Little Creampie:
Chapter 3
လီချန်ယွမ် အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်သည်။ သူ့တစ်ဘဝလုံး အများသုံးသန့်စင်ခန်းထဲမှာ အတင်းအကြပ်အစာကျွေးခံရတာ ဒါပထမဆုံးအကြိမ်ပဲ။
သူ့ရှေ့ကလူသာ တခြားတစ်ယောက်ဆိုရင် ခေါင်းကိုလိမ်ချိုးပစ်လိုက်ပြီ။
သူ့အမူအရာက အတော်လေး ဒေါသထွက်နေမှန်း သိသာလွန်းသည်။ တံခါးအပြင်ဘက်မှ တစ်စက်စက်ကျနေသော ရေသံရပ်သွားသောအခါ ရှရှင်းချီတစ်ယောက် အသံမထွက်မိစေရန် သူ့ပါးစပ်ကိုသူ လက်ဖြင့် အမြန်ပိတ်ထားလိုက်သည်။
အပြင်၌ ထိုလူများ စတင်ရှာဖွေနေသည်ကိုကြားလိုက်ရသည်။
“တံခါးတွေအကုန် တစ်ခုပြီးတစ်ခု ကန်ဖွင့်ပစ်လိုက်၊ ငါတို့ သေချာပေါက် အဲ့ကောင်ကိုရှာတွေ့မှာ ကျိန်းသေတယ်”
“လစ်စမ်းပါ၊ တံခါးကန်ဖွင့်လိုက်မှ မင်းအဖေရှိနေရင် ဘယ်လိုလုပ်မလဲ။ ငါတို့အားလုံး အဆူခံရလိမ့်မယ်!”
“ငါ့မှာ နည်းလမ်းတစ်ခုရှိတယ်၊ အဲ့ကောင် ဒီနေ့ အဖြူရောင်သားရေဖိနပ်နဲ့ အဖြူရောင် ၀တ်စုံကို ဝတ်ထားတာ ငါမှတ်မိတယ်။ ငါတို့ တံခါးအောက်ကို ငုံ့ပြီး ရှာကြည့်ရင်ရော?”
ရှရှင်းချီတစ်ယောက် အောက်ကို ငုံ့ကြည့်လိုက်မိသည်။ သူ့ဖိနပ်က အဖြူအမည်း ကာလာစပ်ဆိုတော့ နည်းနည်းတော့ ဆွဲဆောင်မှုရှိသား။
ဒီလူတွေက တော်တော်စိတ်ရှုပ်ဖို့ကောင်းတဲ့ မလှုပ်မယှက် စူပါဂလူးကော်နှင့်တူ၏။ အထူးသဖြင့် ရှယွီ၏ အမိန့်စကားအပေါ်တွင်ဖြစ်သည်။ သူ့ကို ရက်ရက်စက်စက် ရိုက်နှက်တာပဲဖြစ်ဖြစ် ဒါမှမဟုတ် စေ့စပ်ပွဲနေ ထွက်ပြေး လွတ်မြောက်သွားပုံပေါ်အောင် ထောင်ချောက်ဆင်တာပဲဖြစ်ဖြစ် ဒီစေ့စပ်ပွဲက ပျက်မှာအသေချာပင်။
ဤနည်းဖြင့်သာ ရှယွီ ထိပ်ဆုံးသို့ တက်လာနိုင်မည်ဖြစ်သည်။
ရှရှင်းချီသည် မည်သည့်နေရာ၌ မှားသွားမှန်းမသိ။ မူလဇာတ်ကြောင်းတွင် အနည်းငယ် အပြောင်းအလဲရှိနေသည်။
မူလဇာတ်ကြောင်းတွင် ဤစေ့စပ်ပွဲအား စောမကျင်းပခဲ့ဘဲ လီချန်ယွမ်ကလည်း စေ့စပ်ပွဲကို ဖျက်သိမ်းရန် ရည်ရွယ်ချက်ဖြင့် လာခဲ့ပြီး မူလပိုင်ရှင်မှာ စိတ်ဖောက်ပြန်ကာ စေ့စပ်ပွဲမှ ထွက်ပြေးသွားခဲ့သည်။
