Chapter 8
လေးလံသော သံတုတ်များက အသားပေါ်သို့ ရိုက်ချလိုက်သံနှင့်အတူ အရိုးများ ကျိုးကြေသွားသည့် တဖျပ်ဖျပ်မြည်သံများက အော်ဟစ်သံများကြားတွင် ရောနှောထွက်ပေါ်လာသည်ကို ချန်နော့ ကြားလိုက်ရသည်။ ဤအသံများကြောင့် သူ၏ ဦးရေပြားများပင် ထုံကျင်သွားသော်လည်း မည်သို့ တုံ့ပြန်ရမည်ကို မသိတော့ချေ။
လျိုကွမ်မှာ ဒေါသမပြေသေးဘဲ ကျူလျိုကို ခြေထောက်ဖြင့် တစ်ချက်ကန်၍ လှန်လိုက်ပြီး သူ၏ မြက်ဖိနပ်ဖြင့် ကျူလျို၏ မျက်နှာကို ဖိနင်းထားကာ ဆဲရေးလိုက်၏။
” မင်းအဘိုးက မေးနေတယ်လေ… ဆွံ့အသွားတာလား?…”
ကျူလျိုမှာ အဆက်မပြတ် တိုးတိုးလေး အော်ဟစ်နေပြီး ပါးစပ်ထဲရှိ သွေးများက ရွှံ့များနှင့် ရောနှောကာ မေးစေ့နှင့် လည်ပင်းများတွင် ကပ်နေသဖြင့် အမှန်တကယ်ပင် သနားစရာ အကောင်းဆုံး အခြေအနေသို့ ရောက်ရှိနေ၏။
သူက လက်ကို ဆန့်ကာ ခန္ဓာကိုယ်ကို ထောက်၍ မတ်တပ်ရပ်ရန် ကြိုးစားလိုက်သော်လည်း လျိုကွမ်က သံတုတ်တစ်ချောင်းကို မြှောက်၍ ရိုက်ချလိုက်ပြီး သူ၏ လက်ကောက်ဝတ်တစ်ခုကိုပါ ထပ်မံချိုးပစ်လိုက်သည်။
ကျူလျိုမှာ အလွန်နာကျင်သွားပြီး အော်ဟစ်ကာ ဒေါသတကြီး ဆဲရေးလိုက်၏။
” မင်း!… သောက်ခွေးမသား! ငါ့ကို လုပ်ရဲတယ်ပေါ့! ငါက လန်ယွဲ့တောင်ယာကကွ… ငါတို့ တောင်ယာခေါင်းဆောင်က ဘယ်သူလဲဆိုတာ မင်း သိလား? … အား!…”
သူ စကားပင် မဆုံးသေးမီ လျိုကွမ်က လက်ထဲရှိ သံတုတ်များကို ပစ်ချကာ သူ၏ ကောင်းမွန်နေသေးသော လက်မောင်းကို ဆွဲ၍ နောက်သို့ ချိုးပစ်လိုက်ရာ ‘ဂျွတ်’ ခနဲ အသံထွက်ပေါ်လာပြီး ကျူလျို၏ထိုလက်မောင်းလည်း ကျိုးသွားခဲ့၏။ သူ့မှာ နာကျင်လွန်းသဖြင့် မျက်စိရှေ့တွင် အကြိမ်ကြိမ် မှောင်မိုက်သွားပြီး သတိလစ်မတတ်ပင် ဖြစ်သွားခဲ့သည်။
လျိုကွမ်မှာ တစ်သက်လုံးတွင် အခြားသူများက သူ့ကို ဆဲရေးစော်ကားခြင်းကို အမုန်းဆုံးဖြစ်ပြီး ‘ခွေးမသား’ ဟူသော စကားလုံးများကို ကြားလိုက်ရသောအခါ ရင်ထဲတွင် ပို၍ပင် ဒေါသထွက်လာခဲ့၏။ ဤနေရာရှိ ဒေသခံတစ်ယောက်အနေဖြင့် ကျူလျိုပြောသော လန်ယွဲ့တောင်ယာကို သူ သေချာပေါက် ကြားဖူးသည်။
