Chapter 8
လျှို့ဝှက်လမ်း
====
မဲ့ယွီက အိမ်ပိုင်ရှင်နှင့်ပတ်သက်သည့် ရလဒ်ကို လာပို့ပြီးတာနဲ့ တစ်ပြိုင်နက်တည်းမှာပင် ရှောင်ကျင့်ယိက သူ့ကို ဆေးခန်းတွေဆီ ထပ်လွှတ်လိုက်ပြန်သည်။ ဗိုက်ပူပူနှင့် ဒဏ်ရာရထားပြီး ဘေးတွင် အစေခံပါလာသော လူလတ်ပိုင်းအရွယ် လူကြီးကို သွားရှာခိုင်းလိုက်ခြင်း ဖြစ်၏။
ရှန်းရှစ်ရွှီမှာ သူ့သခင်ကဲ့သို့ မျက်နှာကို တင်းမာစွာထားတတ်သော မဲ့ယွီက ရှောင်ကျင့်ယိ၏ အမိန့်ကို ကြားလိုက်ရချိန်တွင် ရုတ်တရက် မျက်လုံးများ ပြူးကျယ်သွားသည်ကို မြင်လိုက်ရသဖြင့် မနေနိုင်ဘဲ ရယ်မောလိုက်မိသည်။
ရှောင်ကျင့်ယိမှာ မျက်လုံးလေးများ မှေးသွားသည်အထိ ရယ်မောနေပြီး ညာဘက်နှုတ်ခမ်းထောင့်တွင် ပါးချိုင့်လေး ပေါ်နေသော ရှန်းရှစ်ရွှီကို ကြည့်ကာ တစ်ခဏမျှ ငေးမောသွားမိ၏။
ရယ်မောနေသော ရှန်းရှစ်ရွှီမှာ နွေဦးရာသီတွင် ပွင့်လန်းနေသော ပန်းတစ်ပွင့်ကဲ့သို့ တောက်ပကာ တက်ကြွလန်းဆန်းနေပြီး ကြည့်လိုက်ရုံဖြင့် လူကို မျှော်လင့်ချက်တစ်ခု ပေးစွမ်းနိုင်သကဲ့သို့ ရှိနေသည်။
ရှန်းရှစ်ရွှီက ခဏမျှ ရယ်မောပြီးနောက် အမူအရာကို ပြန်ထိန်းလိုက်၏။ သူနှင့် ရှောင်ကျင့်ယိတို့က ထိုအိမ်ရှေ့သို့ ပြန်လာခဲ့ကြပြီး ဘေးဘယ်ညာသို့ ဝေ့ဝဲကြည့်ရှုလိုက်ကြသည်။
အနီးအနားတွင် လူမရှိသည်ကို မြင်လိုက်ရသဖြင့် ရှန်းရှစ်ရွှီက ရှောင်ကျင့်ယိအား မျက်ခုံးပင့်ပြလိုက်၏။
” မင်းသား… ကျွန်တော်တို့ အထဲဝင်ကြည့်ရအောင်လား… ”
ရှောင်ကျင့်ယိမှာ သူ၏ သူခိုးလေးကဲ့သို့ ပုံစံကို ကြည့်ပြီး ဤဝင်ကြည့်မည် ဆိုသည်မှာ တံခါးပေါက်မှ ဝင်ခြင်းမဟုတ်ဘဲ ခြံစည်းရိုးကို ကျော်ခွဝင်မည်ဆိုခြင်းကို နားလည်လိုက်သည်။
သို့သော် ဤသည်မှာ သူကိုယ်တိုင်လည်း လုပ်ချင်နေသည့် အရာပင်ဖြစ်သည်။ သူက လက်ကို ဆန့်ထုတ်ကာ ရှန်းရှစ်ရွှီ၏ ပခုံးကို ဖမ်းကိုင်လိုက်ပြီး ခြေဖျားဖြင့် မြေပြင်ကို အနည်းငယ် ဖိနင်းကာ အရှိန်ယူ၍ ခုန်တက်လိုက်၏။ လေထဲတွင် ခြေဖျားဖြင့် နံရံကို တစ်ချက် ထပ်ကန်၍ အရှိန်ယူလိုက်ပြီးနောက် ရှန်းရှစ်ရွှီကို ဆွဲကာ ခြံစည်းရိုးအတွင်းဘက်သို့ တည်ငြိမ်စွာ ဆင်းသက်လိုက်သည်။
