Chapter 7
သဲလွန်စ
====
ရှန်းရှစ်ရွှီမှာ သူ၏ ခန့်မှန်းချက်သက်သက်မျှသာ ဖြစ်နေခြင်းကြောင့် ဖုံးကွယ်မထားခဲ့ချေ။
“မင်းသားကို တင်ပြပါတယ်… ကျွန်တော့်မှာ ခန့်မှန်းမိတာ တချို့ရှိပါတယ်… ချောင်ရင်းလို မိန်းကလေးမျိုးတွေ အများကြီး ရှိနေဦးမယ်လို့ ထင်တယ်…”
“သူ ဝတ်ထားတဲ့ အင်္ကျီက ထျန်းရှန်းပိုးထည်နဲ့ လုပ်ထားတာ… ဒီအဝတ်အစားက ကြည့်ကောင်းပေမဲ့ အပေါ်က ပန်းပွင့်ဒီဇိုင်းတွေက အမွေးထလွယ်ပြီး မကြာခဏ လျှော်ဖွပ်ဖို့ မသင့်တော်ဘူး… သာမန်မိသားစု အများစုက မဝတ်နိုင်သလို၊ အရမ်းချမ်းသာတဲ့ မိသားစုတွေကလည်း မျက်စိမကျကြဘူး… ဒါကြောင့် ဈေးနှုန်းက အလယ်အလတ်မှာ ရှိနေတယ်…”
“အများအားဖြင့်တော့ ချမ်းသာတဲ့ မိသားစုတွေက အိမ်က သခင်မလေးတွေရဲ့ဘေးမှာ အလုပ်အကျွေးပြုတဲ့ အစေခံကောင်မလေးတွေအတွက် ဆင်ပေးထားတာမျိုး… ဝတ်စုံညီ တစ်မျိုးနဲ့ ပိုတူတယ်… ဒါကြောင့် ချောင်ရင်းမှာ အဖော်တွေ ရှိနေသေးတယ်လို့ ကျွန်တော် ခန့်မှန်းမိတာပါ…”
ရှောင်ကျင့်ယိက သူ၏ စကားကို ကြားသောအခါ သူ သိပ်နားမလည်သော စကားလုံးတစ်လုံး ပါဝင်နေသဖြင့် နားမလည်စွာဖြင့် မေးလိုက်၏။
“ဒီဝတ်စုံညီဆိုတာ ဘာကိုပြောတာလဲ… မင်းအဓိပ္ပာယ်အရဆိုရင် နေရာတစ်ခု ဒါမှမဟုတ် မိသားစုတစ်ခုက သတ်မှတ်ထားတဲ့ ဝတ်စားဆင်ယင်ပုံစံကို ပြောချင်တာလား… ငါ့လက်အောက်က ဟေးကျားတပ်ဖွဲ့တွေ အမြဲတမ်း အနက်ရောင်ဝတ်စုံ ဝတ်ဆင်ရသလိုမျိုးပေါ့… အမတ်မင်းရှန်း… ငါ နားလည်တာ မှန်ရဲ့လား…”
ရှန်းရှစ်ရွှီက ခေါင်းညိတ်လိုက်သည်။
“မင်းသား ပြောတာ မှန်ပါတယ်… ကျွန်တော့် ခန့်မှန်းချက်အရဆိုရင် ဒါက သာမန် မိန်းကလေး ပျောက်ဆုံးတဲ့ အမှု မဟုတ်ဘူး… နောက်ကွယ်မှာ ဖုံးကွယ်ထားတဲ့ အရာတွေ အများကြီး ရှိနေနိုင်တယ်… ဒါနဲ့ အလောင်းကို တွေ့ခဲ့တဲ့ ဆန်ဆိုင်ဆီ ကျွန်တော့်ကို ခေါ်သွားပေးလို့ ရမလား…”