ထိုတောင်ယာကို အုပ်ချုပ်သူများမှာ ခေါင်းဆောင်သုံးဦး ဖြစ်သည်။ ပထမခေါင်းဆောင် ရှောင်ချန်၊ ဒုတိယခေါင်းဆောင် ချူယွင်ရွှမ်း၊ တတိယခေါင်းဆောင် မော့တန် တို့ဖြစ်၏။
ဤခေါင်းဆောင်သုံးဦးစလုံးမှာ မြို့စား၏ လက်အောက်ခံ ဂိုဏ်းခွဲများတွင် တပည့်များအဖြစ် နေခဲ့ဖူးကြပြီး တိုက်ခိုက်ရေးစွမ်းရည်များ မြင့်မားရုံသာမက တစ်ယောက်စီတိုင်းတွင် ထူးခြားသော အရည်အချင်းများ ကိုယ်စီရှိကြသည်။ တောင်ယာအတွင်းရှိ အဖွဲ့ဝင်များမှာလည်း ရာနှင့်ချီ၍ ရှိပြီး မိုင်တစ်ရာဝန်းကျင်တွင် အလွန်နာမည်ကြီးလှ၏။
သူက မူလကတည်းက ဤလူနှစ်ယောက်ကို အသက်ရှင်လျက် ထားရန် အစီအစဉ်မရှိခဲ့ပေ။ ယခုဆိုလျှင် မသတ်ဘဲထားဖို့ ပို၍ပင် မဖြစ်နိုင်တော့ချေ။ သို့သော် ကျူလျိုက အနာဂတ်ဇနီးလေးကို အရင်ဆုံး အနိုင်ကျင့်ခဲ့ပြီး နောက်မှ သူ့ကို စော်ကားခဲ့သဖြင့် သူ အလွယ်တကူ သေခွင့်ပေးမည် မဟုတ်ချေ။
သူ ကျူလျိုကို သေတာထက် ဆိုးတဲ့ အခြေအနေမျိုး ရောက်အောင် လုပ်ပစ်မယ်…
ချန်နော့က လျိုကွမ်၏ သတ်ဖြတ်လိုပြီး သွေးဆာနေသော မျက်နှာအမူအရာကို ကြည့်ကာ နောက်ဆုံးတွင် တုံ့ပြန်နိုင်သွား၏။ သူက မနေနိုင်တော့ဘဲ နောက်ကွယ်မှနေ၍ လျိုကွမ်၏ လက်မောင်းနှစ်ဖက်ကို အတင်းပြေးဖက်လိုက်ပြီး တတ်နိုင်သမျှ တည်ငြိမ်သော အသံဖြင့် ပြောလိုက်သည်။
” လျိုကွမ်… တော်တော့… သူ့ကို သတ်လိုက်ရုံနဲ့ ပြီးပြီလေ…”
ဤကဲ့သို့သော လူယုတ်မာများမှာ သေသင့်သေထိုက်သူများ ဖြစ်သည်။ အကယ်၍ ကျူလျိုကို လွှတ်ပေးလိုက်ပါက မိမိနှင့် လျိုကွမ်အတွက် အဆုံးအစမရှိသော ပြဿနာများ ယူဆောင်လာမည်မှာ သေချာ၏။
သို့သော် လူသတ်ခြင်းမှာ ခေါင်းဖြတ်ရုံသာ ဖြစ်သည်။ လျိုကွမ်ပြသနေသော ရက်စက်ကြမ်းကြုတ်သည့် အကြည့်များနှင့် နှိပ်စက်သတ်ဖြတ်လိုသော သဘောထားများက သူ့ကို စိုးရိမ်စေသလို ရင်လည်း နာစေသည်။
ဒီကလေးက ဘာတွေများ ကြုံတွေ့ခဲ့ရလို့ ဒီလိုစရိုက်မျိုး ရှိနေရတာလဲ?