ရှန်းရှစ်ရွှီမှာ မျက်စိရှေ့မှ မြင်ကွင်းများ ဝေဝါးသွားသည်ကိုသာ ခံစားလိုက်ရပြီး သူ ပြန်ကြည့်လိုက်ချိန်တွင် အိမ်ဝင်းထဲသို့ ရောက်ရှိနေပြီ ဖြစ်၏။
အပြင်ဘက်မှ ကြည့်မည်ဆိုလျှင် ဤနေရာမှာ လူသူကင်းမဲ့နေသော အိမ်ပျက်ကြီးတစ်ခုနှင့် တူနေသော်လည်း အတွင်းဘက်ရှိ အပြင်အဆင်မှာမူ အလွန် သပ်ရပ်လှပနေပေသည်။ အတွင်းတွင် ကျောက်ဆောင်တုများ၊ ရေစီးကြောင်းများ၊ အေးချမ်းတိတ်ဆိတ်သော ဝါးရုံတောငယ်လေး တစ်ခုနှင့် ထူးဆန်းသော ကျောက်တုံးများ ရှိနေပြီး ရေထဲရှိ ငါးလေးများမှာလည်း ပျော်ရွှင်စွာ ကူးခတ်နေကြ၏။
ကျောက်စရစ်ခင်းထားသော လမ်းလေးမှာလည်း အလွန် သန့်ရှင်းနေပြီး ပေါင်းပင်တစ်ပင်မျှ ပေါက်မနေချေ။ အိမ်ထောင့်များတွင် ပင့်ကူအိမ်များ မရှိသလို မြေပြင်ပေါ်တွင် သစ်ရွက်ကြွေ တစ်ရွက်မျှပင် မရှိဘဲ နေ့စဉ် ဤနေရာကို လာရောက် သန့်ရှင်းရေး လုပ်နေသူရှိသည့်အလား ဖြစ်နေသည်။
သို့သော် ၎င်းတို့ စုံစမ်းမေးမြန်းခဲ့သော အိမ်နီးချင်းများ၏ အဆိုအရ ဤနေရာသို့ မည်သူမျှ လာရောက်လေ့ မရှိကြောင်း သိထားရ၏။ ဆိုလိုသည်မှာ ဤအိမ်ကြီးတွင် လျှို့ဝှက်ချက်တစ်ခု ရှိနေပြီး လျှို့ဝှက်လမ်းတစ်ခု ဖုံးကွယ်ထားခြင်း ဖြစ်ရမည်။
ရှန်းရှစ်ရွှီနှင့် ရှောင်ကျင့်ယိတို့က လူခွဲကာ လိုက်ရှာကြသည်။ ရှန်းရှစ်ရွှီက ဘယ်ဘက်ခြမ်းရှိ အိမ်တန်းကို တာဝန်ယူပြီး ရှောင်ကျင့်ယိက ညာဘက်ခြမ်းကို တာဝန်ယူလိုက်၏။
ဘယ်ဘက်ခြမ်းရှိ အိမ်တန်းမှာ တစ်ခန်းနှင့်တစ်ခန်း ဆက်နေပြီး အစေခံများ နေထိုင်သည့် နေရာနှင့် တူနေသည်။ အခန်းများမှာ သိပ်မကျယ်ဝန်းသော်လည်း ကုတင်ပေါ်တွင် ပန်းရောင်၊ ခရမ်းရောင်နှင့် အနီဖျော့ရောင် ခြင်ထောင်များ ချိတ်ဆွဲထား၏။ အခန်းတိုင်းတွင် မိတ်ကပ်လိမ်းသည့် စားပွဲတစ်ခုစီ ရှိနေပြီး ထိုစားပွဲများပေါ်တွင် ဖွင့်ထားကာ သုံးစွဲထားပြီးဖြစ်သော အလှပြင်ပစ္စည်းများ ရှိနေသည်။