အကျဉ်းချုပ်ပြောရရင် သူတို့နှစ်ယောက်လုံး အိမ်ထောင်မပြုချင်ကြပေ။ အနှေးနှင့်အမြန် နောက်ဆုံးရလဒ်မှာ ဒီစေ့စပ်ပွဲကို ဖျက်သိမ်းခြင်း။
သို့သော် လွန်ခဲ့သောနှစ်ရက်က အရူးဗီလိန် လီချန်ယွမ်က ရှ မိသားစုနဲ့ ထိမ်းမြားလက်ထပ်ဖို့ကိစ္စအတွက် ရုတ်တရက် ထွက်ပေါ်လာပြီး ချက်ချင်းလက်ထပ်ချင်တယ်ဟု ပြောလာခဲ့သည်။
ဒါက ရိုးရိုးရှင်းရှင်းပင်။
ငွေရေးကြေးရေးဆိုင်ရာ အမြတ်အစွန်းများကိုသာ မပြောသာနှင့်။ မရေမတွက်နိုင်သော လူများက ထိုလူ့မျက်နှာကို ကြည့်ရုံမျှအတွက် ငွေပေးချေရန် ဆန္ဒရှိခဲ့ကြသည်။ တစ်နည်းဆိုရသော် လီချန်ယွမ်၏အဆင့်အတန်းနှင့် လီအုပ်စု၏ ခိုင်မာသောအင်အားသည် ရှမိသားစု သို့မဟုတ် အခြားမည်သူမျှ ယှဉ်ပြိုင်နိုင်သည့် အရာမဟုတ်ပေ။
ထို့ကြောင့် ရှယွီသည် ထိုလူနှင့် စေ့စပ်မည့်သူဖြစ်လာရန် ဆန္ဒရှိသော်လည်း ရှရှင်းချီမှာ သွေးသားဆက်စပ်မှုအရ ပထမသခင်လေးဖြစ်သောကြောင့် ထုံးတမ်းစဉ်လာအရ သူ,မဖြစ်နိုင်တော့သည်မှာ သနားစရာပင်။
တံခါးအပြင်ဘက်မှ ခြေသံများ တရစပ်ထွက်ပေါ်လာပြီး လူအများ၏ဖိနပ်ကို အရှက်မရှိ ငုံ့ကြည့်ရင်း ကျိန်ဆဲသံများကို ကြားနေရသည်။
လီချန်ယွမ်၏ သွေးတွင်းသကြားဓာတ်နည်းသည့်ရောဂါ လက္ခဏာများ သိသိသာသာ သက်သာလာကာ ထိုလူက တံခါးကို ဖွင့်တော့မည့်ဟန် ပေါ်နေသည်။ ရှရှင်းချီမှာ ထိုလူ၏လက်ကို ချက်ချင်းလှမ်းကိုင်လိုက်ပြီး ခပ်တိုးတိုးသတိပေးလိုက်သည်။
“မဖွင့်နဲ့၊ ငါကိုသူတို့တွေ့သွားရင် ငါ့ဦးခေါင်းခွံ ဝိုင်းအနွှာခံရလိမ့်မယ်!”
ဤသည်မှာ အမှန်တရားဖြစ်သည်။
ဤအုပ်စုသည် ရင်ကော့စွာ လှုပ်ရှားနိုင်သူများနှင့် ပြည့်နှက်နေသော်လည်း မူလပိုင်ရှင်မှာ မိဘများက မချစ်မနှစ်သက်ဘဲ မကြာခဏ ရိုက်နှက်ခံရသည့် ခွေးကဲ့သို့ ပိုဆိုးသောဘဝမျိုး၌ ဆက်ဆံခံရသည်။ မူလဇာတ်ကြောင်း၌ သူ့ခေါင်းမှာ ရိုက်ခွဲခံလိုက်ရသည်။
