Little Creampie:
Chapter 52
Chapter 52
“ခင်ဗျား ဘာပြောလိုက်တာလဲ……”
ရှရှင်းချီ မတုန့်ပြန်ခဲ့ပေ။ သို့သော် သူ့နားရွက်နားရှိ နှလုံးခုန်သံမှာ မြန်နေပုံရသည်ဟု ခံစားမိ၏။
မြန်လွန်းသောကြောင့် လီချန်ယွမ်၏ နှလုံးက ဒီအရှိန်အား ခံနိုင်ရဲ့လား နှင့် သူ့အား မသက်မသာဖြစ်စေမလားဟုပင် အံ့ဩမိသည်။
သို့ပေသည့် သူ့နှလုံးခုန်နှုန်းမှလွဲ၍ လီချန်ယွမ်၏ အသံမှာ ဩကာ အက်ရှပြီး တည်ငြိမ်နေသေး၏ : “ရှရှင်းချီ၊ ကိုယ်လိုက်ရှာနေတဲ့သူက မင်းပဲ။”
တစ်ခဏလောက် တိတ်ဆိတ်နေပြီးသော် ရှရှင်းချီ နောက်ဆုံးတော့ အသိပြန်ဝင်လာကာ လီချန်ယွမ် ဘာအကြောင်းပြောနေမှန်း အတည်ပြုနိုင်လိုက်၏။
သူ အချိန်အတော်ကြာ စကားတစ်လုံးမျှ မပြောခဲ့ကာ အဆုံး၌ “အိုးးး” အရှည်ကြီးသာ ထွက်လာတော့သည်။ ဤဖွင့်ဟခြင်းတွင် ဘာ အထူး စိတ်ခံစားချက်မျှ မပါပေ။
တစ်ယောက်ယောက်၏ အကြမ်းမခံသော ဖန် နှလုံးသားလေးအား ခွဲပစ်ရာမှ တားဆီးဖို့ရန်အတွက် ရှရှင်းချီ လက်ကို မြှောက်လိုက်ကာ ညင်သာစွာ ပွတ်သပ်ပေးလိုက်သည်။ သူ့အခုန်မြန်နေသောနှလုံးက နည်းနည်းနှေးသွားလိမ့်မည်ဟုလည်း မျှော်လင့်လျက်:
“နားလည်ပါပြီ သူဌေးလီ မြန်မြန်အိပ်ပါတော့။ နောက်ကျတဲ့အထိ မအိပ်ရင် ရုတ်တရက်ကြီး သေသွားတတ်တယ်”
လီချန်ယွမ် မျက်မှောင်ကြုတ်လိုက်သည်။ ရှရှင်းချီ ဒီလောက် သာမန်ဆန်ကာ တည်ငြိမ်စွာ တုန့်ပြန်လိမ့်မည်ဟု သူမမျှော်လင့်ထားခဲ့ပါ။
လီချန်ယွမ် အဲ့ဒါနဲ့ သူ့လက်အားမြှောက်ကာ သူ့ရင်ဘတ်ပေါ် စမ်းတဝါးဝါးသွားနေသည့် လက်အား ဘာမှမပြောဘဲ ကောက်ကိုင်လိုက်ကာ သူ့အား အမှောင်ထဲ၌ စိုက်ကြည့်နေလိုက်လေသည်။ သိသာစွာပင် သူတစ်ခုခုပြောလာမည်အား စောင့်နေ၏။
ဤအရာမှာ ရှရှင်းချီ နားမလည်နိုင်သော ကိစ္စဖြစ်ခဲ့သည်။
သူ့ကျေးဇူးရှင်က အစားထိုးခံအား လရောင်ဖြူ နာမည်ဖြင့် ခေါ်လိမ့်မည်မှန်း သူသိထားသော်လည်း ရင့်သီးသော ဝတ္ထုမှာ ပြောထားသည်က ထိုအရာမှာ အိပ်ရာထဲတွင် ဖြစ်ပျက်၏ဆိုတာပင် – ဒီလို အိပ်ရာမျိုးမဟုတ်၊ ကလေးများနှင့် မသင့်တော်သော အိပ်ရာပင်။
