။ ဒါပေမဲ့ ငါ မြို့တော်မှာ ဒီလောက်ကြာကြာ နေလာတာတောင် ဒီလောက် ထူးခြားတဲ့ အမတ်ရဲ့ သမီးမျိုး ရှိတယ်လို့ မကြားဖူးပါဘူး…”

 

“ဒါမှမဟုတ် မင်း နယ်စပ်မှာ သိခဲ့တဲ့ မိန်းကလေးကိုများ သဘောကျနေတာလား? ဒါဆို ဒီတစ်ခေါက် သူ မင်းနဲ့အတူ မြို့တော်ကို လိုက်လာသေးလား?”

 

ရှောင်ယွမ်ချီမှာ ညီဖြစ်သူ နောက်ဆုံးတော့ လူ့လောကက အချစ်ကို ခံစားတတ်လာပြီဖြစ်၍ ဝမ်းသာလွန်းသဖြင့် သူ့ဘာသာ မေးကာ သူ့ဘာသာ ဖြေနေမိ၏။ သို့သော် ချက်ချင်းပင် တစ်ခုခု မှားယွင်းနေကြောင်း သတိထားမိလိုက်သည်။

 

ရှောင်ကျင့်ယိ အရင်က မြို့တော်ကို ပြန်လာတုန်းက သူ့ဘေးမှာ ဘယ်မိန်းကလေးမှ မပါလာခဲ့ပါဘူး?

 

ရှောင်ယွမ်ချီက ဆက်မေးရန် ပြင်လိုက်ချိန်မှသာ ညီဖြစ်သူမှာ ကျောက်ရုပ်ကြီးလို ငြိမ်သက်သွားကြောင်း သတိပြုမိသွား၏။ သူက လက်ဆန့်ထုတ်ကာ ရှောင်ကျင့်ယိကို နှစ်ချက်ခန့် တွန်းလိုက်မှသာ သတိပြန်ဝင်လာသည်။

 

ရှောင်ကျင့်ယိက ပထမဆုံးအကြိမ် စစ်မြေပြင်သို့ ထွက်ပြီးကတည်းက အကျင့်တစ်ခု ရလာခဲ့သည်။ သတိထားတတ်မှု အလွန် မြင့်မားပြီး ပုံမှန်အားဖြင့် မည်သူမှ သူ့အနီးသို့ အလွယ်တကူ ကပ်၍မရချေ။ ယခုအကြိမ်မှာတော့ ရှောင်ယွမ်ချီ သူ့ကို ထိနိုင်လိုက်ပြီး သူ့လက်ကောက်ဝတ်ကို ဖမ်းဆွဲခြင်း မခံရသည့် ပထမဆုံးအကြိမ်ပင် ဖြစ်သည်။

 

ရှောင်ကျင့်ယိမှာ ခုနက ရှောင်ယွမ်ချီ ပြောလိုက်သော စကားကြောင့် အလွန် တုန်လှုပ်သွားခဲ့၏။ မိမိ၏ စိတ်ကူးက ဤသို့ဖြစ်နေမည်ဟု လုံးဝ ထင်မှတ်မထားခဲ့ချေ။ ယခုအချိန်တွင် သူ၏ရင်ထဲ၌ အလွန် စိုးရိမ်ထိတ်လန့်နေပြီး ရှန်းရှစ်ရွှီကို ထပ်တွေ့ချင်သလို၊ တစ်ဖက်ကလည်း သွားမတွေ့ရဲသလို ဖြစ်နေသည်။

 

ရှောင်ယွမ်ချီက ရှောင်ကျင့်ယိကို သတိပြန်ဝင်လာစေသည်။ သူက ညီဖြစ်သူရဲ့တစ်ကိုယ်လုံး ပျာယာခတ်နေပြီး တစ်ခုခုကို ကြောက်လန့်နေသကဲ့သို့ ဖြစ်နေသည်ကို သတိပြုမိသွား၏။

