Chapter 14
World 2 Chapter 1
ဟောင်းနွမ်းနေသော တိုက်ခန်းဟောင်းကြီးထဲမှ လူသတ်မှု၊ လှေကားပေါ်မှ ပြုတ်ကျလာသည့် အလှလေးအား ကယ်တင်ပေးပြီး ခြေကျင်းဝတ်ကို ဆုပ်ကိုင်ကာ အနမ်းပေးလာသော ဗီလိန်ကြီး
******
[စာရေးသူ၏ စကားလက်ဆောင်]
ဒီဇာတ်လမ်းမှာ Gong နှစ်ယောက် ပါပါတယ်။ နောက်ခံကတော့ ကျပန်းရွေးချယ်ထားတဲ့ အနောက်တိုင်းဆန်ဆန် Setting မျိုးပါ။
ပထမကမ္ဘာက ဗီလိန်ကြီးကတော့ အပျော်ရွှင်ဆုံးပဲ။ နင်နင်က သူ့အနားမှာ အကြာဆုံး နေပေးခဲ့တာကိုး။
=====
ပြတင်းပေါက်အပြင်ဘက်တွင် မည်းမှောင်နေသော တိမ်တိုက်များက ခပ်သည်းသည်း စုရုံးနးနေပြီး မှုန်မှိုင်းနေသော ကောင်းကင်ယံတစ်ခုလုံးအား လွှမ်းခြုံထား၏။ ထိုအချိန်၌ ကြီးမားကျယ်လောင်လှသော မိုးခြိမ်းသံကြီးတစ်ခု ထွက်ပေါ်လာလေသည်။ ထိုအသံနှင့်အတူ မြို့စွန်ရှိ ဤတိုက်ခန်းဟောင်းကြီးထဲမှ ရုတ်တရက် စူးရှကျယ်လောင်သော အော်ဟစ်သံတစ်ခု ထွက်ပေါ်လာခဲ့၏။
“အားးး!!! လူ… လူသေနေတယ်…!!!”
အုံ့မှိုင်းနေသော အပြင်ဘက်နှင့် ဆန့်ကျင်ဘက်ဖြစ်စွာ နွေးထွေးသော မီးရောင်များ လင်းလက်နေသည့် ဧည့်ခန်းလေးထဲရှိ ခရင်မ်ရောင်ဆိုဖာပေါ်တွင် လှပသွယ်လျသော အရှေ့တိုင်းသား ကောင်လေးတစ်ယောက် ထိုင်နေသည်။ သူ၏ဆံပင်များမှာ နူးညံ့ပျော့ပျောင်းနေပြီး မျက်နှာလေးသည်လည်း နှင်းပွင့်လေးကဲ့သို့ ဖြူဖွေးနုဖတ်နေ၏။ သူ၏ နက်မှောင်နေသော မျက်ဝန်းများသည်ကား အဖိုးတန်၍ ရှားပါးလှသော အနက်ရောင် ကျောက်မျက်ရတနာလေးများကဲ့သို့ပင်။
ကံမကောင်းစွာဖြင့် ထိုလှပသော မျက်ဝန်းလေးများသည် အရှေ့ကိုသာ စူးစိုက်ကြည့်နေသော်လည်း အာရုံစူးစိုက်မှု မရှိချေ။ အနည်းငယ် နာကျင်ဖွယ်ကောင်းသော ဗလာကျင်းမှုတစ်ခုကိုသာ ဖော်ပြနေသည်။
ကောင်လေးက သူ၏ သေးသွယ်ဖြူဖွေးသော လက်ချောင်းလေးများဖြင့် သိုးမွှေးထိုးသည့် အပ်နှစ်ချောင်းကို ကိုင်ထားသည်။ ထိုလက်ချောင်းလေးများက အလွန်သွက်လက်စွာ လှုပ်ရှားနေ၏။ သူသည် မီးခိုးရောင်လည်စည်းလေးတစ်ခုကို ထိုးနေခြင်းဖြစ်သည်။ မျက်စိမမြင်ရသော်လည်း သူ၏ကျွမ်းကျင်မှုကိုတော့ အနည်းငယ်မျှပင် ထိခိုက်စေခြင်း မရှိပေ။
ယခုအခါ လည်စည်းလေး၏အရှည်မှာ စင်တီမီတာအတော်များများ ရှိနေပြီဖြစ်သည်။ အပြင်ဘက်မှ သွေးပျက်ဖွယ်ကောင်းလှသော စူးရှသည့် အော်ဟစ်သံကို ကြားလိုက်ရချိန်တွင်တော့ သူ လန့ဖျတ်သွားသည်။ ထိုအခါ လက်ထဲကအလုပ်ကို ရပ်လိုက်၏။ ထို့နောက် ဆိုဖာဘေးတွင်ရှိသော မျက်မမြင်တုတ်ကို စမ်းသပ်ရှာဖွေလိုက်သည်။
ယွီရှုးနင် မျက်မမြင်တုတ်ကို ကိုင်ကာ တံခါးဆီသို့ လျှောက်သွားလိုက်သည်။ အိမ်ထဲတွင် ပရိဘောဂများ များများစားစား မရှိချေ။ ထို့ကြောင့် လူသွားလမ်းက ဟာလာဟင်းလင်းဖြစ်နေသဖြင့် သူ့အတွက် လမ်းလျှောက်ရသည်မှာ အဆင်ပြေစေ၏။
[ရွှေလက်ချောင်းကို ဒီလောက်ကြာတဲ့အထိ သုံးလို့မရသေးဘူးဆိုတော့ ငါ့ရဲ့အမြင်အာရုံက ဘာလို့ ပြန်မကောင်းလာသေးတာလဲ]
ယွီရှုးနင်က စနစ်အား စိတ်အနှောင့်အယှက်ဖြစ်စွာဖြင့် ထပ်မံမေးမြန်းလိုက်သည်။ ဒီတစ်ကြိမ် ချို့ယွင်းချက်က အမြင်အာရုံချို့တဲ့နေခြင်းပင်။ သူ၏မျက်စိရှေ့တွင် အရာအားလုံးက လုံးဝ မှောင်မည်းနေသည်တော့ မဟုတ်ပေ။ အလင်းနှင့် အရိပ် အပြောင်းအလဲ အနည်းငယ်ကို ခံစားသိရှိနိုင်သေး၏။ သို့သော် ၎င်းခံစားချက်မှာ သာမန်လူတစ်ယောက် မျက်စိမှိတ်ထားသည့် ခံစားချက်မျိုးနှင့် အတူတူပင်ဖြစ်သည်။ ထို့ကြောင့် သူ့အတွက်တော့ ဘာမှမမြင်ရသည်နှင့် အတူတူပင် ဖြစ်နေ၏။
