နန်းတော်စာမေးပွဲတွင် ပထမရပြီးနောက် အရာရှိများအားလုံး ငါ့အတွေးတွေကို ကြားနေရပြီ:
Chapter 2
လူယုတ်မာ စွန်းမင်ဟောက်
=====
လီကျန်းတာ့သည် ရှေ့မှကိစ္စများက အမှန်ဟုတ်မဟုတ်ကို မသိသော်လည်း စနစ်011 ပြောသည့်စကားများသာ အမှန်ဖြစ်ခဲ့မည်ဆိုလျှင် စွန်းမင်ဟောက် နောက်ထပ်ယူထားသော ဇနီးဆိုသည်မှာ သူ၏သမီးပင် ဖြစ်နေပေမည်။ သူသည် အမှန်တကယ် မည်သို့ဖြစ်ပျက်ခဲ့သည်ကို နားထောင်ကြည့်ချင်နေမိ၏။
အခြားအမတ်များနှင့် နဂါးပလ္လင်ပေါ်တွင် ထိုင်နေသော ဧကရာဇ်ဝူအန်းတို့သည်လည်း ပို၍ ရှင်းလင်းစွာ ကြားရရန်အတွက် ရှန်းရှစ်ရွှီရှိရာဘက်သို့ ကိုယ်ကို မကိုင်းညွတ်ဘဲ မနေနိုင်ကြချေ။
ရှန်းရှစ်ရွှီက ဤသည်ကို ကြားလိုက်ရချိန်တွင် စနစ်011 အား မြန်မြန်ပြောရန် တိုက်တွန်းလိုက်၏။
【 ရှောင်ရီ… ဆက်ပြောစမ်းပါဦး… 】
စနစ်011 က စကားလုံးများကို ပြင်ဆင်လိုက်ပြီးနောက် ဆက်ပြောလာသည်။
【 စွန်းမင်ဟောက် နောက်ထပ်ယူထားတဲ့ မိန်းမက သူ အကြံအစည်တွေ အများကြီးသုံးပြီး ယူထားတာ… အဲ့ဒီကောင်မလေးရဲ့ အဖေက ဘဏ္ဍာရေးဝန်ကြီးဆိုတော့ သူ့ရဲ့ ရာထူးတက်လမ်းမှာ အများကြီး ကူညီပေးခဲ့တာပေါ့…
စွန်းမင်ဟောက်က မြို့တော်ကို ရောက်လာပြီးတဲ့နောက် နေစရာနေရာ ရှာမတွေ့ခဲ့ဘူး… ဒါနဲ့ပဲ မြို့ပြင်က ကွမ်ချီဘုရားကျောင်းမှာ ဝင်တည်းနေခဲ့ရတယ်…
ဝန်ကြီးလီရဲ့အမေ အဘွားလီက ဘုရားဖူးရတာ၊ အလှူငွေထည့်ရတာကို သဘောကျတော့ ဘုရားကျောင်းကို အမြဲသွားပြီး အမွှေးတိုင် သွားထွန်းလေ့ရှိတယ်… ဝန်ကြီးလီရဲ့သမီး လီရှီယွီကလည်း အဘွားကို သိတတ်တော့ အမြဲတမ်း အတူတူ လိုက်သွားပေးတယ်… အဲ့ဒီလို အမွှေးတိုင်သွားထွန်းတဲ့ တစ်ခေါက်မှာပဲ စွန်းမင်ဟောက်က တွေ့သွားတာ…
သူက သခင်မလေးဘေးမှာ အစေခံတွေ အများကြီး ပါလာတာကို မြင်တော့ ကောင်မလေးက အသိုင်းအဝိုင်းကောင်းမှန်း ခန့်မှန်းမိသွားပြီး သူများတွေဆီ လိုက်စုံစမ်းတော့တာပဲ…