ရှောင်ကျင့်ယိ သွားရောက်စစ်ဆေးသော ညာဘက်ခြမ်းရှိ အခန်းများမှာ ရှန်းရှစ်ရွှီဘက်ရှိ အခန်းများထက် အနည်းငယ် ပို၍ ကျယ်ဝန်းသည်။ ဘယ်ဘက်အိမ်ရှိ အပြင်အဆင်များအပြင် ရေချိုးစည်ပိုင်းများ၊ အခန်းကန့် ကာဗာများနှင့် အနားယူရန် ပျော့ပျောင်းသော ဆိုဖာကုတင်တစ်ခုပါ ပိုနေသေး၏။
ဤပစ္စည်းများမှလွဲ၍ ၎င်းတို့က အခန်းထဲတွင် မည်သည့် လျှို့ဝှက်လမ်းပေါက်ကိုမျှ ရှာမတွေ့ခဲ့ကြချေ။ လူနှစ်ဦးစလုံးသည် ဘာမျှ မရလိုက်ဘဲ မိမိတို့ တာဝန်ယူထားသော နေရာများမှ ပြန်ထွက်လာခဲ့ကြသည်။
ရှန်းရှစ်ရွှီ၏ ကိုယ်ပေါ်တွင် ဖုန်အချို့ ကပ်နေ၏။ ၎င်းမှာ လျှို့ဝှက်လမ်းပေါက်က ကုတင်အောက်တွင်များ ရှိနေမလားဟု တွေးကာ ကုတင်အောက်သို့ ဝင်ကြည့်ခဲ့ခြင်းကြောင့် ဖြစ်သည်။ ရလဒ်အနေဖြင့် ကုတင်အောက်တွင် ဘာမှ မရှိသည့်အပြင် တစ်ကိုယ်လုံး ဖုန်များသာ ပေကျံသွားခဲ့သည်။
ရှန်းရှစ်ရွှီက ကိုယ်ပေါ်ရှိ ဖုန်များကို ခါထုတ်လိုက်ပြီး ရှောင်ကျင့်ယိ၏ အေးစက်နေသော မျက်နှာကို ကြည့်ကာ သူ့ဘက်တွင်လည်း ဘာမှ ရှာမတွေ့ခဲ့ကြောင်း နားလည်လိုက်၏။
” တကယ် ထူးဆန်းတာပဲ… အခန်းထဲက အလှပြင်ပစ္စည်းတွေကို လူသုံးထားတဲ့ အရိပ်အယောင်တွေ ရှိနေရဲ့သားနဲ့ ဘာလို့ ဒီအိမ်ထဲမှာ လူတစ်ယောက်မှ မရှိရတာလဲ… လျှို့ဝှက်လမ်းပေါက်ကိုတောင် ရှာမတွေ့ဘူး…”
” ကျွန်တော် ကုတင်အောက်ထဲထိတောင် ဝင်ကြည့်သေးတယ်… ဘာမှကို မတွေ့တာ… အဲ့ဒီ အလှပြင်ပစ္စည်းတွေကို သုံးထားတဲ့ အရိပ်အယောင်တွေသာ တကယ်မရှိဘူးဆိုရင် ကျွန်တော် ခန့်မှန်းတာများ မှားသွားတာလားလို့တောင် သံသယဝင်မိမှာ…”
ရှန်းရှစ်ရွှီမှာ အလွန် ထူးဆန်းနေသည်ဟု ခံစားနေရပြီး ထိုထူးဆန်းမှုကြောင့် ရှောင်ကျင့်ယိ၏ ရှေ့တွင် မိမိကိုယ်ကို အောက်ကျို့သော အသုံးအနှုန်းများ သုံးရန်ပင် မေ့လျော့သွားခဲ့၏။ ကံကောင်းထောက်မစွာဖြင့် ရှောင်ကျင့်ယိက ဤသည်ကို ဂရုမစိုက်ချေ။
