Chapter 27
အဲဒီတုန်းက ချွီလော့ချန် တွေးမိတာ တစ်ခုရှိတယ်။ ဒီလောက်ကောင်းတဲ့ အသံမျိုးနဲ့ ညစ်ညမ်းသီချင်းမျိုးကို ဆိုလိုက်ရင် တစ်မျိုးတစ်မည် အရသာရှိမှာပဲလို့ပေါ့။
အခုကြည့်လိုက်တော့ တကယ်ပဲ ဟုတ်နေတယ်။
ဖေးလုတစ်ပုဒ် ဆိုပြီးသွားတော့ မျက်နှာတစ်ခုလုံး ရဲတွတ်နေ၏။ တော်သေးလို့ ဘေးနားမှာ လူသိပ်မရှိတာ။ မဟုတ်ရင် လူတွေဝိုင်းကြည့်နေကြရင် ဖေးလုတစ်ယောက် မျက်နှာဖော်စရာတောင် ရှိတော့မှာ မဟုတ်ဘူး။
“မဆိုးဘူး…”
ချွီလော့ချန် အသံက အက်ရှရှ ဖြစ်နေတယ်။ သူက အသာအယာပဲ သူ့ရင်ဘတ်အင်္ကျီကို ပြင်လိုက်ရင်း ခန္ဓာကိုယ်ရဲ့ တုံ့ပြန်မှုကို ဖုံးကွယ်လိုက်တယ်။
“ကောင်းတယ်… မနက်ဖြန် ငါ ထပ်လာခဲ့မယ်”
ပြောပြီးတာနဲ့ ငွေတုံးတစ်တုံးကို ပန်းကန်ကွဲထဲ ပစ်ထည့်ပြီး အလျင်စလို ထွက်သွားတော့တယ်။
“…”
ဖေးလုကတော့ သူ့ကိုယ်သူ နှာဘူးတစ်ယောက်နဲ့ တွေ့နေရတယ်လို့ပဲ ခံစားလိုက်ရတယ်။ မနက်ဖြန် ထပ်လာမယ်တဲ့လား။ ဝေးသေးတယ်!
ငွေတုံးကို ရင်ဘတ်ထဲ သေချာသိမ်း၊ ပန်းကန်ကွဲလေးကို ကောက်ယူပြီး ကြောင်တောင်တောင် ဖြစ်နေတဲ့ ကတုံးလေးကို ဆွဲကာ အလုပ်သိမ်းပြီး ပြန်လာခဲ့တော့တယ်။
တောင်ပေါ်ရောက်တော့ မိုးချုပ်နေပြီ။ ညဘက်လည်း လုပ်စရာ ဘာမှမရှိတော့ စောစောစီးစီးပဲ အိပ်ကြတယ်။
ဖေးလုက အစွန်ဆုံးမှာ အိပ်တယ်။ လက်နှစ်ဖက်ကို ရင်ဘတ်ပေါ် ယှက်တင်ထားပြီး အိပ်နေပုံလေးက သိမ်မွေ့ငြိမ်သက်နေတယ်။
အခန်းထဲမှာက မှောင်မည်းနေပြီး ပုံမှန် အသက်ရှူသံလေးတွေပဲ ကြားနေရတယ်။
ရုတ်တရက် အနီရောင် လူရိပ်တစ်ခု ပေါ်လာတယ်။ ခြေလှမ်းတွေက ပေါ့ပါးလွန်းလို့ အသံတောင် မမြည်ဘူး။ထိုအရိပ်က ဖေးလုရှေ့မှာ ရောက်လာပြီး ငြိမ်သက်စွာနဲ့ ခဏလောက် စိုက်ကြည့်နေတယ်။ ပြီးတော့ နှုတ်ခမ်းထောင့်ကနေ အပြုံးတစ်ချက် စွန်းထင်းလာတယ်။
“နည်းနည်းတော့ ပိန်နေသေးတယ်… နည်းနည်းလောက် ထပ်ဝအောင် မွေးလိုက်ရင် ရပြီ…”
ချွီလော့ချန်က ကြမ်းပြင်ပေါ် ဒူးတစ်ဖက်ထောက်ထိုင်ချလိုက်ပြီး ဖေးလုရဲ့ လည်ပင်းသားလေးတွေကို လက်ချောင်းတွေနဲ့ ဖွဖွလေး ပွတ်သပ်နေလိုက်၏။ ကိုက်လို့ကောင်းမယ့် နေရာကို ရှာတွေ့တော့မှ ပါးစပ်ဟပြီး ကိုက်ချလိုက်တော့တယ်…
——
နောက်တစ်နေ့ ဖေးလု နိုးလာတော့ လည်ပင်းက နည်းနည်း နာနေပြီး ခေါင်းထဲမှာလည်း မူးနောက်နောက် ဖြစ်နေတယ်။ လည်ပင်းကို စမ်းကြည့်လိုက်တော့ အသားအရေက ချောမွတ်နေပြီး ဒဏ်ရာရှိတဲ့ပုံတော့ မပေါ်ဘူး။
သက်ပြင်းချလိုက်ပြီးမှ ရုတ်တရက် တစ်ခုခုကို သတိရသွားပြီး လည်ပင်းကို အုပ်ကိုင်ကာ ထိတ်လန့်တကြား ထအော်တော့တယ်။
“အားး!!!”
ရေအိုးစင်နားကို တဒုန်းဒုန်း ပြေးသွားပြီး လည်ပင်းကို ဟိုဘက်သည်ဘက် လှည့်ကြည့်တယ်။ ဘေးနားမှာ ပလုတ်ကျင်းနေတဲ့ ဖက်တီးတောင် ဘေးရောက်သွားတယ်။
“မင်း ဘာလုပ်နေတာတုန်းဟ”
ဖေးလုက ကပျာကယာနဲ့ အင်္ကျီကော်လံကို ဆွဲဟပြပြီး ပြောတယ်။ မျက်နှာကလည်း သရဲသဘက် မြင်လာတဲ့အတိုင်းပဲ။
“ငါ့လည်ပင်းကို ကြည့်ပေးစမ်းပါဦး၊ သွားရာတွေ ဘာတွေ ရှိနေလားလို့”
ဖက်တီးက လည်ပင်းဆန့်ပြီး ကြည့်ပေးတယ်။ သွားရာတော့ မတွေ့ဘူး၊ ဒါပေမယ့် ဒီကောင်လေးရဲ့ လည်ပင်းသားက မြို့ပေါ်က သူဌေးကတော်တွေ၊ သခင်မလေးတွေလောက် နုဖတ်နေတာကိုတော့ သတိထားမိလိုက်တယ်။
“ရှိလား… မရှိဘူးလား?!”