အဘွားလီ အမွှေးတိုင်သွားထွန်းတတ်တာက မြို့တော်မှာ လျှို့ဝှက်ချက်မှ မဟုတ်တာ… လူတိုင်းသိကြတော့ စွန်းမင်ဟောက်လည်း အလွယ်လေး စုံစမ်းလို့ ရသွားတာပေါ့…
အဲ့ဒါက ဝန်ကြီးရဲ့သမီးမှန်း သိသွားတော့ သူက အကြံစတင်တော့တာပဲ…
ကွမ်ချီဘုရားကျောင်းက ကိုရင်လေး တစ်ပါးကို ပိုက်ဆံပေးပြီး ဝန်ကြီးလီရဲ့အမေ အမွှေးတိုင်လာထွန်းမယ့်ရက်ကို စုံစမ်းခိုင်းတယ်… သေချာသိသွားတော့ အဘွားလီ အမွှေးတိုင်လာထွန်းတဲ့အချိန် နောက်ကနေ ခိုးလိုက်သွားတာ…
ဒီလူယုတ်မာက လူစိတ်သာ မရှိတာ ကံကတော့ တော်တော်ကောင်းတယ်ပြောရမယ်… တကယ်ပဲ မျက်နှာလုပ်ဖို့ အခွင့်အရေး ရသွားတယ်လေ…
အဘွားလီက အဲ့ဒီနေ့ကမှ အသက်လေးနှစ်အရွယ် မြစ်လေးကို ခေါ်လာတာ… ကလေးက ဆော့ချင်နေတာ.. ဘုရားကျောင်းအပြင်ဘက်မှာ စည်ကားနေတာကို မြင်ပြီး ဇွတ်နေကြည့်ချင်နေတာ…
လီရှီယွီကလည်း တူလေးကို ချစ်တော့ သူကိုယ်တိုင်ပဲ ကလေးကို ကြည့်ပေးဖို့ နေခဲ့တယ်… အဲ့ဒီကလေးက ဆော့လွန်းပြီး လီရှီယွီကို ထားခဲ့ပြီး တစ်ယောက်တည်း ထွက်ပြေးသွားမယ်လို့ ဘယ်သူက ထင်မှာလဲ…
စွန်းမင်ဟောက်က အဲ့ဒါကိုမြင်တော့ ချက်ချင်း နောက်ကနေလိုက်သွားပြီး ကလေးကို ခြောက်တစ်လှည့် ချော့တစ်လှည့်နဲ့ ပြန်ခေါ်လာခဲ့တာ… ပြန်ရောက်လာချိန်မှာ လီရှီယွီက လန့်ပြီးတောင် ငိုနေပြီ… အဘွားလီကလည်း ကိုယ့်ကိုယ်ကိုယ် အပြစ်တင်နေတဲ့ မြေးလေးကို နှစ်သိမ့်ပေးရင်း တစ်ဖက်ကလည်း လူလွှတ်ရှာခိုင်းနေတာ…
စွန်းမင်ဟောက်က ကလေးကို ပြန်ခေါ်လာပေးတာကို မြင်တော့ သူ့ကို ကျေးဇူးတွေ တကဲကဲ တင်နေကြတာ… လီရှီယွီကလည်း အဲ့ဒီအချိန်မှာပဲ စွန်းမင်ဟောက်ကို စပြီး မျက်မှန်းတည့်သွားတာပဲ… 】
လီကျန်းတာ့မှာ ဤသည်ကို ကြားလိုက်ရချိန်တွင် မြေပြင်ပေါ်သို့ ဖင်ထိုင်လျက် လဲကျသွားမတတ် ဖြစ်သွား၏။ ကံကောင်းထောက်မစွာဖြင့် အနောက်ဘက်ရှိ လုပ်ဖော်ကိုင်ဖက်က ဖေးမပေးလိုက်နိုင်သည်။ လူအများက သူ၏ ထိတ်လန့်သွားသော ပုံစံအား ကြည့်ပြီး ထိုစနစ်ပြောသမျှမှာ အမှန်တရားများသာ ဖြစ်ကြောင်းကို နားလည်သွားကြသည်။
