Chapter 6
ပျောက်ဆုံးနေသော မိန်းကလေး အမှု
====
ရှန်းရှစ်ရွှီမှာ ခဏမျှ ထပ်ထိုင်နေပြီးနောက် မူးယစ်နေသည်ဟု အကြောင်းပြကာ ထွက်လာခဲ့သည်။ သူ ငှားရမ်းထားသော ခြံဝင်းငယ်လေးသို့ ပြန်ရောက်ပြီးနောက် အတူလိုက်ပါလာသော ရှောင်ရှစ်ထိုအား စာရေးကိရိယာများ ပြင်ဆင်ခိုင်းပြီး မိသားစုထံသို့ စာရှည်ကြီးတစ်စောင် ရေးသားလိုက်၏။
မအိပ်မီတွင် ရှောင်ရှစ်ထိုအား မနက်ဖြန် မနက်စောစောနှိုးရန်နှင့် စာကို သွားပို့ရန် မှာကြားလိုက်သည်။
သူက အေးအေးချမ်းချမ်း အိပ်ပျော်သွားသော်လည်း နန်းတော်ရှိ အိမ်ရှေ့စံ၏ အိပ်ဆောင်တွင်မူ မနက်လင်းသည်အထိ ဖယောင်းတိုင်များ ထွန်းညှိထားရ၏။ ရှောင်ကျင့်ယိမှာ ရှောင်ယွမ်ချီကို အဖော်ပြုပေးနေခဲ့ပြီး ဧကရာဇ်ဝူအန်းနှင့် မိဖုရားခေါင်ကြီးလင်တို့သည်လည်း အိမ်ရှေ့စံ ခေါင်းပုံဖြတ်ခံလိုက်ရသည့် ကိစ္စကို သိရှိသွားကြသည်။
ယုံနင်းမြို့စားစံအိမ်၏ လှည့်စားခြင်းကို ခံလိုက်ရသည့်အပေါ် ဧကရာဇ်ဝူအန်းမှာ အလွန် ဒေါသထွက်နေပြီး မိဖုရားခေါင်ကြီးလင်မှာလည်း အနည်းငယ်မျှ ဒေါသမပြေနိုင်ဖြစ်နေ၏။ ယန်ဝမ်ဟွေ့မှာ သူမကိုယ်တိုင် ရွေးချယ်ထားသော ချွေးမလောင်းဖြစ်ပြီး ဤမျှလောက် အပြင်ပန်းနှင့် အတွင်းစိတ် မတူညီဘဲ ဖောက်ပြန်ကာ အရှက်မရှိသော မိန်းမတစ်ဦး ဖြစ်နေမည်ဟု လုံးဝ ထင်မှတ်မထားခဲ့ချေ။
ဤမိန်းမက သူမ၏ သားတော်နှင့် လက်ထပ်ကာ ချွေးမဖြစ်လာလုနီးပါး ဖြစ်ခဲ့သည်ကို တွေးမိချိန်တွင် မိဖုရားခေါင်ကြီးလင်မှာ ရွံရှာလွန်းသဖြင့် ကျောချမ်းသွားမိသည်။
ဧကရာဇ်ဝူအန်းက မိဖုရားခေါင်ကြီးလင်၏ လက်ကို ပုတ်ကာ နှစ်သိမ့်ပေးလိုက်၏။
” ဒီတစ်ခေါက်တော့ ရှန်းရှစ်ရွှီကို သေချာ ကျေးဇူးတင်ရမယ်… သူသာ အဲ့ဒီလို စနစ်မျိုးနဲ့ ချိတ်ဆက်မထားဘူးဆိုရင် ယွမ်ချီအတွက် ဒီလို အောက်တန်းကျတဲ့ မိန်းမကို တကယ်ကြီး ရယူပေးမိတော့မှာပဲ…”
မိဖုရားခေါင်ကြီးလင်ကလည်း ရှန်းရှစ်ရွှီအပေါ် ကျေးဇူးတင်စိတ်များ ပြည့်နှက်နေသည်။
