Little Creampie:
Chapter 11
ထိုည၌ပင် ညစာစားပွဲ၌ နံရိုးခေါက်ဆွဲပူပူလေးတစ်ပွဲရှိနေသည်။
ခေါက်ဆွဲသားသည် နူးအိပျော့ပျောင်းနေပြီး ဝက်နံရိုးများကအစ နူးညံ့ပြီး အရသာရှိကာ ရွှေပြောင်းဖူးအစိတ်များဖြင့် အနည်းငယ်ရောထည့်ကာ ပြုတ်ထားသည်။ ရှရှင်းချီ တကိုက် ကိုက်လိုက်ပြီးသည်နှင့် သူ့စိတ်ဝိညာဉ်တစ်ခုလုံး လိုအင်ဆန္ဒများပြည့်ဝသွားလျက် ပြီးပြည့်စုံသွားသလို ခံစားလိုက်ရသည်။
တကယ်ပျော်လွန်းသည်။ သူသည် ဗီလိန်၏ ဖမ်းဆီးသတ်ဖြတ်ခြင်းကို ခံရတော့မည်ဆိုလျှင်ပင်၊ ဗိုက်ဝနေသော တစ္ဆေလေးဖြစ်သွားပေလိမ့်မည်။
စေ့စပ်ပွဲညစာ၏ အတက်အကျသည် များလွန်းသဖြင့် သူ ဘာမှမစားနိုင်တော့ပေ။ ဤအခိုက်အတန့်တွင် ခေါက်ဆွဲပန်းကန်အပြည့်စားပြီးနောက် နောက်ဆုံးတွင် သူသည် ကျေနပ်စွာဖြင့် သူ၏တူချောင်းများကို သိမ်းလိုက်သည်။
ထမင်းစားပြီးသော်လည်း အန်တီလီကို ကျေးဇူးတင်ကြောင်းပြောဖို့ သူမမေ့ခဲ့ပေ။
“အရမ်းအရသာရှိတယ်၊ ကျေးဇူးပါ အန်တီ!”
ရှရှင်းချီသည် ပေါင်းရသင်းရ ခက်ခဲသောလူတစ်ဦးဖြစ်သော်လည်း သူ့မျက်ဝန်းများကွေးတက်သည်အထိ ရိုးသားစွာ ပြုံးလိုက်သောအခါတွင် အတော်လေး ချစ်ဖို့ကောင်းနေပုံရသည်။
အန်တီလီက ချက်ချင်းပင် ပီတိဖြစ်သွားသည်။
ဤနှစ်များတွင် သူမသည် လီချန်ယွမ်၏ အစားအသောက်နှင့် နေ့စဉ်ဘဝအတွက် တာဝန်ယူခဲ့ရသော်လည်း လီသခင်လေး သည် ငယ်စဉ်ကလေးဘဝကတည်းက အားနည်းခဲ့ပြီး အစာအိမ်လည်း ညံ့ခဲ့သည်။ အစားအသောက် အဆင်မပြေလျှင် ဗိုက်နာတတ်ပြီး နောက်ထပ် ဘာမှစားဖို့ စိတ်မဝင်စားတော့ပေ။
အန်တီလီက သူမရဲ့ ဟင်းချက်နည်းကပဲ သိပ်အရသာမရှိလို့လားဟု၍ သံသယဖြစ်ခဲ့မိပြီး သူ များများစားဖို့ အမြဲမျှော်လင့်နေခဲ့သည်။
မထင်မှတ်ပဲ၊ နောက်ပိုင်းတွင် တစ်ခုခုဖြစ်ပျက်သွားပြီး သူ၏ စိတ်နေစိတ်ထား၊ အပြောအဆို၊ အပြုအမူများ သိသိသာသာ ပြောင်းလဲသွားသည်။ ဤတစ်ကြိမ်တွင်တော့ သူက “သာမာန်” လုံးဝပုံမှန်ပဲ။
အရွက်စိမ်း ၊ အသားအေး ၊ အစပ် စတဲ့ အစားအစာတွေကို တစ်ခုမှ မရှောင်ဘဲ သူ့ခန္ဓာကိုယ်အခြေအနေနှင့် အစာအိမ်ကိုဂရုမစိုက်ဘဲ သူစားချင်စိတ်ရှိသမျှ အကုန်စားခဲ့သည်။
စံအိမ်ဟောင်းမှ ထွက်ခွာသည့်တိုင်အောင် သူ့နေ့စဥ်အမူအကျင့်များ တဖြည်းဖြည်း တိုးတက်လာသည်။
မည်သို့ပင်ဆိုစေ အန်တီလီသည် ရှရှင်းချီကဲ့သို့ ချောမောကာ အပြောကောင်းသော ကလေးနှင့် တွေ့ဆုံရန် ရှားပါးလှသည်။ ကျန်းမာသော.. အစာစားချင်စိတ်ရှိသော.. စကားချိုသော ထိုကလေးသည် သူမ၏ အချက်အပြုတ်ကျွမ်းကျင်မှုကို ချီးမွမ်းနေသည်ဟု ခံစားရသည်။
သူမက ရှရှင်းချီကို စေတနာအပြည့်နဲ့ ကျေနပ်အားရစွာနဲ့ ချက်ခြင်းမေးလိုက်သည်။
” အန်တီ့ဆီမှာ ချက်ပြုတ်နည်းအစုံရှိတယ်။ နောက်ကျရင် ဒီအိမ်မှာတစ်နေ့တမျိုး မရိုးရအောင် အန်တီချက်ကျွေးရမလား”
ဇိမ်ခံပစ္စည်းများနှင့် တည်းခိုခန်းကဲ့သို့နေရာတွင် အခမဲ့နေခွင့် နှင့် အသားစားခွင့်ကြောင့် ရှရှင်းချီ၏ နားရွက်ဖျားလေးမှာ ချက်ချင်းပင် ထောင်သွားသည်။ စိတ်အားထက်သန်စွာ ခေါင်းညိတ်ပြလိုက်ရင်း တစ်ခုတွေးမိသွားကာ ချက်ခြင်းရပ်လိုက်သည်။
နေ့တိုင်း ဒီမှာပဲနေနေ …… ဟမ်..