ဤခံစားချက်မျိုးက အလွန်ကို ဆိုးရွားလွန်းလှသည်။ အလင်းရောင်ကို မြင်တွေ့ဖူးသူတစ်ယောက်အနေဖြင့် အလင်းရောင် ဆုံးရှုံးသွားရခြင်းမှာ အလွန်နာကျင်ဖွယ်ကောင်းလှ၏။ ဒီကမ္ဘာကို စရောက်ခါစကဆိုလျှင် သူ အသားကျဖို့ အချိန်အတော်ကြာ ယူခဲ့ရသည်။
လွန်ခဲ့သောတစ်ပတ်ခန့်က သူ ဤတိုက်ခန်းသို့ ပြောင်းရွှေ့လာခဲ့သည်။ System 520 က ဗီလိန်ကြီး ဒီမှာနေသည်ဟု တည်နေရာပြခဲ့၏။ သို့သော် ယခုအချိန်အထိ ဗီလိန်ကြီး၏ အရိပ်အယောင်ကိုပင် မမြင်ရသေးပေ။
ရွှေလက်ချောင်းဆိုသည်မှာ အိပ်မက်ထဲသို့ ဝင်ရောက်နိုင်စွမ်းဖြစ်သည်။ ယင်းစွမ်းရည်ဖြင့် ဗီလိန်ကြီး၏ အိပ်မက်ထဲသို့ ဝင်ရောက်နိုင်၏။ အိပ်မက်ကိုပြောင်းလဲခြင်း သို့မဟုတ် လွှမ်းမိုးခြင်းများ ပြုလုပ်နိုင်သည်။ နားထောင်ကြည့်ရုံနှင့်တော့ တော်တော်လေးကောင်းမွန်သည့် စွမ်းရည်တစ်ခုဟု ထင်ရ၏။ သို့သော် တကယ်တမ်းတွင်တော့ အကွာအဝေးကန့်သတ်ချက် ရှိနေသည်။ ထို့ကြောင့် ယနေ့အထိ ယွီရှုးနင် အသုံးမပြုရသေးပေ။
System 520 ကတော့ တိတ်ဆိတ်နေပြီး ဘာမှမပြောချေ။ ဒီရက်ပိုင်းအတွင်း Host ဖြစ်သူက သူ့ကို အကြိမ်ပေါင်းများစွာ ညည်းညူခဲ့ပြီးဖြစ်သည်။ အစပိုင်းတွင်တော့ System 520 က သူ့အား ချော့မော့နှစ်သိမ့်ပေးသေး၏။ သို့သော် နောက်ပိုင်းတွင်တော့ သူပြောသမျှကို နားသာထောင်ပြီး ဘာမှပြန်မပြောတော့ပေ။ သူ၏အပြုအမူက ကိုယ့်ချစ်သူ၏ စကားများကို အလေးမထားဘဲ လျစ်လျူရှုတတ်သည့် လူဆိုးကြီးတစ်ယောက်နှင့်ပင် တူနေတော့၏။
ယွီရှုးနင်ကလည်း အဖြေပြန်ရမည်ဟု မျှော်လင့်မထားချေ။ သူ တံခါးကို ဖွင့်လိုက်ပြီး မျက်မမြင်တုတ်ဖြင့် လမ်းစမ်းကာ အပြင်သို့ ထွက်လာခဲ့သည်။
အသံကို ကြားရပုံထောက်လျှင် အောက်ထပ်မှလာခြင်းဖြစ်သည်။ ထိုနေရာတွင် လူတစ်စုလောက် စုရုံးနေကြပုံရ၏။ သူတို့ထဲမှအချို့က အရေးပေါ်ဖုန်းနံပါတ်အား ကမန်းကတန်း ခေါ်ဆိုနေကြသည်။ အချို့ကတော့ စိတ်လှုပ်ရှားမှု၊ ကြောက်ရွံ့မှုများဖြင့် တီးတိုးပြောဆိုနေကြ၏။ ကလေးသေဆုံးသွားသည့် မိဘနှစ်ပါးကို နှစ်သိမ့်ပေးနေသူများလည်း ရှိသည်။
“သေသွားတဲ့သူက ဂျက်ကလင်းလား? ဘုရားရေ… သူမက ဒီနှစ်မှ ဆယ့်ကိုးနှစ်ပဲ ရှိသေးတာကို!”
“ကျိန်စာသင့်ပါစေ! လွန်ခဲ့တဲ့ တစ်နာရီလောက်ကတင် သူမက ကိတ်မုန့်လေးလိုလှတဲ့ ဂါဝန်လေးဝတ်ပြီး ဒိတ်လုပ်ဖို့ ပျော်ပျော်ရွှင်ရွှင်နဲ့ ထွက်သွားတာကို ငါ မြင်လိုက်သေးတယ်”
“မစ္စတာဟေးလ်နဲ့ မစ္စဟေးလ်တို့တော့ ရင်ကွဲရတော့မှာပဲ။ သူမက ငယ်ငယ်လေးကတည်းက အလိုလိုက်ထားရတဲ့ တစ်ဦးတည်းသော သမီးလေးလေ”
“မင်းတို့ အလောင်းကို သွားမကြည့်ကြနဲ့နော်။ တအားကို ကြောက်စရာကောင်းတယ်။ ဂျက်ကလင်းရဲ့ ပါးစပ်ကို ချုပ်ထားတဲ့အပြင် နံရံမှာလည်း သွေးတွေနဲ့ စာရေးထားသေးတယ်။ ဒီညတော့ ငါ အိပ်မက်ဆိုးတွေ မက်တော့မယ် ထင်ပါရဲ့…”
“ချုပ်ထားတယ်?! တောင်းပန်ပါတယ်… ငါဆိုလိုချင်တာက ဒါက အရမ်းကို ရက်စက်လွန်းတယ်။ နံရံမှာရေးထားတဲ့စာက ဘာတဲ့လဲ”
“နံရံမှာ ရေးထားတာက—”
လူအုပ်ထဲမှ အရပ်ရှည်ရှည် ချောချောမောမောနှင့် ကြော့ရှင်းသော အမျိုးသားတစ်ယောက် ထွက်လာသည်။
“သူမမှာ အပြစ်ရှိတယ်။ ဘုရားသခင်က အပြစ်ရှိသူကို တရားစီရင်လိမ့်မယ်တဲ့!”