လီချန်ယွမ်က အခု ကောင်းကောင်းနိုးကြားနေကာ စနောက်နေတာ မဟုတ်ခဲ့ပါ။ ဒီအကြောင်းအားအတင်းအကြပ်ပြောနေပြီး သူက လရောင်ဖြူလေးပါလို့ဆိုနေသည်နှင့် သူ့အသံအနေအထားမှာ တည်ကြည်နေသည်…… အဲ့တော့ အဆုံးမှာ သူ ရေလိုက်ငါးလိုက်နေပေးသင့်လား ဒါမှမဟုတ် စကားလမ်းကြောင်းလွှဲသင့်သလား။
သူ့လက်ကောက်ဝတ်မှာ တင်းကြပ်စွာ ဆုပ်ကိုင်ခံထားရ၏။ ရှင်းလင်းစွာပင် တစ်ယောက်ယောက်က အဖြေတစ်ခုရရန် သန္နိဌာန်ချထားလေသည်။
ရှရှင်းချီ ရုန်းရန် ကြိုးစားလိုက်၏။ သို့ပေမယ့် သူ မလွတ်နိုင်ခဲ့ပေ။ ဒီပြဿနာနှင့် ရင်ဆိုင်ရသော် သူနည်းနည်း စိတ်မကုန်ဘဲ မနေနိုင်ကာ တော်တော် ချဉ်စူးပြီး စိတ်တိုမိသည်။
သူ ဝတ်ကြေတမ်းကြေ ပြန်ဖြေလိုက်၏ :
“အိုး ကျွန်တော်သိပါပြီ။ အဲ့ဒါဆို မစ္စတာလီ လိုက်ရှာနေတဲ့သူက ကျွန်တော်ဖြစ်နေတဲ့အတွက် အရမ်းဂုဏ်ယူမိပါတယ်! ကျွန်တော် တကယ် ပျော်လွန်းလို့ ငိုတောင် ငိုချင်လာတယ်!”
သူပြောပြီးသည်နှင့် စိတ်တိုစွာ လက်လှမ်းလိုက်ကာ လီချန်ယွမ်ကို အားဖြင့် တွန်းလိုက်သည်။ အဲ့နောက် အားပိုသုံး၍ သူ့လက်ကောက်ဝတ်ကို ဆွဲယူလိုက်ကာ ယတိပြတ်လှည့်လိုက်ပြီး သူ့အား ကျောပေးထား၏။
“ရှရှင်းချီ မင်း-“
ရှရှင်းချီက သူ့အနားကပ်လာသူတိုင်းကို ထိုးပြီး နှစ်ချက်ကိုက်ပစ်တော့မည့်အတိုင်း သူ့ တစ်ကိုယ်လုံးရှိ ဆူးများ ချက်ချင်း ထောင်တက်သွားသည်အား တွေ့လိုက်ရလေသည်။
သူ ပဟေဠိမဖြစ်ဘဲ မနေနိုင်ချေ၊ သူ ဒီလို တုန့်ပြန်မှုမျိုး ရလိမ့်မည်ဟု ထင်မထား။
သူ အံ့ဩ၊ ဝမ်းသာ၊ မယုံနိုင် ဖြစ်လိမ့်မည်ဟု မတိုင်ခင်က စိတ်ကူးထားသော်လည်း…… ဘာကြောင့် သူ စိတ်တိုနေရသလဲ?
ဒါ လူလိမ်လေးက သူလိမ်လည်ခဲ့တဲ့ ဒုက္ခသည်နဲ့ ပြန်ဆုံတော့ အလိုအလျောက် တုံ့ပြန်တဲ့ ပြန်လှန်တိုက်ခိုက်မှုမျိုးလား?