အစားအစာကို စားမယ့်သူဟာ ငါဖြစ်မှာ သေချာလို့လား ဒါမှမဟုတ် ငါက လီချန်ယွမ် ကျွေးမွေးထားတဲ့ ငါးဟင်းဖြစ်လာမှာများလား။
ရှရှင်းချီက ခေတ္တမျှ တွေဝေသွားပြီး သတိကြီးကြီးဖြင့်မေးလိုက်သည်။
“လီချန်ယွမ်.. သူ”
ပါးစပ်ကို ဟလိုက်သော်လည်း အဆုံးတွင် ဘာမျှမမေးလိုက်မိ။
ဦးလေးတင်းပင်လျှင် လီချန်ယွမ်က သူ့ကို နှစ်သက်ကြောင်း လွဲမှားစွာ နားလည်ထားသောကြောင့် လီချန်ယွမ်၏ စိတ်အားထက်သန်မှုနှင့် ရည်ရွယ်ချက်ကို အန်တီလီမှတဆင့် ရှာတွေ့နိုင်မည်မဟုတ်ကြောင်း သူတွေးခဲ့သည်။
ပန်းကန်တွေကို သပ်သပ်ရပ်ရပ် သိမ်းရင်းနဲ့ အန်တီလီက စိတ်အားထက်သန်စွာ ပြောသည်။
“သခင်လေး စောစောအိပ်ပါ။ သခင်ကြီး မနက်ဖြန် အိမ်မှာရှိမှာမို့လို့ မင်းနိုးတဲ့အချိန်မှ အိပ်ရာက ထလို့ရတယ်”
အိပ်ခန်းကို ကြိုတင်ပြင်ဆင်ထားပြီးဖြစ်ပြီး နေ့စဥ်သုံးဆောင်မှု အမျိုးမျိုးကိုပါ ပြင်ဆင်ထားပြီးဖြစ်သည်။
ရှရှင်းချီသည် ပုံမှန်ဆို စွမ်းအင်အပြည့်ရှိသော်လည်း “အိပ်စက်ခြင်း” ဟူသော စကားလုံးသည် အိပ်ရေးမဝသော ဦးနှောက်ကို လှုပ်ခတ်သွားစေခဲ့သည်။
ပင်ပန်းနွမ်းနယ်မှုကို ခံစားမိသည်နှင့် သူပါးစပ်ဟကာ သန်းလိုက်မိသည်။
အိပ်မက်ယောင်ကာ လမ်းလျှောက်နေသည့်အတိုင်း လှေကားထစ်ကို တစ်ထစ်ချင်းတက်ကာ အပျင်းကြောဆွဲရင်း ရေချိုးပြီးနောက် နွေးထွေးကာ သက်တောင့်သက်သာရှိသော ကုတင်ပေါ်သို့ အမြန်တက်လိုက်သည်။
မေ့လိုက်တော့၊ ကောင်းကင်ကြီးပြိုကျနေရင်တောင်မှ သူ အိပ်ပျော်အောင် အိပ်နိုင်တယ်။ လီချန်ယွမ်က ဘာကောင်ကြီးပဲဖြစ်ချင်နေပါစေ သူ့အိပ်မက်ထဲကိုတော့ ဝင်လာပြီး လာခြောက်လိမ့်မယ်လို့ သူမယုံဘူး။
___
သူပြောမိတာ အရမ်းမြန်လိမ့်မယ်လို့ သူ မမျှော်လင့်ထားခဲ့ပေ။ “ညမှာ တိတ်တိတ်ဆိတ်ဆိတ် ကလေးတွေကို ခြောက်လှန့်စေနိုင်တဲ့ ထိတ်လန့်စရာကောင်းတဲ့ ဗီလိန်ကြီး” က သူ့အိပ်မက်ထဲကို အမှန်တကယ် ဝင်ရောက်လာခဲ့သည်။
ည၏မှောင်ပျပျအချိန်တွင် ရှရှင်းချီ သည် မှိန်းစက်ကာ နိုးတစ်ဝက် မနိုးတဝက်ဖြင့် ထလာသည်။ တစ်ဝက်စီဖွင့်ထားသော ကုလားကာများမှတဆင့် အလင်းအချို့ဝင်လာသည်။
အရမ်းမလင်းပေမယ့် အခန်းအတွင်းပိုင်းကိုမြင်ရလောက်သည်။
ထို့နောက်တွင် လီချန်ယွမ်သည် သူ့ကုတင်ဘေးတွင် ထိုင်နေပြီး သူ့ကို မလှုပ်မယှက် စိုက်ကြည့်နေသည်ကို တွေ့လိုက်ရသည်။
ရှရှင်းချီ – …..
ငါကျိန်ပြောရဲတယ်။ ဘယ်သရဲကားမှ ဒီလောက်ကြောက်ဖို့ကောင်းတဲ့ အဖွင့်ခန်းရှိမှာ မဟုတ်ဘူး။
လီချန်ယွမ်က အနက်ရောင် ညဝတ်အင်္ကျီကို ၀တ်ဆင်ထားသောကြောင့် သူ့မျက်နှာမှာ ပိုဖြူဖျော့သွားသည်။
ခါးပတ်ကို ပေါ့ပေါ့ပါးပါး ချည်ထားပြီး လည်ပင်းကြိုးက အနည်းငယ်ပွင့်နေလျက် လှပသော ကြွက်သားလိုင်းများကို ရှင်းရှင်းလင်းလင်း ပေါ်လွင်စေသည်။
သူ့မျက်နှာမှာ ဘာအမူအရာမှ မရှိဘဲ ရှုပ်ပွနေတဲ့ ဆံစတွေကို နဖူးပေါ် တွဲလောင်းချထားပြီး ပေါ့ပေါ့ပါးပါး ၀တ်ထားပေမယ့် အိပ်မက်ထဲမှာတောင် သူ့ပတ်ဝန်းကျင်က ရောင်ဝါက အရမ်းကြောက်ဖို့ကောင်းနေတုန်းပဲ။
သူတို့နှစ်ယောက် တစ်ယောက်ကိုတစ်ယောက် ခဏအကြာ စိုက်ကြည့်ကြပြီး ရှရှင်းချီ သည် သတိရှိရှိဖြင့် “ထိရောက်သော” အကြံဥာဏ်ကို အမြန်လုပ်ဆောင်ခဲ့သည်။
ခေါင်းကို ကုတင်ပေါ် ချက်ချင်းပြန်ချကာ မျက်လုံးမှိတ်ပြီး ပုန်းနေလိုက်သည်။
သူ့ခေါင်းပေါ်မှ စာသားလေးကတော့ ငါမင်းကို မတွေ့ရသရွေ့ မင်းငါ့ကို မတွေ့နိုင်ဘူးလို့ ပြောနေသည်။
ထို့နောက် သူသည် ရိုးရှင်းစွာ အိပ်ပျော်သွားခဲ့သည်။
____
သူ အတော်ကြာ အိပ်ရေးပျက်ခဲ့တာကြောင့် နောက်နေ့ ရှရှင်းချီ နိုးလာတဲ့အချိန်က မွန်းတည့်နေပြီ။
အပြည့်အဝ အနားယူရတဲ့ ခံစားချက်က အရမ်းကျေနပ်စရာကောင်းပြီး နူးညံ့တဲ့ အိပ်ယာနဲ့ စောင်က သူ့ကို တုနှိုင်းမရတဲ့ ပျော်ရွှင်မှုကို ပေးစွမ်းနေသည်။