ရှန်းရှစ်ရွှီကိုယ်တိုင်သာ သတိဝင်လာပြီး ချက်ချင်း အရိုအသေပေးကာ တောင်းပန်လိုက်သည်။
” တောင်းပန်ပါတယ် မင်းသား… ကျွန်တော်မျိုး ရိုင်းစိုင်းသွားမိပြီ… မင်းသားက ခွင့်လွှတ်ပေးဖို့ မျှော်လင့်ပါတယ်…”
ရှောင်ကျင့်ယိမှာ သူ ခါးညွှတ်ကာ အရိုအသေပေးနေသည့် ပုံစံကို ကြည့်ပြီး အလွန် မျက်စိနောက်နေမိသည်။ ခုနက သူနှင့်အတူ ပေါ့ပေါ့ပါးပါး ညည်းတွားနေခဲ့သော ရှန်းရှစ်ရွှီလောက် အသက်ဝင်မှု မရှိဟု ခံစားရ၏။
သူက လက်တစ်ဖက် ဆန့်ထုတ်ကာ ရှန်းရှစ်ရွှီကို ဆွဲထူလိုက်သည်။ အမတ်တစ်ဦး၏ အခွံထဲတွင် ပုန်းအောင်းနေသော ရှန်းရှစ်ရွှီကို ကြည့်ကာ မျှော်လင့်ချက် အနည်းငယ် ပါဝင်နေသော အသံဖြင့် ပြောလိုက်သည်။
” ငါ့ရှေ့မှာ မင်း အဲ့ဒီလောက်ထိ ယဉ်ကျေးနေစရာ မလိုပါဘူး… ငါက သူငယ်ချင်း တော်တော်ရှားတဲ့ လူတစ်ယောက်… ငါနဲ့ စကားပြောနိုင်တာဆိုလို့ ငါ့အစ်ကိုကြီးကလွဲရင် ဘယ်သူမှ သိပ်မရှိဘူး…”
” မင်းက လူကောင်းတစ်ယောက်လို့ ငါထင်တယ်… အရည်အချင်းလည်း တော်တော်ရှိတယ်… ဒါကြောင့် မင်းနဲ့ သူငယ်ချင်း ဖွဲ့ချင်တယ်… ရနိုင်မလား…”
ရှောင်ကျင့်ယိမှာ အလွန် ရိုးသားပွင့်လင်းနေပြီး ယခု ရှန်းရှစ်ရွှီနှင့် စကားပြောချိန်တွင် သူ၏ မင်းသားအသုံးအနှုန်းများကိုပင် ဖယ်ရှားထားခဲ့သည်။ ရှန်းရှစ်ရွှီမှာ မူလကတည်းက ၂၁ ရာစု၏ ပညာရေးကို သင်ကြားခဲ့သူဖြစ်ပြီး ထိုခေတ်တွင် လူသားအားလုံး တန်းတူညီမျှမှုကိုသာ အလေးထား၏။
တာ့ချန်မင်းဆက်သို့ ရောက်လာပြီးနောက် ဤနေရာသည် ပဒေသရာဇ်စနစ်ဖြစ်ကြောင်း မိမိကိုယ်ကို အမြဲတမ်း သတိပေးနေခဲ့သော်လည်း သူ၏ အရိုးထဲတွင်မူ ယခင်က ရှန်းရှစ်ရွှီသာ ဖြစ်နေဆဲပင် ဖြစ်သည်။
ထို့ကြောင့် ရှောင်ကျင့်ယိ၏ သူငယ်ချင်းဖွဲ့ရန် ဖိတ်ခေါ်မှုကို အလွယ်တကူပင် လက်ခံလိုက်၏။