“မြန်မြန် အိပ်ပါတော့! စကားပြောတာ ရပ်လိုက်တော့ ဟုတ်ပြီလား။ မဟုတ်ရင် မစ္စတာလီ မနက်ဖြန်ည တစ်ယောက်တည်း အိပ်နိုင်ပါတယ်နော် , အခု ကျွန်တော် အိပ်ချင်နေပြီ!”
လီချန်ယွမ်သာ သူ့သူဌေးမဟုတ်ခဲ့ပါက သူ သေချာပေါက် သူ့အား အဝေးသို့ ပြင်းပြင်း ကန်ထုတ်မိလိမ့်မည်။
သူ့ရဲ့ ချို့တဲ့သော ကျန်းမာရေးအား ထောက်ထား၍ ရှရှင်းချီက ဒီ “သဝန်တိုသည့်” ကိစ္စအား ထပ်ပြောရန် အရေးမစိုက်တော့ပါ။ သို့သော် ညအချိန်၌ လီချန်ယွမ် စိတ်လွတ်သွားကာ လူစားထိုးအား လရောင်ဖြူအဖြစ် တိုက်ရိုက်ဆက်ဆံသည့် အဖြစ်သို့ ရောက်သွားပြီလား?
တစ်နည်းအားဖြင့် ဆိုရလျှင် သူက သူ့အား တစ်ချိန်လုံး လူမှားနေခဲ့ပြီး “လရောင်ဖြူ” အဖြစ် သူ့မျက်လုံးထဲ သတ်မှတ်ခံထားရသည်ပင်။ အဲ့နေ့ စကားများငြင်းခုံကြတုန်းက သူရယ်ခဲ့သည့်မှာ မထူးဆန်းတော့ချေ။ အဲ့ဒါ ဘာလို့လဲဆိုတော့ ဒီလို အမြစ်တွယ်နေသော နားလည်မှုအလွဲကြောင့်မှန်း သိသာလှသည်။
“ခင်ဗျားက ကိုယ့်ရဲ့ လရောင်ဖြူကိုတောင် မမှတ်မိဘူး။ လီချန်ယွမ် ခင်ဗျား အတော်ကန်းနေတာပဲ။” အဆုံးတွင် ရှရှင်းချီ မထိန်းထားနိုင်ခဲ့။ သူ ခေါင်းအုံးပေါ်တွင် စူပုပ်ပုပ်ဖြင့် လှဲလိုက်ကာ ပြောလိုက်တော့သည် : “ဒီလိုပုံနဲ့ ခင်ဗျား သူနဲ့တန်ရဲ့လား။”
သူဒီလို ဗိုက်မှောက်လှဲနေတာက သူ့ကိုယ်သူ မွန်းကြပ်အောင်လုပ်မိမလားနှင့် သူ့အား ဆွဲလှန်ပေးသင့်သလားဆိုတာအား လီချန်ယွမ် စောင့်ကြည့်နေခဲ့သည်။ အခု သူ စကားပြောနိုင်သေးတာကြောင့် စိတ်သက်သာရာရသွားကာ အေးဆေးစွာ ပြန်ဖြေလိုက်၏ :
“ငါသူ့ကို တွေ့တွေ့ချင်းပဲ မှတ်မိတာ”
“အဲ့ဒါဆို ခင်ဗျား ပိုလို့တောင် ကန်းကြောင်း ပြနေသေးတယ်!” ရှရှင်းချီ စိတ်တိုစွာ ပြောလိုက်လေသည်။
သူက အစားထိုးခံ လိုက်ရှာနေတယ်လို့ သူထင်ခဲ့တာ ဒါပေမယ့် သူက တွေ့တွေ့ချင်းမှာပဲ မဟုတ်တဲ့လူကို အမှတ်မှားနေတယ်တဲ့လေ။
ကြည့်ရတာ အစားထိုးခံဖြစ်ခြင်းထက် ပို၍ သက်တောင့်သက်သာမဖြစ်စေသော အရာများ သေချာပေါက် ရှိနေသေး၏။ အစတည်းက အရာအားလုံး လွဲနေခဲ့ပါက အဲ့လိုသာဆို အတူပေါင်းသင်းနေထိုင်ခြင်း၊ သန်းဆယ်ချီတဲ့ နှစ်စဉ်လစာများ နှင့် လီချန်ယွမ်၏ ကာကွယ်ပေးမှုနဲ့ သည်းခံပေးမှု ဖြစ်စဉ်တွေက သိသိသာသာ လူအမှားဆီကို ပေးနေခဲ့မိသည်ပင်။
အစားထိုးခံလေးက အလုပ်လုပ်နေသေးပြီး တည်ကြည်စွာ ပိုက်ဆံအပေးခံခဲ့ရသော်လည်း အခုတော့ သူက အမှားဖြစ်ပြီး လူချင်းမှားခံနေပုံရကာ အစားထိုးခံအဖြစ်တောင် ဘောင်မဝင်ဘူးတဲ့လား?