လျိုကွမ်၏ ကျောပြင်မှာ ချက်ချင်း တောင့်တင်းသွားပြီး စိတ်ထဲတွင် အပြစ်ရှိသလို ခံစားလိုက်ရ၏။
ဒုက္ခပါပဲ! ဇနီးလေး ရှိနေတာကို ငါ လုံးဝ မေ့သွားတယ်!
အမများမှာ အမြဲတမ်း အထီးများထက် ပို၍ ကြောက်တတ်ကြပြီး ချန်နော့မှာလည်း ငယ်စဉ်ကတည်းက ၎င်းတို့နှင့်အတူ ကြီးပြင်းလာခဲ့သူ မဟုတ်သဖြင့် လန့်သွားမည်မှာ သေချာ၏။
သူ၏ ကျောပြင်တွင် ကပ်နေသော နှလုံးခုန်သံကို သူ ခံစားလိုက်ရ၏။ တစ်ဒုတ်ဒုတ်နှင့် အလွန်မြန်ဆန်နေ၏။ထို့နောက် သူ နောက်ထပ်အရာတစ်ခုကို ချက်ချင်း သတိပြုမိသွားသည်။၎င်းက ချန်နော့က သူ့ကို တင်းကျပ်စွာ ဖက်ထားခြင်းပင်။
လျိုကွမ်က သူ၏ ရင်ဘတ်ပေါ်တွင် တင်းကျပ်စွာ ဖက်ထားသော လှပပြီး သွယ်လျသည့် လက်နှစ်ဖက်ကို အံ့အားသင့်စွာ ငုံ့ကြည့်လိုက်သည်။ သူ့မျက်လုံးထဲရှိ ရက်စက်မှုများမှာ တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး မျက်နှာမှာမူ တဖြည်းဖြည်း ပို၍ နီရဲလာကာ အနည်းငယ်ပင် နေရခက်လာခဲ့၏။
ဤရက်များအတွင်း မနက်လင်းတိုင်း မျက်လုံးဖွင့်လိုက်သည်နှင့် အနာဂတ်ဇနီးလေးနှင့် အိပ်ရာတစ်ခုတည်း အတူအိပ်ရသည်ကို သူ မနည်းအသားကျနေပြီ ဖြစ်သော်လည်း နေ့ခင်းကြောင်တောင် အခြားသူများရှေ့တွင် ဤကဲ့သို့ ဖက်ထားခြင်းမှာ ပထမဆုံးအကြိမ်ပင် ဖြစ်သည်။
သူ စိတ်ထဲတွင် နေရခက်နေသော်လည်း မည်သည့်အတွက်ကြောင့်မှန်းမသိဘဲ ရုန်းထွက်ရန် နှမြောနေမိ၏။ နေ့စဉ် သန့်ရှင်းရေး လုပ်နေသောကြောင့်လား မသိပေ။ ချန်နော့မှာ အခြားသူများနှင့် မတူဘဲ ကိုယ်ပေါ်တွင် အမြဲတမ်း လန်းဆန်းသော အနံ့လေး ရှိနေသဖြင့် သူက နှုတ်မှ မပြောသော်လည်း စိတ်ထဲတွင် အလွန်သဘောကျနေသည်။
ချန်နော့က သူ့အား မျက်နှာသစ်ရန်၊ ခြေထောက်ဆေးရန်နှင့် သွားတိုက်ရန် အမြဲတမ်း အဘယ်ကြောင့် အတင်းအကျပ် ခိုင်းစေနေသည်ကို သူ အနည်းငယ် နားလည်လာခဲ့၏။
အဲ့ဒါက အတော်လေး ကောင်းပါတယ်…
ချောင်ထိုးနှင့် အခြားသူများက လျိုကွမ်၏ နီရဲနေသော နားရွက်များကို နားမလည်နိုင်စွာ ကြည့်နေကြပြီး ချောင်ထိုးက တွေဝေစွာဖြင့် မေးလိုက်သည်။