မျက်စိမမြင်ရတော့သည့် အချိန်မှစ၍ သူ၏အကြားအာရုံက ပိုမိုထက်မြက်လာခဲ့သည်။ ယွီရှုးနင် စိတ်ဝင်တစား နားထောင်နေ၏။ ထိုစဉ် လှေကားပေါ်သို့ မိုးရေများ ပက်စင်လာသောကြောင့် ရေကွက်များ ဖြစ်ပေါ်နေသည်။ သူ၏ခြေထောက်က ရုတ်တရက် ချော်ထွက်သွားပြီး မမျှော်လင့်ဘဲ အောက်သို့ ပြုတ်ကျသွားတော့၏။ သူ အော်ဟစ်ချိန်ပင် မရလိုက်ပေ။ နာကျင်မှုကို ခံစားရတော့မည်ဟု တွေးကာ ကြောက်လန့်တကြား မျက်စိမှိတ်လိုက်သည်။
သို့သော် သူ ခံစားလိုက်ရသည်က နွေးထွေးပြီး ကျယ်ပြန့်သော ရင်ခွင်တစ်ခုကိုသာ ဖြစ်သည်။ ယွီရှုးနင်က အလိုအလျောက်ပင် ထိုအမျိုးသား၏ အင်္ကျီကော်လာကို တင်းကြပ်စွာ ဆုပ်ကိုင်လိုက်၏။ သူ၏ ဖြူဖွေးနုဖတ်နေသော မျက်နှာလေးပေါ်တွင် ထိတ်လန့်ကြောက်ရွံ့မှုများ အထင်းသားပေါ်လွင်နေသည်။ အာရုံစူးစိုက်မှုမရှိသော မျက်ဝန်းလေးများကတော့ ကြောက်လန့်နေသော သိုးပေါက်လေးတစ်ကောင်ကဲ့သို့ ကမန်းကတမ်း မျက်တောင်ခတ်နေ၏။
“သတိထားဦး ကောင်လေး။ လှေကားက တော်တော်ချော်တယ်”
ထိုအမျိုးသား၏ အသံက ဆယ်လိုတီးခတ်သံကဲ့သို့ နက်ရှိုင်းပြီး ချောမွေ့နေသည်။ အနည်းငယ်နွေးထွေးနေသော သူ၏လက်ကြီးများက ယွီရှုးနင်၏ခါးကို တင်းကြပ်စွာ ဖက်ထား၏။ ထို့နောက် မသိမသာလေး ပွတ်သပ်လိုက်သေးသည်။
ယွီရှုးနင် လှေကားပေါ်မှ ပြုတ်ကျလုမတတ် ဖြစ်သွားသည့် ထိတ်လန့်မှုမှ သတိပြန်ဝင်လာသည်။ ထိုအခါမှသာ သူကိုယ်တိုင် ထိုအမျိုးသား၏ ရင်ခွင်ထဲသို့ ရောက်နေမှန်း သိလိုက်ရ၏။ သူ၏မျက်နှာလေး ရဲတက်သွားပြီး အောက်သို့ဆင်းရန် ရုန်းကန်လိုက်သည်။
“အားးး—”
ခုန်ဆင်းလိုက်သည့် အခိုက်အတန့်တွင် ယွီရှုးနင် နာကျင်မှုကြောင့် တွန့်ခနဲဖြစ်သွားပြီး ညာဘက်ခြေထောက်က မထိန်းနိုင်ဘဲ တုန်ယင်သွား၏။ သူ အရှေ့သို့ယိုင်ကျသွားချိန်တွင် ထိုအမျိုးသားက သူ့အား ထပ်မံဖမ်းထိန်းလိုက်ပြန်သည်။ ခြေကျင်းဝတ်မှ နာကျင်မှုကြောင့် သူ၏မျက်ခုံးများ တွန့်ချိုးသွား၏။ မျက်တောင်လေးများကလည်း အလိုအလျောက် နီရဲလာကာ မျက်ဝန်းထဲတွင် မျက်ရည်စများ ဝဲတက်လာသည်။
“ဒေါက်တာလန်ဘတ်… ဟိုကောင်မလေးက သေချာပေါက်…?”
ဘေးနားရှိလူတစ်ယောက်က သိချင်စိတ်ပြင်းပြစွာဖြင့် မေးလိုက်သည်။
လန်ဘတ်? သူက ဗီလိန်ကြီး မဟုတ်ဘူးလား။ အဓိက သော့ချက်စကားလုံးကို ကြားလိုက်ရချိန်တွင် ယွီရှုးနင် ခါးကို အနည်းငယ် မတ်လိုက်သည်။ ထို့နောက် သူ့အားတွဲထားသည့်သူကို မော့ကြည့်လိုက်၏။
“ဒေါက်တာလန်ဘတ်?”