အကြိမ်းခံလိုက်ရခြင်းအပေါ် လီချန်ယွမ် စိတ်မဆိုးခဲ့ကာ တည်ကြည်လေးနက်စွာပြောလိုက် သည် : “ကိုယ်ပြောနေတာ အဲ့ဒါ မင်းပါလို့။”
သူ အခိုင်အမာယုံကြည်နေကာ နောင်တမရကြောင်း တွေ့ရသော် သူ ချဉ်စူးခြင်းမှဖြစ်လာသည့် ဒေါသအား ဆက်မထိန်းထားနိုင်တော့ :
“အရူး! လောင်ဇီ ဒီနေ့ မင်းကို မွန်းပြီး သေအောင် လုပ်ပစ်မယ်! ဘယ်လိုဖြစ်ဖြစ် အကုန်လုံး မှားနေတာပဲ ငါ့ကို အလုပ်ဖြုတ်လိုက်စမ်းပါကွာ! ငါထွက်တယ်!”
ပြောပြီးသည်နှင့် သူထကာ လီချန်ယွမ်၏ မျက်နှာအား ဖုံးရန် ခေါင်းအုံးအား ဆွဲယူလိုက်သည်။
လီချန်ယွမ်က သူ့ဆီမှ ခေါင်းအုံးဖြင့် မွန်းကြပ်စေခံလိုက်ရသော်လည်း သူမရုန်းခဲ့ပါ။ သူမျက်လုံးများကိုသာ မှိတ်လိုက်ကာ သူ့ကော်လံကို ဆွဲရန် လက်လှမ်းလိုက်သည်။
ရှရှင်းချီက ခေါင်းအုံးအား ဖိချရန် ခွ၍ထိုင်နေကာ ဤသို့ ဆောင့်ဆွဲခံလိုက်ရပြီးနောက် သူ့လက်မောင်းထဲသို့ တိုက်ရိုက် ပြုတ်ကျသွားခဲ့သည်။ သူ့နှလုံးခုန်သံများက မြန်သထက် မြန်လာသည်ကို ကြားခဲ့ရ၏။ ဖြစ်နိုင်တာက ဤသည်မှာ ဒဏ္ဍာရီလာ ဖော်ပြချက်ဖြစ်သည့် “နှလုံး ခိုက်သွားခြင်း” ဖြစ်နိုင်သည်။
ရှရှင်းချီ မျက်လွှာချလိုက်သည်၊ ရုတ်တရက်ကြီး အကြောင်းအရင်းမရှိ ဝမ်းနည်းသွားခဲ့၏။ ဝမ်းနည်းလွန်းလို့ သူထပ်ပြီး ဘာမှမလုပ်ချင်တော့ကာ တစ်ဖက်လူ ကိုယ်ပေါ်တွင် တိတ်ဆိတ်စွာ လှဲနေ၍ ဘယ်သူ့အတွက်ခုန်နေမှန်းမသိသော သူ့နှလုံးခုန်သံအား နားထောင်နေခဲ့သည်။
ရှရှင်းချီသည် သူက လီချန်ယွမ် ရှာနေသည့်သူမဟုတ်မှန်း အလွန်သေချာပါသည်။ သူက မိုးကြိုးပစ်သတ်ခံရပြီး ဒီထူးဆန်းသည့် ကမ္ဘာကို ရောက်လာသည်မှာ သိပ်မကြာသေး။ သူက ဘယ်လိုလုပ် လီချန်ယွမ် ခုနစ်နှစ်သားတည်းက သတိရခံရမည်လဲ။