” ကွမ်ကော… မလုပ်တော့ဘူးလား?…”
” လုပ်စရာလားကွ!…”
လျိုကွမ်က နှမြောတသဖြစ်စွာဖြင့် ချန်နော့၏ လက်များထဲမှ ရုန်းထွက်လိုက်ပြီး ကျူလျိုကို ခွေးသေတစ်ကောင်ကဲ့သို့ ဘေးသို့ ကန်ထုတ်လိုက်ကာ ထိုကလေး သုံးယောက်ကို အမိန့်ပေးလိုက်၏။
” ဒီလူနှစ်ယောက်ကို တောထဲ ဆွဲသွားပြီး တွင်းတူးမြှုပ်လိုက်… သပ်သပ်ရပ်ရပ် လုပ်ခဲ့…”
လျိုကွမ်၏ နေရခက်နေသော မျက်နှာအမူအရာကို နားမလည်သော်လည်း ကလေး သုံးယောက်မှာ အမြန်လှုပ်ရှားကြတော့၏။ ချန်ချွန်းက အားကြီးသဖြင့် ရှန်ဝူကို ဆွဲကာ၊ ချောင်ထိုးနှင့် ကျင်းယွီဆိုသော နောက်ကလေးတစ်ယောက်က ကျူလျိုကို လက်တစ်ဖက်စီ ဆွဲလိုက်ကြသည်။ လူအနည်းငယ်မှာ မြက်ခင်းပြင်ထဲသို့ လျင်မြန်စွာ ပျောက်ကွယ်သွားကြတော့၏။
ရှန်ဝူမှာ လုံးဝ သတိလစ်နေပြီ ဖြစ်သော်လည်း ကျူလျိုမှာမူ သတိအနည်းငယ် ကျန်ရှိနေသေးသဖြင့် ကြောက်လန့်တကြား အသနားခံနေ၏။ ချန်ချွန်းက သူ့အသံကို ဆူညံသည်ဟု ထင်သဖြင့် ကျောက်ခဲတစ်လုံးကို ကောက်ယူကာ ကျူလျို၏ ရှေ့သွား နှစ်ချောင်း ကျိုးသွားသည်အထိ ရိုက်ချလိုက်ရာ ပါးစပ်တစ်ခုလုံး သွေးများ ထွက်လာတော့သည်။ ကျူလျိုမှာ ထပ်၍ မအော်နိုင်တော့ဘဲ တိုးတိုးလေးသာ ညည်းတွားနေနိုင်တော့၏။
လျိုကွမ်က ချန်ချွန်းကို တစ်ချက်ဆဲလိုက်ပြီးနောက် တုန်လှုပ်စွာဖြင့် ချန်နော့ဘက်လှည့်ကြည့်ကာ မဝံ့မရဲ မေးလိုက်သည်။
” ဇနီး… ချန်နော့ မင်း ကြောက်သွားလား?…”
ချန်နော့က မြေကြီးတူးနေသော အသံများကို ခပ်ရေးရေး ကြားနေရပြီး တောထဲရှိ ထိုကလေးသုံးယောက်၏ လှုပ်ရှားမှုများကို ရှင်းလင်းစွာ မြင်ယောင်နေနိုင်၏။ သူက အတင်းပြုံးကာ ပြောလိုက်သည်။
” ဟင့်အင်း…”
တရုတ်ပြည်တွင် ဥပဒေကို လေးစားလိုက်နာပြီး တစ်ခါတစ်ရံ ပညာသင်ဆုပင် ရဖူးသော ကျောင်းသားတစ်ယောက်အတွက် ယခု သူ၏ စိတ်အခြေအနေမှာ အလွန်ရှုပ်ထွေးနေ၏။
လူငယ်အရွယ်သွေးဆူနေချိန်တွင် ငွေလုသော လူမိုက်လေးများနှင့် ပြင်းပြင်းထန်ထန် ရန်ဖြစ်ဖူးပြီး နှာခေါင်းသွေးများ ယိုထွက်လာသည်အထိ အရိုက်ခံခဲ့ရဖူးသော်လည်း ယခု အခြေအနေနှင့် လုံးဝ မတူညီချေ။
