နန်းတော်စာမေးပွဲတွင် ပထမရပြီးနောက် အရာရှိများအားလုံး ငါ့အတွေးတွေကို ကြားနေရပြီ:
Chapter 3
လူကုန်ကူးသူတစ်ဦးအား ဖမ်းမိခြင်း
====
လီကျန်းတာ့သည် အိမ်ပြန်ရောက်သည်နှင့် နန်းတွင်းဝတ်စုံကိုပင် လဲလှယ်ချိန်မရဘဲ သူ၏ ယုံကြည်ရသော အိမ်တော်ထိန်းကျန်းအား လူအနည်းငယ်ခေါ်ကာ ဂိုဒေါင်ထဲ၌ သူနှင့်အတူ စောင့်နေရန် အမိန့်ပေးလိုက်၏။
အိမ်တော်ထိန်းကျန်းသည် နားမလည်သော်လည်း အစေခံတစ်ဦးအနေဖြင့်၊ အထူးသဖြင့် သခင်ဖြစ်သူ၏ ယုံကြည်ရသူ တစ်ဦးအနေဖြင့် သခင်လုပ်ချင်သည့်အရာကို သူက လိုက်လုပ်ပေးရမည်သာ ဖြစ်ပေသည်။
မကြာမီတွင် ဂိုဒေါင်တံခါး ဖွင့်လိုက်သော အသံထွက်ပေါ်လာပြီး လီကျန်းတာ့က လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်၏။
တံခါးပွင့်သွားချိန်တွင် စွန်းမင်ဟောက်က အစိမ်းပုပ်ရောင် ပိုးသားဝတ်ရုံအား ဝတ်ဆင်ထားပြီး လက်ထဲတွင် သစ်သားယပ်တောင်ကို ကိုင်ဆောင်ကာ ခါးတွင် ကျောက်စိမ်းဆွဲကြိုးကို ချိတ်ဆွဲထားသည်ကို တွေ့လိုက်ရသည်။
သူက လက်ထဲရှိ ယပ်တောင်ဖြင့် လက်ဖဝါးကို ပုတ်လိုက်ပြီး အနောက်ရှိလူများအား အမိန့်ပေးလိုက်၏။
” မြန်မြန် ပစ္စည်းတွေ နေရာချထားပြီးရင် နောက်ပေါက်ကနေ ထွက်သွားကြ… ဘယ်သူမှ မသိစေနဲ့…”
စွန်းမင်ဟောက်မှာ ထိုသို့ အမိန့်ပေးပြီးနောက် အပြင်သို့ ထွက်သွားလေသည်။ ထို့နောက် အညိုရောင် အင်္ကျီလက်တိုများ ဝတ်ဆင်ထားသော လူတစ်စုက သေတ္တာအချို့ကို သယ်ဆောင်ကာ ဝင်လာကြ၏။ ၎င်းတို့က သေတ္တာများကို ချထားလိုက်သည်နှင့် တစ်ပြိုင်နက် လူအများ၏ ဖမ်းဆီးခြင်းကို ခံလိုက်ရပြီး ပါးစပ်များကိုလည်း ပိတ်ဆို့ခံလိုက်ရသည်။
လီကျန်းတာ့က အိမ်တော်ထိန်းကျန်းအား ခေါ်ကာ ဂိုဒေါင်ထဲမှ ထွက်လာချိန်တွင် အပြင်ဘက်၌ စောင့်နေသော လူယုတ်မာ စွန်းမင်ဟောက်ကို မြင်လိုက်ရ၏။ လီကျန်းတာ့က စကားတစ်ခွန်းမျှ ဆိုစရာမလိုဘဲ အိမ်တော်ထိန်းကျန်းက တိုက်ရိုက် သွားရောက်ကာ စွန်းမင်ဟောက်အား ဖမ်းချုပ်လိုက်ပေသည်။