ရှရှင်းချီသည် အလျင်အမြန် ကုန်းငုံ့ကာ သူ့ဖိနပ်ကြိုးများကို ဖြည်လိုက်ပြီး တံခါးအပြင်ဘက်မှ ခြေသံများ နီးကပ်လာသည်နှင့်အမျှ သူ့ဖိနပ်ကို ချွတ်ထားလိုက်သည် ။
ထိုအချိန်တွင် သူ၏ခြေထောက်များသည် မြေပြင်မှ ရုတ်တရက် ဝေးကွာသွားပြီး သူ့တစ်ကိုယ်လုံး လေထဲတွင် ရပ်တန့်သွားသည်။
သူ မအံ့ဩနိုင်ပင်မှာပဲ အလျားလိုက်ပွေ့ချီခြင်းကို ခံလိုက်ရသည်။
တစ်ချိန်တည်းမှာပင် တစ်စုံတစ်ယောက်က ချောင်းကြည့်နေဟန် တံခါးအပြင်ဘက်တွင် အရိပ်တစ်ခု ထွက်ပေါ်လာသည်။
ဤ “ခေါင်းကို ရိုက်ခွဲမည့် တူတူပုန်းတမ်း ဆော့ကစားခြင်း” သည် အလွန်ပင် စိတ်လှုပ်ရှားစရာ ကောင်းလှသည်။ ရှရှင်းချီပင် အလိုလို အသက်ရှုအောင့်ထားမိကာ တံခါးအပြင်ဘက်မှ လူရိပ်ကို ထိတ်လန့်စွာ စိုက်ကြည့်နေမိသည်။
သူ့မှတ်ဉာဏ်ထဲ၌ ငယ်စဉ်အခါက သူ့မိဘများကို ဆုံးရှုံးခဲ့ရပြီး ဘယ်သူမှ သူ့ကို ဤကဲ့သို့ ပွေ့ဖက်ထားပေးခြင်းမျိုး မရှိခဲ့ပေ။ ဤသို့ဆက်ဆံခံရခြင်းမှာ သူ့၏ ပထမဆုံး အကြိမ်ဖြစ်သည်။
အတွေ့အကြုံမရှိသူပီပီ ပြုတ်ကျမည်ကို မသိစိတ်က ကြောက်လန့်နေမိပြီး လီချန်ယွမ်၏ လည်ပင်းကို မလွှတ်စတမ်းဆွဲဖက်လျက် တလှပ်လှပ်ခုန်နေသော နှလုံးသားဖြင့် တင်းတင်းကြပ်ကြပ် ဖက်ထားလိုက်မိသည်။ ထိုလူ၏ ကြည်လင်အေးမြသော ကိုယ်သင်းရနံ့သည် မုန်တိုင်းထဲ၌ စိတ်ချယုံကြည်ဖွယ် ခိုကိုးရာကဲ့သို့ သူ့နှာခေါင်းဝတွင် စွဲမြဲနေသည်။
အချိန်အတော်ကြာပြီးနောက် တံခါးရှေ့က လူရိပ် ပျောက်ကွယ်သွားသည် ။
ရှရှဆင်းချီတစ်ယောက် သက်ပြင်းတစ်ချက်ချလိုက်မိသည်။
သူသည် ကိုယ့်ခြေထောက်ပေါ်ကိုယ် မတ်တတ်ရပ်ရန် ဟန်ပြင်လိုက်ပြီး ကျေးဇူးတင်ကြောင်းဖော်ပြရန် လီချန်ယွမ်၏ ပုခုံးကို ပုတ်ပြလိုက်သည် ။
တိုက်တိုက်ဆိုင်ဆိုင်ပင် တံခါးအပြင်ဘက်၌ အနက်ရောင်လူရိပ်သည် ခြောက်ခြားဖွယ် စပရိုက်တိုက်ခိုက်မှုတစ်ခုအဖြစ် တစ်ဖန်ပြန်ပေါ်လာပြန်သည်။
“ဖာ့ခ်၊ အဲ့ကောင် ဒီမှာရှိတာ သေချာတယ်၊ မင်း ငါတို့ကို လှည့်စားနိုင်မယ်လို့ ထင်နေလား ဟမ်!?”