လီကျန်းတာ့သည် ယခင်က စနစ်011 ပြောသည့်ကိစ္စများကို မယုံကြည်ခဲ့သော်လည်း သူ၏ မြေးလေး ပျောက်ဆုံးလုနီးပါး ဖြစ်ခဲ့သည့်ကိစ္စမှာ သူတို့ မိသားစုဝင်များသာ သိရှိပြီး ရင်းနှီးသော မိတ်ဆွေများပင် မသိကြချေ။
မြို့တော်သို့ ပထမဆုံးအကြိမ် ရောက်လာသော ရှန်းရှစ်ရွှီဆိုလျှင် ဆိုဖွယ်ရာပင် မရှိတော့ပေ။ ဤသည်တို့မှာ အမှန်တရားများဖြစ်နေသည့်အတွက် ယခင်က ပြောခဲ့သော စွန်းမင်ဟောက်က ဇနီးနှင့် သားသမီးကို စွန့်ပစ်ကာ မိခင်အိုကြီးအား ပစ်ထားခဲ့သည် ဆိုသည့်ကိစ္စမှာလည်း အမှန်တရားပင် ဖြစ်နေမည်ဖြစ်၏။
လီကျန်းတာ့၏ ရင်ထဲတွင် ဒေါသများ တဟုန်းဟုန်း တောက်လောင်လာပြီး ချက်ချင်းပင် အိမ်ပြန်ကာ သမီးဖြစ်သူနှင့် စွန်းမင်ဟောက်အား ကွာရှင်းပေးစေချင်စိတ်များ ပေါ်ပေါက်လာသည်။ ဇနီးနှင့် သားသမီးများကို စွန့်ပစ်ကာ မိမိအား ကျွေးမွေးပြုစုခဲ့သော မိခင်အိုကြီးကိုပင် ကျေးဇူးကန်းနိုင်သည့် ဤကဲ့သို့ ခွေးသူခိုးကောင်မျိုးက သူ၏ သမီးအပေါ် ကောင်းမွန်စွာ ဆက်ဆံလိမ့်မည် မဟုတ်ပေ။
စိတ်ခံစားချက်အရ စွန်းမင်ဟောက်အား ချက်ချင်း ကန်ထုတ်ပစ်ချင်နေသော်လည်း အသိတရားကမူ ယခုအချိန်တွင် နန်းရင်ပြင်၌ ရှိနေဆဲဖြစ်ကြောင်း သတိပေးနေ၏။ ထို့အပြင် စွန်းမင်ဟောက် နောက်ထပ် မည်သည့်ကိစ္စများ လုပ်ဆောင်ခဲ့သေးသည်ကို ဆက်၍ နားထောင်ချင်နေသေးသည်။
【 စွန်းမင်ဟောက်က အဲ့ဒီအချိန်ကစပြီး လီမိသားစုရဲ့ မျက်စိကျတာကို ခံလိုက်ရတာ… သူ့အကျင့်စရိုက်ကသာ မကောင်းတာ၊ ပညာအရည်အချင်းကတော့ မဆိုးပါဘူး… ဒါ့အပြင် လွန်ခဲ့တဲ့ သုံးနှစ်က စာမေးပွဲမေးခွန်းကလည်း သူ့အတွက် အခွင့်အရေးဖြစ်သွားတယ်… ပြည်သူတွေရဲ့ နေထိုင်မှုဘဝအကြောင်း မေးထားတော့ ဆင်းရဲတဲ့ မိသားစုက လာတဲ့သူဆိုတော့ သဘာဝကျကျပဲ ကောင်းကောင်း သိနေတာပေါ့… တိုက်ဆိုင်သွားပြီး ကျွမ်းယွမ်တောင် ဖြစ်သွားခဲ့တာ…
မြင်းစီးပြီး မြို့ထဲလှည့်လည်တဲ့အချိန်မှာ လီရှီယွီက သူ့သူငယ်ချင်းနဲ့အတူ ကျွမ်းယွမ်ကို လာကြည့်နေတာ… ကျွမ်းယွမ်က အရင်က သူ့တူလေးကို ကယ်ပေးခဲ့တဲ့ သခင်လေးဖြစ်နေတာကို မြင်တော့ တစ်ခဏလောက် အံ့သြသွားခဲ့တယ်…