အလှလေး၏ မျက်နှာပေါ်တွင် စူးစမ်းချင်သည့် အရိပ်အယောင်များ ပေါ်လာသည်။ ထို့နောက် ကျေးဇူးတင်သည့် အမူအရာဖြင့် ပြောင်းလဲသွား၏။
“ကျွန်တော့်ကို ဖမ်းပေးထားလို့ ကျေးဇူးတင်ပါတယ်။ မဟုတ်ရင် ကျွန်တော့်ခြေထောက် ကျိုးသွားလောက်ပြီ”
“ကိုယ့်နာမည်က ရှုး ပါ။ အဲဒီလိုပဲ ခေါ်လို့ရပါတယ်။”
ထိုအမျိုးသား၏ မီးခိုးရောင်မျက်ဝန်းများက သက်မဲ့အရာတစ်ခုကဲ့သို့ အေးစက်နေသည်။ သို့သော် နှုတ်ခမ်းထောင့်မှ အနေတော်အပြုံးလေးကြောင့် သူ့ကို ချဉ်းကပ်ရလွယ်ကူသည်ဟု ထင်ရစေ၏။
ယွီရှုးနင် နှုတ်ခမ်းကိုစေ့ကာ ပြုံးလိုက်သည်။
“အင်း… ရှုး… ကျွန်တော့်နာမည်က ယွီရှုးနင်ပါ။ အရှေ့တိုင်းက ဟွားနိုင်ငံကနေ လာတာပါ။”
ရှုးက နူးညံ့စွာဖြင့် ပြောလိုက်သည်။
“အရှေ့တိုင်းက အချစ်လေး… မင်းရဲ့ ခြေကျင်းဝတ် လည်သွားတာ ဖြစ်ရမယ်။ ငါ ကုပေးပါ့မယ်”
ယွီရှုးနင် တစ်စုံတစ်ရာ ပြန်မပြောခင်မှာပင် သူက ယွီရှုးနင်၏ ခါးကိုဖက်ကာ ထပ်မံပွေ့ချီလိုက်၏။
“ဒါနဲ့… မစ္စဘရောင်း… ကျွန်တော်က ရဲမဟုတ်ပါဘူး။ ဒီကနေဖြတ်သွားတုန်း လူတစ်ယောက်လှမ်းခေါ်လို့ ရောက်လာတာပါ။ ခင်ဗျားသိချင်နေတဲ့ ကိစ္စတွေကိုတော့ ရဲတွေရောက်လာရင် သိရမှာပေါ့။ ဟုတ်တယ်မလား။”
မစ္စဘရောင်းက နှုတ်ခမ်းကို တွန့်လိုက်သည်။ ထို့နောက် သူတို့နှစ်ယောက်အနားမှ ထွက်ခွာသွားကာ အခြေအနေကို စုံစမ်းရန် လူအုပ်ထဲသို့ ပြန်ဝင်သွား၏။ သူမသည် ငြိမ်သက်နေသော ရေကန်တစ်ခုကဲ့သို့ ပျင်းရိဖွယ်ကောင်းလှသည့် ဘဝကို ဖြတ်သန်းနေရသူဖြစ်သည်။ သူမတို့လို သူတစ်ပါး၏ မိသားစုအရေးကို နေ့စဉ် စုံစမ်းလေ့လာတတ်သည့် အမျိုးသမီးကြီးများအတွက် သူတို့၏ အိမ်နီးနားချင်းတွင် ဖြစ်ပွားခဲ့သော လူသတ်မှုတစ်ခုက သူတို့အားလုံး၏ စိတ်ဝင်စားမှုကို ဆွဲဆောင်နိုင်ရန် လုံလောက်နေပြီဖြစ်သည်။
“နင်… မင်းအိမ်က ဘယ်အခန်းလဲ”
အရှေ့တိုင်းသားများ၏ နာမည်က သူတို့အတွက် အသံထွက်ရ အလွန်ခက်ခဲလှသည်။ ထို့ကြောင့် ရှုးက နာမည်တစ်လုံးကိုသာယူပြီး ခေါ်လိုက်၏။ ပထမဆုံးအကြိမ် တွေ့ဆုံခြင်းဖြစ်သော်လည်း အားနာသည့်ဟန် အနည်းငယ်မျှပင် မရှိပေ။
စောစောက အမျိုးသား၏ ရင်ခွင်ထဲမှ ကမန်းကတမ်း ခုန်ဆင်းလိုက်မိခြင်းကြောင့် ခြေကျင်းဝတ်အား ပို၍ ထိခိုက်နာကျင်သွားစေခဲ့သဖြင့် ယွီရှုးနင်က ဒီတစ်ကြိမ်တွင်တော့ မလှုပ်ရှားရဲတော့ဘဲ အမျိုးသား၏ နွေးထွေးသော ရင်ခွင်ထဲတွင် ငြိမ်သက်စွာသာ မှီနေလိုက်၏။
“အိုး… ကျွန်တော်က ၃၀၆ မှာ နေတာပါ။ ပြောင်းလာတာ တစ်ပတ်ပဲ ရှိပါသေးတယ်”
“တိုက်ဆိုင်လိုက်တာ။ ကိုယ်က ၃၀၈ မှာ နေတာလေ”
အလွန်လှပလွန်းလှသည့် ဒီကောင်လေး၏မျက်စိက မမြင်ရဘူးဆိုသည်ကို ရှုး စောစောကတည်းက ရိပ်မိခဲ့ပြီးဖြစ်သည်။ သူက မျက်မမြင်တုတ်ကို တင်းကျပ်စွာ ပွေ့ဖက်ထား၏။ ထိုပုံစံမှာ သူ့အတွက် နောက်ဆုံးလက်ကျန် အားထားရာတစ်ခုကို ဖက်ထားနေသကဲ့သို့ သနားစရာကောင်းပြီး ချစ်စရာကောင်းနေသည်။
“နောက်ဆိုရင် ကိုယ်တို့က အိမ်နီးချင်းတွေ ဖြစ်သွားပြီပေါ့”
“ဒါပေမယ့် နည်းနည်းတော့ ကံဆိုးသွားတယ်။ မင်း ပြောင်းလာတုန်းက ကိုယ် အစည်းအဝေးတစ်ခု သွားတက်နေလို့ မင်းကို အစောဆုံး ကြိုဆိုနှုတ်ဆက်ခွင့် မရလိုက်ဘူး”