” မင်းသားက ဒီလိုပြောလာမှတော့ ကျွန်တော်လည်း အားနာမနေတော့ဘူးနော်…”
ပြန်လည် တက်ကြွလန်းဆန်းလာသော ရှန်းရှစ်ရွှီကို ကြည့်ပြီး ရှောင်ကျင့်ယိ၏ နှုတ်ခမ်းထောင့်များက အနည်းငယ် မြင့်တက်သွားခဲ့သော်လည်း ရှန်းရှစ်ရွှီ မသိလိုက်ခင်မှာပင် ချက်ချင်း ပြန်လည် ဖြောင့်တန်းသွားခဲ့သည်။
ရှန်းရှစ်ရွှီက သူ့လက်ပေါ်ရှိ ဖုန်များကို ကြည့်ကာ ဆေးကြောချင်သွားသဖြင့် ရေကန်ဘေးသို့ သွားကာ ဆောင့်ကြောင့်ထိုင်ပြီး ရေအနည်းငယ် ခပ်ကာ ဆေးကြောလိုက်၏။
ရေကန်ဘေးတွင် ကျောက်ဆောင်တု ရှိနေသည်။ ရှန်းရှစ်ရွှီက လက်ကို သန့်စင်အောင် ဆေးကြောပြီးနောက် ကိုယ်ပေါ်တွင် အမြဲဆောင်ထားသော လက်ကိုင်ပုဝါကို ထုတ်ကာ လက်သုတ်လိုက်ချိန်တွင် ကျောက်ဆောင်တုက တစ်ခုခု မူမမှန်ဖြစ်နေသည်ကို ရုတ်တရက် သတိထားမိသွား၏။
ခုနက လက်ဆေးနေချိန်တုန်းက သတိမထားမိခဲ့သော်လည်း ဤဘက်တွင် အချိန်ကြာကြာ နေလိုက်ပြီးနောက် မူမမှန်သည်ကို တွေ့ရှိသွားခဲ့သည်။
ကျောက်ဆောင်တုပေါ်တွင် ငှက်တစ်ကောင်မျှ လာရောက် နားခိုခြင်း မရှိသည်မှာ လုံးဝ ယုတ္တိမရှိချေ။
ရှန်းရှစ်ရွှီ၏ အိမ်တွင်လည်း ကျောက်ဆောင်တု ရှိသည်။ ငယ်စဉ်က ဆော့ကစားရင်း ထိုအပေါ်သို့ တက်ခဲ့ဖူးသည်။ ကျောက်ဆောင်တုထဲတွင် ငှက်သိုက် အတော်များများကို တွေ့ခဲ့ကာ ငှက်ဥ အချို့ကိုပင် နှိုက်ယူခဲ့ဖူး၏။
သို့သော် ဤနေရာရှိ ကျောက်ဆောင်တုပေါ်တွင်တော့ ငှက်များ လာနားခြင်း မရှိချေ။ သူက ကျောက်ဆောင်တုအား တစ်ပတ်ပတ်ကြည့်လိုက်ရာ ငှက်သိုက် တစ်ခုမျှပင် မရှိပေ။
ရှန်းရှစ်ရွှီက အရင်က ကြည့်ဖူးခဲ့သော ရုပ်သံဇာတ်လမ်းတွဲများကို သတိရသွားသည်။ အချို့သော လာဘ်စားသည့် အမတ်များက ကျောက်ဆောင်တုကို အခေါင်းပေါက်ဖြစ်အောင် တူးကာ သူတို့ လာဘ်စားထားသော ရွှေငွေရတနာများကို ထိုအထဲတွင် ဖုံးကွယ်ထားတတ်ကြ၏။
ဒါဆိုရင် ကျောက်ဆောင်တုကို လျှို့ဝှက်လမ်းပေါက်အဖြစ် အသုံးပြုထားမယ်ဆိုရင်ကော မဖြစ်နိုင်ဘူးလား?