 

အတော်လေး ထူးဆန်းနေသည်ဟု သူ ထင်လိုက်သည်။

 

“မင်း အဲ့ဒီမျက်နှာထားက ဘာဖြစ်တာလဲ? ခုနက မင်းသဘောကျတဲ့သူအကြောင်း ပြောနေတာ မဟုတ်ဘူးလား? ဘာလို့ အရမ်း ကြောက်နေတဲ့ ပုံစံ ပေါက်နေတာလဲ… မင်း သဘောကျတဲ့သူက အရမ်း ကြောက်စရာ ကောင်းနေလို့လား?”

 

ရှောင်ယွမ်ချီကိုယ်တိုင်ပင် လိုက်၍ ကြောက်လန့်ချင်လာမိ၏။ အမြဲတမ်း အောင်ပွဲခံတတ်သော သူ၏ ညီဖြစ်သူကိုပင် ကြောက်လန့်သွားစေနိုင်သည့် မိန်းကလေးဆိုလျှင် မည်မျှပင် အစွမ်းထက်နေမည်နည်း!

 

သူ ဆက်မမေးရသေးခင်မှာပင် ရှောင်ကျင့်ယိက သူ့ဘာသာ ဝန်ခံလာခဲ့သည်။ သူက ရှောင်ယွမ်ချီအား စိုးရိမ်တကြီး ကြည့်လိုက်၏။ ယခုအချိန်တွင် သူ့ကို လုံခြုံမှုပေးနိုင်သူမှာ သူ့ဘက်တွင် အမြဲတမ်း ရပ်တည်ပေးသည့် ဤအစ်ကိုဖြစ်သူ တစ်ဦးတည်းသာ ရှိတော့သည်။

 

“အစ်ကိုတော်… ကျွန်တော် လူတစ်ယောက်ကို သဘောကျမိသွားပြီ… သဘောမကျသင့်တဲ့ လူတစ်ယောက်ကို…”

 

ဤသည်ကို ကြားလိုက်ရချိန်တွင် ရှောင်ယွမ်ချီက ရှောင်ကျင့်ယိသည် သူတစ်ပါး၏ မယားကို သဘောကျမိသွားသည်ဟုပင် ထင်လိုက်မိသည်။ ညီဖြစ်သူ သဘောကျလျှင် ပြီးရောဆိုပြီး မိမိ၏ မျက်နှာကိုပင် အပွန်းပဲ့ခံကာ ထိုလင်မယားကို ကွဲအောင် ခွဲပစ်မည်ဟု သူ တွေးလိုက်သည်။

 

သို့သော် ရှောင်ကျင့်ယိ၏ နောက်တစ်ခွန်းက သူ့ကို တံတွေးသီးကာ သေလုမတတ် ဖြစ်သွားစေခဲ့သည်။

 

“ကျွန်တော် ရှန်းရှစ်ရွှီကို သဘောကျမိသွားသလိုပဲ!”

 

ဤစကားကို ကြားပြီးနောက် ရှောင်ယွမ်ချီမှာ ပြင်းထန်စွာ ချောင်းဆိုးပြီးနောက် လက်ဆန့်ထုတ်ကာ ရှောင်ကျင့်ယိ၏ နဖူးကို စမ်းကြည့်လိုက်၏။ သူများ ဖျားနေလို့ ကယောင်ကတမ်းတွေ ပြောနေတာလားဟု စစ်ဆေးကြည့်ခြင်း ဖြစ်သည်။

 

ရှောင်ကျင့်ယိက သူ့လုပ်ရပ်ကို မြင်သောအခါ အလိုအလျောက်ပင် သူ့လက်ကို ရိုက်ဖယ်လိုက်သည်။

 