အလှလေးက သူ့ကိုမမြင်ရသည့် အခွင့်အရေးကို အသုံးချကာ ထိုအမျိုးသားက သူ့ရင်ခွင်ထဲမှလူကို စူးစိုက်ကြည့်နေသည်။ သူ၏အကြည့်များက နူးညံ့ပြီး နီထွေးနေသော နှုတ်ခမ်းလေးများမှနေ၍ အနည်းငယ် ရောင်ရမ်းနေသော သွယ်လျသည့် ခြေကျင်းဝတ်လေးဆီသို့ ရောက်ရှိသွား၏။
တကယ်ကို လှပလွန်းသည့် သိုးပေါက်လေးပင်။ ဘုရားသခင်က သေချာဂရုတစိုက် ဖန်တီးထားသည့် နံနက်ခင်း နှင်းဆီပွင့်လေးနှင့်တောင် တူနေသေးသည်။
အခန်းရှေ့ရောက်သောအခါ ယွီရှုးနင်က သော့ကို ထုတ်ပေးလိုက်သည်။ ရှုးက သော့ကိုယူ၍ တံခါးကိုဖွင့်လိုက်၏။ ထို့နောက် သူ့ကိုပွေ့ချီကာ အထဲသို့ ဝင်သွားသည်။ အခန်းတွင်းအပြင်အဆင်ကို လျင်မြန်စွာ အကဲခတ်ကြည့်လိုက်ပြီးနောက် သူ့ကို ဆိုဖာပေါ်တွင် ချပေးလိုက်၏။
“ကိုယ်ကြည့်ပေးမယ်…”
ရှုးက ကောင်လေး၏ အမွေးပွအိမ်စီးဖိနပ်လေးကို ချွတ်လိုက်သည်။ထို့နောက် လှပသောခြေခုံနှင့် လုံးဝန်းသော ခြေချောင်းလေးများရှိသည့် ဖြူဖွေးနုဖတ်နေသော ခြေထောက်လေးကို ဆုပ်ကိုင်လိုက်၏။ ထိုခြေထောက်လေးမှာ သူ၏လက်ဖဝါးထဲတွင် သိမ်မွေ့လှပသော ကျောက်စိမ်းတုံးလေးတစ်ခုလိုပင်။ သူ အနည်းငယ်အားစိုက်ကာ နှစ်ချက်လောက် လှည့်ကြည့်လိုက်ရင်း “ဒီလိုလုပ်တာ နာလား” ဟု မေးလိုက်သည်။
ယွီရှုးနင် နှုတ်ခမ်းကိုကိုက်ကာ တိုးတိုးလေး ဖြေလိုက်သည်။
“နည်းနည်း…”
“တော်သေးတာပေါ့။ အရိုးတွေ၊ အရွတ်တွေကိုတော့ မထိသွားဘူး။ နည်းနည်းလေး လည်သွားတာပဲရှိတယ်”
ရှုး၏လက်များက အပေါ်သို့ ပွတ်ဆွဲသွားသည်။ ထို့နောက် ပွယောင်းသော ဘောင်းဘီအောက်မှ ထွက်ပေါ်နေသည့် ဖြူဖွေးသော ခြေကျင်းဝတ်လေးကို လက်ချောင်းများဖြင့် ရစ်ပတ်ထားလိုက်၏။ အခြားလက်တစ်ဖက်ဖြင့်လည်း နူးညံ့စွာ နှိပ်နယ်ပေးနေသည်။
“ဆေးဖြန်းပြီးရင် သိပ်မလှုပ်ရှားနဲ့တော့။ နှစ်ရက်လောက်နားလိုက်ရင် ကောင်းသွားလိမ့်မယ်။”
“ကျေးဇူးတင်ပါတယ်… ရှုး?”
ယွီရှုးနင် မသက်မသာဖြင့် ခြေထောက်ကိုရုပ်လိုက်သည်။ သူ့မျက်နှာပေါ်တွင် အနည်းငယ် တွေဝေသွားသည့် အရိပ်အယောင်များ ပေါ်လာ၏။ စောစောက ခြေကျင်းဝတ်ပေါ်မှ ဖြတ်ပြေးသွားသည့် ခံစားချက်က အနည်းငယ် ထူးဆန်းနေသည်ဟု သူ ခံစားလိုက်ရသောကြောင့် ဖြစ်သည်။
ရှုး၏ ပုံပန်းကျလှပသော နှုတ်ခမ်းများက ထိုဖြူဖွေးနုဖတ်နေသည့် အသားအရည်ပေါ်မှ ခွာလိုက်သည်နှင့် လက်ချောင်းထိပ်လေးများဖြင့် ညင်သာစွာ ပွတ်သပ်လိုက်သည်။ ထိုနေရာတွင် ပန်းပွင့်ဖတ်လေးကဲ့သို့ အနီရောင်အရာလေးတစ်ခု ထင်ကျန်ရစ်၏။ အမျိုးသား၏ မျက်ဝန်းများက နက်ရှိုင်းသွားသော်လည်း မျက်နှာအမူအရာမပျက်ဘဲ ပြန်ဖြေလိုက်သည်။
“အင်း… ကိုယ် နှိပ်နယ်ပေးနေတာ။ အဲဒီလိုလုပ်ရင် မြန်မြန်သက်သာသွားလိမ့်မယ်။”
ငါ စိတ်ထင်သွားတာ နေမှာပါ။ ယွီရှုးနင်က စိတ်အေးသွားပြီး ပြောလိုက်သည်။
“ကျေးဇူးတင်ပါတယ် ရှုး။ ခင်ဗျားနဲ့သိရတာ ဝမ်းသာစရာပါပဲ”
ရှုး၏နှုတ်ခမ်းထောင့်များ တွန့်ကွေးသွားပြီး အဓိပ္ပာယ်ပါပါ ပြုံးလိုက်သည်။
“ကျေးဇူးတင်ပါတယ်လို့ ထပ်ပြောစရာ မလိုတော့ပါဘူး။ ကိုယ်လည်း မင်းနဲ့သိရတာ ဝမ်းသာပါတယ် နင်”