” အရှင်မင်းကြီး ပြောတာ မှန်ပါတယ်… ဒီကျွမ်းယွမ်ရှန်းကို သေချာ ကျေးဇူးဆပ်ရမယ်… ကျင့်ယိက သူ့ကို တရားလွှတ်တော်ချုပ်ရဲ့ လက်ထောက်အမတ် နေရာပေးလိုက်တယ်လို့ ကြားတယ်… သူ ကျင့်ယိနဲ့အတူ အမှုလိုက်စစ်ရာကနေ ဘာတွေပဲ ဖော်ထုတ်နိုင်နိုင်၊ မဖော်ထုတ်နိုင်နိုင် ဒီရာထူးကို သူ့အတွက် သေချာပေါက် ပေးသင့်တယ်လို့ ကိုယ်လုပ်တော် ထင်ပါတယ်…”
ဤစကားကို မိဖုရားခေါင်ကြီးလင်သာ ပြောရဲမည်ဖြစ်ပြီး အနောက်ဆောင်ရှိ အခြားသူများသာ ပြောခဲ့မည်ဆိုလျှင် ဧကရာဇ်ဝူအန်းမှာ ဒေါသထွက်နေလောက်ပြီ ဖြစ်၏။
” ဝေအာ ပြောတာ မှန်တယ်… ပြီးတော့ ရှန်းရှစ်ရွှီက ကိုယ်တော်ရဲ့ အကူအညီတောင် မလိုဘဲ တရားလွှတ်တော်ချုပ်ရဲ့ လက်ထောက်အမတ်နေရာမှာ သူ့ဘာသာ သူ သေချာ ရပ်တည်နိုင်မယ်လို့ ကိုယ်တော် ထင်တယ်…”
အိပ်မက်လှလှလေးများ မက်နေသော ရှန်းရှစ်ရွှီမှာမူ ဧကရာဇ်ဝူအန်းက သူ့အပေါ် ဤမျှ မျှော်လင့်ထားကြောင်းကို လုံးဝ မသိရှိခဲ့ချေ။ သူသည် ရာထူးများ ဆက်တိုက်တက်ကာ အလွန်လှပသော အမျိုးသမီးတစ်ဦးနှင့် လက်ထပ်လိုက်ရသည်ဟု အိပ်မက်မက်နေခဲ့၏။ သို့သော် ထိုအမျိုးသမီးက သူ့ထက် အရပ်ပိုရှည်နေသည်ဟု ခံစားနေရသည်။
နောက်တစ်နေ့တွင် ရှောင်ရှစ်ထိုက ရှန်းရှစ်ရွှီအား လာနှိုးသဖြင့် မျက်နှာသစ်ပြီးနောက် အပြာဖျော့ရောင် ဝတ်ရုံရှည်ကို လဲလှယ်ဝတ်ဆင်လိုက်သည်။ လက်ထဲတွင် ဆောင်းဝါးယပ်တောင်ကို ကိုင်ဆောင်ကာ အသားမုန့် နှစ်လုံးစားပြီး အချိုရည် တစ်ပန်းကန်သောက်ပြီးနောက် ကျင်းဝမ်စံအိမ်သို့ အမြန်သွားခဲ့၏။
ရှန်းရှစ်ရွှီက ကျင်းဝမ်စံအိမ်၏ တံခါးဝသို့ ရောက်ရှိလာပြီး တံခါးခေါက်ရန် ပြင်လိုက်ချိန်တွင် သူ၏ အနောက်၌ ရထားလုံးတစ်စီး ရပ်တန့်သွားသည်။ သူ လှည့်ကြည့်လိုက်ရာ မျက်လုံးအောက်တွင် ညိုမည်းနေသော ရှောင်ကျင့်ယိက ရထားလုံးထဲမှ ထွက်လာသည်ကို တွေ့လိုက်ရ၏။