“အစ်ကိုတော်… ကျွန်တော် မဖျားပါဘူး… အခု သတိကောင်းကောင်း ရှိနေပါတယ်… ပြောနေတာတွေ အကုန်လုံးကလည်း အမှန်တွေချည်းပါပဲ။”

 

ရှောင်ယွမ်ချီက ခုနက ရှောင်ကျင့်ယိ သောက်လက်စ လက်ဖက်ရည်ခွက်ကို ကောက်ကိုင်ကာ တစ်ကျိုက်တည်း မော့သောက်လိုက်သည်။ သူ အခြေအနေကို ကောင်းကောင်းလေး ပြန်ထိန်းမှ ရမည်။

 

ရှောင်ကျင့်ယိက ရှန်းရှစ်ရွှီကို သဘောကျသွားသည့် ကိစ္စအပေါ် သူ လုံးဝ ဆန့်ကျင်ခြင်း မရှိသော်လည်း၊ အံ့ဩတုန်လှုပ်သွားရုံသာ ဖြစ်၏။

 

ထို့အပြင် ရှန်းရှစ်ရွှီက မိမိ၏ ညီဖြစ်သူကို မြှူဆွယ်ခဲ့သည်ဟုလည်း သူ မထင်သလို၊ သူ့အပေါ် မကောင်းမြင်စိတ်လည်း မဖြစ်ပေါ်လာခဲ့ချေ။

 

ရှန်းရှစ်ရွှီက မည်သို့သော လူစားမျိုးဖြစ်ကြောင်းကို ဤရက်ပိုင်းအတွင်း အကဲခတ်ကြည့်ရုံဖြင့် သိနိုင်ပေသည်။ အကျင့်စရိုက်က အလွန် နှိမ့်ချတတ်သော်လည်း ထက်မြက်မှု ရှိသည်။ ခေါင်းအလုပ်လုပ်တာ အလွန်မြန်ပြီး၊ သတိထားတတ်ကာ အကဲခတ် ကောင်းမွန်သည်။ ပြေပြစ်မှုနှင့် ပြတ်သားမှု ဟူသော ဆန့်ကျင်ဘက် စကားလုံးနှစ်လုံးက သူ၏ကိုယ်ပေါ်တွင်တော့ အလွန် လိုက်ဖက်စွာ ပေါင်းစပ်နေ၏။

 

“ပွင့်ပွင့်လင်းလင်း ပြောရရင်… မင်းက ဒီနေ့ တခြားယောက်ျားတစ်ယောက်ကို သဘောကျတယ်လို့ ပြောလာရင်၊ ငါ ဒေါသထွက်ပြီး အဲ့ဒီလူက မင်းကို မြှူဆွယ်တယ်လို့ ထင်မိမှာပဲ… အဲ့ဒီလူကို ဖမ်းပြီး သတ်ပစ်လောက်တယ်။”

 

ဤနေရာသို့ ရောက်ချိန်တွင် ရှောင်ကျင့်ယိမှာ မနေနိုင်ဘဲ လက်သီးကို တင်းကျပ်စွာ ဆုပ်လိုက်ပြီး ရှောင်ယွမ်ချီအား သတိထားကာ စိုက်ကြည့်လိုက်၏။ အစ်ကိုဖြစ်သူက ရှန်းရှစ်ရွှီကို ဖမ်းရန် အမိန့်ပေးလိုက်သည်နှင့်တစ်ပြိုင်နက် မိမိက လက်သီးဖြင့် ဝင်ထိုးမည် ဖြစ်သည်။

 

ရှောင်ယွမ်ချီက သူ၏ တင်းကျပ်စွာ ဆုပ်ထားသော လက်သီးကို သတိပြုမိလိုက်ချိန်တွင် ရင်ထဲ၌ အနည်းငယ် ဝမ်းနည်းသွားမိသည်။

 

အခုမှ သဘောကျရုံပဲ ရှိသေးတယ်၊ အတူတူတောင် မနေရသေးဘူး… ငါ့ညီက ရှန်းရှစ်ရွှီကို ဒီလောက်တောင် အရေးပေးနေပြီလား… သူ့အတွက်နဲ့ အစ်ကိုအရင်းဖြစ်တဲ့ ငါ့ကိုတောင် ရိုက်ချင်နေပြီ!