“ဒီမှာ တစ်ချိန်လုံးနေရရင်တောင် ကောင်းလိမ့်မယ်” လို့တောင် ခံစားရစေသည်။
ရှရှင်းချီက လန်းဆန်းသွားသလို ခံစားလိုက်ရပြီး အခန်းပြည့် နွေးထွေးတဲ့ ရွှေနေရောင်ခြည်အောက်မှာ သူ့ခါးကို ဆန့်တန်းကာ အပျင်းကြောဆွဲလိုက်သည်။
ရိုးရိုးရှင်းရှင်း သန့်စင်ပြီးနောက် အန်ကယ်တင်း ပေးသော သင့်လျော်သည့် အိမ်အ၀တ်အစားများကို ၀တ်ဆင်လိုက်သည်။ သူ နေ့လည်စာ လွတ်သွားသောကြောင့် အောက်ထပ်သို့ အငမ်းမရ ဆင်းကာ အစာရှာရလေသည်။
အန်တီလီသည် အဝတ်တောင်းကို ကိုင်ထားကာ အဝတ်လျှော်ရန် ပြင်ဆင်နေသည်။ မီးဖိုချောင်ထဲကို ခေါင်းစိုက်နေတဲ့သူကိုတွေ့တော့ ပျော်ပျော်ရွှင်ရွှင်မေးလာတော့သည်။
“သခင်လေး နိုးပြီလား။ ညစာတော့ အဆင်သင့်မဖြစ်သေးဘူး၊ ဒါပေမယ့် ဗိုက်ဆာရင် ကျွန်မ သခင်လေးအတွက် ကြက်ဥမုန့်ဖုတ်လေး လုပ်ပေးမယ်လေ။ စားမလား”
ရှရှင်းချီသည် ထိုစကားကိုကြားသောအခါ ချက်ခြင်းခေါင်းညိတ်လိုက်ပြီး အမွှေးရနံ့တစ်ခုမှာ သူ့ကို စွဲဆောင်သွားတော့သည် ။
သူ့အရင်ဘဝတုန်းက ဟင်းသီးဟင်းရွက်၊ ခေါက်ဆွဲ နှင့် ကြက်ဥ အပိုဝယ်ဖို့ပင် တွန့်ဆုတ်နေခဲ့ပြီး ကြက်ဥမုန့်က အကာနဲ့ တခြား အချိုပွဲလေးများကို စားဖို့ရန်ပင် ဝန်လေးခဲ့သည်။
သူ့တွင် အမြဲလိုလို ကလေးတစ်ယောက်ကဲ့သို့ အချိုကြိုက်သော သွားလေးများ ရှိနေသည်။ စွယ်စုံရ ရွှေ့ပြောင်းအလုပ်သမားတစ်ဦးအနေဖြင့် သူသည် အချိုပွဲ အမျိုးမျိုးကို အမှန်တကယ် ဖုတ်နိုင်သည်။
သို့သော် အဲဒါတွေကို ဖုတ်ပြီးနောက်မှာတော့ ဆွဲဆောင်မှုရှိတဲ့ ချိုမြိန်မှုကိုသာ စိုက်ကြည့်နေနိုင်ပြီး တခြားသူတွေ ဝယ်တာကို သာ စောင့်ကြည့်နေနိုင်ခဲ့ရသည်။ မြည်းစမ်းကြည့်နိုင်သည့် အကြိမ်ရေက လက်တစ်ဆုပ်စာလောက်သာ ရှိခဲ့သည်။
အန်တီလီနှင့်အတူ မီးဖိုချောင်ထဲသို့ ပျော်ရွှင်စွာ ဝင်လာချိန်တွင် သူ့မျက်လုံးများသည် အနက်ရောင်ညအိပ်ဝတ်စုံ ထည့်ထားသည့် အဝတ်တောင်းဆီသို့ ရောက်သွားသည်။
ဒါလီချန်ယွမ်၏အင်္ကျီဖြစ်ကြောင်းကို မမေးဘဲ သိနိုင်သည်။
သူဝတ်ထားတာကို မြင်ဖူးသလိုပဲ စတိုင်က အရမ်းရင်းနှီးတယ် …… မေးရမှာက သူဝတ်တာကို ဘယ်တုန်းက မြင်ဖူးပါလိမ့်။
လီချန်ယွမ် မနေ့ညက သူ့အခန်းကို ပြန်ရောက်ချိန်၌ အဖြူရောင်ရှပ်အင်္ကျီကို ၀တ်ဆင်ထားပြီး ရေချိုး အဝတ်လဲပြီးချိန်မှာတောင် သူ့ကို မတွေ့နိုင်တဲ့နေရာသို့ ထွက်သွားခဲ့သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် ထိုထိတ်လန့်ဖွယ်ရုပ်ရှင်နှင့်တူသော အိပ်မက်သည် သူ့မျက်စိရှေ့တွင် ပြန်လည်ပေါ်လာသည်။
ငါ့အိပ်မက်ထဲက လီချန်ယွမ်ရဲ့ အဝတ်အစားစတိုင်နဲ့ အရောင်က ဘာလို့ လာတူနေပါလိမ့်?
သူ့စိတ်ထဲတွင် သွေးအေးစွာ ကြက်သီးထစေသော မေးခွန်းတစ်ခု။ ရှရှင်းချီတစ်ယောက် ရုတ်တရက် တစ်စုံတစ်ခုကို သတိပြုမိသွားပြီး သူ့မျက်နှာပေါ်ရှိ အပြုံးသည် တဖြည်းဖြည်း အေးခဲသွားသည်။
သူ မနေ့ညက ငါ့အခန်းထဲဝင်လာပြီး ငါ့ကုတင်ဘေးမှာ ငါအိပ်နေတာကို ထိုင်ကြည့်နေတာ ဖြစ်နိုင်ပါ့မလား။
**
ရှရှင်းချီသည် ချက်ချင်းပင် အတွဲလိုက် ဖြစ်သော မြင်ကွင်းများကို ကြောက်စရာကောင်းသည့် နောက်ခံတီးလုံးဖြင့် စိတ်ကူးယဉ်မိ၏။
လီချန်ယွမ်က ညလယ်မှာ သူ့အခန်းတံခါးကို တိတ်ဆိတ်စွာ ဖွင့်လိုက်ပြီး အိပ်ရာအစွန်းတွင် ထိုင်လိုက်ကာ မျက်နှာအမူအရာမဲ့စွာဖြင့် သူ့အား စိုက်ကြည့်နေခဲ့၏။
သူသည် ဘယ်လောက်ကြာသွားမှန်းမသိအောင် စိုက်ကြည့်နေခဲ့ရာ ဒီအကြင်နာမဲ့သော အရူးက ဘာတွေတွေးနေသည်ကို မပြောတတ်ပေ။
ရှရှင်းချီ တံတွေးမြိုချလိုက်ကာ တွန့်ဆုတ်စွာ မေးလိုက်လေသည် : “အန်တီလီ၊ ဒါက လီချန်ယွမ် မနေ့ညက ဝတ်တဲ့ ညအိပ်ဝတ်စုံလားဟင်?”