ရှန်းရှစ်ရွှီ ရောက်နေပြီဖြစ်ကြောင်း မြင်လိုက်ရသဖြင့် ရှောင်ကျင့်ယိမှာ အိမ်ပြန်ကာ နံနက်စာစားရန်ပင် အချိန်မရတော့ဘဲ ရှန်းရှစ်ရွှီအား ခေါ်ကာ တရားလွှတ်တော်ချုပ်သို့ တိုက်ရိုက် သွားရောက်ခဲ့ပြီး လမ်းတွင် ကင်ထားသော မုန့်နှစ်ခုကိုသာ ဝယ်ကာ စားလာခဲ့သည်။
တရားလွှတ်တော်ချုပ်သို့ ရောက်ရှိသွားချိန်တွင် အစိမ်းရောင် ဝတ်ရုံဝတ်ဆင်ထားသော အမှုထမ်းတစ်ဦး ရောက်လာပြီးနောက် သူ့ကို ရှောင်ကျင့်ယိက အေးစက်စွာ အမိန့်ပေးလိုက်၏။
” ပျောက်ဆုံးနေတဲ့ မိန်းကလေး အမှုအကြောင်းကို လက်ထောက်အမတ်ရှန်းကို ရှင်းပြပေးလိုက်…”
ထိုအမှုထမ်းမှာ အနည်းငယ် ကြောင်အသွားပြီး ရှောင်ကျင့်ယိ၏ အနောက်ရှိ ရှန်းရှစ်ရွှီအား ကြည့်လိုက်သည်။ သူက တရားလွှတ်တော်ချုပ်တွင် နှစ်ပေါင်းများစွာ ကျင်လည်ခဲ့ပြီး အမှုစစ်ဆေးရာတွင် ကျွမ်းကျင်သူ မဟုတ်သော်လည်း လူကဲခတ်ရာတွင်မူ ဒုတိယဟု ဆိုလျှင် မည်သူမျှ ပထမဟု မဆိုရဲချေ။
တစ်ချက်ကြည့်လိုက်ရုံဖြင့် ရှန်းရှစ်ရွှီမှာ သာမန်လူမဟုတ်ကြောင်း သိလိုက်သဖြင့် သူသည် ငယ်ရွယ်နေခြင်းကြောင့် လုံးဝ အထင်မသေးရဲပေ။
သူက ရှန်းရှစ်ရွှီအား အမှုအကြောင်းကို တိုးတိုးလေး ရှင်းပြလိုက်သည်။
” အမတ်မင်းရှန်း… ဒီပျောက်ဆုံးနေတဲ့ မိန်းကလေး အမှုက လွန်ခဲ့တဲ့ သုံးရက်က ဖြစ်ခဲ့တာပါ… ဆန်ဆိုင်ပိုင်ရှင်တစ်ယောက်က စတွေ့ခဲ့တာ… သူက သူကိုယ်ပိုင် ဂိုဒေါင်ထဲ ဆန်သွားယူချိန် အဝတ်အစားတွေ စုတ်ပြတ်နေတဲ့ မိန်းကလေးတစ်ယောက်ကို တွေ့ခဲ့တာပါ… အဲ့ဒီအချိန်မှာ မိန်းကလေးက အသက်ရှူနေသေးပြီး သူ့ကိုမြင်တော့ အကူအညီတောင် တောင်းခဲ့သေးတယ်…”
” ဆန်ဆိုင်ပိုင်ရှင်က လူခေါ်ဖို့တောင် အချိန်မရလိုက်ဘူး… အဲ့ဒီမိန်းကလေးက အသက်ထွက်သွားတာပဲ…”
” ဆန်ဆိုင်ပိုင်ရှင် သူဌေးချီက မိန်းကလေးရဲ့ ခန္ဓာကိုယ်မှာ အမာရွတ်တွေ၊ ကြာပွတ်ရာတွေ၊ ဓားဒဏ်ရာတွေနဲ့ အပူလောင်ထားတဲ့ ဒဏ်ရာတွေ အများကြီး ရှိနေတာကို တွေ့တော့ ချက်ချင်း အမှုဖွင့်လိုက်တာပါ…”