ရှန်းရှစ်ရွှီက ထိုသို့ တွေးမိချိန်တွင် ရှောင်ကျင့်ယိအား လက်ယပ်ခေါ်လိုက်သည်။
” မင်းသား… မြန်မြန်လာပါဦး… ကျွန်တော် ဒီမှာ အသစ်ရှာတွေ့ထားတာ ရှိတယ်…”
ရှောင်ကျင့်ယိမှာ သူ ကျောက်ဆောင်တုအား ပတ်ကြည့်နေသည်ကို မြင်ကတည်းက တစ်ခုခု မူမမှန်သည်ကို တွေ့ရှိသွားကြောင်း သိနေပြီး၊ သူ လက်ယပ်ခေါ်ချိန်တွင် ပို၍ မြန်ဆန်သော ခြေလှမ်းများဖြင့် လျှောက်သွားလိုက်၏။
” ဘာဖြစ်လို့လဲ… ဘာရှာတွေ့လို့လဲ…”
” ဒီကျောက်ဆောင်တုက တစ်ခုခု လွဲနေတယ်… အရမ်း သန့်ရှင်းလွန်းနေတယ်… ကျွန်တော့်အိမ်မှာလည်း ကျောက်ဆောင်တု ရှိတယ်… ပုံမှန် ခြံထဲမှာ ဆော့နေရင် ငှက်တွေက ကျောက်ဆောင်တုပေါ်မှာ အမြဲလာနားနေတာ မြင်ရတယ်… ဒါပေမဲ့ ဒီကျောက်ဆောင်တုက ကျွန်တော်တို့ ဝင်လာကတည်းက ငှက်တစ်ကောင်မှ လာနားတာ မတွေ့ရဘူး… ငှက်တွေ မလာအောင်၊ ပြီးတော့ မြွေတွေ ပိုးကောင်တွေ ပုရွက်ဆိတ်တွေ မတက်နိုင်အောင် တစ်ခုခု သုတ်ထားတာ ဖြစ်ရမယ်…”
” ခင်ဗျား ထင်လား… ကျွန်တော်တို့ တစ်ချိန်လုံး လိုက်ရှာနေတဲ့ လျှို့ဝှက်လမ်းပေါက်က ဒီကျောက်ဆောင်တုထဲမှာများ ပုန်းနေမလား…”
ရှောင်ကျင့်ယိကလည်း အနည်းငယ် ဖြစ်နိုင်ချေရှိသည်ဟု ထင်လိုက်သဖြင့် လူနှစ်ဦးက ကျောက်ဆောင်တုအား လိုက်လံစမ်းသပ် ရှာဖွေကြလေသည်။ နောက်ဆုံးတွင် ရှန်းရှစ်ရွှီက ကျောက်ဆောင်တု၏ အဝင်ပေါက်ကို ရှာတွေ့သွားခဲ့၏။
ကျောက်ဆောင်တုပေါ်တွင် အောက်သို့ ဖိချနိုင်သော နေရာတစ်ခု ရှိနေသည်။ ရှန်းရှစ်ရွှီက ဖိချလိုက်ပြီးနောက် ၎င်းတို့၏ အနောက်ရှိ ကျောက်ဆောင်တုက ဖြည်းညင်းစွာ ကွဲဟသွားပြီး လူတစ်ယောက် ဝင်နိုင်လောက်သည့် အဟိုက်တစ်ခု ပေါ်လာခဲ့သည်။
ရှန်းရှစ်ရွှီနှင့် ရှောင်ကျင့်ယိတို့ အချင်းချင်း ကြည့်လိုက်ကြပြီး တစ်ယောက်မျက်လုံးထဲရှိ ဝမ်းမြောက်မှုများကို တစ်ယောက်က မြင်တွေ့လိုက်ရ၏။
ရှောင်ကျင့်ယိက မီးခြစ်ဆံလေးတစ်ခုကို ထုတ်ယူကာ ထိုအဟိုက်ထဲသို့ အရင် ဝင်သွားခဲ့ပြီး ရှန်းရှစ်ရွှီက သူ့နောက်မှ လိုက်သွားခဲ့သည်။ လူနှစ်ဦးစလုံးက ဤလမ်းကြောင်း၏ အဆုံးသတ်တွင် မည်သည့်အရာ ရှိနေမည်ကို သိချင်စိတ် ပြင်းပြနေကြ၏။
သို့သော် အဆုံးသတ်ရှိ အခြေ
အနေကို မြင်လိုက်ရပြီးနောက်တွင်မူ လူနှစ်ဦးစလုံးမှာ အလွန်တရာ တုန်လှုပ်သွားကြတော့သည်။
Chapter 8 ended