 

နောင်တစ်ချိန် သူတို့နှစ်ယောက် အတူတူ နေကြတဲ့အခါကျရင် သူ့ညီရဲ့ ရင်ထဲမှာ ဒီအစ်ကိုအတွက် နေရာတောင် ရှိတော့မှာ မဟုတ်ဘူးထင်တယ်… သူ ဒီညီလေးကို သက်သက် အလကား ပြုစုပျိုးထောင်ပေးခဲ့ရတာပဲ!

 

“ဒါပေမဲ့ ရှန်းရှစ်ရွှီဆိုရင်တော့၊ သူက မင်းကို မြှူဆွယ်တယ်လို့ ငါ သံသယမဝင်ပါဘူး… ငါ သူနဲ့ ထိတွေ့ဖူးတာ သိပ်မများပေမဲ့၊ သူက ဉာဏ်ကောင်းတဲ့သူ ဆိုတာတော့ ငါသိတယ်… ဒီလို အသက်အန္တရာယ် ရှိနိုင်တဲ့ ကိစ္စမျိုးကို သူ ဘယ်တော့မှ လုပ်မှာ မဟုတ်ဘူး။”

 

“ပြီးတော့ သူ့ရဲ့ အရည်အချင်းနဲ့ ရုပ်ရည်အရဆိုရင် မင်းသမီးနဲ့တောင် လိုက်ဖက်မှု ရှိလွန်းနေတာ… ငါတို့ ခမည်းတော်ဆီမှာ မင်းသမီး သုံးပါးတောင် ရှိတယ်ဆိုတာ မပြောနဲ့ဦး… သေချာပေါက် သေဒဏ်ပေးခံရမယ့် မင်းလို မင်းသားကို မြှူဆွယ်မယ့်အစား၊ မင်းသမီးကို မြှူဆွယ်လိုက်ရင် မင်းသားကို မြှူဆွယ်တာနဲ့ တူတူလောက် အကျိုးအမြတ် ရနိုင်တဲ့အပြင် အသက်အန္တရာယ်လည်း ရှိမှာ မဟုတ်ဘူးလေ။”

 

“ရှန်းရှစ်ရွှီက အရူး မဟုတ်သရွေ့ ဘာလုပ်ရမလဲ ဆိုတာ သိမှာပါ။”

 

ရှောင်ယွမ်ချီ ဤသို့ ပြောလိုက်ချိန်တွင် ရှောင်ကျင့်ယိ၏ မျက်နှာမှာ မျက်စိရှေ့တွင်ပင် သိသိသာသာ ကောင်းမွန်လာခဲ့၏။

 

ရှောင်ယွမ်ချီက သူ၏ မျက်နှာ အပြောင်းအလဲကို မမြင်လိုက်သကဲ့သို့ ဟန်ဆောင်ကာ ဆက်ပြောလိုက်သည်။

 

“ဒါပေမဲ့… ကျင့်ယိ မင်း သေချာရဲ့လား? အခု မင်း သူ့အပေါ် ထားတဲ့ သံယောဇဉ်က သိပ်မနက်ရှိုင်းသေးဘူး၊ သဘောကျရုံလေးပဲ ရှိသေးတာ… မင်း သူနဲ့ ဆက်ပြီး အဆက်အသွယ် မလုပ်တော့ဘူးဆိုရင် ဒီဝေဝါးနေတဲ့ သဘောကျမှုလေးက မကြာခင်မှာ ပျောက်ကွယ်သွားမှာပဲ… နောက်ဆို မင်း တခြားလူကို သဘောကျလာနိုင်တယ်။”