ဆေးဖြန်းပြီးနောက် ရှုးက ဆိုဖာပေါ်တွင် ထိုင်လိုက်သည်။ ၎င်းနောက် သိုးမွှေးထိုးလက်စ လည်စည်းလေးကို ကောက်ကိုင်လိုက်၏။
“နင်… ဒါ မင်းထိုးထားတာလား”
ယွီရှုးနင် ခေါင်းညိတ်ပြလိုက်သည်ကို မြင်တော့ သူက ဆက်မေးလိုက်သည်။
“ဒီလည်စည်းလေးပြီးသွားရင် ကိုယ့်ကို အရင်ဆုံး ရောင်းပေးလို့ရမလား။ သူ့အရောင်က ကိုယ့်မျက်လုံးအရောင်နဲ့ တူနေလို့”
ကော်ဇောပေါ်တွင် အလားတူ ဒီဇိုင်းမျိုးရှိသည့် လည်စည်းဆယ်ခုလောက် ခေါက်တင်ထားသေးသည်။ တစ်ယောက်တည်းနေထိုင်သည့် ကောင်လေးတစ်ယောက်အတွက် ဒါက လက်ဆောင်ပေးဖို့ထက် ရောင်းဖို့အတွက်သာ ဖြစ်နိုင်ချေပိုများ၏။ ရှုးက သေသပ်လှသော အပ်ချုပ်ရိုးလေးများကို ပွတ်သပ်ကြည့်လိုက်သည်။ ၎င်းတို့သည် နူးညံ့ပြီး ထူထဲနေသောကြောင့် ဆောင်းရာသီတွင် လေကို ကောင်းစွာကာကွယ်ပေးနိုင်မည်ဟု သူ ထင်လိုက်သည်။
“ရပါတယ်ဗျ”
ယွီရှုးနင် အမျိုးသားရှိရာဘက်သို့ လှည့်ကြည့်လိုက်သည်။
“ကျွန်တော့်အလုပ်ကို အားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်”
ယွီရှုးနင် ဆေးရုံတွင်ရှိနေစဉ်က အချိန်များမှာ အလွန်ပျင်းစရာကောင်းသည်။ ထို့ကြောင့် လက်မှုပညာအချို့အား လုပ်ရသည်ကို နှစ်သက်ခဲ့၏။ လည်စည်းထိုးခြင်းကတော့ အလွယ်ကူဆုံး အလုပ်တစ်ခုဟု ဆိုနိုင်သည်။ ၎င်းကို သူသည် မျက်စိမှိတ်ပြီးတောင် ထိုးနိုင်နေပြီဖြစ်သည်။
ယခု လက်ရှိကိုယ်ပွားကို System 520 က သူ့အတွက် ဖန်တီးပေးထားခြင်းဖြစ်သည်။ ရုပ်အဆင်းသဏ္ဌာန်က သူ့မူလရုပ်အတိုင်းပင် ဖြစ်သည်။ မှတ်ပုံတင်တွင်တော့ မိဘမဲ့တစ်ယောက်အဖြစ် စာရင်းသွင်းထား၏။ ဘဏ်အကောင့်ထဲတွင်လည်း တိုက်ခန်းငှားရမ်းရန် လအနည်းငယ်စာလောက်သာ ငွေရှိသည်။ အခြားစားစရိတ်များကို ကိုယ်တိုင်ရှာဖွေရမည်ဖြစ်သည်။ စဉ်းစားပြီးနောက် ယွီရှုးနင်က စနစ်အား အွန်လိုင်းစတိုးတစ်ခု ဖွင့်ခိုင်းကာ လည်စည်းများကို အွန်လိုင်းတွင် ရောင်းချရန် ဆုံးဖြတ်ခဲ့သည်။
ယခင်ကမ္ဘာတွင် ပုလဲအင်္ကျီကို သူတို့နှစ်ယောက် အတူတူ ဖန်တီးခဲ့ကြသည်။ ဝူဝမ့်က သူ လက်မှုပညာကို နှစ်သက်မှန်း သိသောကြောင့် ပစ္စည်းများကို ရှာဖွေပေးခဲ့၏။ ထို့အပြင် သူ့အတွက် ကစားစရာလေးများကိုပင် ကိုယ်တိုင် ပြုလုပ်ပေးခဲ့သေးသည်။
ယင်ဝူဝမ့်ကို တွေးမိတော့ ယွီရှုးနင်၏ စိတ်အခြေအနေက ကျဆင်းသွားသည်။ ယင်ဝူဝမ့် ၏ အချစ်ခံရပြီး အလိုလိုက်ခံရသည့် နေ့ရက်များက အလွန်လှပခဲ့၏။ သို့သော် ကံမကောင်းစွာဖြင့် ရေသူဥလေးက မွေးရာပါအားနည်းချက် ရှိနေသည်။ ထို့ကြောင့် အသက်ရှည်ရှည် မနေရပေ။ သူသည် သာမန်ရေသူများလောက် အသက်မရှည်သည့်အပြင် ဥထဲတွင် အချိန်အကြာကြီး နေခဲ့ရသောကြောင့် အသက်တစ်ရာကျော်အရွယ်တွင် ကွယ်လွန်သွားခဲ့ရသည်။
သူ ထွက်ခွာလာပြီးနောက် System 520 က ပြောပြခဲ့သည်။ ဗီလိန်ကြီးသည် သူ၏ ရေခဲခေါင်းတလားဘေးတွင် ထာဝရအိပ်စက်သွားခဲ့သည်ဟု ဆို၏။ ယင်ဝူဝမ့်က သူမရှိဘဲ တစ်ယောက်တည်း ဆက်လက်အသက်ရှင်နေမည် မဟုတ်မှန်း ယွီရှုးနင် ခန့်မှန်းမိသည်။ သို့သော် သူသေဆုံးသွားသည်နှင့် တစ်စက္ကန့်လေးတောင် မစောင့်နိုင်ဘဲ သူ့အတွက် အားလုံးစီစဉ်ပေးပြီးနောက် ချက်ချင်း လိုက်သွားလိမ့်မည်ဟုတော့ မမျှော်လင့်ထားခဲ့ပေ။