ဖေးလုက သူ့ကို လက်နဲ့ထိုးပြီး စိတ်မရှည်သလို မေးတယ်။
ဖက်တီးက မကြည့်လို့ မဝသေးပေမယ့် တက်ခေါက်လိုက်တယ်။
“မင်းလည်ပင်းမှာ ဘယ်က သွားရာရှိရမှာတုန်း။ နေပါဦး… မင်း…ကောင်လေး ငါတို့မသိအောင် သူဌေးကတော်လေးတွေနဲ့များ သွားရှုပ်ထားသေးတာလား”
ဖက်တီးက ပြောရင်းနဲ့ သူ့ကို အထက်အောက် ကြည့်တယ်။ ကြည့်လေလေ ဖြစ်နိုင်ချေ ရှိလေလေပဲ။ မြို့ပေါ်က သူဌေးကတော်လေးတွေက ဒီလိုမျက်နှာချောချောလေးတွေကို သဘောကျတတ်တာ။ သူသိသလောက်တောင် နှစ်ယောက်လောက် ရှိတယ်။
‘ငါ နားလည်ပါတယ်ကွာ’ ဆိုတဲ့ အကြည့်နဲ့ ကြည့်ပြီး ဖက်တီးက သူ့လက်မောင်းကြီးနဲ့ ဖေးလု လည်ပင်းကို သိုင်းဖက်လိုက်တယ်။
“ဟီးဟီး… ဒါကြောင့် ဒီကောင်လေး ရုတ်တရက်ကြီး သန့်ချင်ပြန့်ချင် ဖြစ်လာတာကိုး။ ခါးတောင် နည်းနည်း ဆန့်လာသလိုပဲ။ အပြင်မှာ လူရှိနေလို့ကိုး!”
သူက လျှို့ဝှက်ချက် ပြောသလို ဖေးလု နားနားကပ်ပြီး တိုးတိုးလေး မေးတယ်။
“အစ်ကိုကြီးကို ပြောပြစမ်းပါ… အရသာ ဘယ်လိုနေလဲ”
“…”
ဖေးလု ခေါင်းထဲမှာ အတော်ကြာအောင် စဉ်းစားလိုက်ရတယ်။ ဒီရှေးခေတ်လူတွေက ဘာလို့ ဒီလောက်တောင် ညစ်ညမ်းရတာလဲ။ ဒီဖက်တီးက အလွန်ဆုံးရှိမှ ၁၆ နှစ်လောက်ပဲ ရှိဦးမှာကို။
ဖက်တီးက သူ မျက်နှာရဲပြီး ဘာမှမပြောတော့ ဟုတ်တယ်လို့ပဲ မှတ်ယူလိုက်တယ်။
“ကုံးတန်ရေ… ကြီးပွားလာရင် မင်းအစ်ကိုကြီးကိုတော့ မမေ့နဲ့နော်”
“…”
ဖေးလု မျက်နှာက ပြာလိုက်နီလိုက် ဖြစ်နေပြီ။ သူ့ကို မျက်နှာပြောင်ပြလိုက်ပြီး “သွားစမ်းပါကွာ” လို့ပဲ ပြောလိုက်တယ်။
ဖက်တီး နောက်လိုက်တာကြောင့် ဖေးလုရဲ့ ကြောက်စိတ်တွေလည်း နည်းနည်းတော့ လျော့သွားတယ်။ လည်ပင်းကို စမ်းကြည့်လိုက်ပြီး သံသယတွေကို မြိုသိပ်ထားလိုက်တယ်။
နေထွက်လာတော့ ဖက်တီးတို့ သုံးယောက်သား တောင်အောက် ဆင်းသွားကြတယ်။ ဖေးလုကတော့ ဒီနေ့ မလိုက်တော့ဘူး။ တစ်ချက်က လူက နေလို့မကောင်းသလို ဖြစ်နေလို့ အပြင်ထွက်ပြီး သရုပ်ဆောင် မလုပ်ချင်ဘူး။ နောက်တစ်ချက်က ဝမ်းရေးအတွက် ဘယ်လို ပိုက်ဆံရှာရမလဲ ဆိုတာ စဉ်းစားရဦးမယ်။
မနေ့က တွေ့ခဲ့တဲ့ နှာဘူးကောင် ပေးခဲ့တဲ့ ငွေတုံးက တစ်ကျပ်သားလောက် ရှိတယ်။ ဒီကမ္ဘာမှာက ငွေကြေးဖောင်းပွမှု မရှိသေးတော့ တစ်ကျပ်သားဆိုရင် တော်တော် ဝယ်လို့ရတယ်။ သူဌေးကြီးတော့ မဖြစ်ပေမယ့် ဒီရက်ပိုင်း စားသောက်စရိတ်နဲ့ အရင်းအနှီး သေးသေးမွှားမွှား ထုတ်ဖို့တော့ လောက်ငပါတယ်။
မနက်ခင်းနေရောင်ခြည်က တောက်ပလာပြီး နွေးထွေးနေတယ်။ ဖေးလုက ဘုရားကျောင်းပျက်ထဲမှာ အလင်းရောင်မကောင်းလို့ အကြံဉာဏ်မထွက်ဘူးဆိုပြီး အပြင်က မြက်ခင်းပေါ် သွားလှဲနေလိုက်တယ်။
မြက်ပင်ရှည်တွေကို ခြေထောက်နဲ့ နင်းချေပြီး နေရာရှင်းလိုက်တယ်။ ခြေသလုံးလောက်ရှိတဲ့ မြက်ပင်တွေက ခင်းထားသလို ဖြစ်သွားတော့ ဖေးလု ကျေကျေနပ်နပ်ကြီး လှဲချလိုက်တယ်။
လက်အုံးပြီး ခြေချိတ်၊ သီချင်းလေး ညည်းပြီး ဇိမ်ခံနေတယ်။
သူတတ်ထားတဲ့ ပညာတွေကို စဉ်းစားကြည့်တယ်။ တွက်ချက်ကြည့်လိုက်တော့ ဒီလိုခေတ်နောက်ကျတဲ့ ရှေးခေတ်မှာ အသုံးဝင်မယ့် ပညာဆိုလို့ ဟင်းချက်တာပဲ ရှိတော့တယ်။
Otakuတစ်ယောက်အနေနဲ့ ပါဆယ်တွေ မှာစားရတာ ငြီးငွေ့လာတော့ ဖေးလု ကိုယ့်ဘာသာပဲ ချက်စားဖြစ်ခဲ့တယ်။ နှစ်အတော်ကြာ လေ့ကျင့်ပြီးတဲ့နောက် စားဖိုမှူးကြီးအဆင့် မဟုတ်ပေမယ့် သူစားချင်တာလောက်တော့ နည်းနည်းပါးပါး ချက်တတ်လာတယ်။
“ငါ သရေစာဆိုင်လေး ဖွင့်ရင် ကောင်းမလား”
စီးပွားရေး အကြီးကြီးလုပ်ဖို့ အရင်းအနှီးလည်း မရှိ၊ လုပ်လည်း မလုပ်တတ်ဘူး။ ဒါပေမယ့် ဆန်းဆန်းပြားပြား သရေစာလေးတွေ လုပ်ရောင်းရင်တော့ ဖြစ်နိုင်တယ်။
666 က ဂိမ်းနိုင်ထားလို့ စိတ်ကြည်နေတုန်းမို့ ဝင်ပြောတယ်။
“မင်း ဘာရောင်းချင်လဲ။ ငါ ဟင်းချက်နည်း ရှာပေးမယ်။ ငါ့ဆီမှာ ဟင်းချက်နည်းတွေ အများကြီး သိမ်းထားတယ်”
“မင်းက AI လေ… စားလည်း မစားတတ်ဘဲနဲ့ ဟင်းချက်နည်းတွေ အများကြီး ဘာလုပ်ဖို့ သိမ်းထားတာလဲ”
ဖေးလု ထူးဆန်းသလို မေးလိုက်တယ်။
“…”
“ငါ့ကိစ္စပါ… မင်းမပူစမ်းပါနဲ့! ငါ သိမ်းချင်လို့ သိမ်းတာ မင်းအိမ်က Memoryကို လာသုံးနေလို့လား?!”