ထိုလူနှစ်ယောက်၏ အပြုအမူများက ၎င်းတို့၏ လက်တွင် လူ့အသက်များစွာ ရှိနေကြောင်း ဖော်ပြနေသည်။ အထူးသဖြင့် အရွယ်မရောက်သေးသော ကလေးများအပေါ်၌ပင် ယုတ်မာသော စိတ်ကူးရှိသည့် ကျူလျိုမှာ သေသင့်သေထိုက်သူ ဖြစ်ပြီး ဤကမ္ဘာတွင်လည်း ၎င်းတို့ကို အပြစ်ပေးမည့် ဥပဒေ မရှိချေ။ ဤလူနှစ်ယောက်ကို မဖယ်ရှားပါက ၎င်းတို့အတွက်လည်း အဆုံးအစမရှိသော ပြဿနာများ ဖြစ်လာမည်မှာ အမှန်ပင်။
သို့သော် မျက်စိရှေ့တွင် အသက်နှစ်ချောင်း တဖြည်းဖြည်း ပျောက်ကွယ်သွားသည်ကို သိနေရခြင်းက အလွန်ထူးဆန်းသော ခံစားချက်ကို ဖြစ်ပေါ်စေပြီး ထိုလူများ မြေကြီးထဲသို့ မြှုပ်နှံခံရမည့် အခြေအနေကို တွေးကြည့်လိုက်ရုံဖြင့် အလိုအလျောက် ကြက်သီးထလာမိ၏။
လျိုကွမ်သာ အမှန်တကယ် မစွမ်းဆောင်နိုင်ခဲ့ပါက မိမိနှင့် ထိုကလေးများ မည်သို့ ဖြစ်သွားမည်နည်း… ဤသည်မှာ ထင်ရှားသော အမှန်တရားပင် ဖြစ်သည်။
ဤသို့သော မသက်မသာ ခံစားချက်များကို လျော့ပါးသွားအောင် သင်ယူရမည်ဖြစ်ကြောင်း ချန်နော့ သိထား၏။
လျိုကွမ်မှာ လူများကို မည်သို့ နှစ်သိမ့်ရမည်ကို ကောင်းစွာ မသိပေ။ ချန်နော့၏ မျက်နှာမှာ တစ်ခါဖြူလိုက် တစ်ခါနီလိုက် ဖြစ်နေသည်ကို ကြည့်ကာ လျိုကွမ်သည် ချန်နော့ လန့်သွားသည်ဟုသာ ထင်သဖြင့် တွန့်ဆုတ်တွန့်ဆုတ်ဖြင့် အနီးသို့ တိုးသွားကာ တိုးတိုးလေး ပြောလိုက်သည်။
” မင်း မကြောက်ပါနဲ့… ငါ မင်းကို ကာကွယ်ပေးမှာပါ…”
နောက်ဆိုရင် အနာဂတ်ဇနီးလေးရှေ့မှာ ဒီလောက် မကြမ်းတမ်းတော့ဘူး… လူသတ်မယ်ဆိုရင်လည်း သူ့ကို ကွယ်ပြီးမှ သတ်ရမယ်…
ချန်နော့က ထိုကျောက်စိမ်းကဲ့သို့ ကြည်လင်နေသော မျက်လုံးများကို ကြည့်လိုက်ရာ ထိုအထဲတွင် ယခုအခါ ရှောင်လွှဲမှုများနှင့် နေရခက်မှုများ၊ ထို့အပြင် စစ်မှန်သော ဂရုစိုက်မှုများ ပါဝင်နေသည်ကို တွေ့လိုက်ရသောအခါ သူ၏ ရင်ထဲရှိ လေးလံကာ အသက်ရှူကျပ်နေသော ခံစားချက်များသည် နောက်ဆုံးတွင် အနည်းငယ် ပေါ့ပါးသွားခဲ့၏။
သူ ၎င်းတို့ကို အနည်းငယ် သတိပြုမိရပေမည်။ သူ မနှစ်သက်သော်ငြားလည်းပေါ့။