အချိန်တူ သို့မဟုတ် နေရာတူ၌ လုံးဝမရှိခဲ့ကြောင်းမှာ ပြောစရာမလို၊ လွန်ခဲ့သော ရှစ်နှစ်က သူဟာ ငါးနှစ်သားဖြစ်ခဲ့ကာ မည်သူမျှ သူ့အား မလိုချင်ဘဲ ဘောလုံးကဲ့သို့ ပတ်ကန်ခံခဲ့ရ၍ ချမ်းသာပြီး ဆွေကြီးမျိုးကြီးမှ ပေါက်ဖွါးသော သားက သူ့လို အဆင့်နိမ့်သည့် ကောင်ဆိုးကလေးအား သတိထားမိဖို့မှာ မဖြစ်နိုင်ချေ။
လေထုမှာ အကန့်အသတ်မရှိ ဆွဲဆန့်ခံရသည့် ဆိတ်ငြိမ်မှုနှင့် ပြည့်နေသည်။
လီချန်ယွမ်က ကျောမှီ၍ ငြိမ်ငြိမ်လေး လှဲနေကာ ရှရှင်းချီကို သူ့ပေါ် ပေးလှဲထား၏။ သူတို့နှစ်ယောက်လုံး တစ်ခဏလောက် စကားမပြောခဲ့ကြပေ။
အဆုံးမှာတော့ လီချန်ယွမ်က ပထမဆုံး တိတ်ဆိတ်မှုအား ဖြိုခွင်းခဲ့သူဖြစ်ကာ ရှားပါးသည့် စကားလုံးအတန်းလိုက်ကို ပြောလိုက်သည် :
“ရှရှင်းချီ၊ ကိုယ် ဘယ်တုန်းကမှ ချစ်သူတစ်ယောက်လိုက်ရှာနေတယ်လို့ မပြောမိပါဘူး……ကိုယ်က လူလိမ်လေးတစ်ယောက်ကို လိုက်ရှာနေခဲ့တာ။ ကိုယ် သူ့ကို ဘာလို့ ကိုယ့်ကိုလိမ်ခဲ့လဲမေးပြီး သူ့ကတိကို တည်ခိုင်းမလို့ပါ။”
ရှရှင်းချီက သက်ပြင်းချကာ မေးလိုက်၏ : “သူ ခင်ဗျားကို အရူးလုပ်နိုင်ရအောင် သူ့အသက်က ဘယ်လောက်ဖြစ်ခဲ့လို့လဲ။”
ကလေးများက စိတ်ရော ကိုယ်ရော အမြန် ကြီးထွားကြသည်။ ငါးနှစ်သားလေးက ခုနစ်နှစ်သားအား အရူးလုပ်နိုင်ဖို့ဆိုသည်မှာ ခက်ခဲပါလိမ့်မည်။
ဒါ့အပြင် သူ့ရှေ့က ဗီလိန်ကြီးက သူငယ်ငယ်တည်းက ရက်စက်လွန်းစွာ IQ မြင့်ပြီး သူ့သက်တူရွယ်သူများအား ကျော်လွန်ကာ ဆုတွေအများကြီးရမှန်း သူသိ၏။
“ဆယ်နှစ် ဒါမှမဟုတ် နည်းနည်း ပိုကြီးလား? နည်းနည်းလေးပဲ ပုတာပါ။”
တစ်ယောက်ယောက်က သူ့ရင်ဘတ်အားပုတ်ကာ သူ့ကို အစ်ကိုဟု ခေါ်ခိုင်းခဲ့သည့်ပုံနှင့် အရပ်ကြောင့် ထိုသူ၏ ခေါင်းအား အမြဲကိုင်ချင်နေခဲ့သည်အား ပြန်အမှတ်ရကာ
လီချန်ယွမ် မျက်လုံးများ ကျဉ်းမြောင်းလိုက်၏။
သူက သူ့ရင်ဘတ်ပေါ်လှဲနေသည့်ပုံကြောင့် ဖြစ်ပါလိမ့်မည်၊ ရှရှင်းချီကြားလိုက်သည့် အသံက ထူးကဲစွာ စိတ်အားငယ်မှုကို ဖော်ပြနေပြီး တိုးနေသည်။