ရှောင်ကျင့်ယိမှာ သူ၏ ခန့်မှန်းချက်များကို စိတ်ထဲတွင် အတော်လေး သဘာဝကျသည်ဟု တွေးမိသည်။ အခင်းဖြစ်ပွားရာ နေရာသို့ သွားကြည့်ချင်သည်ကိုလည်း သူက ထောက်ခံသဖြင့် ချီမိသားစု ဆန်ဆိုင်သို့ ကိုယ်တိုင် ခေါ်သွားပေးခဲ့၏။
ရှန်းရှစ်ရွှီက ရထားလုံးစီးသွားရန် မရွေးချယ်ဘဲ လမ်းလျှောက်သွားခဲ့သည်။ ဤအခွင့်အရေးကို အသုံးချကာ ဆန်ဆိုင်အနီးတစ်ဝိုက်ရှိ အဆောက်အအုံများကို ကြည့်ရှုချင်သောကြောင့် ဖြစ်၏။
လမ်းတစ်လျှောက် မြင်တွေ့ခဲ့ရသော အဆောက်အအုံများကို စိတ်ထဲတွင် တိတ်တဆိတ် မှတ်သားနေချိန်၌ စနစ် 011 က ရုတ်တရက် ထွက်ပေါ်လာပြီး ကြည်လင်ပြတ်သားသော လူငယ်အသံလေးဖြင့် အပြစ်ရှိစိတ်နှင့် ကိုယ့်ကိုယ်ကိုယ် အပြစ်တင်နေသည့် လေသံဖြင့် ပြောလာသည်။
【 အစ်ကို… တောင်းပန်ပါတယ်နော်… ကျွန်တော် အရမ်း အသုံးမကျတာပဲ… ဘာမှလည်း ကူညီမပေးနိုင်ဘူး… 】
ခေါင်းထဲတွင် ချောင်ရင်း၏ ထွက်ပြေးခဲ့သော လမ်းကြောင်းကို ပုံဖော်နေသည့် ရှန်းရှစ်ရွှီမှာ ထိုစကားကို ကြားလိုက်ချိန်တွင် ကြောင်အသွားပြီးနောက် ရင်ထဲတွင် နွေးထွေးသွားသလို ခံစားလိုက်ရ၏။
【 ရှောင်ရီ… ငါ့ကို အကူအညီမပေးနိုင်ဘူးဆိုပြီး ကိုယ့်ကိုယ်ကိုယ် အပြစ်တင်တာတွေ၊ ဝမ်းနည်းတာတွေ မလုပ်ပါနဲ့… ကိစ္စတော်တော်များများက ငါကိုယ်တိုင် လုပ်ဖို့ လိုအပ်တယ်လေ… အရာရာတိုင်းကို မင်းအပေါ် မှီခိုနေရမယ်ဆိုရင် ငါက ကလေးပေါက်စကြီး ဖြစ်သွားမှာပေါ့… 】
【 ပြီးတော့ ငါ့ကို အထင်မသေးနဲ့ဦး… မင်းအစ်ကို ငါက ငယ်ငယ်ရွယ်ရွယ်နဲ့ ကျောင်းသားတွေအကုန်လုံးကို ကျော်ဖြတ်ပြီး ကျွမ်းယွမ်ဖြစ်လာတဲ့သူကွ… အမှုတစ်ခု စစ်ရုံလေးကတော့ ငါ့အတွက် မခက်ပါဘူး… မင်းက ငါ နောက်ကွယ်က တရားခံကို ဘယ်လို ဖမ်းပြမလဲဆိုတာကိုသာ စောင့်ကြည့်နေလိုက်စမ်းပါ! 】