ဤကလေးများမှာ ရက်စက်ကြမ်းကြုတ်သော လူဆိုးလူမိုက်လေးများ မဟုတ်ဘဲ လူသားတို့၏ ပုံမှန်ခံစားချက်များ ရှိသူများ ဖြစ်သည်။
သူက လျိုကွမ်ကို ပြုံးပြကာ ပြောလိုက်၏။
” အင်း… ငါ မကြောက်ပါဘူး…”
ချောင်ထိုးနှင့် အခြားသူများ တောထဲမှ ထွက်လာသောအခါ လျိုကွမ်က သတိဖြင့် မြက်ခင်းထဲသို့ ဝင်ရောက်ကာ ထပ်မံအတည်ပြုလိုက်၏။ အမှန်တကယ်ပင် သေချာစွာ မြှုပ်နှံထားပြီး လက်နက်များကိုလည်း ၎င်းတို့နှင့်အတူ ထည့်မြှုပ်ထားခဲ့သည်။
မမြှုပ်နှံမီ ထိုလူနှစ်ယောက်ကို ရှာဖွေခဲ့ရာ ၎င်းတို့ထံတွင် ကောင်းမွန်သော ပစ္စည်းအများအပြား ပါလာခဲ့သည်။ ရှန်ဝူ၏ ကိုယ်ပေါ်တွင် တန်ဖိုးကြီးသော ပစ္စည်းသိမ်းအိတ်တစ်ခုပင် ရှိပြီး အတွင်း၌ ငွေကြေးနှင့် ရိက္ခာအများအပြား ရှိနေကာ နှစ်ပေါင်းများစွာ လုယက်ထားသော စုဆောင်းငွေများ ဖြစ်မည်ဟု ခန့်မှန်းရ၏။
ချောင်ထိုးက ဝမ်းသာအားရဖြင့် ယူလာကာ လျိုကွမ်ကို ပေးလိုက်သော်လည်း လျိုကွမ်က တစ်ချက်သာ ကြည့်ပြီးနောက် နက်ရှိုင်းသော လျှိုမြောင်ထဲသို့ ဝေးဝေးပစ်ချလိုက်ကာ ဆဲရေးလိုက်သည်။
” သောက်ရူး… အကျိုးအမြတ် သေးသေးလေးကြောင့် မျက်လုံးမကန်းစေနဲ့… မဟုတ်ရင် ဒုက္ခကြီး မျက်စိရှေ့ရောက်လာတာတောင် သိမှာ မဟုတ်ဘူး…”
ချောင်ထိုးနှင့် ကျင်းယွီတို့မှာ တောင်အောက်သို့ နှမြောတသစွာ လှမ်းကြည့်နေကြသော်လည်း ဘာမှ မပြောရဲကြချေ။ ချန်ချွန်းတစ်ယောက်သာလျှင် မျက်လွှာချထား၏။
ချန်နော့မှာ အလွန်အံ့သြသွားခဲ့သည်။ ကြည့်ရသည်မှာ လျိုကွမ်က အမှန်တကယ်ပင် အမြော်အမြင်နည်းပါးသော ကလေးတစ်ယောက် မဟုတ်ပေ။ ဤကဲ့သို့ ခက်ခဲကြမ်းတမ်းသော အခြေအနေတွင် နေထိုင်ရသော်လည်း ဤပစ္စည်းဥစ္စာများကို ပြတ်သားစွာ စွန့်လွှတ်နိုင်ခြင်းမှာ လူကြီးများစွာနှင့်ပင် မယှဉ်နိုင်ချေ။
ချန်နော့၏ ချီးကျူးနေသော အကြည့်ကို သတိပြုမိသောအခါ လျိုကွမ်က မလုံမလဲဖြင့် သူ၏ ဝါးခြင်းတောင်းကို လွယ်ကာ ပြေ
ာလိုက်၏။
” သွားမယ်… ဘာလို့ ငေးပြီး ရပ်နေသေးတာလဲ? အပြင်မှာ နောက်တစ်ည ထပ်အိပ်ချင်သေးလို့လား?…”
Chapter 8 ended