စွန်းမင်ဟောက်မှာ သူ မည်သို့မည်ပုံ ဖမ်းဆီးခံလိုက်ရကြောင်းကို နားမလည်နိုင်ဖြစ်နေစဉ် ဂိုဒေါင်ဘက်မှ ထွက်လာသော လီကျန်းတာ့ကို မြင်လိုက်ရသဖြင့် မျက်လုံးများ ပြူးကျယ်သွားခဲ့သည်။ ယခု လက်ရှိအခြေအနေနှင့် ဆက်စပ်တွေးတောကြည့်လိုက်ချိန်တွင် သူ၏ အကြံအစည်များ ပေါက်ကြားသွားပြီဖြစ်ကြောင်း နားလည်သွားခဲ့၏။
သို့သော် သူက လက်တွေ့မဆန်သော မျှော်လင့်ချက်လေးတစ်ခု ထားရှိကာ အရှက်ပြေ ပြုံးလိုက်သည်။
” ယောက္ခမကြီး… ဒါ ဘာလုပ်တာလဲဗျ… ဘာလို့ အိမ်တော်ထိန်းကျန်းကို ကျွန်တော့်ကို ဖမ်းခိုင်းထားတာလဲ… ကျွန်တော် တစ်ခုခု အမှားလုပ်မိလို့လား…”
လီကျန်းတာ့မှာ သူနှင့် စကားအပိုများ မပြောလိုတော့ချေ။ သူ လုပ်ခဲ့သည့် ကိစ္စများကို သိရှိပြီးနောက် သူနှင့် စကားတစ်ခွန်းပိုပြောရမည်ကိုပင် ရွံရှာနေမိ၏။
ထို့ကြောင့် အိမ်တော်ထိန်းအား လူနှင့်တကွ သေတ္တာကြီးများကိုပါ စံအိမ်အပြင်သို့ သယ်ဆောင်သွားစေပြီး တရားလွှတ်တော်ချုပ်သို့ ပို့ဆောင်စေလိုက်သည်။ ဤမြင်ကွင်းကို ပွဲကြည့်ရန် လာရောက်ကြသော အမတ်များက အတိအကျ မြင်တွေ့သွားကြ၏။ ထိုသစ်သားသေတ္တာကြီးများကို ကြည့်လိုက်ရုံဖြင့် ၎င်းမှာ လျိုဖန်က လီကျန်းတာ့အား အပြစ်ပုံချရန် စီစဉ်ထားသော သက်သေခံပစ္စည်းများ ဖြစ်ကြောင်း ခြေဖျားနှင့် တွေးကြည့်လျှင်ပင် သိနိုင်ပေသည်။
အမတ်များမှာ ထိုသစ်သားသေတ္တာများနှင့် ဖမ်းဆီးခံထားရသော စွန်းမင်ဟောက်အား ကြည့်ပြီး စိတ်ထဲတွင် အတွေးတစ်မျိုးတည်း ပေါ်လာကြ၏။ ၎င်းမှာ ရှန်းရှစ်ရွှီသည် အလွန်ကြောက်မက်ဖွယ်ကောင်းပြီး လုံးဝ ရန်မစသင့်သော သူတစ်ဦး ဖြစ်သည်ဟူသည့် အတွေးပင် ဖြစ်သည်။
အသီးသီး အိမ်ပြန်ရောက်ချိန်တွင် မိသားစုဝင်များအား ဤကိစ္စကို ပြောပြကြပြီး ရှန်းရှစ်ရွှီကို ပြဿနာမရှာရန် သေချာမှာကြားလိုက်ကြသည်။ ဤသို့ဖြင့် ရှန်းရှစ်ရွှီကိုယ်တိုင်ပင် မသိလိုက်ရဘဲ သူ၏နာမည်မှာ မြို့တော်တစ်ခုလုံးရှိ မှူးမတ်အသိုင်းအဝိုင်းများကြားတွင် ရေပန်းစားသွားခဲ့လေသည်။