” အရင်ဆုံး မြို့တော်ဝန်ရုံးက လာစစ်ဆေးပေမဲ့ သဲလွန်စ ဘာမှ မရခဲ့ဘူး… ပြီးတော့ တရားရေးဝန်ကြီးဌာနကို လွှဲပေးလိုက်တယ်… သူတို့လည်း ဘာမှ မတွေ့လို့ ကျွန်တော်တို့ တရားလွှတ်တော်ချုပ်ဆီ ထပ်ရောက်လာတာပါ…”
” နောက်တော့ ကျင်းဝမ်မင်းသားက ကြားပြီး ဒီအမှုကို လွှဲယူလိုက်တာ… ကျင်းဝမ်မင်းသားကြောင့်သာ မဟုတ်ရင် ကျွန်တော်တို့က သေဆုံးသူရဲ့ အထောက်အထားကိုတောင် သိရမှာ မဟုတ်ဘူး… အရင်က သူ ဘယ်သူမှန်းတောင် မသိခဲ့ဘူး…”
” သူက ကျင်းဝမ်မင်းသားရဲ့ လက်အောက်က တပ်ဦးမှူးတစ်ယောက်ရဲ့ ညီမပါ… ပျောက်သွားတာ နှစ်နှစ်ရှိပြီ… အရင်က မိသားစုတွေ လိုက်ရှာခဲ့ပေမဲ့ သတင်းအစအနတောင် မရခဲ့ဘူး… အခု ရုတ်တရက်ကြီး ဒီမှာ ပေါ်လာတာဆိုတော့ နောက်ကွယ်က အကြောင်းရင်းကို ပြောစရာတောင် မလိုတော့ဘူး…”
” ပြီးတော့ မှုခင်းသမားတော်ရဲ့ စစ်ဆေးချက်အရ အဲ့ဒီမိန်းကလေးက အပျိုရည် ပျက်နေပြီ… ပြီးတော့ ခန္ဓာကိုယ်ပေါ်က ဒဏ်ရာတွေက အများကြီး ရှိပေမဲ့ သေစေနိုင်လောက်တဲ့ ဒဏ်ရာတွေတော့ မဟုတ်ဘူး… အိပ်ခန်းထဲက ကိစ္စတွေနဲ့ ပိုတူတယ်…”
ထိုအမှုထမ်းမှာ ဤစကားကို ပြောချိန်တွင် ရှန်းရှစ်ရွှီအား မကြည့်ရဲချေ။ ဤအမတ်မင်းရှန်းမှာ မည်သည့်အတွေ့အကြုံမျှ မရှိသေးသည့် ပုံပေါက်နေပြီး ဤကဲ့သို့ ရှက်ဖွယ်ကောင်းသော ကိစ္စများကို ပြောပြရသည်မှာ သူ၏ နားကို ညစ်ညမ်းစေမည်ကို စိုးရိမ်မိ၏။
စကားပြောနေရင်း သူတို့သည် ရင်ခွဲရုံသို့ ရောက်ရှိလာကြသည်။ ရှောင်ကျင့်ယိမှာ ရှန်းရှစ်ရွှီ ကြောက်လန့်နေမည်ကို စိုးရိမ်နေသော်လည်း ရှန်းရှစ်ရွှီက အလောင်းကို ဖုံးအုပ်ထားသော အဝတ်ဖြူကို တိုက်ရိုက် လှန်လိုက်ပြီး အသေးစိတ် စစ်ဆေးနေသည်ကို မြင်လိုက်ရ၏။
ရှန်းရှစ်ရွှီက မိန်းကလေး၏ ခန္ဓာကိုယ်ပေါ်ရှိ အဝတ်အစားကို အရင် စစ်ဆေးလိုက်သည်။ ၎င်းမှာ သွေးများဖြင့် စွန်းထင်းကာ မည်းနက်နေသော်လည်း ထျန်းရှန်းပိုးထည် ဖြစ်ကြောင်းကိုမူ သိနိုင်ပေသည်။