စနစ် 011 မှာ သူ ဤသို့ နှစ်သိမ့်ပေးလိုက်သဖြင့် ချက်ချင်းပင် ပြန်လည် ရွှင်လန်းသွားလေသည်။
【 ဟုတ်ကဲ့ပါ… အစ်ကို ကြိုးစားပါ! 】
ရှောင်ကျင့်ယိမှာ ထိုသူနှစ်ဦး၏ စကားဝိုင်းကို နားထဲတွင် အကုန်ကြားနေရသဖြင့် ရှန်းရှစ်ရွှီအပေါ် အမြင်သစ်တစ်ခု ရရှိသွားခဲ့၏။ ပညာအရည်အချင်း ထူးချွန်ခြင်း၊ ရုပ်ရည်ချောမောခြင်း၊ အကဲခတ် ကောင်းမွန်ခြင်းတို့အပြင် မိမိကိုယ်ကို အားကိုးတတ်ပြီး လွတ်လပ်စွာ ရပ်တည်နိုင်စွမ်းရှိသူဟူသော ဂုဏ်ပုဒ်တစ်ခုပါ ထပ်တိုးသွားခဲ့သည်။
ရှန်းရှစ်ရွှီက သူဌေးချီ ဆန်ဆိုင်သို့ တိုက်ရိုက် မသွားသေးဘဲ ဆန်ဆိုင်ပတ်ဝန်းကျင်တွင် တစ်ပတ်ပတ်ကြည့်လိုက်သည်။ ထို့နောက် သူ မသင်္ကာဖြစ်နေသော အိမ်တစ်လုံးကို သေချာ သတ်မှတ်လိုက်သည်။
သူ တွေ့ရှိခဲ့သော နေရာမှာ ဆန်ဆိုင်နှင့် လမ်းတစ်လမ်းစာမျှသာ ကွာဝေးသဖြင့် ဒဏ်ရာပြင်းထန်နေသော မိန်းကလေးတစ်ဦး ဆန်ဆိုင်သို့ ပြေးသွားနိုင်ချေ ရှိပေသည်။ ထို့အပြင် ဤအိမ်၏ တံခါးတွင် သော့ခလောက်ကြီး တစ်ခု ခတ်ထားပြီး သော့ခလောက်ပေါ်တွင် ဖုန်များ တက်နေသော်လည်း တံခါးဝတွင်မူ ပေါင်းပင်၊ မြက်ပင်များ မရှိချေ။ ဤအိမ်၌ လူမနေသည်မှာ ကြာပြီဖြစ်ကြောင်း တမင်သက်သက် ဟန်ဆောင် ဖန်တီးထားခြင်းဖြစ်ကြောင်း သိသာထင်ရှားနေ၏။
“မင်းသား… ဒီအိမ်က တစ်ခုခု ထူးဆန်းနေတယ်… လူလွှတ်ပြီး စုံစမ်းခိုင်းလို့ ရမလား…”
ရှောင်ကျင့်ယိက သူ၏ အကြည့်အတိုင်း လိုက်ကြည့်လိုက်ရာ တံခါးဝတွင် မြက်ပင်များ လုံးဝမရှိဘဲ သော့ခလောက်ပေါ်တွင် ဖုန်များ ဖုံးလွှမ်းနေသည်ကို မြင်လိုက်ရသဖြင့် သူ ပြောသော ထူးဆန်းနေသည့်အချက်မှာ မည်သည့်အရာဖြစ်ကြောင်း နားလည်သွား၏။
“ဒီအိမ်က ဘယ်သူ့အိမ်လဲဆိုတာ ငါ အခုပဲ လူလွှတ်ပြီး စုံစမ်းခိုင်းလိုက်မယ်!”