အန်တီလီက သူဘာလို့မေးမှန်း မသိပေ။ အဲ့ဒီတော့ သူမ အတည်ပြုသည့်အနေဖြင့် ခေါင်းသာညိတ်လိုက်၏။
သတိရှိသော ဖြူကောင်လေးကဲ့သို့ သူ့တစ်ကိုယ်လုံးပေါ်တွင် ဆူးများထွက်ပေါ်လာခဲ့သလို ရှရှင်းချီ သိမ့်သိမ့်တုန်သွားခဲ့သည်။
လီချန်ယွမ်က တစ်ပါးသူအပေါ် ယုံမှားသံသယလွန်ကဲမှန်း သူသိပါ၏။ သို့ပေမယ့် ဒီလူဟာ ကြောက်စရာကောင်းလှကာ ထူးဆန်း၍ ညလယ်ကြီးမှာ သူဘယ်လိုအိပ်နေလဲဆိုတာကို အကြောင်းအရင်းမရှိ လာကြည့်လိမ့်မယ်လို့တော့ သူ မမျှော်လင့်ထားခဲ့ပေ။
သို့သော်လည်း အန်တီလီ စိတ်ညစ်စွာ သက်ပြင်းချသည်ကို သူကြားခဲ့လေသည် : “မနေ့ညက ဆရာ နေသိပ်မကောင်းဘူး။ ကျွန်မ အရင်က သူ့ကို ပြောထားတာ သူခေါင်းလောင်းတီးပြီး ကျွန်မကို ခေါ်ရင်ခေါ် ဒါမှမဟုတ်လည်း အခြားတစ်ယောက်ကို အချိန်မရွေးခေါ်နိုင်တယ်လို့။ ဒါပေမယ့် သူက တခြားသူကို မနှောင့်ယှက်ဘဲ ဆေးကို သူ့ဘာသာလိုက်ရှာရတာကိုပဲ ကြိုက်တယ်။”
မနေ့ည သူမ အိပ်ရာထတဲ့အချိန် ဒုတိယထပ်က နံရံကပ်မီးအိမ်မှာ လင်းနေတာကို တွေ့လိုက်ရ၏။ သူမ ထင်တာက သူမ အဲ့ဒါကို ပိတ်ဖို့ မေ့သွားသည်ပေါ့လေ။ သို့ပေမယ့် သူမ အပေါ်ထပ်ကို တက်လိုက်ချိန် လီချန်ယွမ်မှာ ဧည့်ခန်းထဲရှိ ဆေးဗီရိုရှေ့ ဖြူဖပ်ဖြူရော်မျက်နှာနှင့် လက်တစ်ဖက်ကို ရင်ဘတ်ပေါ်တင်လျက် မတ်တပ်ရပ်နေသည်ကို တွေ့လိုက်ရလေသည်။
သူမ ခန့်မှန်းမိသည်မှာ သူဟာ ရင်ဘတ်အောင့်မှုကြောင့် ဆေးသောက်နေခဲ့သည်ပင်။ သူမသာ အဲ့ဒါကို မတွေ့များ မတွေ့ခဲ့ပါက မည်သူကမှ သိမည်မဟုတ်ပေ။
— သူ မနေ့ညက နေမကောင်းဖြစ်နေတယ်?
ဒါကို ကြားပြီးချိန်မှာ ရှရှင်းချီက သူ့ခေါင်းလေးကို အနည်းငယ်စောင်းကာ သူများ မှားနေသလားဟု အံ့ဩခဲ့၏။
နောက်ဆုံးမှာတော့ လီချန်းယွမ်က အလွန်နာမည်ကြီးတဲ့ ဘော့စ်ကြီးပဲလေ။ အဲ့ဒါကြောင့် သူဟာ အမည်မသိလူတစ်ယောက်ကို ခြောက်လှန့်ဖို့အတွက် ညလယ်မှာ ခန္ဓာပိုင်းဆိုင်ရာ မသက်မသာဖြစ်ခြင်းကို အောင့်အီးသည်းခံရတဲ့အထိ ပျင်းနေလိမ့်မည်မဟုတ်ဟု အကျိုးအကြောင်းဆင်ခြင်မိစေသည်။
နောက်ဆုံး ပြန်စဉ်းစားကြည့်ပြီးနောက်တွင် သူ မသင်္ကာသော်လည်း တဟုန်ထိုး ရှေ့တိုးကာ သူ့အား ပြောင်ပြောင်တင်းတင်း မေးခွန်းမထုတ်ရဲခဲ့ပေ။ ထို့ကြောင့် သူသည် နောက်တစ်ခါ မအိပ်မီ ပလန်တစ်ခုခု ချထားရုံကလွဲ အခြားရွေးခဲ့စရာမရှိပေ။
Chapter 11 end
— — —
Chapter 12
ဒုတိယထပ်ရှိ ဧည့်ခန်းထဲ၌ ရှရှင်းချီသည် နောက်ဆုံးတော့ သူအိပ်မက်မက်ခဲ့ရသည့် ကြက်ဥဌာပနာမုန့်များကို စားနိုင်ခဲ့လေပြီ။ တစ်ချိန်တည်းမှာပဲ သူ လီချန်ယွမ်နှင့်ပတ်သက်သည့် သံသယအလုံးစုံကို စတင်စစ်ထုတ်တော့သည်။
ညလယ်တွင် ဖြစ်ခဲ့သည့် ကြောက်စရာအဖြစ်အပျက်ကို ဘေးဖယ်ထားကာ ပိုတောင်ဆိုးရွားသည့်အရာမှာ ဇာတ်ကွက်များမှာ ရောက်တတ်ရာရာဖြစ်ကုန်လေပြီ။ ဘာလို့များ ဗီလိန်ကြီးက စေ့စပ်ပွဲကို မဖျက်ဘဲ သူ့အား ပြန်ပေးဆွဲထားရသည်လဲ။
သူဟာ အမြှောက်စာလေး တစ်ယောက်သာဖြစ်၍ နှစ်ဘဝလုံး သနားဖို့ကောင်းပြီး ဆင်းရဲလှကာ ရှာကြည့်စရာ ကောင်းသည့် အကျိုးပင်မရှိချေ။
ပြီးတော့ လီချန်ယွမ်တွင် စာအုပ်ထဲ၌ ရိုမန့်တစ်ဆန်သည့် လိုင်းများမရှိ။ ဒီလို ရှားပါးတဲ့ဝါသနာဖြစ်သည့် ဂေးနှင့်ပတ်သက်ရာမှာ ပါဝင်မွေ့လျော်နေတာကို အသာထားဦး။
သေသည့်တိုင် အထီးကျန်သွားရသည့် ဘဏ္ဏာရေးဆိုင်ရာအကြီးအကဲကြီးဟာ တကယ်ကြီး စေ့စပ်ပြီး လက်ထပ်ချင်သည်တဲ့လား။
အစသဖြင့်?