ရှုးက အချစ်လေး၏ စိတ်အခြေအနေ မကောင်းသည်ကို အလွန်လျင်မြန်စွာ ရိပ်မိလိုက်သည်။ ထိုအခါ သူက အိတ်ကပ်ထဲမှ ပူရှိန်းသကြားလုံးလေးတစ်လုံးကို ထုတ်ကာ ကောင်လေး၏ လက်ထဲသို့ ထည့်ပေးလိုက်၏။
“တစ်ယောက်ယောက်သေသွားလို့ စိတ်မကောင်းဖြစ်နေတာလား။ ကိစ္စမရှိပါဘူး။ ရဲတွေက လူသတ်သမားကို သေချာပေါက် ရှာတွေ့မှာပါ။ သကြားလုံးလေး စားပြီး ပျော်ပျော်နေလိုက်”
System 520 ကတော့ ဗီလိန်ကြီးက Host ကို အခွင့်အရေးယူပြီးနောက် ဘာမှမဖြစ်ခဲ့သလို ဟန်ဆောင်နေသည်ကို မျက်စိရှေ့တွင် အထင်းသား မြင်နေရသည်။ ထို့အပြင် Host ၏ အားနည်းချက်ကိုလည်း ချက်ချင်း ဖမ်းဆုပ်လိုက်နိုင်သည်ကိုမြင်တော့ သက်ပြင်းရှည်ကြီးတစ်ခုကို ချလိုက်မိ၏။
သို့သော် နောက်ကွယ်တွင်ပြသနေသော အချက်အလက်များအရတော့ အောင်မြင်မှုရနေသည်။ ဗီလိန်ကြီးက Host ကို မြင်လိုက်သည်နှင့် အချက်အလက်များက ပြောင်းလဲသွားခဲ့သည်။
ယွီရှုးနင်၏ အတိတ်ကို လွမ်းဆွတ်နေမှုများ အနှောင့်အယှက်ဖြစ်သွားသည်။ ထို့နောက် တိတ်ဆိတ်စွာပင် သကြားလုံးကို စားလိုက်၏။ ချိုမြိန်ပြီး အေးမြသော ပူရှိန်းသကြားလုံးလေးက သူ၏စိတ်နှလုံးကို နှစ်သိမ့်ပေးလိုက်သလိုဖြစ်ကာ ပြန်လည်လန်းဆန်းလာခဲ့သည်။
တာဝန်ပြီးဆုံးသွားပါက ဆုလာဘ်ရမည်ဟု စနစ်က အစောပိုင်းတွင် ပြောခဲ့ဖူးသည်။ ဝူဝမ့်ကို ပြန်ခေါ်လာပေးပြီး သူနှင့်အတူ ရှိနေခွင့်ရဖို့ တောင်းဆိုလျှင် ရနိုင်မလား မသေချာပေ။ သို့သော် ယခုတော့ ဒါက သူ၏ ရည်မှန်းချက်တစ်ခု ဖြစ်လာခဲ့ပြီဖြစ်သည်။
“အင်း… မိန်းကလေးတစ်ယောက်ကို ဒီလောက် ရက်ရက်စက်စက် လုပ်ရက်တာ အရမ်းကြောက်စရာကောင်းတယ်လို့ တွေးမိလို့ပါ”
ယွီရှုးနင်က ဗီလိန်ကြီး၏ စကားကို ထောက်ခံလိုက်သည်။
ရှုးက အနည်းငယ်ပြုံးလိုက်ပြီး ပိုမိုနီးကပ်စွာ ထိုင်လိုက်သည်။ သူ၏ အရပ်ရှည်ရှည်နှင့် မတ်မတ်ခိုင်ခိုင်ကိုယ်လုံးကြီးက ပိန်သွယ်သော အလှလေးနှင့် နီးကပ်လုမတတ် ဖြစ်နေ၏။ သို့သော် သူက သူ့ကိုယ်သူ အနည်းငယ်ထိန်းချုပ်ကာ မသိမသာလေး အကွာအဝေးတစ်ခု ချန်ထားခဲ့သည်။
“နင်… နံရံမှာရေးထားတဲ့ စာကြောင်းကို ကြားရတော့ မင်း ဘယ်လိုထင်လဲ”
သူမမှာ အပြစ်ရှိတယ်။ ဘုရားသခင်က အပြစ်ရှိသူကို တရားစီရင်လိမ့်မယ်…
ယွီရှုးနင်၏ မျက်တောင်လေးများ တုန်ယင်သွားပြီး ဖြည်းညှင်းစွာ ပြောလိုက်သည်။
“ဒီစာကိုရေးတဲ့သူက အရမ်း မောက်မာလွန်းတယ်လို့ ထင်တယ်။ အဲဒီလူက သူ့ကိုယ်သူ ဘုရားသခင်လို့များ ထင်နေသလားပဲ”
“တိုက်ဆိုင်လိုက်တာ။ သူမရဲ့ပါးစပ်က ဘာလို့ ချုပ်ခံရတာလဲဆိုတဲ့ အခြေအနေတချို့ကို ကိုယ်သိထားတယ်”
ရှုးက တိုးတိုးလေးပြောလိုက်သည်။
“အဲဒီကောင်မလေး… ဂျက်ကလင်းရဲ့ အချက်အလက်တွေကို အင်တာနက်ပေါ်မှာ တစ်ယောက်ယောက်က တင်လိုက်တယ်။ သူမက ကျောင်းတူသူငယ်ချင်း ကောင်မလေးတစ်ယောက်ကို တစ်နှစ်လောက် အင်တာနက်ပေါ်ကနေ အနိုင်ကျင့်ခဲ့လို့ အဲဒီကောင်မလေးက တိုက်ပေါ်က ခုန်ချပြီး သေဆုံးသွားခဲ့ရတယ်”