အဲ့ဒီအချိန်က အတော်ပဲ… ဝန်ကြီးလီရဲ့ဇနီးက လီရှီယွီအတွက် အိမ်ထောင်ဖက် ရှာပေးနေတဲ့အချိန် ဖြစ်နေတာ… ဝန်ကြီးလီမှာက ဒီသမီးတစ်ယောက်တည်း ရှိတာဆိုတော့ မိသားစုအသိုင်းအဝိုင်းနဲ့ အကျင့်စရိုက်ကို ကြည့်ရုံတင်မကဘဲ လီရှီယွီ သဘောကျမကျကိုလည်း ကြည့်ချင်သေးတာ…
လီရှီယွီက သူ့တူလေးကို ကယ်ပေးခဲ့တဲ့သူအပေါ် တော်တော်လေး သဘောကျနေတာ… ဒါ့အပြင် အခု စွန်းမင်ဟောက်က ကျွမ်းယွမ်တောင် ဖြစ်နေပြီဆိုတော့ အနာဂတ်မှာ အလားအလာရှိတယ်ဆိုပြီး ဝန်ကြီးလီကို စွန်းမင်ဟောက်အပေါ် စိတ်ဝင်စားနေကြောင်း အရိပ်အမြွက် ပြောပြလိုက်တာပေါ့…
စွန်းမင်ဟောက်က ဟန်ဆောင်တော်တယ်လေ… အဲ့ဒီတုန်းက ဝန်ကြီးလီက သူ့သားကို ကျေးဇူးသွားတင်ခိုင်းတော့ ဟိုက ကျေးဇူးဆပ်တဲ့ လက်ဆောင်တွေကို တိုက်ရိုက် ပြန်ပေးလိုက်တာ… သူက တတ်နိုင်တဲ့အကူအညီလေး ပေးလိုက်ရုံပါ၊ ဒီလောက် တန်ဖိုးကြီးတဲ့ လက်ဆောင်တွေကို လက်မခံနိုင်ပါဘူးဆိုပြီးတော့လေ…
အဲဒါကြောင့် ဝန်ကြီးလီက သူ့အပေါ် အမြင်ကောင်းသွားပြီး ကျေးဇူးပြုဖူးတာကို အခွင့်ကောင်းမယူတတ်တဲ့သူလို့ ထင်သွားတာ… အဲ့ဒါကြောင့် လီရှီယွီက သူ့ကို သဘောကျတယ်လို့ ပြောလိုက်တဲ့အခါ အခြေအနေနဲ့ အချိန်အခါအရ သဘောတူလိုက်တော့တာပဲ…
ဒါပေမဲ့ အိမ်ထဲကို မြေခွေး ခေါ်သွင်းလိုက်မိမှန်း သူ မသိခဲ့ဘူးလေ… ဝန်ကြီးလီက သမီးဖြစ်သူနဲ့ စွန်းမင်ဟောက်တို့ လက်ထပ်ပြီးကတည်းက စွန်းမင်းဟောက်ရဲ့ ရာထူးတက်လမ်းမှာ အမြဲတမ်း ကူညီပေးခဲ့လို့ သူ့(စွန်းမင်ဟောက်)အလုပ်တွေက တော်တော်လေး ချောမွေ့နေခဲ့တာ…
ဒါပေမဲ့ စွန်းမင်ဟောက်က မကျေနပ်နိုင်ဘဲ ပိုပြီး အထက်ကို တက်ချင်နေတာလေ… အဲ့ဒါနဲ့ ကွယ်ရာမှာ ဝန်ကြီးလီရဲ့ ရန်သူနဲ့ သွားပူးပေါင်းတော့တာပဲ… ဘဏ္ဍာရေးအမတ်ချုပ်ကြီးက အလုပ်ကနေ အနားယူတော့မှာမို့ သူ့လက်အောက်က ဝန်ကြီးနှစ်ယောက်ကို စောင့်ကြည့် အကဲဖြတ်နေတာ… ဝန်ကြီးလျိုက ဝန်ကြီးလီကို