666 ချက်ချင်း စိတ်ဆိုးသွားတယ်။ အသံလေးကလည်း မကြည်တော့ဘူး။ ဘယ်လောက်တောင် မြန်လိုက်တဲ့ မျက်နှာပြောင်းလဲမှုလဲ။
“…”
“ပြီးတာပါပဲ… မင်းသဘောပါ”
ဖေးလု လက်မြှောက်အရှုံးပေးလိုက်တယ်။ နောက်ကျ ဟင်းချက်နည်း လိုချင်ရင် 666 ကိုပဲ အားကိုးရမှာဆိုတော့ အခုကတည်းက သွားစလို့ မဖြစ်ဘူး။
666 ရှိနေတော့ ဟင်းချက်နည်းအတွက် ပူစရာမလိုပေမယ့် ဒီကမ္ဘာက ကုန်ကြမ်းတွေက သိပ်စုံမှာ မဟုတ်ဘူး။ ဖေးလု စဉ်းစားကြည့်ပြီးမှ အလွယ်ဆုံးတစ်ခုကို ရွေးလိုက်တယ်။ အဲဒါကတော့ – ‘ဟင်းရည်အနှစ်’။
ဒီခေတ်မှာ ဟင်းရည်အနှစ်နဲ့ ချက်တာက ဆန်းသစ်နေဦးမှာပဲ။ ပြီးတော့ အရင်းအနှီးလည်း သိပ်မကြီးဘူးဆိုတော့ သူ့အခြေအနေနဲ့ အကိုက်ညီဆုံးပဲ။
……..
ပြောပြီးတာနဲ့ ဖေးလုက ကုန်းရုန်းထ၊ အိမ်ထဲပြေးဝင်ပြီး ဝှက်ထားတဲ့ ငွေတုံးကို သွားယူတယ်။ လိုအပ်တဲ့ ပစ္စည်းတွေ ဝယ်ဖို့ မြို့ထဲ ဆင်းရမယ်လေ။
ဟိုနှာဘူးကောင် မှာခဲ့တဲ့ စကားလား… မိုးတိမ်တွေကြား လွင့်ပါသွားတာ ကြာပြီ။
ဟင်းရည်အနှစ်ချက်ဖို့ အသားငါး၊ ကလီစာတွေကတော့ ဈေးထဲမှာ ဝယ်ရလွယ်တယ်။ ဈေးလည်း မကြီးဘူး။ ခက်တာက အနှစ်ချက်ဖို့လိုတဲ့ ဟင်းခတ်အမွှေးအကြိုင်တွေပဲ။ ဖေးလု မြို့တစ်ဝက်လောက် ပတ်ရှာပြီးမှ ပရဆေးဆိုင်တစ်ဆိုင် တွေ့ပြီး လိုတာတွေ ဝယ်လို့ရသွားတယ်။
အမွှေးအကြိုင် တစ်ထုပ်ကို ကြေးပြား ၂၀ တောင် ပေးလိုက်ရလို့ ဖေးလုမှာ နှမြောလွန်းလို့ ရင်နာနေရတယ်။ သူ အထုပ်ကို ရင်ခွင်ထဲ သေချာထည့်ပြီး ပြန်လာခဲ့လိုက်တယ်။
ဟိုဟိုဒီဒီ ဝယ်လိုက်တာ တော်တော်များသွားပြီ။ နေ့လယ်ခင်းဈေးက ကြက်တစ်ကောင်ပါ ဝယ်၊ သတ်ခိုင်းပြီးတာနဲ့ အထုပ်အပိုးတွေ ဆွဲပြီး ဖက်တီးတို့ကို သွားရှာတော့တယ်။ ဒီအချိန်ဆို ဖက်တီးတို့က ဈေးအရှေ့ဘက်က သစ်ပင်အိုကြီးအောက်မှာ နားနေလောက်ပြီ။
ဖေးလုက ပစ္စည်းတွေ လေးလွန်းလို့ ယိုင်ထိုးယိုင်ထိုးနဲ့ ဖြစ်နေပြီ။ တော်သေးတာက ဖက်တီးတို့က လျှောက်သွားမနေဘဲ သစ်ပင်အောက်မှာ ရှိနေလို့။ ဖေးလု ပစ္စည်းတွေကို ကြမ်းပြင်ပေါ် ချလိုက်ပြီး လှမ်းအော်လိုက်တယ်။
“ထျယ်ကျူး (သံတိုင်) ရေ!”
နာမည်ကြားတာနဲ့ ဖက်တီး မျက်နှာမည်းသွားပြီး ကပြာကယာ တားတော့တယ်။
“ဘာတွေ လျှောက်အော်နေတာတုန်း!”