ထိုအချိန်တွင် ရှန်းရှစ်ရွှီမှာမူ မြင်းကြီးတစ်ကောင်ကို စီးနင်းကာ ပန်းယန်နှင့် ထန်ဟွာတို့၏ ခြံရံမှုဖြင့် လမ်းမပေါ်တွင် လှည့်လည်နေခဲ့၏။
ယနေ့ ကျွမ်းယွမ်၏ လှည့်လည်ပွဲဖြစ်သောကြောင့် ချန်အန်းလမ်းမကြီး၏ တစ်ဖက်တစ်ချက်စီရှိ ဆိုင်များတွင် လူများ ပြည့်နှက်နေခဲ့သည်။ နေရာမရသူများမှာ လမ်းဘေးတွင် ရပ်ကာ ကျွမ်းယွမ်၏ ခံ့ညားမှုက မည်မျှရှိကြောင်း လည်တဆန့်ဆန့်ဖြင့် ကြည့်နေကြသည်။
လမ်းနှစ်ဖက်စလုံးမှ လူများက “စာပေနတ်မင်း လူ့ပြည်ဆင်းလာတာပဲ” ၊ “ဖန်အန်းထက်တောင် ချောသေးတယ်” ၊ “ပါရမီရှင်လေး” ဟု အော်ဟစ်နေကြသည်ကို ရှန်းရှစ်ရွှီ ကြားလိုက်ရသဖြင့် ကျောက်စိမ်းကဲ့သို့ ဖြူဖွေးနေသော မျက်နှာလေးမှာ ရုတ်တရက် နီမြန်းသွားပြီး သေးငယ်လှပသော နားရွက်လေးများမှာလည်း သွေးစို့မတတ် နီရဲလာခဲ့သည်။
သူက ဘေးရှိ ယန်မင်ရွှမ်းနှင့် ယန်ဟွိုင်မင်တို့ကို ကြည့်လိုက်ရာ ထိုလူနှစ်ဦးမှာ လုံးဝ တည်ငြိမ်နေကြပြီး ရှက်ရွံ့စရာကောင်းသော ထိုအော်ဟစ်သံများကို မကြားရသည့်အလား ဘေးဘက်ရှိ ပြည်သူများကိုပင် လက်ပြနှုတ်ဆက်နေကြ၏။
ထို့ကြောင့် ရှန်းရှစ်ရွှီမှာ သူကိုယ်တိုင်ပင် အရာရာကို ပုံကြီးချဲ့နေမိသလားဟု သံသယဝင်သွားမိသည်။ သူသည် စိတ်ကို တည်ငြိမ်အောင်ထားကာ ဘေးဘက်ရှိ ပြည်သူများအား လက်ပြနှုတ်ဆက်ရန် ပြင်လိုက်ချိန်တွင် ခေါင်းမြီးခြုံထားပြီး ပန်းပွင့်အဆင် အင်္ကျီဝတ်ဆင်ထားသော အဒေါ်ကြီးတစ်ဦးက အိပ်ပျော်နေသော ကလေးငယ်တစ်ဦးကို ပွေ့ချီကာ လူအုပ်ကြီးထဲမှ အပြင်သို့ ကြောက်လန့်တကြား တိုးထွက်နေသည်ကို မျက်စိရှင်စွာဖြင့် မြင်တွေ့လိုက်ရသည်။
ကြည့်ရသည်မှာ အဘွားဖြစ်သူက မြေးလေးကိုခေါ်ကာ ပွဲလာကြည့်ရင်း ကလေးအိပ်ပျော်သွားသဖြင့် အိမ်ပြန်ရန် အလောတကြီးဖြစ်နေကာ လူအုပ်ကြီး၏ အော်ဟစ်သံများကြောင့် ကလေးလန့်နိုးသွားမည်ကို စိုးရိမ်နေသည့်ပုံ ပေါက်နေ၏။