လာဘ်စားတယ်လို့ စွပ်စွဲချင်နေတာ… အဲဒါနဲ့ သူ လာဘ်စားထားတဲ့ ပိုက်ဆံတွေရယ်၊ အတုလုပ်ထားတဲ့ စာရင်းစာအုပ်ရယ်ကို စွန်းမင်ဟောက်ဆီ ပေးပြီး မှတ်တမ်းအရာရှိ နေရာပေးမယ်လို့ ကတိပေးလိုက်တယ်… ပြီးတော့ အဲ့ဒါတွေကို ဝန်ကြီးလီအိမ်က ဂိုဒေါင်ထဲမှာ သွားထားခိုင်းတာ… ဒါမှ ဝန်ကြီးလီ နာမည်ပျက်ပြီး သူက ဘဏ္ဍာရေးအမတ်ချုပ်နေရာကို တက်နိုင်မှာလေ…
စွန်းမင်ဟောက် လာဘ်ငွေတွေနဲ့ စာရင်းစာအုပ်ကို ခိုးထည့်မယ့်ရက်က ဒီနေ့ပဲ ထင်တယ်! 】
လီကျန်းတာ့မှာ စနစ်011 ၏ စကားကို ကြားပြီးနောက် သူ၏ လက်ဝဲဘက်ရှိ လျိုဖန်အား ဒေါသတကြီး လှမ်းကြည့်လိုက်သည်။ ပုံမှန်အားဖြင့် အေးအေးဆေးဆေး နေတတ်သော လုပ်ဖော်ကိုင်ဖက်က ဤမျှ ရက်စက်ယုတ်မာသော စိတ်ထားကို ဖုံးကွယ်ထားလိမ့်မည်ဟု လုံးဝ ထင်မှတ်မထားခဲ့ချေ။
လျိုဖန်မှာ မူလက လီကျန်းတာ့၏ အရှက်ကွဲမည့်ကိစ္စကို ကြည့်နေခဲ့သော်လည်း ထိုစနစ်က သူလုပ်ခဲ့သည့် ကိစ္စများကိုပါ တစ်ပါတည်း ဖော်ထုတ်လိုက်မည်ဟု ထင်မှတ်မထားခဲ့ပေ။ ဤအချိန်တွင် သူသည် ဧကရာဇ်ဝူအန်း၏ မျက်နှာကိုပင် မော့မကြည့်ရဲတော့ဘဲ တစ်ကိုယ်လုံး တဆတ်ဆတ် တုန်ယင်နေ၏။ မိမိ လာဘ်စားထားပြီး အခြားသူအား ပုံချမည့်ကိစ္စကို လူအားလုံး သိသွားကြပြီဖြစ်၍ နှုတ်ခမ်းအားဟကာ ဖြေရှင်းရန် ပြင်လိုက်သော်လည်း လီကျန်းတာ့က သူ၏ပါးစပ်အား ပိတ်ထားလိုက်သည်။
ဧကရာဇ်ဝူအန်းမှာ အမတ်တစ်ဦး၏ ဖရဲသီးကို စားရုံသက်သက်ဟု ထင်မှတ်ထားခဲ့သော်လည်း ဤဖရဲသီးစားခြင်းက နန်းတွင်းရှိ သန်ကောင်တစ်ကောင်ကို ရှင်းလင်းပေးနိုင်မည်ဟု ထင်မထားခဲ့ချေ။ ထို့ကြောင့် ဧကရာဇ်ဝူအန်းက ရှန်းရှစ်ရွှီအား ကြည့်လာသည့် အကြည့်မှာ ရတနာသိုက်ကြီး တစ်ခုအား ကြည့်နေသည့်အလား ဖြစ်နေသည်။
အခြားသော နန်းတွင်းအမတ်များက ရှန်းရှစ်ရွှီအား ကြည့်သည့် အကြည့်များမှာမူ အနည်းငယ် ရှုပ်ထွေးနေ၏။ သူတို့က ဖရဲသီးစားနိုင်သည့် စနစ်တစ်ခု ပိုင်ဆိုင်ထားခြင်းအပေါ် အလွန် အားကျနေပြီး အတူတကွ ဖရဲသီးစားရခြင်းကိုလည်း အလွန် ဝမ်းမြောက်နေကြသည်။