သူက ‘ထျယ်ကျူး’ ဆိုတဲ့ နာမည်က သိပ်မမိုက်ဘူးလို့ ထင်တာ။ သူ့တပည့်တွေက သူ့ကို ‘ဖုန်းယဲ့’ (အစ်ကိုကြီးဖက်တီး) လို့ ခေါ်ကြတာလေ။
မူလခန္ဓာကိုယ်က အားနည်းတော့ ဖေးလု နှစ်ခွန်းလောက်အော်ပြီးတာနဲ့ ဒူးထောက်ပြီး ဟောဟဲလိုက်နေပြီ။ နွားတစ်ကောင်လိုပဲ ရှူရှိုက်နေရတယ်။ ဖက်တီးက ပြေးလာပြီး ရှေ့က ပစ္စည်းပုံကြီးကို ကြည့်ကာ အံ့သြသွားတယ်။
“ကုံးတန်ရေ… မင်းက မင်းအချစ်တော်ဆီကနေ အကုန် မောင်ပိုင်စီးပြီး ယူလာတာလား”
“…”
ဖေးလု လေတောင်မရှူနိုင်တော့ဘူး။ မောတဲ့ကြားက မျက်စောင်းထိုးလိုက်သေးတယ်။ ဖက်တီးက ဟီးဟီး ရယ်ပြီး ဝါးခြမ်းပြားကို ပစ္စည်းတွေ လာကူသယ်ခိုင်းတယ်။
ဘေးက တပည့်လေးတစ်ယောက်က ရေဘူး လာပေးလို့ ဖေးလု မော့သောက်လိုက်မှ အသက်ရှူ နည်းနည်း ချောင်သွားတယ်။
ဖက်တီးနဲ့ ဝါးခြမ်းပြားကတော့ ရှင်းပြမယ့်အလှည့်ကို မျှော်နေကြတယ်။
ဖေးလုက လည်ချောင်းရှင်းပြီး လမ်းပေါ်မှာ ‘၁၈ ကွက်’ သီချင်းဆိုခဲ့တဲ့ ဂုဏ်ယူစရာ သမိုင်းကြောင်းကို ချန်လှပ်ထားကာ သူဌေးတစ်ယောက်နဲ့တွေ့ပြီး ငွေတုံးတစ်တုံး ပေးသွားတဲ့အကြောင်းပဲ ပြောပြလိုက်တယ်။
ဖက်တီးရဲ့ မျက်လုံးတွေက မှေးကျဉ်းသွားပြီး လုံးဝ မယုံဘူး။
“ဆက်လိမ်လေ… လိမ်စမ်းပါဦး။ သူဌေးကတော်ရဲ့လင်ငယ် လုပ်တာပဲဟာ၊ ဘာများ ရှက်စရာရှိလို့လဲ”
ဝါးခြမ်းပြားကလည်း ထောက်ခံသလို ခေါင်းညိတ်တယ်။
“ငါတို့ ဘယ်သူ့ကိုမှ မပြောပါဘူးကွ”
“…”
ဖက်တီးရဲ့ စိတ်ကူးယဉ်နိုင်စွမ်းကို ဖေးလု လေးစားသွားပြီ။ ဒီကောင်နှစ်ကောင်က ‘ဆက်မရှင်းပြနဲ့တော့ ငါတို့ နားလည်ပါတယ်’ ဆိုတဲ့ မျက်လုံးတွေနဲ့ ကြည့်နေတော့ ဖေးလုလည်း လက်မြှောက်လိုက်တော့တယ်။
ရှင်းပြမနေတော့ဘူး၊ သူ့ရဲ့ စီးပွားရေး စီမံကိန်းကိုပဲ ပြောပြလိုက်တော့မယ်။
ဖက်တီးနဲ့ ဝါးခြမ်းပြားတို့ နားထောင်ပြီး မျက်လုံးတွေ အရောင်တောက်လာတယ်။ အခွင့်အရေးသာ ရှိရင် ဘယ်သူက လမ်းဘေးမှာ တောင်းစားချင်မှာလဲ။ သူတို့က ငယ်ငယ်ကတည်းက မိဘမရှိ ဆရာမရှိ၊ သူဖုန်းစားအဘိုးကြီးနောက် လိုက်ပြီး တောင်းစားလာကြတာ။ အဘိုးကြီးသေသွားတော့ ကိုယ့်ဘာသာ ဆက်တောင်းစားကြတာ။ မလုပ်ချင်ပေမယ့်လည်း ဘဝကို ပြောင်းလဲနိုင်စွမ်းမှ မရှိတာ။
အခုတော့ ကုံးတန်က စားသောက်ကုန် လုပ်ရောင်းမယ်တဲ့။ ကိုယ်ပိုင်စီးပွားရေး လုပ်တော့မယ်တဲ့!
ဖက်တီးက မျက်ရည်တွေဝဲပြီး ဖေးလုကို ဝက်ဝံကြီးလို ဝင်ဖက်လိုက်တယ်။
“ကုံးတန်ရေ… မင်းသာ လုပ်စမ်းပါ! မကောင်းရင် အစ်ကိုကြီးပဲ အကုန် တာဝန်ယူ စားပေးမယ်!”
“…” ဖေးလုက သူ့ကိုယ်နံ့ကြောင့် မူးမေ့ချင်သွားပြီး အတင်း တွန်းထုတ်လိုက်တယ်။
ကျူ
“နံလိုက်တာကွာ… ဝေးဝေးနေစမ်းပါ!”
ဖက်တီးက ဟီးဟီး ရယ်တယ်။
“အေးပါ အေးပါ… မင်းက ပိုင်ရှင်ရှိနေပြီဆိုတော့လည်း… ကဲ ပြန်ကြစို့၊ ဝါးခြမ်းပြားရေ… ကတုံးလေးကို သွားခေါ်ချည်”
“ငါတို့ နောက်ဆို တောင်းစားစရာ မလိုတော့ဘူးဟေ့! အလုပ်ပြောင်းတော့မယ်!”
ဝါးခြမ်းပြားက ပျော်ပျော်ရွှင်ရွှင်နဲ့ ကတုံးလေးကို သွားခေါ်တယ်။ ဖက်တီးက ပစ္စည်းတွေဆွဲပြီး ဖေးလုနဲ့အတူ ပြန်လာခဲ့တယ်။
……….
ချွီလော့ချန်တစ်ယောက် လူမရှိတော့တဲ့ လမ်းထောင့်ကို မျက်နှာကြီး မည်းမှောင်ပြီး စိုက်ကြည့်နေတယ်။ နှာခေါင်းကို ရှုံ့ပွလိုက်တော့ သူဖုန်းစားလေးရဲ့ ယန်ဓာတ် ခပ်သဲ့သဲ့လေးပဲ ကျန်တော့တာကို သိလိုက်ရတယ်။ ဒါက ဘာကိုပြနေလဲဆိုတော့ ဒီကောင်လေး ဒီနေ့ လုံးဝ လာကို မလာဘူး ဆိုတာပဲ!
သူဖုန်းစားလေးက ငါ့စကားကို နားမထောင်ဘူးပေါ့လေ!