ရှရှင်းချီ သူ့ခေါင်းသူ ပုတ်လိုက်၏။ “လက်ထပ်ထိမ်းမြားမှု” နှင့် “သေဆုံးမှု” ဆိုသည့် စကားလုံးများကို ဆက်ကြည့်ပြီးနောက် သူ ဉာဏ်အလင်းပွင့်သွားလေသည်။
ဒီခမ်းနားပြီး မိုးကောင်းကင်တမျှ မြင့်တဲ့ စံအိမ်ကြီးနှင့် ဘီလီယံ ရာနှင့်ချီသည့် အမွေတွေ……
ပထမဆုံးအမွေဆက်ခံသူအနေဖြင့် တန်းစီရမည့်သူမှာ “ဇနီး” ဖြစ်ကြောင်း သူ သတိရသွားသည်နှင့် ငွေကြိုက်ခင်လေး၏ ခေါင်းထဲ ဖြတ်ခနဲ ဉာဏ်ကွန့်မြူးခဲ့လေသည်။
အရာအားလုံးပြီးဆုံးခဲ့ချိန်၌ သူသည် မွဲတေစွာ သေဆုံးသွားခဲ့ရကာ ဆင်းရဲနွမ်းပါးခြင်းကို ကြောက်ခဲ့၏။ သို့ဖြစ်ရာ ချမ်းသာကြွယ်ဝမှု မက်လုံးသည် ရှရှင်းချီရဲ့ သတ္တိအား ချက်ချင်းလက်ငင်း နှစ်ဆတိုးစေသည်။
လွန်ခဲ့သည့် မိနစ်အနည်းငယ်တုန်းက သူသည် လီချန်ယွမ်အား စေ့စပ်မှုကိုဖျက်သိမ်းစေရန် နည်းလမ်းမျိုးစုံကို စဉ်းစားနေတုန်းဖြစ်ခဲ့၏။
သို့သော် ယခု သူ့ရှေ့တွင် ဧရာမ ပိုက်ဆံသစ်ပင်ကြီး ရှိနေလေပြီ။ စိတ်အပြောင်းအလဲလွယ်ကာ သူတစ်ပါးအပေါ် ယုံမှားသံသယလွန်ကဲပြီး ရက်စက်ကြမ်းကြုတ်သည့် ဗီလိန်ကြီးနဲ့ သူရင်ဆိုင်ရမည်ဆိုလျှင်တောင် ရှရှင်းချီက ချက်ချင်း ဤသို့ အော်ပြောပစ်လိုက်ချင်ခဲ့သည် “ငါလုပ်နိုင်တယ်! အဲ့ဒါက မြင်မြင်ချင်းအချစ်ဖြစ်ပြီး ငါက လက်ထပ်ချင်ရုံပဲ!”
—ဘယ်လိုပဲဖြစ်ဖြစ် လီချန်ယွမ်က ဂေးမှ မဟုတ်တာ သူငါ့ကို စိတ်မဝင်စားပါဘူး။ ငါသာ နှစ်တစ်ဝက်လောက် ကိုယ်ပျောက်ငုံးကြုံးကြုံ့လေးဖြစ်နေသရွေ့ ငါနေ့တိုင်း သုညတွေအများကြီးပါတဲ့ ဘီလီယံ ရာနဲ့ချီ ရနိုင်တယ်။
အသက် ၂၅နှစ်သာရှိသေးသည့် လူချမ်းသာတစ်ယောက်အတွက် ဤသေဆုံးမှုမှာ ရုတ်တရက် ဆန်လွန်းလှသည်။ လီချန်ယွမ် ကျန်းမာရေးမကောင်းလျှင်တောင် ကျိုးကြောင်းသင့်လျော်စွာ ပြောနိုင်သည်မှာ သူ သေရေးနှင့် မနီးသေးပေ။
ဒါဟာ မူရင်းဝတ္ထုမှ စျေးပေါတဲ့ အတွဲဖြစ်တဲ့ ဇာတ်လိုက် ရှယွီနှင့် လီရှိန်းရွေ့တို့ကို ကုန်း နဲ့ ရှို့ ဖြစ်အောင် ဇာတ်ကွက်ရဲ့ အတင်းအကြပ်စီစဉ်မှု ဖြစ်ကောင်း ဖြစ်နိုင်လိမ့်မည်။
ပြောရမယ်ဆိုရင် ဇာတ်လိုက် ကုန်းဖြစ်တဲ့ လီရှိန်းရွေ့က လီချန်ယွမ်ရဲ့ “ညီအစ်ကိုကောင်း” ပဲလေ။ သူဟာ အမွေကို တရားဝင်ဆက်ဆံသည့် အစဉ်လိုက် ရနိုင်ပြီး ပျော်ရွှင်စရာအဆုံးသတ်ကို ပိုင်ဆိုင်နိုင်လိမ့်မည်။
လီချန်ယွမ်က သူ ရုတ်တရက် ဖျားနာမယ်လို့ တွေးထားခဲ့မည် မဟုတ်ကာ အမွေခွဲဖို့ သေတမ်းစာရေးဖို့နေနေသာသာ အသုဘကို စီစဉ်ဖို့ပင် အချိန်မရှိခဲ့ချေ။
ဒါက သဘာဝလွန်ဝတ္ထုမဟုတ်တာ နှမြောစရာပဲ။ ဟုတ်ခဲ့လျှင် သူ စျေးပေါတဲ့ မိမစစ်ဖမစစ်ကောင် လီရှိန်းရွေ့အကြောင်းကို မြေအောက်ကမ္ဘာမှတစ်ဆင့် အလုံးစုံသိသွားခဲ့ပါက သူ သေရွာကနေပြန်၍ ပိုင်ဆိုင်မှုအားလုံးကို လှူဒါန်းပစ်လောက်သည်။
ရှရှင်းချီက ကြက်ဥဌာပနာမုန့် နောက်ဆုံးတစ်ကိုက်ကျန်တာကို စားလိုက်ပြီး အကျင့်ပါနေသည့်အတိုင်း သူ့လက်ချောင်းထိပ်များကို သူ လျက်မိ၏။