ရှောင်ကျင့်ယိက ၎င်းတို့၏ အနောက်မှ ခပ်လှမ်းလှမ်းတွင် အမြဲလိုက်ပါလာသော မဲ့ယွီအား ခေါ်ကာ မြေစာရင်းဌာနသို့ သွား၍ ဤအိမ်၏ ပိုင်ရှင်အား စုံစမ်းရန် အမိန့်ပေးလိုက်သည်။
မဲ့ယွီထံမှ အဖြေကို စောင့်ဆိုင်းနေချိန်တွင် ရှန်းရှစ်ရွှီနှင့် ရှောင်ကျင့်ယိတို့သည်လည်း အလကား မနေကြဘဲ အနီးအနားရှိ အိမ်များကို တံခါးသွားခေါက်ကာ ထိုအိမ်ရှိလူများကို သိကြသလားဟု လိုက်လံစုံစမ်းကြ၏။
တစ်ပတ်ခန့် လိုက်မေးပြီးသော်လည်း ထိုအိမ်ရှိလူများကို သိသောသူ တစ်ဦးမျှ မရှိချေ။
၎င်းတို့က အခြားသူများထံ ဆက်လက် မေးမြန်းရန် လက်လျှော့လိုက်ပြီး မဲ့ယွီ၏ ရလဒ်ကိုသာ စောင့်ဆိုင်းရန် ပြင်ဆင်နေချိန်တွင် ပိန်လှီသော သူတောင်းစား ကလေးငယ်တစ်ဦးက ပန်းကန်ကွဲတစ်လုံးကို ကိုင်ကာ ပြေးလာခဲ့သည်။
ကလေးငယ်မှာ တစ်ကိုယ်လုံး ညစ်ပတ်ပေရေနေပြီး အဝတ်အစားများမှာလည်း စုတ်ပြတ်သတ်နေကာ ဖော်ပြထားသော အသားအရေပေါ်တွင် ဒဏ်ရာများ ရှိနေ၏။ မျက်လုံးကြီးများမှာမူ အလွန် ကြီးမားပြီး တောက်ပနေသော်လည်း သတိထားကြောက်ရွံ့နေသည့် အရိပ်အယောင်များ ပါဝင်နေသည်။
“အစ်ကိုကြီးတို့… ခုနက အစ်ကိုကြီးတို့ အဲ့ဒီအိမ်ပိုင်ရှင်အကြောင်း စုံစမ်းနေတာ ကျွန်တော် ကြားလိုက်တယ်… ကျွန်တော် သိတယ်… အစ်ကိုကြီးတို့ကို ပြောပြလို့ရတယ်…”
မိမိတို့ လက်လျှော့လိုက်ချိန်မှ အပြောင်းအလဲတစ်ခု ဖြစ်လာလိမ့်မည်ဟု ရှန်းရှစ်ရွှီ ထင်မှတ်မထားခဲ့သဖြင့် အံ့သြဝမ်းသာစွာဖြင့် ပြောလိုက်၏။
“မင်းသာ အစ်ကို့ကို ပြောပြမယ်ဆိုရင် နောင်တစ်သက်လုံး မင်းကို ဗိုက်ဝအောင် ကျွေးထားမယ်လို့ အစ်ကို ကတိပေးတယ်… လာ… အခုပဲ အစ်ကို မင်းကို ထမင်းသွားကျွေးမယ်…”
ရှန်းရှစ်ရွှီက ကလေးငယ်ကို ဆွဲကာ ခေါက်ဆွဲဆိုင်လေး တစ်ဆိုင်သို့ ရောက်လာခဲ့သည်။ ဤအနီးအနားတွင် အသင့်စားစရာ ရောင်းသောဆိုင်ဟူ၍ ဤတစ်ဆိုင်သာ ရှိပြီး ကျန်သောဆိုင်များမှာ ပဲပြားရောင်းလျှင်ရောင်း၊ မရောင်းလျှင် ဟင်းသီးဟင်းရွက် ရောင်းသော ဆိုင်များသာ ဖြစ်၏။