သို့သော် ရှန်းရှစ်ရွှီက ကြည့်လေ ကြည့်လေ တစ်ခုခု ထူးဆန်းနေသည်ဟု ခံစားရလေဖြစ်သဖြင့် ဆက်တိုက် စိုက်ကြည့်နေမိရာ အမှန်တကယ်ပင် မှားယွင်းနေသည့် အချက်ကို တွေ့ရှိသွားခဲ့သည်။ ဤအဒေါ်ကြီး၏ ခန္ဓာကိုယ်မှာ အမှန်တကယ်ပင် တောင့်တင်းလွန်းနေပေသည်။
အဒေါ်ကြီးတစ်ဦးနှင့် မတူဘဲ ဦးလေးကြီးတစ်ဦးက အဒေါ်ကြီးအဖြစ် ဟန်ဆောင်ထားသည်နှင့် ပိုတူနေပေသည်။
ဤနေရာသို့ တွေးမိသွားချိန်တွင် ရှန်းရှစ်ရွှီ၏ ခေါင်းထဲ၌ ရှေးခေတ်မှသည် ယခုခေတ်အထိ၊ အနာဂတ်တွင်ပင် မပျောက်ကွယ်သွားနိုင်သော အသက်မွေးဝမ်းကျောင်း လုပ်ငန်းတစ်ခုကို သတိရသွားသည်။ ၎င်းမှာ လူကုန်ကူးသူပင် ဖြစ်၏။
ရှန်းရှစ်ရွှီက သူကိုယ်တိုင် အလွန်အကျွံ တွေးတောနေမိခြင်းများလားဟု စဉ်းစားမိသော်လည်း ဤမျှ အရေးကြီးသော ကိစ္စမျိုးကို မှားယွင်းသွားမည်ဆိုလျှင်ပင် အလွယ်တကူ လွှတ်ပေးလိုက်၍ မရချေ။
ကလေးငယ်တစ်ဦးသည် မည်သည့်အချိန်တွင်မဆို မိသားစုတစ်စု၏ အရေးအကြီးဆုံးသော လူတစ်ဦးဖြစ်ပြီး ၎င်းအား ဆုံးရှုံးသွားပါက မိသားစုတစ်ခုလုံး ပြိုကွဲသွားရမည် ဖြစ်သည်။
ထို့ကြောင့် ရှန်းရှစ်ရွှီက သူ မသင်္ကာဖြစ်နေသော အဒေါ်ကြီးရှိရာဘက်သို့ တိုက်ရိုက်ပင် အော်ဟစ်လိုက်၏။
” လူကုန်ကူးတဲ့သူကို ဖမ်းကြပါ!… အဲ့ဒီ ပန်းပွင့်အဆင် အင်္ကျီဝတ်ထားပြီး ခေါင်းမြီးခြုံထားတဲ့ အဒေါ်ကြီးက ကလေးသူခိုးပဲ!… မြန်မြန် ဖမ်းထားကြ!… ပေးမပြေးနဲ့!…”
ရှန်းရှစ်ရွှီမှာ မူလကတည်းက လူအုပ်ကြီး၏ အာရုံစိုက်ရာ ဗဟိုချက်ဖြစ်နေပြီး သူ့စကားကို ကြားလိုက်ရချိန်တွင် လူအများမှာ ရုတ်ရုတ်သဲသဲ ဖြစ်သွားကြသည်။
သူ့စကားများကို မည်သူကမျှ သံသယမဝင်ကြဘဲ သူညွှန်ပြရာ ပန်းပွင့်အဆင် အင်္ကျီနှင့် ခေါင်းမြီးခြုံထားသော ထိုအဒေါ်ကြီးကို ချက်ချင်းပင် လိုက်ကြည့်လိုက်ကြ၏။
သူခိုးလူလန့် ဖြစ်သွားသည်လား မသိရသော်လည်း ရှန်းရှစ်ရွှီ စကားပြောပြီးသည်နှင့်တစ်ပြိုင်နက် ထိုအဒေါ်ကြီးက ကလေးကို ပွေ့ချီကာ ထွက်ပြေးလေသည်။