သူ ကူးပြောင်းလာခဲ့ပြီဆိုတာကို သဘောပေါက်ပြီးနောက်တွင် သူသည် အလျင်စလိုဖတ်ခဲ့သော ဇာတ်ကွက်များကို ပြန်မှတ်မိအောင် အကောင်းဆုံးကြိုးစားခဲ့သည်။ သို့သော် စာတစ်ခုလုံးမှာ ဇာတ်လိုက်က မကောင်းသောအရာများကို ပျော်ပျော်ကြီးလုပ်ခဲ့ကြောင်း အသားပေးထားသည်ကိုသာ ရှာတွေ့လိုက်ရ၏။ ဇာတ်လမ်းထဲ၌ ဗီလိန်အကြောင်းဖော်ပြချက်များ သိပ်မရှိခဲ့ပေ။
လီချန်ယွမ်၏ နောက်ခံပုံပြင်နှင့် သူ၏ ရူးသွပ်မှုနှင့် သူတစ်ပါးပေါ် သံသယလွန်ကဲရခြင်း အကြောင်းတို့ကား မသိရ။ သေဆုံးရခြင်းအကြောင်းအရင်းမှာ အနည်းငယ်အသုံးဝင်သော အချက်အလက်များဖြင့် ရောဂါကို အရှုံးပေးလိုက်လို့ဖြစ်တယ်ဟုသာ အကျဉ်းချုပ်နိုင်လေသည်။
သူ ဘာလုပ်လို့လုပ်ရမှန်းမသိလို့ စိတ်ပူနေတုန်းမှာ အမွေးလုံးလေးတစ်လုံးက အဝေးမှာရှိတဲ့ လှေကားကနေ ရုတ်ချည်းလှိမ့်လာပြီး သူ့မြင်ကွင်းထဲ ရောက်လာသည်အား တွေ့လိုက်ရ၏။
ထိုအရာ၏ အလျင်မှာ နူးညံ့သော တိမ်စိုင်တစ်ခုကဲ့သို့ လွန်စွာ မြန်လှသည်။
အဲ့ဒါ သူ့အနီးနား ရောက်လာချိန်မှာ သူသိလိုက်ရတာက ထိုအရာမှာ လှပ စင်ကြယ်သည့် အဖြူရောင် မွေးရှည် ကြောင်တစ်ကောင်သာ ဖြစ်နေကြောင်းပင်။
ပယင်းကဲ့သို့ နက်မှောင်သော မျက်လုံးကြီးများသည် ဝိုင်းစက်ကာ တောက်ပနေ၏။ သူ၏ အမွေးပွသော အမြှီးကြီးကိုလည်း မြင့်မြင့်မြှောက်ထားကာ ရှေ့တစ်ပြန် နောက်တစ်ပြန် ယမ်းနေ၏။
ရှရှင်းချီ၏ မျက်လုံးများ ပြူးကျယ်သွားသည်။ ဒီအမွေးအရောင်နှင့် ဒီပုံစံက သူလိုချင်နေခဲ့တဲ့ ကြောင်ပဲ!
ကြောင်ကလေးသည် ဖြေးဖြေးချင်း နှေးလိုက်ကာ သူ့ခြေထောက်ဘေးသို့ က္ကန္ဒြေကြီးစွာနှင့် ကျက်သရေရှိစွာ ဖြတ်လျှောက်သွားပြီး အိမ်သို့ရောက်နေသည့် ဧည့်သည်အား မာနကြီးစွာဖြင့် ကြည့်လိုက်၏။
ရှရှင်းချီက သူ ထိုအကောင်လေးဆီက အကြည့်ခံလိုက်ရသည်နှင့် သေးငယ်သော တွက်ချက်မှုများကို သူဂရုမစိုက်နိုင်တော့ပေ။ သူသည် အောက်သို့သာ ထိုင်ချလိုက်ကာ သူ့လက်ကို သေချာ ဆန့်ထုတ်ပြီး ကြောင်လေးရဲ့ ခေါင်းကို ကိုင်ဖို့ပဲ ကြိုးစားနိုင်တော့၏။
သူ့လက်ဖျားများမှာ အမွေးနုနုများကို ထိတွေ့လိုက်ကာ ကြောင်လေးကို ပြန်သပ်လိုက်သည်။ ထိုအချင်းရာမှာ နူးညံ့သောတိမ်စိုင်တစ်ခုကို ဖမ်းမိသည်နှင့်တူကာ သူ့အား လွန်စွာ ကျေနပ်စေ၏။
သက်သောင့်သက်သာဖြစ်လွန်းသည့်အတွက် သူ့မျက်လုံးကိုပါ ကြုံ့မိတော့မလို့ပင်။
သူ ကြောင်လေးကို ဒုတိယတစ်ကြိမ် မပွတ်သပ်နိုင်တာ ရှက်စရာပဲ။ စိတ်ကြီးပုံရသည့် အဖြူရောင်ဖက်ထုပ်လေးမှာ စိတ်အနှောင့်အယှက်ဖြစ်သွားသည်လေ။
ကြောင်ကလေးမှာ “ညောင်!” ဟု မကျေမနပ်အော်ကာ သူ၏ အမြှီးကြီးဖြင့် ရှရှင်းချီ၏ နှာဖျားအား ဗြုန်းစားကြီးရိုက်ကာ အနောက်သို့ ပြန်မကြည့်ဘဲ ထွက်ပြေးသွား၏။
“ဟေး!” ရှရှင်းချီ ကမန်းကတန်း ထလိုက်ကာ ကြောင်လေးအား ဖမ်းဖို့လုပ်လိုက်သည်။ သူက စွဲလမ်းနေကာ ဝအောင် မကိုင်ရသေးပေ။
အဲ့အချိန်မှာပဲ ဖြစ်ချင်တော့ ဦးလေးတင်းက လင်ဗန်းလေးတစ်ခုကိုင်ကာ အပေါ်ထပ်သို့ တက်နေပြီး သူ ကြောင်ကလေးပျောက်သွားတဲ့ ဦးတည်ရာကို စိုက်ကြည့်နေသည်အား တွေ့သွားသည်။ သူက အပြုံးဖြင့်ပြောလိုက်၏ “မင်းလည်း ကြောင်တွေကို ကြိုက်တာပဲလား ‘Summer’က ပုံမှန်အားဖြင့် ဆရာ့ကိုပဲ ပေးကိုင်တာလေ။ တခြားသူတွေ သူ့ကိုကိုင်ဖို့ လုပ်တာနဲ့ သူက ဒေါသတကြီး ပေါက်ကွဲလိမ့်မယ်။”