ချွီလော့ချန်ရဲ့ ရင်ထဲမှာ ဒေါသတွေ ထွက်လာတယ်။ လက်သည်းချွန်ချွန်တွေက ထွက်လိုက်ဝင်လိုက် ဖြစ်နေပြီး အနက်ရောင် ယင်ဓာတ်တွေက သူ့တစ်ကိုယ်လုံးကို လွှမ်းခြုံထားတယ်။ သူ့ခြေထောက်အောက်ကနေ ဖြူလွှလွှ ရေခဲလွှာတွေ ပျံ့နှံ့လာပြီး ပတ်ဝန်းကျင်တစ်ခုလုံးကို အေးစက်သွားစေတော့တယ်။
လမ်းသွားလမ်းလာတွေက ရုတ်တရက် အေးခဲသွားပြီး တုန်တက်သွားကြတယ်။ လည်ပင်းကို ကျုံ့၊ စကားတီးတိုး ရေရွတ်ပြီး အိမ်ပြန်မယ့် ခြေလှမ်းတွေကို အရှိန်တင်လိုက်ကြတော့တယ်။
ချွီလော့ချန်က မူလနေရာမှာ ခဏလောက် ရပ်နေပြီး သူ့ရဲ့ ပါးလွှာတဲ့ နှုတ်ခမ်းနီနီတွေက ရက်စက်တဲ့ အပြုံးတစ်ခုကို ဖော်ဆောင်လိုက်တယ်။ ပြီးတာနဲ့ အနီရောင် လူရိပ်က ရေခိုးရေငွေ့တွေလိုပဲ လေထဲမှာ ပျောက်ကွယ်သွားတော့တယ်။
Chapter 27 ended
(စာရေးသူရဲ့စကား – ချွီလော့ချန် : ဟက်! ပြေးရဲတယ်ပေါ့? သေအောင် တက်လုပ်ပစ်မယ် : )
(နှာဘူးကြီး ရောက်လာပြီ )
Chapter 28
တောင်ပေါ်ပြန်ရောက်တော့ ဖေးလုက ပစ္စည်းတွေ သိမ်းဆည်းပြီး စမ်းချောင်းဘက်ကို ထွက်လာခဲ့တယ်။ ဘုရားကျောင်းပျက်နားမှာ စမ်းချောင်းလေး တစ်ခု ရှိနေတော့ ဟင်းသီးဟင်းရွက်ဆေးဖို့၊ ရေခပ်ဖို့အတွက် ဖေးလု အဆင်ပြေသွားတာပေါ့။
ချက်မယ့်ပစ္စည်းတွေကို အမျိုးအစားခွဲ၊ လှီးဖြတ်ပြီး ရေထဲစိမ်ထားလိုက်တယ်။ ပြီးတော့ ဟင်းချက်နည်းစာအုပ်ထဲကအတိုင်း လိုအပ်တဲ့ ဟင်းခတ်အမွှေးအကြိုင်တွေကို အချိုးအစားမှန်းပြီး ပြင်ဆင်လိုက်တယ်။
ဒါတွေပြီးတော့ ဖေးလုက ဖက်တီးကို ထင်းခွေခိုင်းလိုက်တယ်။
ဟင်းရည်အနှစ်ချက်ဖို့က အချိန်ကြာတာမို့ ထင်းအများကြီး ကုန်မှာ။ တော်သေးတာက ဖက်တီးက အားရှိတော့ ဘာမှပြန်မပြောဘဲ ဓားမကြီးဆွဲပြီး ထင်းခြောက်တွေ အများကြီး ခုတ်လာပေးတယ်။
မီးဖိုကိုလည်း ဖက်တီးကပဲ ကျောက်တုံးတွေနဲ့ ယာယီစီပေးထားတာ။ မီးမွေးပြီးတာနဲ့ အသစ်ဝယ်လာတဲ့ ဒယ်အိုးကြီးကို တင်၊ ရေဖြည့်ပြီး ဖေးလုက ဟင်းချက်နည်းအတိုင်း အမွှေးအကြိုင်တွေကို တစ်မျိုးစီ ထည့်တယ်။ ပြီးတော့ အဖုံးအုပ်ပြီး ဘေးနားမှာ ဂရုတစိုက် စောင့်နေတော့တယ်။
ငရုတ်သီးနဲ့ ဟင်းခတ်အမွှေးအကြိုင် အနံ့တွေက နည်းနည်း စူးရှနေလို့ ဖက်တီးတစ်ယောက် ဘေးနားမှာ နှာချေနေတော့တယ်။
“မင်း ဘာတွေထည့်ထားတာတုန်း? အနံ့က နှာခေါင်းထဲ စူးနေတာပဲ”
ဖေးလုက ဂုဏ်ယူစွာနဲ့ ပြုံးလိုက်တယ်။
“စောင့်ကြည့်နေလိုက်… ပြီးသွားရင် စားလို့ကောင်းလွန်းလို့ မင်းလျှာပါ မျိုချမိသွားစေရမယ်”
ဖက်တီးကတော့ သိပ်မယုံပေမယ့် စိတ်ဓာတ်ကျမယ့်စကား ဘာမှမပြောဘဲ ဖေးလုနဲ့အတူတူ ထိုင်စောင့်ပေးတယ်။
ပထမဆုံးအကြိမ် အနှစ်ရည် ကျိုတာဆိုတော့ အမွှေးအကြိုင်တွေရဲ့ အနံ့ထွက်လာအောင် အချိန်တော်တော်ကြာကြာ တည်ရတယ်။ ဖေးလု ဒယ်အိုးဘေးမှာ နေ့လယ်ကတည်းက စောင့်နေတာ ညနေစောင်းမှ မွှေးကြိုင်တဲ့ အနံ့တွေ ထွက်လာတော့တယ်။
အဖုံးဖွင့်လိုက်တဲ့အချိန်မှာ ဖက်တီး သွားရည်တောင် ကျသွားတယ်။ ဖေးလုသာ မျက်စိရှင်ရှင်နဲ့ လှမ်းတားလိုက်လို့၊ မဟုတ်ရင် သူ့လက်က အိုးထဲ ရောက်နေလောက်ပြီ။
ဖေးလု တူနဲ့ အနှစ်ရည် နည်းနည်းတို့ပြီး မြည်းကြည့်တယ်။ နောက်တစ်ညလောက် ထပ်တည်လိုက်ရင် အရသာ ကောင်းသွားလောက်ပြီ။ ကျန်တဲ့ ထင်းတွေ သိပ်မရှိတော့တာ မြင်တော့ မိုးမချုပ်ခင် ဖက်တီးကို ထင်းထပ်ခွေခိုင်းလိုက်တယ်။
မိုးက အမြန်ပဲ ချုပ်သွားတယ်။ အစပိုင်းမှာ ဖက်တီးက အဖော်လုပ်ပေးနေသေးပေမယ့် နောက်ပိုင်းကျတော့ ဟင်းအနံ့ကို မခံနိုင်တော့လို့ ပွစိပွစိပြောပြီး ထွက်ပြေးသွားတယ်။ ဝါးခြမ်းပြားနဲ့ ကတုံးလေးလည်း အနံ့ရလို့ လာကြည့်ကြသေးတယ်။ ၅ မိနစ်တောင် မကြာဘူး၊ သွားရည်ကျတာ မထိန်းနိုင်တော့လို့ အသီးသီး ဆုတ်ခွာသွားကြတော့တယ်။