အသံကြောင့် ရင်ဘတ်က အနည်းငယ် တုန်ခါသွားပြီး ရှရှင်းချီ၏ နှလုံးသားကပင် ဖျော့တော့စွာ လှုပ်ခါသွားဟန်တူသည်။ ထိုအရာမှာ ပြောပြ၍ မရနိုင်သော ခံစားချက်ဖြစ်ကာ အနည်းငယ် ပြင်းထန်၏။
သိသာစွာပင် အာဟာရချို့တဲ့မှုကြောင့် သက်တူရွယ်တူများထက် ပုနေသည်မှလွဲ၍ သူနှင့် ဒီ “လရောင်ဖြူ” မှာ ဘာမှတူတာမရှိပေ။
ရှရှင်းချီ သူ့နှုတ်ခမ်းအားကိုက်လိုက်ပြီး လီချန်ယွမ်ကိုယ်အဝေးသို့ လှိမ့်ထွက်လိုက်ကာ စိတ်အေးသွားချင်ဟန်ဆောင်ရန် ဆုံးဖြတ်လိုက်သည်။
“လီချန်ယွမ် ကျွန်တော်က ခင်ဗျားထက် နှစ်နှစ်ငယ်မှန်းသိရဲ့သားနဲ့။ ခင်ဗျားကန်းနေတာလား တုံးနေတာလား?……ခင်ဗျား လူမှားနေတာမှန်း သိသာနေတာပဲ အဲ့တော့ ခင်ဗျား ကျွန်တော့်ကို အလုပ်ပဲဖြုတ်ဖြုတ် စေ့စပ်ထားတာပဲဖျက်ဖျက် ခင်ဗျားသဘောပဲ။”
ပြောပြီးသည်နှင့် ရှရှင်းချီ တစ်ဖက်သို့ လှည့်လိုက်ကာ သူ့အား မသိချင်ယောင်ဆောင်နေတော့သည်။ ရုတ်တရက်ကြီး သူဟာ သန်းပေါင်းဆယ်ကျော်ချီသည့် နှစ်စဉ်လစာနှင့် အမွေဆက်ဆံမှုအကြီးကြီးအား မလိုချင်တော့။ သူ ဒီလူ့အဝေးသို့သာ ထွက်သွားချင်ကာ သူ့ရင်ဘတ်က သံပုရာရည်စိုနေသည့် ဂွမ်းအဖြစ် ခံစားနေရသည်မှ ရပ်ချင်မိသည်။
အလုပ်ဖြုတ်ခံရတော့မည်အား တွေးကာ အလုပ်သမားက အသိဉာဏ်ရှိရှိဖြင့် သူဌေးအားကြိမ်းမောင်းလိုက်လေ၏ : “ခင်ဗျားက ငတုံးပဲ။”
လီချန်ယွမ် : “……”
သူ့တွင် အသက်နှင့်ပတ်သက်ပြီး အမေးအတွက် အဖြေမရှိသော်လည်း သူ လူမှားမည်မဟုတ်မှန်း သိပါသည််။
“အဲ့ဒါ မင်းပဲ” လို့ ရှရှင်းချီရှေ့ သူ အတင်းအကြပ် ဆက်ပြောပါက ဒီစိတ်ဆိုးမာန်ဆိုး ဖြူကောင်လေးက ကျိန်ဆဲရုံတင်မဟုတ် ထခုန်ပြီး လူကိုပါ ရိုက်လိမ့်မည်။
လီချန်ယွမ်က နှုတ်ခမ်းအားစေ့ကာ အချိန်တစ်ခုကြာ တိတ်ဆိတ်နေခဲ့ရ၏။