(T/N: မူရင်းတရုတ်မှာကိုက summer လို့ရေးထားတာပါ)
“Summer……” ရှရှင်းချီသည် ဤအရာကို ကြားလိုက်ရချိန် သူ့ခေါင်းအား အနည်းငယ်စောင်းမိကာ ခဏလောက် ထိတ်လန့်သွားပြီးမှ မေးလိုက်လေသည်။ “ဒါ လီချန်ယွမ်ရဲ့ ကြောင်လား။ “
ဒါ လီချန်ယွမ်ရဲ့ ဗီလာလေ။ အဲ့ဒါဆို သူ့ကြောင်ပဲ ဖြစ်ရမယ်။ ဒါပေမယ့် ဒီဗီလိန်က ဒီလောက် ချစ်ဖို့ကောင်းပြီး လှတဲ့ ကြောင်ကို အိမ်မွေးတိရစ္ဆာန်အဖြစ် ဘာလို့ ထားထားရတာပါလိမ့်။
အဲ့ဒါက ထုံးအတိုင်း ကျားတို့ ခွေးတို့ စပါးကြီးမြွေတို့လို ကြောက်စရာကောင်းတဲ့ အကောင်ကြီးတွေတောင် မဟုတ်ဘူး။
သူက အဲ့ကောင်လေးကို “Summer” ဆိုပြီး နွေးထွေးတဲ့နာမည်တောင် ပေးထားလိုက်သေးတယ်။ ရူးသွပ်ပြီး အုံ့မှိုင်းနေတဲ့စတိုင်လည်း လုံးဝ ဟုတ်မနေဘူး။
သို့ပေမယ့် အဖြူရောင်ဖက်ထုပ်ကလေးမှာ တကယ်ကို “သူ့သခင်နှင့် တူလှသည်”။ အကြီးကြီးရော အသေးလေးရောက ကြည့်ကောင်းချောမောသည်။ အထူးသဖြင့် မြင့်မြတ်ကာ မာနကြီးသည့် မျက်လုံးများက သွားရန်စ၍ မရပေ။ ပြီးတော့ အလွယ်တကူပေါက်ကွဲလွယ်သည့် စိတ်ကြီးကလည်း ရှိသေးသည်။ အဲ့ဒါက တကယ်ကို လီချန်ယွမ်နဲ့ ဆင်တူပါ၏။
ပြောရမယ်ဆိုရင် လီချန်ယွမ်က ကြောင်နဲ့ နည်းနည်း တူတယ်…… မဟုတ်ဘူး မဟုတ်ဘူး မဟုတ်ဘူး အဲ့လောက်ကြောက်ဖို့ကောင်းတဲ့သူကို ချစ်စရာကြောင်လေးနဲ့နှိုင်းဖို့ဆိုတာ မင်း ရူးနေမှပဲဖြစ်လိမ့်မယ်။
ရှရှင်းချီဟာ ဒီအတွေးကို ပျောက်စေဖို့ သူ့ခေါင်းကို အလျင်အမြန် ခါယမ်းလိုက်ကာ ဦးလေးတင်း ရုတ်တရက် စကားထပြောသည်အား ကြားလိုက်လေသည် “သခင်လေး ကျွန်တော် သခင်လေးကို တစ်ခုလောက် တောင်းဆိုလို့ရမလားဗျ။”
လူအိုကြီး၏ ရိုသေသော စကား အတန်းလိုက်နှင့် ရင်ဆိုင်လိုက်ရသော ရှရှင်းချီမှာ မရှက်ဘဲ မနေနိုင်တော့ချေ : “ဒါပေါ့ ကျွန်တော်လုပ်နိုင်တာ ဘာဖြစ်ဖြစ် လုပ်ပေးပါ့မယ် ပြောသာပြောပါ။”
သူက ဦးလေးတင်း၊ အဒေါ်လီ နှင့် တခြားသူများကို သူ့အား နာမည်အပြည့်အစုံဖြင့် စိတ်ကြိုက်ခေါ်ခိုင်းဖို့ ကြိုးစားနေခဲ့သည်။ သို့တိုင် သိသိသာသာကို သူ မအောင်မြင်သေးပေ။
“သခင်လေး ဒီ ဆေးပန်းကန်လုံးကို ဆရာ့ဆီ ယူသွားပေးလို့ရမလား”
ဦးလေးတင်း၏ လက်ထဲမှ ဗန်းပေါ်တွင်ကား မဲတူးနေအောင် စပ်ထားသည့်အရာ ထည့်ထားသော ပန်းကန်လုံးတစ်လုံး ရှိကာ ရှရှင်းချီလည်း လေထဲတွင် ပျံ့လွင့်နေသည့် ခါးသက်သော ဆေးအနံ့ကို ခပ်ဖျော့ဖျော့သာ အနံ့ခံနိုင်လေသည်။
သူ ဗန်းအား အလိုလို ယူလိုက်ပြီးခါမှ တစ်ခုခုမှားနေသည်မှန်း သဘောပေါက်သွား၏။
ရှရှင်းချီမှာ ချက်ချင်း ကြောင်အသွားခဲ့သည်။ သူ ဆေးအား ကြည့်လိုက်ပြီးနောက်မှာ စာကြည့်ခန်းတံခါးကို ကြည့်မိသည်။
စာကြည့်ခန်းထဲက တစ်ယောက်မှာ မနာမကျန်းနှင့် ချောမောခန့်ညားသည့် စီးပွားရေးအကြီးအကဲ မဟုတ်ဘဲ ရက်စက်ကြမ်းကြုတ်တဲ့ အသားစားသတ္တဝါဖြစ်ပြီး အနီးနားကပ်သည်နှင့် ခုန်အုပ်ကာ လူကို စားပစ်မည့် အဖြူရောင်ကျားမျိုးနှင့်ပင် တူနေသည်။
“အာ…… သွားပြီး လီချန်ယွမ်ကို ပေးရမယ်?”