ကလေးငယ်က ခေါက်ဆွဲ နှစ်ပန်းကန်တိတိ ဆက်တိုက် စားလိုက်ပြီး တတိယမြောက် ပန်းကန်ကို စားရန် ပြင်နေချိန်တွင် ရှောင်ကျင့်ယိက တားလိုက်သည်။ ကလေးငယ်မှာ သူ၏ အေးစက်နေသော မျက်နှာကို ကြည့်ပြီး အနည်းငယ် ကြောက်လန့်သွား၏။
ကလေးငယ်မှာ အလန့်တကြားဖြစ်ကာ ငိုတော့မည့်ပုံစံကို မြင်လိုက်ရသဖြင့် ရှန်းရှစ်ရွှီက ရှောင်ကျင့်ယိကိုယ်စား ချက်ချင်း ရှင်းပြလိုက်သည်။
“မကြောက်ပါနဲ့… ဒီအစ်ကိုကြီးက မင်းကို မစားစေချင်လို့ မဟုတ်ပါဘူး… ရုတ်တရက်ကြီး အများကြီး စားလိုက်ရင် ခဏနေ ဗိုက်အောင့်နေမှာ စိုးလို့ပါ…”
ကလေးငယ်မှာ ဤသည်ကို ကြားလိုက်ရချိန်တွင် သူ နားလည်မှု လွဲသွားကြောင်း သိလိုက်ရသဖြင့် ရှောင်ကျင့်ယိအား ကြောက်ကြောက်ရွံ့ရွံ့ဖြင့် တောင်းပန်လိုက်၏။
“အစ်ကိုကြီး… တောင်းပန်ပါတယ်… ခုနက ကျွန်တော် အထင်လွဲသွားလို့ပါ…”
ရှောင်ကျင့်ယိက ခေါင်းညိတ်လိုက်ပြီး ဘာမှမပြောသော်လည်း၊ ရှန်းရှစ်ရွှီကမူ သူ၏ နားရွက်ဖျားလေးများ အနည်းငယ် နီရဲနေသည်ကို မြင်လိုက်ရသဖြင့် စိတ်ထဲမှနေ၍ တိတ်တဆိတ် ရယ်မောလိုက်မိ၏။ အေးစက်စက် ကျင်းဝမ်မင်းသားက ဤမျှလောက် ရှက်တတ်လိမ့်မည်ဟု လုံးဝ ထင်မထားခဲ့ချေ။
“အဟမ်း… အစ်ကို မေးမယ်… မင်းက အဲ့ဒီအိမ်ပိုင်ရှင်ကို သိတယ်ဆို… သူက ဘယ်သူလဲ…”
ရှန်းရှစ်ရွှီမှာ တိတ်တဆိတ် ရယ်မောနေစဉ် ရုတ်တရက် ရှောင်ကျင့်ယိ၏ အေးစက်သော အကြည့်ကို ရရှိလိုက်သဖြင့် သူ စိတ်ထဲမှ ခိုးရယ်နေသည်ကို မိသွားပြီဖြစ်ကြောင်း နားလည်လိုက်ကာ ကလေးငယ်အား မေးရန် စကားလမ်းကြောင်း ချက်ချင်း လွှဲလိုက်၏။
ကလေးငယ်မှာ စဉ်းစားစရာပင် မလိုဘဲ ထိုအိမ်ပိုင်ရှင်၏ ရုပ်ရည်မှာ မည်သို့ရှိကြောင်းကို တန်းပြောပြနိုင်လေသည်။ အကြောင်းမှာ ထိုလူ၏ ရုပ်ရည်မှာ တကယ်ကို ထူးခြားလွန်းနေသောကြောင့် ဖြစ်၏။
“အဲ့ဒီအိမ်မှာ နေတာက ရွှေသွားကြီးလေ… ဟိုးဘက်လမ်းထိပ်က အဘွားလင်ရဲ့သားပဲ… သူ့ပါးစပ်ထဲမှာ ရွှေသွား ငါးချောင်းတောင် ရှိလို့ ကျွန်တော်တို့က သူ့ကို ရွှေသွားကြီးလို့ ခေါ်ကြတာ…”