အမှောင်ထဲ၌ သူ ရှရှင်းချီ၏ နောက်ကျောပြင်အား အချိန်အကြာကြီး စိုက်ကြည့်နေခဲ့သည်။ သူအိပ်ပျော်သွားမှန်း အတည်ပြုပြီးမှ သူ တိတ်တိတ်ကလေး သူ့လည်ပင်းအား ရစ်ပတ်ရန် သူ့လက်ကို ဆန့်ထုတ်လိုက်၏။ သူအအေးမိမည်ကို စိုးကာ သူ့လက်မောင်းကြားထဲ သူခိုးလေးကဲ့သို့ မှီစေလိုက်သည်။
အဲ့ညက ရှရှင်းချီ ကောင်းကောင်းမအိပ်ပျော်ခဲ့ပါ။ ခုနစ်နှစ်သားလီချန်ယွမ်က ဘယ်လိုဖြစ်မလဲဆိုတာကို တွေးရင်း ချဉ်စူးနေသည့် ခံစားချက်ဖြင့် အိပ်မောကျသွားခဲ့သည်။
ညတစ်ဝက်လောက် ကိုရို့ကားယားနိုင်သော အိပ်မက်များ မက်ခဲ့ကာ တကယ်ကြီး သူ ကလေးတုန်းကအချိန်ကို အိပ်မက်မက်ခဲ့သည်။
အိပ်မက်ထဲ၌ လီချန်ယွမ်က ပိန်ကာ ဖြူရော်ပြီး ကြွေရုပ်ကဲ့သို့ လှပကာ အထိမခံဖြစ်သည်။ သူအကြာကြီးရပ်နေပါကာ သတိလစ်သွားမည်အား ရှရှင်းချီ စိတ်မပူဘဲ မနေနိုင်။
သူ့မသိစိတ်က သူစိတ်ပူသည့်အရာအားဖြစ်အောင်လုပ်ခြင်း ဖြစ်နိုင်သည်၊ ကြွေရုပ်က တစ်ခဏလောက် ယိမ်းထိုးသွားပြီးနောက် သူ့ရှေ့တည့်တည့်ကျသွားသည်။
ဒါကို မြင်သော် ရှရှင်းချီ သူ့အားဖမ်းရန် အရှေ့သို့ တစ်ဟုန်ထိုး ပြေးခဲ့၏။ သို့သော် သူက အိပ်မက်ထဲ ပိုလို့တောင်သေးသွားသည်မှန်း တွေ့လိုက်ရသည်။
ဒါ့အပြင် အိပ်မက်ထဲမှာတောင် လီချန်ယွမ်က အလွန်သန်မာပြီး ဂရုမစိုက်ကာ မဖော်ရွေပေ။
သူ့သတိက ကမောက်ကမဖြစ်ကာ မေ့လဲတော့မည်ဖြစ်သော်လည်း နုပျို ငယ်ရွယ်သော မျက်နှာထားဖြင့် သူ အမိန့်ပေးလိုက်သေးသည် : “ဝေးဝေးသွား။”
သူပြောပြီးသည်နှင့် အိပ်မက်ထဲမှ ရှရှင်းချီ မတုန့်ပြန်နိုင်မီ သူ မခံနိုင်လောက်အောင် မရပ်မနား ချောင်းစဆိုးတော့သည်။
သူ့ဖြူဖပ်ဖြူရော်နှုတ်ခမ်းများက ထင်ရှားစွာ နီရဲတောက်နေသည့် သွေးများဖြင့် ပေကျံနေသည်အား တွေ့ရသော် ရှရှင်းချီ မျက်လုံးများ ပြူးကျယ်သွားသည်။ သူ ဒီလောက်စိုးရိမ်ရစွာ ဖျားနေခဲ့လိမ့်မည်ဟုလည်း ထင်မထားခဲ့။