သူဟာ ကြင်နာသည့် လူအိုကြီးကို ကူညီချင်သော်ငြား သူ ရှရှင်းချီအား သတ္တိတချို့ ပိုချေးပေးလိုက်လျှင်တောင် သူသွားရဲမည်မဟုတ်။
အကြောင်းအချို့ကြောင့် ဦးလေးတင်းမှာ သူဟာ လီချန်ယွမ်ဆီမှ “နက်နက်နဲနဲအချစ်ခံရသည်” ဟု ယုံကြည်နေလေသည်။
သို့ပေမယ့် တကယ်တမ်းမှာတော့ ရှင်းလင်းစွာပဲ သူဟာ နာမည်မကြီးနေပါ။ သူသာ ဆေးယူသွားပေးသည့်သူဖြစ်လျှင် အဲ့လူက သောက်တောင်သောက်ချင်လိမ့်မည်မဟုတ်ပေ။
သူ ငြင်းတော့မလို့ လုပ်နေသည့် အချိန်မှာပဲ လူအိုကြီးက သူ့ကို အားကိုးတကြီးကြည့်နေသည်အား တွေ့လိုက်ရလေသည်။ သူ့မျက်နှာမှာ နှစ်များစွာက ရခဲ့သည့် လောကဓံတရားနှင့် ပါးရေများဖြင့် ပြည့်နေကာ သူ့မျက်လုံးများမှာ ရိုးသားလှသည်။
ရှရှင်းချီ: ……
သူပြောမည့်စကားများဟာ သူ့လျှာဖျား၌ တန့်သွားရပြီး သူနောက်ဆုံးတော့ ပြောမထွက်နိုင်ခဲ့ပါ။ သူမိန်းမောတွေဝေနေတုန်းမှာပဲ ဦးလေးတင်း၏ ပုံပန်းက သူ့မှတ်ဉာဏ်ထဲမှ တစ်ယောက်နှင့် ထပ်တူကျသွား၏။
မေ့လိုက်တော့၊ လီချန်ယွမ်က တကယ်ကြီးအသားစားသတ္တဝါမှ မဟုတ်တာ။ အဲ့ဒါကြောင့် သူကူညီပေးရင် အသားပဲ့မပါသွားလောက်ပါဘူးလေ။
———
“မစ္စတာလီ?” ရှရှင်းချီက လက်တစ်ဖက်မှာ လင်ဗန်းကိုကိုင်ထားလျက် နောက်တစ်ဖက်ဖြင့် စာကြည့်ခန်းတံခါးကို သုံးကြိမ်ခေါက်လိုက်ကာ ညွှန်ကြားထားသည့်အတိုင်း တံခါးကို တန်းဖွင့်လိုက်သည်။
လီချန်ယွမ်က စားပွဲ၌ ထိုင်ကာ စာရွက်စာတမ်းများကို ဖတ်နေခဲ့ကာ သူ့ရဲ့ အဖြူရောင် ပေါ့ပေါ့ပါးပါးဝတ်စုံက သူ့မျက်နှာအား အလွန်ဖြူဖျော့နေစေလေသည်။
သူ့တစ်ကိုယ်လုံးမှာ တားမြစ်သည့် အရှိန်အဝါတွေ ထုတ်လွှတ်နေပြီး ရှရှင်းချီ လာရသည့် အကြောင်းအရင်းကို သိသွားချိန်မှာ သူက ပိုပြီးတော့ပင် ဂရုမစိုက်လျက် အဲ့ဆေးကို သောက်မည့် စိတ်ကူးလည်း မရှိပေ။
ရှရှင်းချီမှာ သူ့လည်ချောင်းကိုရှင်းပြီး သူ့အား သတိပေးရုံသာ တတ်နိုင်သည်: “မစ္စတာလီ အခု အပူချိန်လေးက သောက်ဖို့ အသင့်တော်ဆုံးပဲ။ ဒါပေမယ့် အေးသွားရင်တော့ အရသာကောင်းတော့မှာ မဟုတ်ဘူး။”
တကယ်တမ်း ပူနေတုန်းလည်း ကောင်းမှာမဟုတ်ပေမယ့်ပေါ့။
“ထွက်သွား” လီချန်ယွမ်က အခုထိ သူ့အား အကြည့်တစ်ချက် မစွန့်ကြဲဘဲ အေးစက်စွာ ပြောလိုက်လေသည်။
ရှရှင်းချီ : ?
သူ့လက်သီးများ ဆုပ်သွား၏။ ဒီသူဌေးကြီးသာ ပစ်မှားလို့မရတဲ့သူ မဟုတ်ခဲ့ပါက ဒီဆေးပန်းကန်လုံးကို သုံးပြီး သူ့ခေါင်းကို တန်းတန်း လျှော်ပေးမိမှာ။
စိတ်အေးအေးထား စိတ်အေးအေးထား ……
ရှရှင်းချီက သူ့ရဲ့ ကြမ်းကြုတ်တဲ့စိတ်ကို ချုပ်တည်းကာ သူ့စိတ်ထဲ တိတ်တိတ်လေး ပြောလိုက်သည်မှာ : သူက သေတော့မှာ အဲ့တော့ သူ့ကို အမိန့်ပေးခွင့်ပေးလိုက်ပါ။ ဒါကို အမွေဆက်ခံဖို့နဲ့ သူနဲ့ ပဠိပက္ခ မဖြစ်ဖို့အတွက် သူ့ဘဝတဆုံးအထိ စောင့်ရှောက်ပေးခြင်းလို့သာ မှတ်ယူလိုက်ပါမယ်လေ။
ရှရှင်းချီက သူ့ရဲ့ ခေါင်းမာတဲ့ မျက်နှာပေးကို ကြည့်ပြီး ဆေးပန်းကန်လုံးအား ပြန်ကြည့်မိသည်။
မရဘူး! ငါလုံးဝ စိတ်ငြိမ်ငြိမ်ထားလို့ မရနေဘူး။
သူအော်ဟစ်ချင်မိသွားသည်: လီချန်ယွမ်ရေ မြန်မြန်လေး ဆေးကို ငါ့အတွက် သောက်လိုက်စမ်းပါ! မင်းသာသေသွားရင် ဘယ်သူက ဗီလိန်ကောင်တွေဖြစ်တဲ့ ဇာတ်လိုက် ကုန်းနဲ့ ရှို့ကို အပြစ်ပေးတော့မှာလဲကွ။
ရှချင်းချီ ခဏတစ်ဖြုတ် တွေးတောပြီး ရုတ်ချည်းပြောလိုက်၏ : “မစ္စတာလီ ခင်ဗျား- ခါးတာကို ကြောက်တာတော့ မဟုတ်ပါဘူးနော်။”
Chapter 12 end