 

“ဒါပေမဲ့ မင်းသာ ဆက်ပြီး ရှေ့တိုးမယ်ဆိုရင်… မင်းတို့ နှစ်ယောက်ရဲ့ အဆင့်အတန်းအရ သေချာပေါက် အခက်အခဲတွေ အများကြီး ကြုံရလိမ့်မယ်… မင်းရဲ့ အဆင့်အတန်းနဲ့ ခမည်းတော်၊ မယ်တော်တို့ရဲ့ အချစ်တွေကြောင့် မင်းကတော့ ဘာအန္တရာယ်မှ ရှိမှာ မဟုတ်ပေမဲ့၊ သူကတော့ သေချာပေါက် အဲ့ဒီလို မဟုတ်ဘူး။”

 

“ခမည်းတော်က သူ့ကို နေရာပေးထားတာ မှန်ပေမဲ့၊ မင်းနဲ့ ယှဉ်လိုက်ရင်တော့ အဝေးကြီး လိုနေသေးတယ်… တကယ်လို့ ဒီကိစ္စကို ခမည်းတော်သာ သိသွားရင် ရှန်းရှစ်ရွှီက သေချာပေါက် အသက်ရှင်နိုင်မှာ မဟုတ်တော့ဘူး။”

 

ရှောင်ကျင့်ယိက ရှောင်ယွမ်ချီ ပြောသည်မှာ အလွန် ယုတ္တိရှိကြောင်း သိသည်။ အသိတရားအရ ပထမလမ်းကို ရွေးချယ်သင့်ကြောင်း သူ သိသော်လည်း၊ သူ၏ ရင်ထဲတွင် တိတ်တဆိတ် နာကျင်နေမိ၏။

 

“အစ်ကိုတော်… ကျွန်တော် လက်မလျှော့ချင်ဘူး… အစ်ကိုတော် ကျွန်တော့်ကို ကူညီပေးပါလား?”

 

ဤသည်မှာ ရှောင်ကျင့်ယိက ရှောင်ယွမ်ချီ၏ ရှေ့တွင် ပထမဆုံးအကြိမ် အားနည်းချက် ပြသခြင်း ဖြစ်သည်။ မူလကတည်းက ညီဖြစ်သူကို အရမ်းချစ်သော ရှောင်ယွမ်ချီမှာ လုံးဝ ငြင်းဆန်နိုင်စွမ်း မရှိတော့ချေ။ သူက သက်ပြင်းချကာ လက်စွပ်ကို ခါရမ်းရင်း ပြောလိုက်၏။

 

“ဟူး… မင်းက ဒီလောက်အထိ တောင်းဆိုနေမှတော့ ငါက ဘယ်လိုလုပ် ငြင်းနိုင်တော့မှာလဲ?”

 

“စိတ်ချပါ… ဒီကိစ္စကို ငါ မင်းအတွက် အရင် လျှို့ဝှက်ပေးထားမယ်… နောက်ပိုင်းကျရင် ငါတို့ ညီအစ်ကိုနှစ်ယောက် လမ်းခွဲပြီး အလုပ်လုပ်ကြမယ်… မင်းက မင်းချစ်တဲ့သူကို ရအောင်ယူ… ငါကတော့ မင်း သူ့ကို လိုက်နေတဲ့အချိန်အတွင်းမှာ ခမည်းတော်နဲ့ မယ်တော်ရှေ့ သွားပြီး မင်းအတွက် လမ်းခင်းပေးထားမယ်။”

 

“ဒီအချိန်အတောအတွင်းမှာ ရှန်းရှစ်ရွှီကို ခမည်းတော်နဲ့ မယ်တော်ရဲ့ စိတ်ထဲမှာ ပိုပြီး အရေးပါတဲ့လူ ဖြစ်လာအောင် လုပ်ရမယ်… လောလောဆယ်တော့ အခွင့်အရေးတစ်ခု ရှိတယ်… နောက်ဆယ်ရက်နေရင် မယ်တော်က ငါ့အတွက် အိမ်ရှေ့စံမိဖုရားအသစ် ရွေးပေးတော့မှာ…”