သို့သော် သူ ဘာမှမလုပ်လိုက်ရခင် ရုတ်တရက် စိတ်ချောက်ချားမှုက အိပ်မက်မှတစ်ဆင့် ကူးလာခဲ့သည်။
ကောင်းကင်ကြီးက လင်းထိန်လာကာ ရှရှင်းချီက သူ့၏ အရင်က “အလုပ်ရှင် ငတုံး” အား သူ့ လက်ရော ခြေများဖြင့် ဖက်ထားသည်ကို တွေ့လိုက်ရကာ သူ မြန်မြန်နှင့် တိတ်တိတ်လေး သူ့ပေါ်မှ ဆင်းလိုက်၏။
ရန်ဖြစ်ပြီးနောက် နီးကပ်လွန်းနေသည်မှာ ရှင်းလင်းစွာပင် အလွန်အမင်း ရှက်စရာကောင်းလိမ့်မည်။
ထိုအကြောင်းအား တွေးပြီးသော် အိပ်မက်က အရမ်း အစစ်နဲ့တူနေခဲ့မှန်း ပြန်မစဉ်းစားဘဲ မနေနိုင်ချေ။ အိပ်မက်ထဲမှကဲ့သို့ ရုတ်တရက်ကြီး ဖျားကာ သွေးချောင်းထမဆိုးရန် စိတ်ချရအောင်လုပ်သည့်အနေဖြင့် လီချန်ယွမ်၏ အိပ်နေသည့် ပုံစံအား သူ တစ်ခဏလောက် စိုက်ကြည့်နေခဲ့သည်။
သူ အတွေးထဲ မြောနေတုန်းမှာပဲ လီချန်ယွမ် လှုပ်ရှားသွားသည်အား သူတွေ့လိုက်ရ၏။ ထို့နောက် သူ မသိစိတ်ဖြင့် အခုလေးတင် ရှောင်ထွက်သွားသော ရှရှင်းချီအား သူ့လက်မောင်းကြားထဲသို့ ဆွဲယူလိုက်ကာ ပြန်ဖက်ထားခဲ့၏။
ရှရှင်းချီက စိတ်ပျက်အံ့အားသင့်သွားကာ ဒီလူက သူအိပ်တိုင်း ဖက်လုံးဖက်သည့် အကျင့် ရှိလားဟု တွေးကာ သူ့အား တွန်းရန် လက်လှမ်းလိုက်သည်။
သို့သော် သူ့၏ နွေးထွေးသော အပွေ့အဖက်က သက်တောင့်သက်သာဖြစ်လွန်းသောကြောင့်ဖြစ်ပါလိမ့်မည်၊ သူလက်အား မြှောက်လိုက်သော်လည်း အဆုံး၌ သူ့အား မထိခဲ့ကာ သူ့ခေါင်းအား လီချန်ယွမ်လက်မောင်းထဲ နစ်မြှုပ်စေလိုက်တော့၍သာ မှင်တက်ရင်း ပြန်အိပ်ပျော်သွားခဲ့၏။
သူ မသိခဲ့သည်မှာ လီချန်ယွမ် ခုနလေးတည်းက နိုးနေခဲ့ပြီးဖြစ်ကာ မျက်စိများဖွင့်လျက် သူ့အား ကြည့်နေခဲ့လေသည်။ ခဏလောက်ကြာပြီးနောက် သူ့လက်အား မြှောက်လိုက်၍ သူ့ဖိုသီဖတ်သီခေါင်းလေးကို ညင်သာစွာ ထိလိုက်တော့၏။
Chapter 52 ended