“အထဲမှာ ဘာလို့ လူနှစ်ယောက်ရှိနေတာလဲ၊ မဟုတ်မှ အဲ့ကောင်မှာ ချစ်သူရှိတာလား”
“ဘာပြောတယ်၊ ဒါဆို ငါတို့က သူတို့ကို လက်ပူးလက်ကြပ် ဖမ်းမိလိုက်တာလား။ ဒီခွေးစုံတွဲကို သေအောင်ဆော်ဖို့ အချိန်တန်နေပြီ”
သူတို့စကားပြောနေတုန်းမှာပင် တံခါးကို အပြင်ဘက်မှ ပြင်းပြင်းထန်ထန် ကန်ဖွင့်လိုက်သည်။
ဒုတိယတစ်ချက်နှင့် တတိယတစ်ချက် အကန်ခံရပြီးနောက်တွင် ခိုင်ခံ့သော ထိုတံခါးသည်လည်း ကွဲတော့မည့်အလား နားကြားပြင်းသည့် အသံဆိုးဆိုး ထွက်ပေါ်လာသည် ။
ရှရှင်းချီသည် လီချန်ယွမ်၏ကျောကိုအမြန်ဆွဲဖက်လိုက်သည်။ သူ့အရင်ဘဝတုန်းက သန့်စင်ခန်းထဲ၌ တစ်ကြိမ်ထက်မနည်း နှစ်ကြိမ်ထက်မက အရိုက်ခံခဲ့ရပြီးနောက် ခဏအတွင်းမှာပဲ ဤတံခါး ကျိုးတော့မည်ကို သတိထားမိခဲ့သည်။
သူ့နှလုံးက ဒရမ်တီးနေသလို ခုန်နေသော်လည်း သူ့စိတ်က အလွန်ကြည်လင်ပြီး ဆင်ခြင်တုံတရားရှိနေဆဲပင်။ သူကလီချန်ယွမ်ဘက် အသာလှည့်ကာ အစီအစဉ်ဆွဲရင်း စကားတစ်ချို့ကို ထုတ်ပြောလိုက်သည်။
“လူကြီးမင်း၊ မင်းကို နှောက်ယှက်မိလို့ တောင်းပန်ပါတယ်။ အာ.. ဒီလူမိုက်အုပ်စုက တံခါးကို ကန်ဖွင့်လိုက်တဲ့အခါကျရင် မင်း မြန်မြန် ထွက်ပြေးသွားလိုက်။ ငါ သူတို့ကို ထိန်းထားလိုက်မယ်။ ဒါဆိုသူတို့ မင်းနောက်ကိုလိုက်နိုင်မှာ မဟုတ်ဘူး။”
ရှရှင်းချီသည် သူ့ရှေ့ကလူငယ်က ငယ်ရွယ်ပြီး အလွန်ကြည့်ကောင်းသည်ဟု တွေးထင်ခဲ့သော်လည်း သူသည်လည်း ချမ်းသာသော ဒုတိယမျိုးဆက်ဖြစ်လိမ့်မည်ဟု မတွေးမိခဲ့ပေ။
သူ၏ ချမ်းသာကြွယ်ဝမှုက အနည်းငယ် နိမ့်သောကြောင့် ဖြစ်နိုင်သည်။ ဤကဲ့သို့အနိုင်ကျင့်တတ်သော အုပ်စုသာ သူတို့ကို ပေါင်းရိုက်လိုက်ရင် သူ့အတွက် ဇာတ်လမ်းပြတ်ပြီပဲ။
ထိုလူသည် မတုန်လှုပ်ဘဲ တံခါးအပြင်ဘက်မှ ရုန်းရင်းဆန်ခတ်ဖြစ်နေမှုကိုပင် အာရုံမစိုက်သကဲ့သို့ ရှရှင်းချီ ကိုသာ အေးအေးဆေးဆေးကြည့်နေခဲ့သည်။
နှစ်ယောက်သား စကားပြောနေစဉ်ပင် တံခါးသည် ကန်ချက်ပြင်းပြင်းနှင့်အတူ ပွင့်ထွက်သွားပြီး နောက်ဆုံးတွင် ကွဲအက်သံနှင့်အတူ လွင့်ထွက်သွားသည်။
ထိုအသံကြောင့် ရှရှင်းချီ တုန်သွားသည်။
ဤအခိုက်အတန့်တွင် သူသည် အခြားအရာများကို ဂရုမစိုက်နိုင်တော့ဘဲ ထိုသူကိုတွန်းထုတ်ရင်း အသံကျယ်ကျယ်ဖြင့် အော်ပြောလိုက်သည်။
“ပြေး!”
မထင်မှတ်ပဲ ထိုလူက မလှုပ်မယှက် ရပ်နေခဲ့သည်။
ရှရှင်းချီ : “……?”
“မင်းက အရမ်းမာနကြီးနေတာမဟုတ်ဘူးလား။”
ထိုအုပ်စုထဲမှ လူတစ်ယောက်က ဝိုင်ပုလင်းကို အသာမြှောက်ကိုင်ကာ ဒေါသတကြီး အော်ပြောနေသည်။
” ဒီသခင်လေးရဲ့ခေါင်းပေါ် ဝိုင်လောင်းချတုန်းက မင်း စောက်ရမ်းကြမ်းနေခဲ့တာ မဟုတ်ဘူးလား”
“မစ္စတာလီ နဲ့ စေ့စပ်ရတာ စောက်ရမ်းပျော်ဖို့ကောင်းလား.! ဟမ်! မင်း သေသေရှင်ရှင် သူဂရုစိုက်မယ်ထင်လား?? ဒါမှမဟုတ် မင်းက မျက်နှာဖြူသခင်မလေး လုပ်ရတာကိုပဲ ကျေနပ်နေတာလား?”