ထျန်းရှန်းပိုးထည်၏ ပန်းပွင့်ဒီဇိုင်းမှာ အမွေးထလွယ်သဖြင့် မကြာခဏ လျှော်ဖွပ်ရန် မသင့်တော်သောကြောင့် ဆင်းရဲသော မိသားစုများက ဤပိုးထည်မျိုးဖြင့် အဝတ်အစား ချုပ်ဝတ်လေ့ မရှိကြချေ။
ဤအဝတ်အစားမျိုးကို ဝတ်ဆင်နိုင်သူများမှာ အနည်းငယ် ချမ်းသာသော မိသားစုများမှ ဖြစ်သော်လည်း အလွန်အမင်း ချမ်းသာကြွယ်ဝသူများ မဟုတ်ကြောင်း ရှန်းရှစ်ရွှီ ခန့်မှန်းမိသည်။
အမှုထမ်းက ဤမိန်းကလေးမှာ နှစ်နှစ်ကြာ ပျောက်ဆုံးနေခဲ့ပြီး မိသားစုဝင်များက ရှာဖွေနေခဲ့သော်လည်း မည်သည့် သတင်းမျှ မရခဲ့ကြောင်း ပြောသည်ကို ကြားလိုက်ချိန်တွင် ယခု ရုတ်တရက် ပေါ်လာခြင်းက ဤမိန်းကလေးမှာ အဖမ်းခံရပြီးနောက် တစ်နေရာရာတွင် ပိတ်လှောင်ခံထားရခြင်း ဖြစ်နိုင်ကြောင်း သူ နားလည်လိုက်၏။
ထို့အပြင် အမှုထမ်း ပြောပြခဲ့သော အိပ်ခန်းတွင်း ကိစ္စများကြောင့် ရရှိလာသော ဒဏ်ရာများကို တွေးမိချိန်တွင် ဤမိန်းကလေးမှာ အဖမ်းခံရပြီးနောက် မည်သို့သော အရာများကို ဖြတ်သန်းခဲ့ရကြောင်း သူ အကြမ်းဖျင်း ခန့်မှန်းမိသွားသည်။ ထို့အပြင် ဤကဲ့သို့သော သူများမှာ ဤမိန်းကလေး တစ်ဦးတည်းသာ မဖြစ်နိုင်ဘဲ အခြားသော မိန်းကလေးများစွာလည်း ပိတ်လှောင်ခံထားရနိုင်ပေသည်။
ဤအလောင်းမှာ အလွန် ခက်ခဲစွာဖြင့် ထွက်ပြေးလာနိုင်ပြီးနောက် လိုက်လံဖမ်းဆီးသူများကြောင့် ဒဏ်ရာရရှိခဲ့ခြင်း ဖြစ်ရမည်။ ဆန်ဆိုင်သို့ အခက်အခဲများစွာဖြင့် ရောက်ရှိလာခဲ့သော်လည်း ဒဏ်ရာပြင်းထန်ကာ သွေးထွက်လွန်သဖြင့် သေဆုံးသွားခြင်း ဖြစ်နိုင်သည်။
ဆန်ဆိုင်၏ တည်နေရာကို ကြည့်ခြင်းအားဖြင့် ဤမိန်းကလေး မည်သည့်နေရာမှ ထွက်ပြေးလာကြောင်းကို အကြမ်းဖျင်း ခန့်မှန်းနိုင်သည်။ ယခင်က ဤမိန်းကလေး၏ ခန္ဓာကိုယ်ပေါ်တွင် ဒဏ်ရာများစွာ ရှိနေသဖြင့် အဝေးကြီးသို့ ပြေးနိုင်မည် မဟုတ်သောကြောင့် ဆန်ဆိုင်နှင့် အလွန်နီးကပ်သော နေရာမှ ဖြစ်ရမည်။
ရှောင်ကျင့်ယိက သူ တစ်ခုခု တွေးမိနေကြောင်း မြင်လိုက်သဖြင့် သူ စုံစမ်းထားသမျှကို ပြောပြလိုက်၏။