နောက်ဆုံးတော့ စမ်းချောင်းဘက်မှာ ဖေးလု တစ်ယောက်တည်း ကျန်ခဲ့တယ်။
တကယ်တော့ သူက တစ်ယောက်ယောက်ကို အဖော်နေပေးစေချင်တာ။ ဒါပေမယ့် စကားက လည်ချောင်းဝရောက်မှ ပြန်မြိုချလိုက်ရပြီး သူများတွေ ထွက်သွားတာကိုပဲ ငေးကြည့်နေလိုက်ရတယ်။
နောက်ဆုံးတော့ တဖျပ်ဖျပ်လင်းနေတဲ့ မီးရောင်ရယ်၊ သူရယ်ပဲ ကျန်တော့တယ်။
ဖေးလု ကြောက်ကြောက်လန့်လန့်နဲ့ မီးဖိုဘေးမှာ ထိုင်စောင့်နေရတယ်။ လေတိုက်လို့ မြက်ပင်လှုပ်တာတောင် လန့်ပြီး ခုန်မိမတတ်ပဲ။
ချွီလော့ချန် မျက်လုံးတွေ မှေးစင်းပြီး လေတိုက်တာလေးနဲ့တင် သရဲခြောက်သလို ထင်ပြီး ကြောက်နေတဲ့ ကောင်လေးကို ကြည့်ကာ ပြုံးလိုက်တယ်။
“666… ငါ ကြောက်တယ်ဟာ QAQ”
“ပတ်ဝန်းကျင်ကြီးကလည်း တိတ်ဆိတ်လွန်းတယ်…”
666 ကတော့ တကယ်တမ်း သူ့နောက်မှာ သရဲတစ်ကောင် ရပ်နေတယ်ဆိုတာ မပြောရက်ဘူး။ ဖေးလု မမြင်ရပေမယ့် Target ရဲ့ အနီစက်ကတော့ မြေပုံပေါ်မှာ အထင်းသား ပေါ်နေတာလေ။
“ဂရုစိုက်နော် ကိုယ့်လူ~”
ဖေးလု ကြောင်သွားပြီး သတိထားလိုက်တယ်။
“ဘာသဘောလဲ”
“ဘာမှမဟုတ်ပါဘူး… အအေးမိမှာစိုးလို့ ဂရုစိုက်ခိုင်းတာပါ”
ဖေးလုကတော့ မယုံဘူး။
“မင်း ငါ့ကို လာမကစားနဲ့နော်… မြန်မြန်ပြော!”
666 သက်ပြင်းချလိုက်တယ်။ “ပြောလိုက်ရင် မင်း ယုံချင်မှ ယုံမှာ… မင်းနောက်မှာ ယောကျ်ားတစ်ယောက် ရှိနေတယ်…”
“…” ဖေးလု တစ်ကိုယ်လုံး တောင့်တင်းသွားတယ်။ နောက်ကိုတောင် လှည့်မကြည့်ရဲတော့ဘူး။ ငိုသံပါကြီးနဲ့ ပြောရှာတယ်။
“ငါက နဂိုကတည်းက အသည်းငယ်ပါတယ်ဆိုမှ… မင်း ငါ့ကို မခြောက်ပါနဲ့ကွာ QAQ”
“ဟူး…”
666 လည်း မတတ်နိုင်ဘူးလေ။ သူက ထွက်ကူလို့ရတာမှ မဟုတ်တာ။
“… ကံကောင်းပါစေလို့ပဲ ဆုတောင်းပေးနိုင်တော့တယ်”
“…”
ဖေးလု ဒူးလေးပိုက်၊ လက်မောင်းကြား ခေါင်းဝှက်ပြီး တုန်ရီနေရှာတယ်။ ကြောက်လွန်းလို့ အတောင်ပံအောက် ခေါင်းဝှက်ထားတဲ့ ငုံးငှက်လေး ကျနေတာပဲ။
ချွီလော့ချန် မျက်ဝန်းတွေ မည်းမှောင်သွားတယ်။ သူဖုန်းစားလေး ပိုကြောက်လေလေ သူ့စိတ်ထဲမှာ ပိုပြီး စိတ်လှုပ်ရှားလေလေပဲ။
အဲဒါနဲ့ပဲ သူ ကိုယ်ထင်ပြလိုက်တယ်။ အေးစက်နေတဲ့ ခန္ဓာကိုယ်နဲ့ ဖေးလုကျောပြင်ကို ကပ်၊ နှုတ်ခမ်းကို နားရွက်နား ကပ်ပြီး သရဲအသံကြီးနဲ့ ပြောလိုက်တယ်။
“သူဖုန်းစားလေး… မင်းကို တွေ့ပြီ…”
—
ဖေးလု ကြောက်လွန်းလို့ ကြောင်တောင်တောင် ဖြစ်သွားကာ ပါးစပ်အဟောင်းသားနဲ့ လန့်ဖျပ်နေတဲ့ မျက်နှာပေးအတိုင်း မလှုပ်မယှက် ဖြစ်နေတယ်။ မလှုပ်ချင်လို့တော့ မဟုတ်ဘူး၊ ခြေထောက်တွေ ပျော့ခွေပြီး လှုပ်လို့ကို မရတော့တာ။
ပိုဆိုးတာက ဆီးအိမ်က မထိန်းနိုင်ချင်တော့ဘူး။ သေးပေါက်ချင်လာပြီ…
အားကုန်သုံးပြီး ခြေထောက်ကို ပူးကပ်ထားရတယ်။ ဖေးလု သူ့ရဲ့ စိတ်စွမ်းအားတွေအကုန်သုံးပြီး ပေါက်ကျမသွားအောင် မနည်းအောင့်ထားရတယ်။
ချွီလော့ချန်က ဖေးလုလည်ပင်းနား ကပ်ပြီး နားထဲကို လေမှုတ်ထည့်လိုက်တယ်။
“မင်းရဲ့ အနံ့က… သိပ်မွှေးတာပဲ…”
သူက မက်မက်မောမော အသက်ရှူသွင်းလိုက်တယ်။ သူဖုန်းစားလေး ကိုယ်ပေါ်မှာ လွှမ်းခြုံထားတဲ့ သိပ်သည်းလွန်းတဲ့ ယန်ဓာတ်၊ ဒီလိုအနံ့မျိုးက အငြိုးကြီးတဲ့ သရဲတွေအတွက်တော့ အဆွဲဆောင်နိုင်ဆုံး အနံ့ပဲ…
“မင်းကို တစ်လုပ်တည်း မျိုချပစ်လိုက်ချင်တယ်…”
ချွီလော့ချန်ရဲ့ လက်ချောင်းတွေက ဖေးလုလည်ပင်းပေါ်မှာ ဟိုဟိုဒီဒီပွတ်သပ်နေတယ်။ ဘယ်နေရာကနေ စကိုက်ရမလဲ စဉ်းစားနေသလိုပဲ။
“ပြောစမ်း… ငါ ဘယ်နေရာကနေ စကိုက်ရင် ကောင်းမလဲ? ဟင်?”