သို့သော် တစ်နေ့တွင် ဤဖရဲသီးက မိမိတို့ထံသို့ ရောက်မလာနိုင်ဟု အာမ,မခံနိုင်ပေ။ ၎င်းတို့ တစ်ဦးချင်းစီတိုင်းတွင် အနည်းနှင့်အများဆိုသလို လျှို့ဝှက်ချက် အချို့ရှိကြပြီး မိမိတို့အလှည့် ရောက်လာပါက နန်းရင်ပြင်တစ်ခုလုံး သိရှိသွားမည် ဖြစ်၏။
လူမသိသူမသိ အကျင့်စရိုက်များဆိုလျှင် အခြားသူများ၏ လှောင်ပြောင်မှုကို ခံရရုံမျှသာ ရှိမည်ဖြစ်သည်။ သို့သော် လျိုဖန်ကဲ့သို့ အရေးကြီးသော ကိစ္စများ ဖော်ထုတ်ခံရပါက ၎င်းတို့၏ ရာထူးတက်လမ်းမှာ ပြီးဆုံးသွားမည်ဖြစ်ပြီး မိသားစုဝင်များ၏ အသက်ပင်လျှင် ဘေးကင်းနိုင်တော့မည် မဟုတ်ချေ။
ဤအမတ်များ ရှင်းလင်းစွာ မတွေးတောရသေးမီမှာပင် ဧကရာဇ်ဝူအန်းက သူ၏ဘေးရှိ ယုံကြည်ရသော မိန်းမစိုး ချွမ်ရှီးအား မျက်ရိပ်ပြလိုက်သည်။ ချွမ်ရှီးမှာ ဧကရာဇ်ဝူအန်းနှင့် ငယ်စဉ်ကတည်းက အတူကြီးပြင်းလာသူဖြစ်ပြီး စစ်မြေပြင်သို့ပင် အတူလိုက်ပါဖူးကာ ဧကရာဇ်၏ အသက်ကိုလည်း ကယ်တင်ဖူးသဖြင့် ဧကရာဇ်ဝူအန်း အယုံကြည်ရဆုံးသော သူများထဲမှ တစ်ဦးဖြစ်၏။
” တင်ပြစရာ ကိစ္စရှိလျှင် တင်ပြကြလော့… မရှိပါက ညီလာခံ ရုပ်သိမ်းမည်…”
ချွမ်ရှီးက ကျယ်လောင်စွာ ကြေညာလိုက်၏။
အမတ်များမှာ ဧကရာဇ်က လူစုခွဲခိုင်းနေကြောင်း နားလည်သွားကြသဖြင့် ထွက်ခွာသွားသော ဧကရာဇ်ဝူအန်း၏ ကျောပြင်အား အရိုအသေပေးလိုက်ပြီးနောက် ထွက်ခွာသွားကြသည်။
ညီလာခံ ပြီးဆုံးသွားပြီးနောက် လီကျန်းတာ့မှာ ချက်ချင်းပင် အိမ်သို့ ပြန်သွား၏။ အခြားအမတ်များသည် သူ ဤမျှလောက် အလျင်စလိုဖြစ်နေသည်မှာ မည်သည့်အရာ သွားလုပ်မည်ကို သိရှိထားကြသဖြင့် အများစုမှာ ပွဲကြည့်ရန်အတွက် အနောက်မှ လိုက်သွားကြသည်။
ရှန်းရှစ်ရွှီမှာ အလျင်စလို ထွက်ခွာသွားကြသော အမတ်များ၏ ကျောပြင်အား ကြည့်ပြီး စိတ်ထဲမှနေ၍ မသက်မသာ ညည်းတွားလိုက်မိ၏။
【 ကျွတ်… ဘယ်အချိန်မှာ ဘယ်လိုလူပဲဖြစ်ဖြစ် အလုပ်ဆင်းချိန်ရောက်ရင်တော့ အကုန်လုံး ပျော်ကြတာပဲ! 】
Chapter 2 ended