 

“မယ်တော့်ရှေ့မှာ ငါက ရှန်းရှစ်ရွှီအကြောင်းကို ပြောပြီး သူ့ကို မယ်တော့်အတွက် အကြံပေးဖို့ နန်းတော်ထဲ ခေါ်ခိုင်းလိုက်မယ်… ဒါဆိုရင် မယ်တော့်ရှေ့မှာ အမြင်ကောင်း ရသွားလိမ့်မယ်။”

 

ရှောင်ကျင့်ယိက မိမိကိုယ်၌ ပြဿနာ ဖြစ်လာချိန်တွင် ပထမဆုံး ရှောင်ယွမ်ချီထံ ပြေးလာခဲ့ခြင်းမှာ၊ ဤအစ်ကိုဖြစ်သူက သူ့ကို အချစ်ဆုံးဖြစ်ကြောင်း သိထားသောကြောင့် ဖြစ်သည်။ ခမည်းတော်နှင့် မယ်တော်ထက်ပင် သူ့ကို ပို၍ ချစ်ခင်ပြီး မည်သည့်အချိန်၊ မည်သည့်နေရာတွင် ဖြစ်စေ သူ့ဘက်၌ အမြဲ ရပ်တည်ပေးမည်ဖြစ်ကြောင်း သိထား၍ ဖြစ်၏။

 

“ကျေးဇူးတင်ပါတယ်… အစ်ကိုတော်!”

 

ဤအနည်းငယ် ချွဲနွဲ့နေသော စကားကို ကြားလိုက်ရချိန်တွင် ရှောင်ယွမ်ချီက တမင်သက်သက် တစ်ကိုယ်လုံး တုန်တက်သွားအောင် လုပ်ပြလိုက်ပြီး ရှောင်ကျင့်ယိအား ရွံရှာသကဲ့သို့ တစ်ချက် ကြည့်လိုက်၏။

 

“ဒီမှာ လာပြီး ချွဲမနေနဲ့… ငါကြည့်ရတာတော့ မင်းက တွက်ချက်ပြီးသားမို့ ငါ့ဆီ ပြေးလာတာပဲ… ငါက ဘယ်ကိစ္စမဆို မင်းဘက်က ကာကွယ်ပေးမယ်ဆိုတာ သိနေလို့… မင်းက ငါ့လိုအစ်ကိုမျိုးကို တကယ် ဒုက္ခပေးတတ်တဲ့ ကောင်ပဲ။”

 

“အစ်ကိုတော့်မှာ အကူအညီ လိုအပ်တာရှိရင်လည်း ကျွန်တော့်ကို လာရှာလို့ ရပါတယ်… ဘာကိစ္စပဲဖြစ်ဖြစ် ကျွန်တော် ကူညီပေးမှာပါ… ဓားတောင်ကို ကျော်ရကျော်ရ၊ မီးပင်လယ်ကို ဖြတ်ရဖြတ်ရ ကျွန်တော် သွားပေးဖို့ ဆန္ဒရှိပါတယ်။”

 

 

Chapter 20 ended

 