“ဒါပေမဲ့ အရမ်းထူးဆန်းတယ်… အဲ့ဒီ ရွှေသွားကြီးက လူဆိုးလူမိုက် တစ်ယောက်ပဲ… သူက ပုံမှန် စားဖို့သောက်ဖို့တောင် အဘွားလင့်ဆီက မှီခိုနေရတာ… အဲ့ဒီလောက်ကြီးတဲ့ အိမ်ကို ဝယ်နိုင်ဖို့ဆိုတာ မဖြစ်နိုင်ဘူးလေ… ဒါပေမဲ့ ဒီစကားကို သူအရင်က မူးနေတုန်း သူ့ပါးစပ်ကနေ ကိုယ်တိုင် ပြောဖူးတာဆိုတော့ အတုတော့ မဖြစ်နိုင်ဘူး…”
“ဒါပေမဲ့ သူ အဲ့ဒီမှာ နေတာကိုတော့ တစ်ခါမှ မတွေ့ဖူးဘူး… လွန်ခဲ့တဲ့ သုံးရက်ညကတော့ အဲ့ဒီအိမ်ရှေ့မှာ ရထားလုံးတစ်စီး ရပ်ထားပြီး ဗိုက်ပူပူနဲ့ လူကြီးတစ်ယောက် ရထားလုံးပေါ်ကနေ ဆင်းလာတာကို မြင်လိုက်တယ်… အဲ့ဒီလူက အထဲမှာ တစ်နာရီလောက် နေခဲ့တယ်… ပြီးတော့ သူ ဒဏ်ရာရသွားပုံပဲ… သူ့ဘေးက အစေခံတွေ တွဲပြီး ခေါ်သွားကြတာကို တွေ့လိုက်တယ်…”
ဤသည်ကို ကြားလိုက်ရချိန်တွင် ရှန်းရှစ်ရွှီနှင့် ရှောင်ကျင့်ယိတို့က ထိုလူမှာ အဓိက သော့ချက်ဖြစ်ကြောင်း နားလည်သွားကြသည်။ ဤဒဏ်ရာရသွားသော လူကို ရှာတွေ့နိုင်မည်ဆိုလျှင် ၎င်းတို့က ဤမိန်းကလေး ပျောက်ဆုံးမှုကြီး၏ ပဟေဠိကို ဖော်ထုတ်နိုင်မည် ဖြစ်၏။
“ဒါဆို ဒဏ်ရာရသွားတဲ့ လူက ဘယ်ကိုသွားလဲ မင်း သိလိုက်လား…”
ရှန်းရှစ်ရွှီက ဆက်၍ မေးလိုက်သည်။
ကလေးငယ်က ခေါင်းယမ်းပြလိုက်၏။
“မသိဘူး… ဒါပေမဲ့ သူ့ကို တင်သွားတဲ့ ရထားလုံးက လမ်းရဲ့ အနောက်ဘက်ကို ထွက်သွားတာကိုတော့ မြင်လိုက်တယ်…”
ရှန်းရှစ်ရွှီက ရှောင်ကျင့်ယိအား ပြောလိုက်သည်။
“မင်းသား… လမ်းအနောက်ဘက်က ဆေးခန်းတွေကို လိုက်စစ်ဆေးဖို့ လူလွှတ်ပေးလို့ ရမလား… လွန်ခဲ့တဲ့ သုံးရက်ညက ဆေးခန်းလာပြတဲ့လူ ရှိမရှိ စုံစမ်းကြည့်ပါ… ဗိုက်ပူပူနဲ့ ဒဏ်ရာရထားပြီး ဘေးမှာ အစေခံတွေ ပါလာတဲ့ လူကြီးကို အဓိကထားပြီး စုံစမ်းကြည့်ပါ!”
ရှောင်ကျင့်ယိမှာ ယခုအခါ ရှန်းရှစ်ရွှီအား တရားလွှတ်တော်ချုပ် လက်ထောက်အမတ်အဖြစ် ခန့်အပ်လိုက်ခြင်းမှာ အလွန် သင့်တော်မှန်ကန်ကြောင်း ပို၍ ခံစားလာရသည်။ သူက အဓိကအချက်ကို ကောင်းစွာ ဖမ်းဆုပ်နိုင်ပြီး အစီအစဉ်တကျ တွေးတောနိုင်
ကာ ခန့်မှန်းရာတွင်လည်း ရဲတင်းသဖြင့် အမှုစစ်ဆေးရာတွင် အလွန် တော်သောသူတစ်ဦး ဖြစ်ပေသည်။
Chapter 7 ended