လက်သည်းရှည်ကြီးတွေက ဖေးလုမျက်နှာပေါ်မှာ လျှောက်သွားနေတယ်။ အားမပါဘူး၊ အရာတောင် မထင်ဘူး။ ဒါပေမယ့် ဒီလို ထိလုမထိလု အထိအတွေ့က လူကို ပိုပြီး ထိတ်လန့်စေတယ်။
ဖေးလု မတတ်သာဘဲ ခေါင်းမော့ပေးလိုက်ရတော့ သွယ်လျဖြူဖွေးတဲ့ လည်တိုင်လေးက အတိုင်းသား ပေါ်လာတယ်။ အသားဖြူဖြူအောက်မှာ စိမ်းဖန့်ဖန့် သွေးကြောလေးတွေ ယှက်သန်းနေပြီး လတ်ဆတ်တဲ့ သွေးတွေ စီးဆင်းနေမှာပဲ။
ဖေးလုရဲ့ သွေးကို မြည်းစမ်းဖူးပြီးပြီဆိုတော့ တခြားလူတွေရဲ့ သွေးက အရသာမရှိတော့ဘူး။ ချွီလော့ချန်က လက်ချောင်းကို နားရွက်နောက်မှာ ထားလိုက်ပြီး သွေးတွေ ဆူပွက်စီးဆင်းနေတာကို ခံစားရင်း မျက်ဝန်းတွေက ပိုမည်းမှောင်လာတယ်။
“ငါ မထိန်းနိုင်တော့ဘူး…”
ချွီလော့ချန်က လျှာနဲ့ လည်ပင်းသားလေးကို ဖွဖွလေး လျက်လိုက်တယ်။ နူးညံ့တဲ့ လျှာဖျားလေး ထိသွားတာနဲ့တင် ဖေးလုကို ကြက်သီးတွေ ထသွားစေတယ်။ထို့နောက် အစွယ်ချွန်ချွန်တွေ ထွက်လာပြီး စိမ်းဖန့်ဖန့် သွေးကြောထဲကို ဖြည်းဖြည်းချင်း ထိုးစိုက်လာတော့တယ်။
ဖေးလု မျက်လုံးတွေ ပြူးကျယ်သွားတယ်။ လည်ပင်းက နာကျင်မှုကြောင့် လက်တွေ့ဘဝထဲကို ပြန်ရောက်လာတယ်။ လည်ပင်းကို ချုပ်ထားတာကို အတင်း ရုန်းဖယ်ပစ်ဖို့ ကြိုးစားပေမယ့် ချွီလော့ချန်ရဲ့ ခွန်အားကို သူဘယ်လိုမှ မယှဉ်နိုင်ဘူး။
ဖေးလု ခြေရောလက်ပါ ကန်ကျောက် ရုန်းကန်နေပေမယ့် ချွီလော့ချန် မျက်လုံးထဲမှာတော့ ပိုးကောင်လေးတစ်ကောင် ယားအောင် လာလုပ်နေသလိုပဲ။
ခန္ဓာကိုယ် အပူချိန်လည်း တဖြည်းဖြည်း ကျလာတယ်။ ဖေးလု မျှော်လင့်ချက်မဲ့စွာနဲ့ ရုန်းကန်တာကို ရပ်လိုက်တယ်။ သူ ရင်နာနာနဲ့ တွေးလိုက်မိတယ်… ‘ငါတော့ သွေးစုပ်ခံရပြီး သေတဲ့ ပထမဆုံး စိတ်ကုထုံးပညာရှင် ဖြစ်တော့မှာပဲ…’
ဟူး… သေရင်လည်း သေပါစေတော့… သိက္ခာကျတာလေးပဲ ခံရခက်တယ်။
ဖေးလု သွေးစုပ်ခံရပြီး သေဖို့ ပြင်ထားလိုက်ချိန်မှာပဲ နောက်က သရဲကြီးက ရုတ်တရက် ရပ်လိုက်တယ်။
ဖေးလုလည်ပင်းကို လွှတ်ပေးလိုက်ပြီး နှမြောတသသနဲ့ လည်ပင်းကို လျှာနဲ့ သပ်လိုက်သေးတယ်။
“မင်း ပြီးခဲ့တဲ့တစ်ခေါက်က ပြောတာ မှန်သားပဲ…”
ချွီလော့ချန် ဗိုက်ဝသွားတော့ သူ့ခန္ဓာကိုယ်က နွေးထွေးသွားပြီး လေသံလည်း ပျော့သွားတယ်။
“မင်းကို မွေးထားပြီး ဖြည်းဖြည်းချင်း စားတာက တစ်ခါတည်း စားပစ်လိုက်တာထက် ပိုတန်တယ်”
သူ့နှုတ်ခမ်းထောင့် ကွေးတက်သွားပြီး ဖေးလု လည်ပင်းကို ပြင်းပြင်းထန်ထန် တစ်ချက် ထပ်လျက်လိုက်တယ်။
“နောက်ဆို… မင်းက ငါ့လူ ဖြစ်သွားပြီ”
“…”
ဖေးလု ဘာများပြောနိုင်မှာလဲ။
ဘာမှကို ပြောစရာမရှိပါဘူးဗျာ : )
ခင်ဗျား တော်တယ်… ခင်ဗျား ပြောသမျှ အကုန်ဟုတ်။
ချွီလော့ချန်ကလည်း သူ့သဘောထားကို မေးမြန်းဖို့ အစီအစဉ် မရှိဘူး။ တစ်ချက်လွှတ်အမိန့် ပေးလိုက်ပြီး ဖေးလုကို သူ့ရဲ့ စားသောက်ကုန် စာရင်းထဲ ထည့်လိုက်ကာ ကျေကျေနပ်နပ်ကြီး လွှတ်ပေးလိုက်တယ်။
ဖေးလု မျက်နှာကြီး ရှုံ့မဲ့ပြီး တုန်တုန်ရီရီနဲ့ မတ်တတ်ရပ်နေတယ်။ ခဏနေတော့ ခြေထောက်ကို ပူးပြီး တုန်တုန်ချိချိနဲ့ ရှေ့တစ်လှမ်း တိုးလိုက်တော့ ချက်ချင်းပဲ နွေးခနဲနေတဲ့ အရည်တွေက မထိန်းနိုင်ဘဲ ပန်းထွက်ကျလာပြီး ဖေးလု မျက်ရည်တွေလည်း ဝေါခနဲ ကျလာတော့တယ်။
တောက်! ဒီလောက် အောင့်ထားတာတောင် ဘောင်းဘီထဲ ပေါက်ချမိပြီ!