နန်းတော်စာမေးပွဲတွင် ပထမရပြီးနောက် အရာရှိများအားလုံး ငါ့အတွေးတွေကို ကြားနေရပြီ

နန်းတော်စာမေးပွဲတွင် ပထမရပြီးနောက် အရာရှိများအားလုံး ငါ့အတွေးတွေကို ကြားနေရပြီ

Status: Ongoing Type: Released: 2025 Native Language: Chinese
[ နန်းတော်စာမေးပွဲတွင် ပထမရပြီးနောက် အရာရှိများအားလုံး ငါ့အတွေးတွေကို ကြားနေရပြီ ] Intro ရှန်းရှစ်ရွှီ ကျွမ်းယွမ်အဖြစ် ခန့်အပ်ခံရသည့်အချိန်တွင် ဆယ့်ရှစ်နှစ်ကြာ နောက်ကျနေသည့် ရွှေလက်ချောင်းကြီးသည် နောက်ဆုံး၌ ရောက်လာခဲ့ပေ၏။ ယခင်ဘဝက သူသည် ရေနစ်နေသော ကလေးငယ်တစ်ဦးအား ကယ်တင်ရန်အတွက် အသက်ပေးခဲ့ရပြီး ငယ်ရွယ်စဉ်မှာပင် ကွယ်လွန်သွားခဲ့၏။ ထို့နောက် သူ မျက်လုံးပြန်ဖွင့်လာချိန်၌ သမိုင်းတွင် တစ်ကြိမ်တစ်ခါမျှ မပေါ်ပေါက်ခဲ့ဖူးသော တာ့ချန်မင်းဆက်သို့ ရောက်ရှိနေခဲ့သည်။ (T/N: ကျွမ်းယွမ် = နန်းတော်စာမေးပွဲတွင် ပထမရသူ) သူ့အပေါ် ချစ်ခင်ယုယသော မိဘများရှိလာရုံသာမက အလိုလိုက်သော အစ်ကိုကြီးတစ်ယောက်လည်း ရှိလာခဲ့ပေသည်။ မိသားစု၏ မေတ္တာအား ကျေးဇူးဆပ်လိုသဖြင့် သူက စာကို ကြိုးကြိုးစားစား ဖတ်ရှုခဲ့သည်။စာမေးပွဲတွင် အဆင့်ကောင်းကောင်းတစ်ခုရကာ ဆွေမျိုးအသိုင်းအဝိုင်းကို ဂုဏ်တက်စေချင်ခဲ့၏။ သို့သော် သူက ကျွမ်းယွမ်တစ်ယောက် ဖြစ်လာမည်ဟု လုံးဝမထင်မှတ်ထားခဲ့ချေ။ ကျွမ်းယွမ်အဖြစ် စာမေးပွဲအောင်ပြီးနောက် သူ၏ ရွှေလက်ချောင်းကြီးလည်း ရောက်ရှိလာခဲ့သည်။ သူ့အား အထက်သို့ တဟုန်ထိုး တက်လှမ်းနိုင်ရန် ကူညီပေးမည့် စနစ်တစ်ခုဟု သူ ထင်မှတ်ထားခဲ့သော်လည်း ၎င်းမှာ သတင်းတိုသတင်းထွာများအား စားသုံးရသည့် ဖရဲသီးစနစ် ဖြစ်နေမည်ဟု လုံးဝမထင်ထားခဲ့ပေ။ ပထမဆုံး စားသုံးရသည့် ဖရဲသီးမှာ ယခင်ကျွမ်းယွမ်ဟောင်းက ဇနီးနှင့် သားသမီးများကို စွန့်ပစ်ကာ လူပျိုအဖြစ် ဟန်ဆောင်ထားခဲ့ခြင်း အကြောင်းပင် ဖြစ်သည်။ ထို့နောက် ၎င်းက ဘဏ္ဍာရေးဝန်ကြီး၏ သမီးတော်နှင့် မျက်မှန်းတည့်သွားပြီး ဝန်ကြီး၏ သမက်တော် ဖြစ်လာခဲ့၏။ ဘဏ္ဍာရေးဝန်ကြီး၏ အကူအညီဖြင့် နန်းတွင်း၌ တစ်ဆင့်ပြီးတစ်ဆင့် ရာထူးတက်လာခဲ့သည်။ ယခုအခါ သူက အလုပ်အကိုင် အဆင်ပြေနေပြီး ဇနီးချောလေးနှင့် သားလေးမှာလည်း ဘေး၌ ရှိနေပေသည်။ သူက ဇာတိရွာတွင် ဒုက္ခခံနေရသော ဇနီးသည်နှင့် သမီးဖြစ်သူအား လုံးဝ ဂရုမစိုက်ဘဲ မိခင်အရင်း ဆုံးပါးသွားချိန်၌ပင် အိမ်သို့ ပြန်မလာခဲ့ချေ။ ရှန်းရှစ်ရွှီကမူ ဖရဲသီးများကို ဝမ်းသာအားရ စားသုံးနေပြီး သူ၏ စိတ်တွင်းအသံများမှာ နန်းတွင်းအမတ်များအားလုံးရှေ့၌ ပေါက်ကြားနေပြီဖြစ်ကြောင်းကို လုံးဝ မသိရှိခဲ့ပေ။ ဧကရာဇ်၊ အိမ်ရှေ့စံ၊ မင်းသားများနှင့် ဝမ်ရယ်များပင်လျှင် ကြည်လင်ပြတ်သားစွာ ကြားနေရ၏။ အစပိုင်းတွင် မည်သူမျှ မယုံကြည်ခဲ့ကြသော်လည်း ယိမ်းယိုင်နေသော ဘဏ္ဍာရေးဝန်ကြီး၏ ပုံစံအား မြင်လိုက်ရချိန်တွင် သူ၏ စိတ်ထဲ၌ ပြောနေသမျှ အရာအားလုံးမှာ အမှန်တရားများသာ ဖြစ်ကြောင်းကို နားလည်သွားကြသည်။ ဤသို့ဖြင့် ရှန်းရှစ်ရွှီမှာ ဖရဲသီးများကို မှီခိုကာ ရာထူးများ တစ်ဆင့်ပြီးတစ်ဆင့် တက်လာခဲ့ပြီး နန်းတွင်းအမတ်များမှာလည်း နေ့စဉ်နေ့တိုင်း အတင်းအဖျင်းများအား ဝမ်းသာအားရ နားထောင်နေကြ၏။ ယနေ့တွင် မင်းသမီးကြီးမှာ ခင်ပွန်းဖြစ်သူ၏ သစ္စာဖောက်ခြင်းကို ခံရကြောင်း ဖရဲသီးသတင်းကို ကြားရပြီး မနက်ဖြန်တွင် မည်သည့်အမတ်မင်းမှာ ဇနီးဖြစ်သူ၏ ဖောက်ပြန်ခြင်းကို ခံရကြောင်း စသည့်သတင်းများကို ကြားရလေသည်။ သန်ဘက်ခါတွင်မူ ရန်သူ့တိုင်းပြည်မှ သူလျှိုများက ဧကရာဇ်၏ အနောက်ဆောင်၌ လူလွှတ်ကာ စီစဉ်ထားကြောင်းကို ကြားရလေသည်။ သို့သော် ရှန်းရှစ်ရွှီက ဖရဲသီးစားသုံးရာမှ ရုတ်တရက် ဖရဲသီးအကြီးကြီးတစ်လုံးအား ဖော်ထုတ်သွားခဲ့မိသည်။ အဲ့ဒီအေးစက်စက် စစ်နတ်ဘုရားကြီးက ငါ့ကို ဘယ်လိုလုပ် သဘောကျနေရတာလဲ? Intro ended

Comment

Leave a Reply

Your email address will not be published. Required fields are marked *

ကျေးဇူးပြု၍ ခဏစောင့်ပေးပါ...

5

အကောင့်ဝင်ရန် လိုအပ်ပါသည်

ဝတ္ထုများကို Bookmark မှတ်ရန်နှင့် သိမ်းဆည်းထားရန် ကျေးဇူးပြု၍ အကောင့်ဝင်ပါ။

ပိတ်မည် (Cancel)

Options

not work with dark mode
Reset