လူအများက သူမ ပြေးမည်ကို မြင်သည်နှင့် ချက်ချင်း သွားရောက်တားဆီးကြသည်။ ၎င်းတို့ထဲမှ အရည်အချင်းရှိသူ တစ်ဦးက အရှိန်ယူ ပြေးလာပြီးနောက် လေပေါ်သို့ ခုန်တက်ကာ အားကုန် လှမ်းကန်ချလိုက်ပေသည်။
ကန်ချက်မှာ အဒေါ်ကြီး၏ ကျောလယ်တည့်တည့်သို့ အတိအကျ ထိမှန်သွားခဲ့၏။ ပေါင်တစ်ရာကျော် အလေးချိန်ရှိသော အရာတစ်ခုနှင့် ဝင်တိုက်မိသကဲ့သို့ ဖြစ်သွားသဖြင့် ၎င်းဒဏ်ကို ကိုယ်ခံပညာရှင်များပင်လျှင် ခံနိုင်ရည်ရှိမည် မဟုတ်ပေ။ အဒေါ်ကြီးဆိုလျှင် ဆိုဖွယ်ရာပင် မရှိပေ။ ထို့နောက် စူးရှသော အော်ဟစ်သံကြီးတစ်ခု ထွက်ပေါ်လာခဲ့သည်။
ထိုအော်ဟစ်သံမှာ မိန်းမတစ်ဦး၏ စူးရှသောအသံ မဟုတ်ဘဲ အလွန် ကြမ်းတမ်းနေပြီး ယောက်ျားတစ်ဦး၏ အသံဖြစ်ကြောင်း သိသာထင်ရှားနေ၏။
သူ၏ ဝတ်စားဆင်ယင်မှုကို ပြန်ကြည့်လိုက်ရာ မိန်းမတစ်ဦးကဲ့သို့ ဝတ်ဆင်ထားကြောင်း ရှင်းလင်းစွာ မြင်တွေ့လိုက်ရသည်။ ဤအခါမှသာ ဘေးဘက်ရှိ ပြည်သူများက ဤလူသည် ကျွမ်းယွမ်သခင်လေး ပြောခဲ့သော လူကုန်ကူးသူ အစစ်အမှန်ဖြစ်ကြောင်း နားလည်သွားကြသည်။
ကျွမ်းယွမ်အဖြစ် အောင်မြင်ခဲ့သူပီပီ ကျွမ်းယွမ်သခင်လေး၏ အမြင်အာရုံမှာ သာမန်လူများထက် သာလွန်နေပြီး ဤမျှ ဝေးကွာသော နေရာမှပင် လူကုန်ကူးသူကို မြင်တွေ့နိုင်ခဲ့ခြင်း ဖြစ်၏။
ရှန်းရှစ်ရွှီသည်လည်း ထိုအော်ဟစ်သံကို ကြားလိုက်ရသဖြင့် မြင်းပေါ်မှ ဆင်းလာခဲ့သည်။ ယန်မင်ရွှမ်းနှင့် ယန်ဟွိုင်မင်တို့သည်လည်း တကယ်ကြီး လူကုန်ကူးသူကို ဖမ်းမိသွားလိမ့်မည်ဟု ထင်မှတ်မထားခဲ့သဖြင့် အတူတကွ မြင်းပေါ်မှ ဆင်းလာကြသည်။
လူသုံးဦးမှာ ပြည်သူများက ၎င်းတို့အတွက် အထူး ဖယ်ရှားပေးထားသော လမ်းကြောင်းအတိုင်း လျှောက်လာခဲ့ကြ၏။ ရှန်းရှစ်ရွှီ ရောက်သွားသည်နှင့်တစ်ပြိုင်နက် ဘေးရှိ အဒေါ်ကြီးတစ်ဦး ပွေ့ချီထားသော ကလေးငယ်ကို ချက်ချင်း သွားရောက် စစ်ဆေးလိုက်ရာ ထိုကလေးငယ်မှာ အလွန် ချစ်စရာကောင်းကြောင်း တွေ့လိုက်ရသည်။