ရှရှင်းချီတစ်ယောက် အာစေးမိနေခဲ့သည်။ ရှင်းရှင်းပြောရရင် သူတစ်ခါမှမမြင်ဖူးတဲ့ …..သူနဲ့စေ့စပ်ထားတဲ့ဗီလိန်ကောင်က အခုချိန် ရုတ်တရက်ပေါ်လာပြီး သူ့ကိုကယ်တင်လိမ့်မယ်လို့ ထင်ကိုမထင်တာ။
ထို့ကြောင့် လက်သီးတင်းတင်း ဆုပ်လိုက်ပြီး ငါးယောက် တစ်ယောက် တိုက်ခိုက်ရန် အသင့်ပြင်ထားလိုက်သည်။
လူတွေကို မရိုက်နှက်ခင် ကြမ်းကြမ်းတမ်းတမ်းစကားများဖြင့် ဦးစွာစော်ကားခြင်းက ဤသို့သူဋ္ဌေးသူကြွယ်အုပ်စုအတွင်းရှိ ရှေးရိုးအစဉ်အလာတစ်ခုလိုပင် ဖြစ်သည်။ ထိုအချိန်၌ တဖက်လူက ပြန်ရန်တွေ့လာလျှင် ပွဲကြီးပွဲကောင်းဖြစ်လာမည်ဆိုသော်လည်း ယခုအချိန်တွင် ဖြစ်ရပ်တစ်ခုလုံးသည် ထူးထူးခြားခြား တဖက်ပိတ်စကားများဖြင့် အေးခဲနေခဲ့သည်။
ဘယ်သူကမှ အသံမထွက်ရုံသာမက ခုနကစကားပြောနေသည့်လူမှာ နောက်ကျောကို ပြင်းပြင်းထန်ထန် ရိုက်ခံလိုက်ရသည်။
ဤသို့ဒေါသမထွက် သိမ်ငယ်တတ်ပြီး ရန်ပွဲကို စိတ်အားမထက်သန်တဲ့သူက အခွင့်အရေးကို အရယူလိမ့်မယ်လို့ ဘယ်သူထင်မှာလဲ။ အခုချိန်၌ အားလုံးလှုပ်လှုပ်ရှားရှားဖြစ်လာသည်။
တစ်ယောက်ယောက်သည် ဝိုင်ပုလင်းကို တင်တင်းကိုင်ပြီး ရှရှင်းချီ၏ ခေါင်းကို တည့်တည့်ချိန်ရွယ်ကာ ပြင်းပြင်းထန်ထန် ရိုက်ချပစ်လိုက်သည်။
သို့သော် ဝိုင်ပုလင်းက လေထုကို နှစ်ခြမ်းခွဲလိုက်သလိုပင်။ ရှရှင်းချီသည် အလွန်အတွေ့အကြုံရှိနေခဲ့ပြီး တိုက်ရိုက်မရှောင်ဘဲ ရိုက်လာသူ၏လက်ကို တိုက်ရိုက်ဖြတ်ကိုင်လိုက်ကာပြိုင်ဘက်၏လက်ကောက်ဝတ်ကို ဖမ်းပြီး အရက်စက်ဆုံးနည်းလမ်းဖြင့် ပုခုံးပေါ်မှ ဖြတ်ပစ်ချရန် အသင့်ဖြစ်နေခဲ့သည်။
မထင်မှတ်ပဲ တစ်စုံတစ်ယောက်က သူ့ထက် လက်ပိုမြန်နေသည်။
နောက်တစ်စက္ကန့်အတွင်း ထိုလူနှင့် ဝိုင်ပုလင်းသည် သက်တံကဲ့သို့တူသော အကွေးပုံစံအတိုင်း တစ်ပြိုင်နက် မြေပြင်ပေါ်သို့ ပြင်းထန်စွာ ရိုက်ချခံလိုက်ရသည်။
ဖြစ်ရပ်တစ်ခုလုံးကို ရှင်းရှင်းလင်းလင်း မြင်လိုက်သော်လည်း ဤသည်မှာ အလွန်ရက်စက်ကြမ်းကြုတ်လွန်းသည်။
ရှရှင်းချီ အံ့သြသွားပြီး လီချန်ယွမ်ကို စိုက်ကြည့်လာသည်။
ဘုရားရေ….ဒီဖြူဖပ်ဖြူရော်နဲ့ ကျိုးပဲ့လွယ်ပြီး အားနည်းတတ်တဲ့ အလှလေးက ဒီလောက် စကေးကြမ်းသည်လား။
“သေစမ်း!”