ယွီရှုးနင် လက်ကို တင်းတင်းဆုပ်လိုက်သည်။ ဒါက လူသတ်သမားရဲ့ ရည်ရွယ်ချက်လား။ ဂျက်ကလင်းကို တရားစီရင်တာလား။ သူမ၏ စကားလုံးအကြမ်းဖက်မှုများကြောင့် တခြားမိန်းကလေးတစ်ယောက် သေဆုံးခဲ့ရသောကြောင့် သူမ၏ပါးစပ်ကို ချုပ်ပစ်လိုက်တာလား။
“အလောင်းကို အမှိုက်ပုံးနားမှာ ပစ်ထားတာ။ စောစောက က်ုယ်ဝင်လာတုန်းက မျက်မြင်သက်သေတွေက ကိုယ့်ကိုဆွဲခေါ်သွားလို့ ကြည့်လိုက်ရသေးတယ်။ တကယ်ကို ကြောက်စရာကောင်းတယ်… ချမ်းနေလား”
ရှုးက ဖြူဖျော့နေသောကောင်လေးကို ကြည့်ကာ သူ၏ ကြီးမားသော လက်ဝါးကြီးဖြင့် ကောင်လေး၏လက်ကို အုပ်ကိုင်လိုက်သည်။
“သူမရဲ့ပါးစပ်ထဲမှာ အမှိုက်တွေအများကြီး ထိုးထည့်ထားတာကို ကိုယ်မြင်လိုက်ရတယ်။ ကြိုးတွေနဲ့ချုပ်ထားပေမယ့် အပြင်ကိုတောင် ထွက်နေသေးတယ်။ သူမရဲ့ မျက်နှာပေါ်မှာလည်း ‘အပြစ်ရှိသူ’ ဆိုတဲ့ စာလုံးကို ဓားနဲ့ ထွင်းထားသေးတယ်…”
ထိုအမျိုးသားတွင် အလွန်ကောင်းမွန်သော မှတ်ဉာဏ်ရှိသည်။ တစ်စုံတစ်ခု မှားယွင်းနေသည်ဟု အနည်းငယ်မျှပင် မထင်မှတ်ချေ။ အခင်းဖြစ်ပွားရာနေရာ၏ အခြေအနေများကို မျက်စိမမြင်ရသော အလှလေးအား အသေးစိတ် ပုံဖော်ပြောပြနေ၏။
“သူမရဲ့ ခန္ဓာကိုယ်ပေါ်မှာလည်း သွေးထွက်သံယို ဖြစ်နေတဲ့ ဓားဒဏ်ရာတွေ အများကြီးပဲ။ လူသတ်သမားက သူမကို လုံလောက်အောင် နှိပ်စက်ပြီးမှ သေခိုင်းခဲ့ပုံရတယ်။ လည်ချောင်းမှာတော့ အရိုးပေါ်တဲ့အထိ နက်ရှိုင်းတဲ့ ဓားဒဏ်ရာတစ်ခု ရှိတယ်။ တစ်ချက်တည်းနဲ့ သေစေခဲ့တာ။ ပန်းရောင် ဂါဝန်ဖောင်းဖောင်းလေးကလည်း ညစ်ပတ်ပေရေနေပြီး ပျက်စီးနေတဲ့ ကိတ်မုန့်လေးလို ဖြစ်နေတာ…”
“သူမကိုယ်တိုင်တောင် မယုံကြည်နိုင်လောက်အောင် ဖြစ်သွားတာလားမသိဘူး။ မျက်လုံးတွေတောင် ပြူးကျယ်နေသေးတာ.. သူငယ်အိမ်တွေလည်း ကျယ်နေပြီး အဲဒီလိုပဲ ကိုယ့်ကိုကြည့်နေတာ…”
“ဒိုင်း—”
ပြတင်းပေါက်အပြင်ဘက်မှ နောက်ထပ်ကြီးမားသော မိုးခြိမ်းသံကြီးတစ်ခု ထွက်ပေါ်လာပြန်သည်။
“အား!”
ယွီရှုးနင် ရုတ်တရက် တုန်တက်သွားသည်။ မမျှော်လင့်ဘဲ ထွက်ပေါ်လာသော မိုးခြိမ်းသံကြောင့် လန့်သွားကာ အနောက်သို့ ဆုတ်လိုက်၏။ သို့သော် အဆင်သင့်စောင့်နေသော အမျိုးသား၏ ရင်ခွင်ထဲသို့ ရောက်သွားတော့သည်။
“မကြောက်ပါနဲ့ အချစ်လေး”
ရှုးက ယွီရှုးနင်၏ ဆံပင်များအား နူးညံ့စွာ ပွတ်သပ်ပေးလိုက်သည်။
“မိုးခြိမ်းသံသက်သက်ပါပဲ”
အပြင်ဘက်တွင် ဆူညံသံများ ထွက်ပေါ်လာသည်။ ရှုးက အနည်းငယ် တုန်ယင်နေသော အလှလေး၏ပခုံးကို ပုတ်ပေးလိုက်၏။
“ရဲတွေ ရောက်လာပြီထင်တယ်။ အခြေအနေတချို့ ပြောပြဖို့ ကိုယ်အပြင်ကို ခဏသွားလိုက်ဦးမယ်။”
“နင်… ကိုယ့်အိမ်ကို နွားနို့ပူပူလေး လာသောက်မလား။ မင်းကြည့်ရတာ အခြေအနေ သိပ်မကောင်းသလိုပဲ”
ယွီရှုးနင်၏ရင်ဘတ်က အနည်းငယ် နိမ့်ချည်မြင့်ချည် ဖြစ်သွားသည်။ ပါးစပ်ထဲတွင် ငုံထားသော ပူစီနံသကြားလုံးလေးလည်း လုံးဝ အရည်ပျော်သွားပြီဖြစ်သည်။ သူက နှုတ်ခမ်းကို လျှာဖြင့်သပ်လိုက်ပြီးနောက် နှေးကွေးစွာဖြင့် “ကောင်းပါပြီ” ဟု ဖြေလိုက်၏။
Chapter 14 ended
World 2 Chapter 1 ended