သူ ငိုလည်းငို၊ ခြေထောက်ကိုလည်း ပူးကပ်ပြီး မြက်ခင်းတောထဲ ပြေးဝင်သွားတယ်။ အမောတကော ရောက်သွားတော့ ဘေးမှာ သရဲရှိမရှိ ဂရုမစိုက်နိုင်တော့ဘဲ လက်တုန်တုန်နဲ့ ခါးစည်းဖြုတ်ပြီး ကျန်နေတဲ့ ဆီးတွေကို ရှူးရှူးရှဲရှဲ ပေါက်ချလိုက်တော့တယ်။
တင်းနေတဲ့ ဆီးအိမ်ကြီး လျော့သွားတော့မှ ဖေးလု ခါးစည်းပြန်စည်း၊ မျက်ရည်သုတ်ပြီး ဘာမှမပြောဘဲ မီးဖိုဘေး ပြန်ပြေး၊ ဒူးပိုက်ပြီး ထိုင်နေလိုက်တယ်။ ဒီသရဲက လောလောဆယ် သူ့ကို စားဦးမှာ မဟုတ်မှန်း သိလိုက်တော့ ဖေးလု သိပ်မကြောက်တော့ဘူး။ ဖြစ်ချင်ရာဖြစ်ဆိုပြီး ပစ်ထားလိုက်တော့တယ်။
ချွီလော့ချန်က သေမလိုမျက်နှာပေးနဲ့ ကြမ်းပြင်ပေါ် ထိုင်နေတဲ့ သူဖုန်းစားလေးကို ဘာပြောရမှန်းမသိတဲ့ အကြည့်နဲ့ ကြည့်နေတယ်။
“မင်း ဘောင်းဘီ မလဲဘူးလား”
ဖေးလု : “…”
သရဲဖြစ်နေပြီးတော့ လျှာရှည်လိုက်တာ။ ရှောင်မင်ရဲ့ အဘိုး ဘာလို့ အသက် ၁၀၀ အထိ အသက်ရှည်လဲ၊ မင်းကျတော့ ဘာလို့ ငယ်ငယ်ရွယ်ရွယ်နဲ့ သရဲဖြစ်သွားလဲဆိုတာ သိပြီလား? ကိုယ့်အလုပ်မဟုတ်တာ ဝင်မပါနဲ့လေ!
ချွီလော့ချန်က သူ့နားကနေ ခပ်ဝေးဝေးကို ဆုတ်သွားတယ်။ ‘လူပျိုကောင်လေးရဲ့ ဆီး’ က မကောင်းဆိုးဝါးတွေကို နှိမ်နင်းနိုင်တယ် ဆိုပေမယ့် သူ့အတွက်တော့ သိပ်ကိစ္စမရှိဘူး။ ဒါပေမယ့် ဒီအနံ့ကို သူ သဘောမကျဘူးလေ။
သူက မျက်နှာသေကြီးနဲ့ အမိန့်ပေးလိုက်တယ်။
“နောက်ဆို ဘောင်းဘီထဲ သေးမပေါက်နဲ့”
ဖေးလု : “အင်း”
မင်းက မပေါက်နဲ့ဆိုတာနဲ့ မပေါက်ရတော့ဘူးလား? နောက်တစ်ခါကျ မင်းတစ်ကိုယ်လုံး ပေအောင် ပေါက်ထည့်လိုက်မယ် : )
ဖေးလုက အကြမ်းမဖက် အာဏာဖီဆန်ရေး လုပ်နေတာ။ ချွီလော့ချန်ကတော့ ရေရှည်စားလို့ရမယ့် ထမင်းလက်မှတ်ကြီး ရလိုက်ပြီဆိုတော့ စိတ်ကြည်နေတယ်။ ဖေးလုရဲ့ မာကျောကျော အချိုးကို အပြစ်မယူဘဲ လက်နောက်ပစ်ပြီး ဒယ်အိုးကြီးကို စိတ်ဝင်တစား လိုက်ကြည့်နေတယ်။
“ဒါ ဘာကြီးလဲ”
“…”
ဖေးလုက ဒူးပိုက်ပြီး ဝမ်းနည်းနေတုန်းမို့ လေထုထဲမှာ တိတ်ဆိတ်ခြင်းတွေ လွှမ်းမိုးနေတယ်။ ချွီလော့ချန်ရဲ့ မေးခွန်းက လေထဲမှာ ပျောက်ကွယ်သွားပြီး အနေခက်စရာ အခြေအနေ ဖြစ်သွားတယ်။
“မေးနေတယ်လေ”
လက်နှစ်ချောင်းနဲ့ ဖေးလု မေးစေ့ကို ကိုင်ပြီး အတင်းမော့ခိုင်းတယ်။ ချွီလော့ချန် ပုံစံက ငြင်းဆန်လို့မရတဲ့ ပုံစံမျိုး။
“နောက်တစ်ခါ ထပ်လုပ်ရင်… မင်းကို စားပစ်လိုက်မယ်”
ပြောရင်းနဲ့ အစွယ်ချွန်ချွန် နှစ်ချောင်းကို ထုတ်ပြပြီး လျှာနဲ့ တစ်ပတ် လျက်ပြလိုက်သေးတယ်။
“…”
ဖေးလု မကောင်းဆိုးဝါးအာဏာစက်အောက် ဒူးထောက်လိုက်ရတော့တယ်။ သူ အသံအုပ်အုပ်နဲ့ ဖြေလိုက်တယ်။
“ဟင်းရည်အနှစ် ”
“အဲဒါ ဘာကြီးလဲ”
ချွီလော့ချန် သိချင်သွားတယ်။
“စားစရာ တစ်မျိုး”
မင်းမှ စားလို့မရတာ ဘာလို့ ဒီလောက် မေးနေရတာလဲ?!
ချွီလော့ချန်က “အော်” လို့ ခပ်ပြတ်ပြတ် ပြောပြီး လက်ကာပြလိုက်တယ်။
“ခုနက မင်း ဒါလုပ်နေတာလား? ဆက်လုပ်လေ… ငါ ကြည့်ရအောင်”
လူကြီးမင်းက ရွှေပါးစပ်ဖွင့်ပြီး ပြောလာမှတော့ ဖေးလု မငြင်းရဲတော့ဘူး။ ဝမ်းနည်းပက်လက်နဲ့ ထရပ်ပြီး ဘောင်းဘီခွကြား ရွှဲရွှဲစိုကြီးနဲ့ပဲ ဟင်းရည်အနှစ်ကို သွားပြင်ရတော့တယ်။
စမ်းချောင်းနားသွား လက်ဆေး၊ ရေစိမ်ထားတဲ့ အသားငါးတွေကို ဆယ်၊ အသားနဲ့ ကလီစာတွေကို ဆားနယ်၊ အသီးအရွက်တွေကို ရေစစ်ပြီး ဒယ်အိုးထဲကို ဂရုတစိုက် ထည့်လိုက်တော့တယ်။
Chapter 28 ended