ကလေးတွင် ဖြူဖွေးကာ ပန်းသွေးရောင် သန်းနေသော မျက်နှာလေးနှင့် ယပ်တောင်လေးတစ်ခုကဲ့သို့ ထူထဲ ရှည်လျားသော မျက်တောင်လေးများ ရှိကာ နှုတ်ခမ်းလေးမှာလည်း အနည်းငယ် စူနေ၏။ လက်သီးဆုပ်လေးများ ဆုပ်ထားသော လက်ကောက်ဝတ်ပေါ်တွင် ရွှေလက်ကောက်တစ်ရံကို ဝတ်ဆင်ထားပြီး ခန္ဓာကိုယ်တွင်မူ ဖာထေးထားသော အင်္ကျီစုတ်များကို ပတ်ထားလေသည်။
ထိုရွှေလက်ကောက်များကို ကြည့်ပြီးနောက် ဤပြန်ပေးဆွဲခံရသော ကလေးငယ်မှာ ချမ်းသာသော မိသားစုမှ ဖြစ်ကြောင်း ရှန်းရှစ်ရွှီ နားလည်လိုက်သည်။ အပြင်မှ ပတ်ထားသော အင်္ကျီစုတ်များကို ဖယ်ရှားကြည့်လိုက်ရာ ကလေးငယ် ဝတ်ဆင်ထားသော အရည်အသွေးမြင့် ပိုးထည်အင်္ကျီကို မြင်တွေ့လိုက်ရ၏။
” ဒီကလေးက သာမန်မိသားစုက မဟုတ်ဘူး… ကလေး ပြန်ပေးဆွဲခံရလို့ မိသားစုဝင်တွေတော့ ရူးမတတ် စိတ်ပူနေကြတော့မှာပဲ… လူကုန်ကူးတဲ့သူနဲ့ ကလေးကို မြို့တော်ဝန်ရုံးဆီ အမြန်ဆုံး သွားပို့ပေးလိုက်တာ အကောင်းဆုံးပဲ… သူ့မိသားစုဝင်တွေ အဲ့ဒီမှာ စောင့်နေလောက်တယ်…”
ကလေးကို ကြည့်ရှုပြီးနောက် ရှန်းရှစ်ရွှီက လူကုန်ကူးသူကို ဖမ်းဆီးပေးခဲ့သော လူငယ်လေးဘက်သို့ လှည့်ကာ ပြောလိုက်သည်။
” အစ်ကိုလေးရဲ့ လှုပ်ရှားမှုတွေက တော်တော်လေး လျင်မြန်တာပဲ… ဒီလူကုန်ကူးတဲ့သူနဲ့ ကလေးကို မြို့တော်ဝန်ရုံးဆီ သွားပို့ပေးဖို့ အကူအညီ တောင်းလို့ရမလား…”
လီတာ့နျိုမှာ ကောင်းကင်ထက်မှ လမင်းကြီးကဲ့သို့ လင်းလက်နေသော ကျွမ်းယွမ်သခင်လေးက သူနှင့် စကားလာပြောသဖြင့် ရုတ်တရက် မျက်နှာတစ်ခုလုံး နီရဲသွားကာ စကားများ ထစ်အသွားခဲ့၏။
” ကျေး… ကျေးဇူးတင်ပါတယ် ကျွမ်းယွမ်သခင်လေး… ကျွန်တော် အခုပဲ မြို့တော်ဝန်ရုံးဆီ သွားပို့ပေးလိုက်ပါ့မယ်…”
ရှန်းရှစ်ရွှီက ပြုံးလိုက်ပြီး သူ၏ခန္ဓာကိုယ်ကို ကိုင်းညွတ်ကာ အရိုအသေပေးလိုက်သည်။
” ဒါဆိုရင် အစ်ကိုလေးကို ကျေးဇူးတင်ပါတယ်ဗျာ…”
Chapter 3 ended