” ဒီမိန်းကလေးနာမည်က ချောင်ရင်းလို့ ခေါ်တယ်… ငါ့ရဲ့ တပ်ဦးမှူးတစ်ယောက်ရဲ့ ညီမပဲ… လွန်ခဲ့တဲ့ နှစ်နှစ်က သူတို့ရဲ့ ဇာတိရွာမှာ ပျောက်သွားတာ… ပျောက်သွားပြီး ချက်ချင်းပဲ မိဘတွေက အမှုဖွင့်ပြီး သူတို့ကိုယ်တိုင်လည်း လိုက်ရှာခဲ့ပေမဲ့ သတင်းအစအနတောင် မရခဲ့ဘူး… မိုင်ထောင်ချီဝေးတဲ့ မြို့တော်မှာ လာပေါ်လိမ့်မယ်လို့ ဘယ်သူကမှ ထင်မထားခဲ့ဘူး…”
” သူ့ရဲ့ အထောက်အထားကို သိရတာကလည်း တိုက်ဆိုင်သွားလို့ပဲ… အဲ့ဒီတပ်ဦးမှူးက ငါနဲ့အတူ မြို့တော်ကို လိုက်လာပြီး တရားလွှတ်တော်ချုပ်မှာရှိတဲ့ သူငယ်ချင်းတစ်ယောက်ကို လာတွေ့ရင်း သူ့ညီမရဲ့ အလောင်းကို မတော်တဆ တွေ့သွားတာ… အဲ့ဒါကြောင့် သူ့ရဲ့ အထောက်အထားကို သိသွားတာပဲ…”
” သူ့အထောက်အထားကို အတည်ပြုပြီးတဲ့နောက် သူ နောက်ဆုံးပေါ်လာခဲ့တဲ့ ဆန်ဆိုင်ကို သွားစစ်ဆေးခဲ့တယ်… ပြီးတော့ ဘေးပတ်ဝန်းကျင်က လူတွေကိုလည်း ချောင်ရင်းကို မြင်ဖူးလားလို့ လိုက်မေးခိုင်းခဲ့တယ်…”
” ရလာတဲ့ သတင်းတွေအရ ဘယ်သူကမှ ချောင်ရင်းကို အနီးအနားမှာ မတွေ့ခဲ့ဘူးတဲ့… သူက ဆန်ဆိုင်မှာ ရုတ်တရက် ပေါ်လာသလိုပဲ… ငါ ဆန်ဆိုင်ကို အသေးစိတ် စစ်ဆေးကြည့်တော့ ဆန်ဆိုင်ဂိုဒေါင်ရဲ့ ပြတင်းပေါက် ဖွင့်ထားတာကို တွေ့တယ်… အဲ့ဒီမှာ သွေးကွက်တွေနဲ့ အဝတ်စတစ်စ တွေ့တယ်… ပြတင်းပေါက် အပြင်ဘက်မှာလည်း သေတ္တာအချို့ စီထားပြီး အဲ့ဒီအပေါ်မှာ သွေးကွက်တွေ ရှိတယ်…”
” အဲ့ဒီအဝတ်စက ချောင်ရင်းရဲ့ အဝတ်အစားက ဆိုတာ သေချာတယ်… သူက ထွက်ပြေးလာရင်း ဆန်ဆိုင်ဂိုဒေါင် ပြတင်းပေါက်ကို မြင်တော့ သေတ္တာတွေပေါ်တက်ပြီး ပြတင်းပေါက်ကနေ ဆန်ဆိုင်ထဲ ဝင်လာတာ ဖြစ်ရမယ်… သူက အကူအညီ တောင်းချင်ခဲ့ပေမဲ့ ဒဏ်ရာပြင်းထန်လို့ မလှုပ်နိုင်သလို အသံတောင် မထွက်နိုင်တော့ဘူး… အဲ့ဒါနဲ့ သွေးထွက်လွန်ပြီး သေသွားတာပဲ…”
” ငါ ရထားတဲ့ သတင်းက ဒီလောက်ပဲ… လက်ထောက်အမတ်ရှန်း တစ်ခုခုများ တွေ့မိသေးလား…”
Chapter 6 ended