မြေပေါ်ရိုက်ချခံရသောသူသည် အော်ဟစ်၍ ကျိန်ဆဲလာ၏။
“မိုးမေလင်.. ကြောင်တောင်တောင်နဲ့ မင်းတို့ဘာရပ်လုပ်နေတာလဲ! အာ့ အဲ့ကောင်ကို သွားသတ်ပစ်လိုက် သွား!”
ထိုလူအုပ်စုမှာ တစ်ယောက်ကိုတစ်ယောက် တုန်လှုပ်ခြောက်ခြားစွာ အကြည့်ချင်းဖလှယ်နေကြသည်။
တစ်ယောက်ကိုတစ်ယောက် စိုက်ကြည့်ရင်း အတည်ပြုလိုက်ကာ အဖြေရလာပြီးနောက် ထိတ်လန့်တကြားပင် သရဲတစ္ဆေမြင်သည့်အလား စကားပြောရန်တောင် မေ့နေကြသည်။
လီချန်ယွမ်ဟာ သူ့မျက်နှာကို ထုတ်ပြသည်မှာ ရှားပါးလွန်းသောကြောင့် သူတို့အုပ်စုလို အငယ်တွေမှာ ပုံမှန်အားဖြင့် သူနဲ့ ဆုံတွေ့ဖို့ အခွင့်အရေးမရှိချေ။
သို့သော် ဒုတိယမျိုးဆက် အကြီးအကဲများက ထိုသူ့အား အငယ်များ ပြဿနာရှာမိမည်ကို ကြောက်ကြသည်။ ထို့ကြောင့် ပုံပန်းသဏ္ဍာန်ဖော်ပြ၍သော်လည်းကောင်း ဓာတ်ပုံဖြင့်လည်းကောင်း တမျိုးတစ်ဖုံ သတိထားရန် ထုတ်ပြတတ်ကြသည်။ ဤနည်းအားဖြင့် ထိုသူကဲ့သို့ မထိသင့်သောသူကို မည်သူမည်ဝါမှန်းမသိဘဲ မစော်ကားမိစေရန်ဖြစ်သည်။
လီချန်ယွမ် အာဏာရလာပြီးနောက် လီအုပ်စုသည် ငွေကြေးကြွယ်ဝမှု၌သာမက အုပ်ချုပ်မှုအာဏာ၌ပါ အထွတ်အထိပ်သို့ တက်လှမ်းရန် တစ်နှစ်သာ အချိန်ယူခဲ့ရသည်။ ၎င်း၏ ပိုင်ဆိုင်မှုများသည် ပင်လယ်ကဲ့သို့ကျယ်ပြန့်လွန်းပြီး အင်အားကြီးလွန်းသဖြင့် ၎င်းကို မကြောက်သူ မရှိပေ။
သူတို့အဖေများ ရောက်လာခဲ့လျှင်ပင် ဒီလူကို ပြဿနာရှာမည့်အစား အလျင်စလို တောင်းပန်ကြလိမ့်မည်။
သူတို့အုပ်စုထဲက အလိုက်အထိုက်နေတတ်ဆုံးသူမှာ အလျင်အမြန်တုံ့ပြန်လာပြီး သူ့ပါးသူ ကျယ်လောင်စွာ ရိုက်ချပစ်လိုက်သည်။
“ငါ့ခွေးပါးစပ်က စကားအကောင်းကို မထွက်လာနိုင်ဘူး!!! ဒီလောက် အရေးကြီးတဲ့ပုဂ္ဂိုလ်ကိုမှ သတိမထားမိလိုက်ဘူး။ တကယ်ကို အမှိုက်သာသာ မှတ်ယူသင့်တယ် ငါက အီးပေါလောကြီးပဲ”
အင်္ကျီလက်ကိုခေါက်တင်ကာ တိုက်ခိုက်ရန်ပြင်နေသည့် ရှရှင်းချီ – ??
Chapter 3 end